လူငယ်တွေ ဘာကြောင့် မျက်နှာပလတ်စတစ်ဆာဂျရီလုပ်လာကြသလဲ

ပတ်တီးတွေစည်းထားဆဲ အမ်မလီရဲ့မျက်နှာ၊ ပြန်ကောင်းမွန်လာပြီးပတ်တီးတွေဖြည်ထားပြီးတဲ့ အညိုရောင်ဆံပင်အရှည်နဲ့ အမ်မလီမျက်နှာနဲ့ မျက်နှာကို မှန်ထဲမှာကြည့်ပြီး ပြုံးနေတဲ့ ပုံတွေကို ၃ ပွဲတွဲ ပေါင်းစပ်ဖော်ပြထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, @hotgirlenhancements

ဓာတ်ပုံ ပုံစာ, အမ်မလီက ခွဲစိတ်အပြီးထွက်လာတဲ့ သူ့ရဲ့ မျက်နှာကို ပုံအဖြစ် ဓါတ်ပုံရိုက်ကူးပြခဲ့ပါတယ်။ သူ့ရဲ့ ခွဲစိတ်မှု အတွက် နောင်တမရဘူးလို့ သူကပြောပါတယ်။
    • ရေးသားသူ, ရုကလက်ဂ်
    • ရာထူးတာဝန်, ကျန်းမာရေးသတင်း‌ထောက်

မျက်နှာအရေးအကြောင်း ခွဲစိတ်ပြုပြင်ခြင်းက နယ်ပယ်အသစ်တစ်ခုဆီ သွားနေပါတယ်။

ဆိုရှယ်မီဒီယာမှာ မျက်နှာပြုပြင်ခွဲစိတ်မှုနဲ့ ပတ်သက်ပြီး တခဏလေးပဲ ရှာဖွေမှု တစ်ခုလုပ်လိုက်တာ ကျွန်မရဲ့ အင်တာနက်စာမျက်နှာတစ်ခုလုံး အသက် ၂၀၊ ၃၀ အရွယ်ရှိသူတွေရဲ့ ပို့စ်တွေ နဲ့ ဖုံးလွှမ်းသွားခဲ့ပါတယ်။

ဆိုရှယ်ပို့စ်တော်တော် များများက The Mini၊ The ponytail၊ The Deep Plane ဆိုတဲ့ အမျိုးမျိုးအဖုံဖုံသော မျက်နှာအရေးအကြောင်း ခွဲစိတ်ကုသမှုတွေ အကြောင်း ပြောနေကြတာပါ။

The Mini၊ The ponytail၊ The Deep Plane ဆိုတာတွေက မျက်နှာကို ခွဲစိတ်ပြုပြင်ကြတဲ့ ပုံစံတွေပါ။ ကိုယ့်မျက်နှာမှာ ပြုပြင်ချင်တဲ့ ပုံစံကို ရွေးပြီး ပြင်နိုင်တာမျိုးဖြစ်ပါတယ်။

ဥပမာ - Mini Facelift Surgery ဆိုတာ က မျက်နှာရဲ့ အလယ်နဲ့ အောက်ပိုင်းရှိ အိုမင်းရင့်ရော်မှု လက္ခဏာတွေကို ပြုပြင်ပေးတဲ့ ခွဲစိတ်မှုဖြစ်ပါတယ်။

အိုမင်းရင့်ရော်သူတွေပဲ မျက်နှာအရေးအကြောင်း ခွဲစိတ်မှုတွေ လုပ်တယ်ဆိုတဲ့နေ့ရက်တွေ ကုန်လွန်ခဲ့ပါပြီ။ အခုတော့ လူငယ်လူရွယ်တွေပါ မျက်နှာခွဲစိတ်မှုတွေ ပိုပြီးလုပ်လာကြပါတယ်။

တချို့ ကလည်း ခွဲစိတ်မှုမလုပ်မီနဲ့ လုပ်ပြီးဓာတ်ပုံတွေ၊ ခွဲစိတ်မှုကရတဲ့ ပွန်းပဲ့ဒဏ်ရာတချို့ အပါအဝင် ရုပ်လုံးပေါ် လာတဲ့ ဖြစ်စဉ် အစအဆုံးကို ဝမ်းပန်းတသာနဲ့ ဆိုရှယ်မီဒီယာမှာမျှဝေကြပါတယ်။

