ထိုင်းမိဖုရားကြီး သီရိခေတ် - ထိုင်းပိုးထည်ရဲ့ သံတမန်၊ မာရှယ်ဗိုလ်ချုပ်ကြီးနဲ့ တိုင်းပြည်မယ်တော်

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, ဘိုဘို
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
နတ်ရွာစံ ကံကုန်သွားတဲ့ ထိုင်းဘုရင့်မယ်တော်ကြီး သီရိခေတ်ဟာ တချိန်က အာရှရဲ့ မျက်နှာဖုံးအလှမယ် ဧကရီမိဖုရားတပါး ဖြစ်ခဲ့ပြီး စစ်အေးခေတ်က နှောင်ကြိုးမဲ့ကမ္ဘာလို့ ခေါ်တဲ့ အမေရိကန် ဦးဆောင်တဲ့ အနောက်အုပ်စုအတွက် ပြယုဂ်သံတမန်တပါးလည်း ဖြစ်ခဲ့ပါတယ်။
ရိုးရာထုံးတမ်းတွေရဲ့ ထိန်းချုပ်မှု ကြီးတဲ့ အာရှတလွှားမှာ ၂၀ ရာစုအတွင်း ပြောစမှတ်ပြုစရာ အမျိုးသမီးခေါင်းဆောင်နဲ့ နိုင်ငံအကြီးအကဲရဲ့ ဇနီးကြင်ရာတွေ ရှားပါးခဲ့ပါတယ်။ ၂၀ ရာစုအစောပိုင်း တရုတ်ခေါင်းဆောင်ကြီး ဆွန်ယက်ဆင်ရဲ့ဇနီး မဒမ်ဆွန်ယက်ဆင်နဲ့ တရုတ်သမ္မတ ချန်ကေရှိတ်ကတော် မဒမ်ချန်ကေရှိတ်၊ ဒုတိယကမ္ဘာစစ်အပြီး တရုတ်