ဒီလို ခွဲစိတ်မှုတွေဟာ သိုသိုဝှက်ဝှက်လုပ်လို့ရတဲ့အရာမဟုတ်တော့ပါဘူး။ ခရစ္စ ဂျန်ဒါ၊ကတ်ဒ် ဆဒလာနဲ့ မတ်ခ် ဂျကော့ဖ်စ် တို့ဆိုရင် သူတို့ရဲ့ ကုသမှုအကြောင်း ပွင့်ပွင့်လင်းလင်း ထုတ်ပြောခဲ့ကြပါတယ်။ ထင်ရှားလူသိများသူ တော်တော်များများကလည်း မျက်နှာအရေးအကြောင်း ဆွဲတင်တဲ့ ကုသမှု လုပ်ကြဖို့ ရှိတာကို ပြောကြပါတယ်။

အလှအပရေးရာခွဲစိတ်မှုတွေမှာ အဓိကကျတဲ့ မျက်နှာကို ပင့်တင်တင်းရင်းစေတဲ့ ခွဲစိတ်မှုဟာ များသောအားဖြင့် နောက်ဆုံးအဆင့်အဖြစ်လုပ်ကြပါတယ်။

ခွဲစိတ်မှုအတွက် ဗြိတိသျှ ပေါင်ငွေ ထောင်နဲ့ချီပြီးပေးနေရတာကြောင့် အတုအပတွေ အွန်လိုင်းမှာရှိလာသလို မလုံခြုံ ဘေးမကင်းမှုတွေလည်း ဖြစ်လာနေပါသလား ဒါမှမဟုတ် Botox နဲ့ filler တို့လို ပါးရိုး နဲ့ မျက်နှာတစ်ရှူးတွေ အဆီတွေကို ဖျော်ပြီး ချပ်ကပ်တင်းရင်းစေတဲ့ ခွဲစိတ်မှုမဟုတ်တဲ့ ကုသမှုတွေကရော ယုတ္တိတန်ပြီး ကြာရှည်ခံနိုင်လား ဒါမှမဟုတ် နောက်ထပ်ဘာတွေရှိသေးလဲ။

အမ်မလီ - အသက် ၂၈ နှစ်

အမ်မလီက သူ့ရဲ့ ခွဲစိတ်မှုအပြီး သူရဲ့ နဖူး၊ ပါးတွေနဲ့ နှာခေါင်းတွေပေါ်မှာ ပတ်တီးတွေနဲ့ စည်းထားရပါတယ်။ အိပ်ရာပေါ်မှာလှဲနေရင်း လက် ၂ ချောင်းထောင်ပြီး ဗွီပုံစံသင်္ကေတလုပ်ပြကာ ကင်မရာကိုကြည့်နေတဲ့သူမ။

ဓာတ်ပုံ ရင်းမြစ်, @hotgirlenhancements

ဓာတ်ပုံ ပုံစာ, ခွဲစိတ်မှုအပြီး သူရဲ့ နဖူး၊ ပါးတွေနဲ့ နှာခေါင်းတွေပေါ်မှာ ပတ်တီးတွေနဲ့ စည်းထားရတဲ့ အမ်မလီ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အသက် ၂၈ နှစ်အရွယ် အမ်မလီ အတွက် မျက်နှာအရေးအကြောင်း ခွဲစိတ်မှုလုပ်ရတာက မေးချွန်ချွန်၊ ပါးမို့မို့နဲ့ စူးရှတဲ့မျက်ဝန်းတွေနဲ့အတူ ပန်းပုထုထားတဲ့အရုပ်တစ်ခုလို "အမြင်ဖမ်းစားနိုင်တဲ့ ရုပ်ရည်" ပုံစံမျိုးကို လိုချင်လို့ ဖြစ်ပါတယ်။

တူရကီ မှာ ခွဲစိတ်မှုခံယူလိုက်တာဟာ "လုံးဝ အပြောင်းအလဲ" ဖြစ်စေခဲ့ပြီး အဲဒီအတွက် လုံးဝနောင်တ မရဘူးလို့ သူကပြောပါတယ်။

"စုစုပေါင်း ခွဲစိတ်မှု ၆ ခုကို တစ်ခါတည်းလုပ်ခဲ့တာ" လို့ သူကရှင်းပြပါတယ်။

"မျက်နှာအလယ်ပိုင်းကို တင်းရင်းစေတဲ့ ခွဲစိတ်ပြုပြင်မှု၊ နှုတ်ခမ်းခွဲ့စိတ်မှုနဲ့ နှာခေါင်းပြင်တာတွေ လုပ်ခဲ့တာပါ"

ခွဲစိတ်မှုမလုပ်ခင်မှာ ခွဲစိတ်ဆရာဝန်က အကြိုက်ဆုံးသီချင်းကိုဖွင့်ပေးခဲ့ပြီး မေ့ဆေးပေးလိုက်ပါတယ်။

"ကျွန်မအိပ်ပျော်သွားတယ်။ ပြီးတော့ နိုးလာခဲ့တယ်။ အန်တယ်။ ပြီးတော့ မျက်နှာအသစ်၊ နှာခေါင်းအသစ်ရခဲ့တယ်" လို့ ကနေဒါနိုင်ငံ၊ တိုရွန်တိုက စီးပွားရေးလုပ်ငန်းရှင် အမ်မလီက သူလုပ်ခဲ့တဲ့အစီ အစဥ်တွေကို ပြောပြပါတယ်။

ပုံမှန်ပြန်ဖြစ်ဖို့ အချိန်အတော်ကြာခဲ့ပါတယ်။ နာကျင်မှုနဲ့ ပွန်းပဲ့မှုတချို့ ကတော့ တစ်ပတ်အကြာမှာနည်းနည်း သက်သာလာခဲ့ပါတယ်။ ဒါပေမယ့် အမ်မလီတစ်ယောက် သူ့မျက်နှာတစ်ခုလုံး ပုံမှန်အတိုင်း အထိအတွေ့ခံစားနိုင်ဖို့ အချိန် ခြောက်လကြာခဲ့ပါတယ်။

ထပ်ပြီးလုပ်ချင်သေးလား လို့ မေးကြည့်တော့ သူဖြေဖို့ တုံ့ဆိုင်းနေခဲ့ပါတယ်။

ဒါပေမဲ့ သူဖြေတာက "ခွဲစိတ်ပြီးကတည်းက ကျွန်မဘဝကလုံးဝ ပြောင်းလဲသွားခဲ့တယ်။ ပိုပြီးကျန်းမာလာတယ်။ အသောက် လျော့သွားတယ်။ အသားရည်ကိုလည်း ဂရုစိုက်တယ်။ အိပ်တယ်။ ကျွန်မထင်ပါတယ်။ တကယ်လို့ ကျွန်မအခုသိခဲ့သလိုမျိုးသိခဲ့မယ်ဆိုရင်တော့ ကျွန်မ ဒီလိုမျိုးခွဲစိတ်မှုမလုပ်ဖြစ်လောက်ဘူးထင်တယ်" လို့ဖြစ်ပါတယ်။

"ကျွန်မအမေဆိုရင် သိတောင်မသိခဲ့ဘူး။ ခွဲစိတ်ပြီး ရက်ပိုင်းအကြာကျွန်မပြောပြခဲ့တာ"

ပြီးတော့ သူ စကားဆက်မပြောဘဲ ပြန်တွေးကြည့်နေတယ်။

"ဒါပေမယ့် ကျွန်မက ကျွန်မရဲ့ အကောင်းဆုံးပုံစံမျိုးကိုပဲ လိုချင်ခဲ့တာ" လို့ အမ်မလီက ပြောပါတယ်။ "အခုတော့ ကျွန်မက ကျွန်မပါပဲ"

ဗြိတိန်အလှအပရေးရာ ပလတ်စတစ်ဆာဂျရီအဖွဲ့အစည်း (BAAPS) ရဲ့ အချက်အလက်အရ ဗြိတိသျှမှာ ပြီးခဲ့တဲ့တစ်နှစ်အတွင်းမှာ မျက်နှာ ပင့်တင်တင်းရင်းစေတဲ့ ခွဲစိတ်ပြုပြင်မှု ၈ ရာခိုင်နှုန်း အထိမြင့်တက်လာတယ်လို့ ပြသနေပါတယ်။

အဲဒီအချက်အလက်ထဲမှာတော့ အသက်အရွယ်လိုက်ခွဲခြားထားတာတော့ မဟုတ်ပေမယ့်လည်း အသက်အရွယ်အပိုင်းအခြားကတော့ ပြောင်းလဲမှုရှိတယ်လို့ အဖွဲ့ဝင်တွေက ဆိုပါတယ်။

ဒါဟာ ကမ္ဘာက တခြားနေရာတွေရဲ့ အခြေအနေတွေကို လည်း ထင်ဟပ်ပါတယ်။ အမေရိကန် ပလတ်စတစ် ဆာဂျရီ အဖွဲ့အစည်းအဆိုအရ အသက် ၄၅ ကနေ ၆၀ အကြားအရွယ်တွေမှာ မျက်နှာခွဲစိတ်ပြုပြင်မှုတွေ ပိုတွေ့ရတယ်ဆို့ ဆိုပါတယ်။

ဒီလိုအပြောင်းအလဲတွေ တွေ့လာရတာဟာ ခန္ဓာကိုယ်အလေးချိန် လျှော့ချဆေး သုံးစွဲမှုများလာတာ အပါအဝင် အကြောင်းပြချက်အများအပြားရှိနေတယ်လို့ BAAPS ရဲ့ ဥက္ကဋ္ဌ ဖြစ်သူ မစ္စနိုရာနျူဂျန့်က ယုံကြည်ထားပါတယ်။

" ကိုယ်အလေးချိန်အလျင်အမြန်ကျဖို့အတွက် သုံးတဲ့ဆေးတွေက အရေပြားတွဲကျလာတာမျိုးတွေ ဖြစ်စေတယ်။ မျက်နှာခွဲစိတ်ပြုပြင်တာက အဲဒါကိုကူညီနိုင်ပါတယ်" လို့ သူကပြောပါတယ်။

"နည်းပညာတွေက အကြီးအကျယ်ကို တိုးတက်နေခဲ့ပါပြီ။ အရင် နှစ်ပေါင်းများစွာတုန်းကလို wind tunnel လို့ ခေါ်တဲ့ အရေပြားတင်းရင်းမှုကိုရဖို့ လုပ်တဲ့အခါ ကြုံရတဲ့ဘေးထွက်ဆိုးကျိုးတွေလည်းမရှိတော့ပါဘူး။"

ခွဲစိတ်မှုလုပ်ဖို့ အမှတ်အသားတွေကို မျက်နှာမှာ ပြုလုပ်ထားတာပါ။ ဒီအမှတ်အသားတွေဟာ မျက်နှာကြွက်သားတွေ ရှိတဲ့နေရာတွေပါ။ ခွဲစိတ်ပြီးတဲ့အခါ အရေပြားကို နေရာမှန်ရောက် အောင် ထိန်းညှိပေးမှာပါ။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ခွဲစိတ်မှုလုပ်ဖို့ အမှတ်အသားတွေကို မျက်နှာမှာ ပြုလုပ်ထားတာပါ။ ဒီအမှတ်အသားတွေဟာ မျက်နှာကြွက်သားတွေ ရှိတဲ့နေရာတွေပါ။ ခွဲစိတ်ပြီးတဲ့အခါ အရေပြားကို နေရာမှန်ရောက် အောင် ထိန်းညှိပေးမှာပါ။

ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် မျက်နှာအရေးအကြောင်းခွဲစိတ်မှုဟာ အရေးကြီးတဲ့ ခွဲစိတ်မှုဖြစ်တာကြောင့် ကျွမ်းကျင်ဆရာဝန်ကပဲ ပြုလုပ်ရမှာဖြစ်ပါတယ်လို့ သူကရှင်းပြပါတယ်။ အသိမှတ်ပြုလက်မှတ်ရထားတဲ့ ခွဲစိတ်ဆရာဝန်က ပစ္စည်းကိရိယာအစုံအလင်ရှိတဲ့အသိမှတ်ပြု ဆေးရုံမှာပဲ ပြုလုပ်ရမှာလည်းဖြစ်ပါတယ်။

ခွဲစိတ်ဆရာဝန် ဆိုင်မွန် လီက ဗြိတိန်နိုင်ငံ၊ ဘရစ္စတိုက သူ့ရဲ့ဆေးခန်းမှာ မျက်နှာ အရေးအကြောင်း ခွဲစိတ်မှုပေါင်း ရာနဲ့ ချီ ပြုလုပ်ပေးထားသူပါ။ သူ့ရဲ့ ခွဲစိတ်မှု ရုပ်သံဗီဒီယို တစ်ခု ကိုလည်း ပြပါတယ်။

ခွဲစိတ်နေတဲ့အချိန်မှာ လူနာဟာ နိုးလျက်သားဖြစ်နေပါတယ်။ အရေပြားနဲ့ တစ်ရှူးခပ်နက်နက်အပိုင်းတွေကို မေ့ဆေး ခပ်ပါးပါးထိုးသွင်းထားတာပါ။

ပြီးတော့ မျက်နှာအသားမှာ ခွဲစိတ်မှုလုပ်မယ့်အမှတ်အသားတွေ ပြုလုပ်လိုက်ပါတယ်။ ခွဲစိတ်မှုနောက်တဆင့်အနေနဲ့ အရေပြားအောက်က တစ်ရှူးတွေ နဲ့ ကြွက်သားတွေကို လိုချင်တဲ့ မျက်နှာအသွင်အပြင်ရဖို့ ပုံသွင်းပါတယ်။

ခွဲစိတ်မှု လေးနာရီကြာပြီးတဲ့နောက်မှာ လူနာက စိတ်သက်သာရာရပြီး ပြုံးပြပါတယ်။

ဒီလိုအလှအပရေးရာ ခွဲစိတ်မှုတွေ ပိုပြီးရေပန်းစားလာရတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုကတော့ လွယ်လွယ်ကူကူနဲ့ မျက်နှာ၊ လည်ပင်း အရေးအကြောင်းခွဲစိတ်မှုတွေပြုလုပ်နိုင်ပြီဆိုတဲ့ အချက်ဖြစ်တယ်လို့ မစ္စတာ လီက ပြောပါတယ်။

မျက်နှာနဲ့ လည်ပင်း ခွဲစိတ်မှုတွေအတွက် အရင်လိုစိတ်ငြိမ်ဆေးမလိုတော့ဘဲ ခွဲစိတ်ခန်းနဲ့ မေ့ဆေးရှိရုံနဲ့ မစ္စတာလီ တစ်ယောက် ခွဲစိတ်မှုတွေ ပြုလုပ်နေပါပြီ။

ဆေးပညာရဲ့ တိုးတက်မှုတွေက လျှင်မြန်လွန်းနေတာကြောင့် ဒီလုပ်ငန်းအတွက် " စိတ်လှုပ်ရှားစရာကာလ" ကိုရောက်ရှိနေပြီလို့ သူက ပြောပါတယ်။ မေးရိုးအောက် နဲ့ လည်ပင်းအရေးအကြောင်းခွဲစိတ်မှုတွေက ပုံမှန်အတိုင်း ရေပန်းစားနေပေမယ့် အသစ်သစ်သော ခွဲစိတ်မှုတွေလည်း ရှိနေပါပြီ။

မျက်နှာအပေါ်ပိုင်း သုံးပုံ နှစ်ပုံလောက်ကိုပဲ ကုသတာမျိုးဖြစ်တယ်လို့ မစ္စတာ လီက ပြောပါတယ်။

အခုလို အသက်ရွယ်နုပျိုစေတဲ့ ကုသမှုတွေကို လူငယ်လူရွယ်တွေမှာလည်း အတွေ့များလာပါပြီ။

ခွဲစိတ်ဆရာဝန်ကတော့ မျက်နှာအရေးအကြောင်း ခွဲစိတ်မှုဟာ အသက် ၄၀ နဲ့အထက်တွေအတွက်သာ သင့်လျော် တယ်လို့ သတိပေးပါတယ်။ ဒါပေမယ့် အသက် ၂၀ နဲ့ ၃၀ အရွယ် လူတစ်ယောက်ကို ဒီလို ရှုပ်ထွေးတဲ့ ခွဲစိတ်မှုမျိုး လုပ်ရတာဟာ ပုံမှန်မဟုတ်တဲ့ အခြေအနေဖြစ်တယ်လို့ သူက ပြောပါတယ်။

သူတို့အတွက် ခွဲစိတ်မှုတွေလုပ်တဲ့အခါ ရှုပ်ထွေးမှုတွေနဲ့ အန္တရာယ်တွေ ရှိနိုင်ပါတယ်။

အရေအပြားအောက်မှာ သွေးတွေ စုစည်းစေတဲ့ သွေးခြေဥတာမျိုးတွေ ပါ။ ဒါဟာ သေချာ မကုသရင် တစ်ရှူးတွေသေတာ၊ ရောဂါပိုးဝင်တာ၊ အာရုံကြော ထိခိုက်မှု နဲ့ ဆံပတ်ကျွတ်တာတွေ ဖြစ်နိုင်ပါတယ်။

ဗြိတန်မှာ မျက်နှာ အရေးအကြောင်း ခွဲစိတ်မှုဟာ ပျမ်းမျှ ပေါင် ၁၅,၀၀၀ ကနေ ၄၅,၀၀၀ အထိကုန်ကျ ပါတယ်။ ဒါပေမယ့်လည်း ပေါင် ၅,၀၀၀ လောက်နဲ့ လုပ်ပေးနေတဲ့ ဆေးခန်းတွေလည်း ရှိပါတယ်။

ခွဲစိတ်မှုမလုပ်ခင်မှာ လေ့လာမှုသေချာလုပ်ဖို့၊ သက်ဆိုင်ရာ ကျွမ်းကျင်တဲ့ ခွဲစိတ်ဆရာဝန် ကို သေချာ ရွေးချယ်ဖို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

ဂျူလီယာ ဂီလန်ဒို- အသက် ၃၄ နှစ်

ဂျူလီယာရဲ့ မခွဲစိတ်ခင်နဲ့ ခွဲစိတ်ပြီးဓါတ်ပုံတွေ။ ပထမပုံကတော့ မခွဲစိတ်ခင် ဓာတ်ပုံ။ အလယ်ပုံကတော့ ပလာစတာတွေမျက်နှာပေါ်မှာ ကပ်ထားသလို ဘောပင်နဲ့ အမှတ်အသားတွေလုပ်ထားတာကိုလည်း မြင်နေရပုံ။ သူ့ရဲမျက်လုံးတွေက ဖောရောင်ပြီး ညိုနေပါတယ်။ တတိယမြောက်ပုံကတော့ ခွဲစိတ်ပြီးဓာတ်ပုံပါ။

ဓာတ်ပုံ ရင်းမြစ်, Julia Gilando

ဓာတ်ပုံ ပုံစာ, ဂျူလီယာ ဂီလန်ဒို - ခွဲစိတ်ဖို့အတွက် တူရကီကိုသွားခဲ့သူ

အသက် ၃၄ နှစ်အရွယ် ဂျူလီယာ ဂီလန်ဒို ဆိုသူအမျိုးသမီးက သူ့ရဲ့ မျက်နှာက မေးရိုးက အချိုးမကျတာကြောင့် မျက်နှာမညီလို့ ဆိုပြီး မျက်နှာအရေးအကြောင်းခွဲစိတ်မှု ပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့သူပါ။

သူငယ်ချင်းတွေကတော့ သူရဲ့ မျက်နှာဟာ ဘာမှမဖြစ်ကြောင်း ပြောပေမယ့် သူကတော့ သူ့ခံစားချက်ကို သူယုံကြည်ပြီး ခွဲစိတ်မှုလုပ်ဖို့ တူရကီနိုင်ငံကို သွားခဲ့ပါတယ်။ ခွဲစိတ်မှုက အမေရိကန် ‌ဒေါ်လာ ၆,၀၀၀ နဲ့ ၈,၀၀၀ ကြား ကုန်ကျခဲ့ပါတယ်။

တူရကီနိုင်ငံအတွင်း အလှအပခွဲစိတ်မှုတွေနဲ့ ပတ်သက်လို့ အန္တရာယ် သတိပေးချက်တွေ ရှိနေပေမယ့် အကုန်ကျ သက်သာတယ်ဆိုတဲ့ အချက်ကြောင့် လူအများက သွားလုပ်နေကြပါတယ်။

" ပထမတော့ ဒါဟာ ရူးသွပ်မှု တစ်ခုလို့ ထင်ခဲ့တယ်။ အဲဒီတော့ ကိုယ်တိုင်လေ့လာခဲ့ပြီး သွားဖို့ ဆုံးဖြတ်လိုက်တယ်" လို့ ကျန်းမာရေးကျွမ်းကျင်ဝန်ထမ်း မစ္စဂီလန်ဒိုက ပြောပါတယ်။

" ကျွန်မကြောက်နေခဲ့တာပါ။ သူများနိုင်ငံမှာ တစ်ယောက်တည်း။ ပြီးတော့ သူတို့စကားလည်း မပြောတတ်ဘူး"

"ခွဲစိတ်ပြီး ဆေးရုံမှာ ၂ ရက်လောက်နေခဲ့ရတယ်။ ပြီးတော့ ကိုယ့်အားကိုယ်ကိုးခဲ့ရတယ်။ ကျွန်မအရမ်းကို ဖူးရောင်ကိုင်းနေပြီး ကိုယ့်ဘာသာတောင် မမြင်ရဘူး "

"မှောင်မိုက်တဲ့အချိန်တွေရှိခဲ့တယ်။ စိတ်ခံစားချက်တွေက လုံးဝ အတက်အကျ ဖြစ်နေခဲ့တာ။ ကိုယ်ကိုယ်တိုင် ဒီအတက်အကျတွေကို ကျော်ဖြတ်ရတာ"

ဒီခွဲစိတ်မှုက ဆေးခန်းတွေက ကြော်ငြာသလို တကယ်ပဲ ကိုယ့်ကိုယ်ကို ယုံကြည်မှုနဲ့ တန်ဖိုးတွေပေးသလားဆိုတဲ့ စိုးရိမ်မှုတွေ သုတေသီတွေမှာ ရှိပါတယ်။

"ကျွန်မ အထင် မမျှော်မှန်းနိုင်တဲ့ဖိအားတွေရှိပါတယ်" လို့ အင်္ဂလန်အနောက်ပိုင်း တက္ကသိုလ်က ရုပ်ခန္ဓာကျန်းမာမှုဆိုင်ရာ ကျွမ်းကျင်သူဒေါက်တာ ကာစတီဂါဘတ်ဒ် က ပြောပါတယ်။

"အထူးသဖြင့် မျက်နှာအကြောင်းပြောရရင် ကျွန်မတို့က ဗီဒီယိုကောတွေ၊ ဆိုရှယ်မီဒီယာတွေမှာ မြင်ရတဲ့ ကိုယ်ရဲ့ အသွင်အပြင်ကို သူများတွေနဲ့ အလွယ်တကူနှိုင်းယှဉ်တတ်ကြတယ်"

ဒါဟာ ကိုယ့်ရဲ့ ပကတိအရှိတရားကို မြင်ရတာမဟုတ်ဘူးလို့ သူက ဆိုပါတယ်။

" AI တွေ Filters တွေက အခုလို အတုအပ အွန်လိုင်းကမ္ဘာကြီးမှာ တစိတ်တပိုင်းပါဝင်နေတာပါ။ တချိန်တည်းမှာပဲ ကျွန်မတို့တွေဟာ အလှအပ လုပ်ထုံးလုပ်နည်းတွေဟာ မထူးဆန်းတော့ပါဘူးဆိုတဲ့ အမြင်တွေ တွေ့လာ ရပါတယ်" ဒေါက်တာ ကာစတီဂါဘတ်ဒ် က ပြောပါတယ်။

လူသိများကျော်ကြားသူတွေကလည်း ဒီခွဲစိတ်မှုတွေဟာ ကောင်းတဲ့အရာဖြစ်ကြောင်း တစ်နည်းတစ်ဖုံ နဲ့ ပိုပြီးထုတ်ပြောလာကြတယ်လို့ သူက ပြောပါတယ်။ ဒါဟာ မထူးဆန်းတော့အောင် လုပ်လိုက်သလိုဖြစ်ပြီး ဒါဟာ "ဘဝ အစိတ်အပိုင်းတစ်တစ်ခု" လို့ ပြောလာကြတာက စိုးရိမ်စရာကောင်းပါတယ်။

ကာရိုလိုင်း စတန်ဘူရီ - အသက် ၄၇ နှစ်

ကာရိုလိုင်း စတန်ဘူရီရဲ့ ခွဲစိတ်မှု မလုပ်မီ နဲ့ လုပ်ပြီးတဲ့ပုံတွေပါ။ ပထမပုံမှာတော့ နီညိုရောင်ဂုတ်ဝဲ ဆံပင်လေးနဲ့ ကင်မရာကိုကြည့်နေပုံ။ အနီရောင်အပေါ်ပိုင်းဝတ်စုံနဲ့ ရွှေနားဆွဲအကြီးကြီးကိုဝတ်ဆင်တာကာ နှုတ်ခမ်းနီဆိုးထားပါတယ်။ အလယ်ကပုံကတော့ ပတ်တီးတွေနဲ့ ခေါင်းပိုင်းကိုစည်းထားပြီး ဆေးရုံဝတ်စုံဝတ်ထားတဲ့ပုံ။ တတိယပုံကတော့ ဆံပင်နီညိုရောင်အရည်နဲ့ အစိမ်းနုရောင်အပေါ်ဝတ်နဲ့ ပုလဲလည်ဆွဲကို ဆွဲထားပုံဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Caroline Stanbury

ဓာတ်ပုံ ပုံစာ, ကာရိုလိုင်း စတန်ဘူရီကတော့ သူ့ရဲ့မျက်နှာခွဲစိတ်ပြုပြင်တာ သူလုပ်ခဲ့ဖူးသမျှထဲ "အကောင်းဆုံးအရာ" ဖြစ်တယ်လို့ ဖော်ညွှန်းပါတယ်။

ရုပ်သံ သတင်းတင်ဆက်သူလည်းဖြစ်၊ ဒူဘိုင်းရဲ့ ရုပ်သံစီးရီး The Real Housewives မှာလည်းသရုပ်ဆောင်ခဲ့သူ ကာရိုလိုင်း စတန်ဘူရီက အသက် ၄၇ နှစ် မှာ မျက်နှာအရေးအကြောင်းခွဲစိတ်မှုပြုလုပ်ခဲ့ပါတယ်။

အသက်အရမ်းငယ်သေးလို့ မလုပ်ပါနဲ့လို့ အားလုံးက တားကြပေမယ့် ခွဲစိတ်မှု လုပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

" ဒါဟာ ကျွန်မလုပ်ခဲ့သမျှတွေထဲမှာ အကောင်းဆုံးအရာဖြစ်ခဲ့တယ်" လို့ ကာရိုလိုင်းကပြောပါတယ်။ "ဒီလို လုပ်ဖို့ ကျွန်မအသက် ၆၀ အရွယ်ထိ ဘာ့လို့ စောင့်ရမှာလဲ။ အံ့မခန်းလောက်အောင် ကျွန်မလှချင်တယ်။ ခံစားကြည့်ချင်တယ်"

နှစ် ၂၀ လောက် ပုံမှန် Botox နဲ့ Filler တွေ ထိုးလာပြီးတဲ့နောက် " အထူးအဆန်း ရုပ်ကြီး" ဖြစ်လာတယ်လို့ သူခံစားရပါတယ်။

အမေရိကမှာ Deep Plane ပုံစံ မျက်နှာအရေးအကြောင်းခွဲစိတ်မှုကို ဒေါ်လာ ၄၅,၀၀၀ (ပေါင် ၃၄,၀၀၀) ပေးပြီး လုပ်ခဲ့ပါတယ်။

"ကျွန်မ နဂိုပုံ အတိုင်း လေးတော့ ရှိနေပါသေးတယ်။ ဒီခွဲစိတ်မှုက ကျွန်မကို နောက်ထပ် နှစ် ၂၀ လောက် ငယ်တဲ့ ကောင်းမွန်တဲ့စိတ်ခံစားမှုတွေ ပေးစွမ်းလိုက်သလိုပဲ" လို့ သူက ပြောပါတယ်။

ဘယ်ဂျီယံနိုင်ငံအခြေစိုက် ခွဲစိတ်ဆရာဝန် အလက်ဆစ်ဗာပယ်လီ ထံကို ဗြိတိန်အပါအဝင် ကမ္ဘာ တဝန်းက လူတွေလာရောက် ခွဲစိတ်ကြပါတယ်။ သူစိုးရိမ်တာကတော့ ကုသမှုခံယူသူတွေထဲ လူငယ်လူရွယ်တွေ ပိုတိုးလာတာကိုပါ။

သူက သူ့ဖောက်သည်တွေကို ခွဲစိတ်မှု မလိုဘဲ လိုချင်တဲ့ ပုံစံရအောင် လုပ်လို့ရတဲ့နည်းလမ်းတွေ ရှိကြောင်း ပြောပြလေ့ရှိပါတယ်။

"သူတို့ အသက် ၂၀ နှစ် လောက်မှာ ခွဲစိတ်မှုလုပ်ရင် အာနိသင်က နောက် ၁၀ နှစ်၊ ၁၅ နှစ်လောက်ပဲ ခံမှာပါ။ အဲဒီတော့ သူတို့အသက် ၆၀ ရောက်တဲ့အခါ ခွဲစိတ်မှု ၃ ခါ လောက် လုပ်ရမှာပါ " လို့ ဒီ ဗာပယ်လီက ပြောပါတယ်။

" မျက်နှာတစ်ခုအတွက် ဒဏ်ရာဒဏ်ချက်မျိုးစုံကို တော်တော်ခံရဦးမှာပါ။ ဘာမှမလုပ်ထားတာက ရှုပ်ထွေးမှုတွေမရှိတဲ့ အကောင်းဆုံး အခြေအနေတစ်ခုလို့ပဲ မှတ်ယူထားကြစေချင်တယ် "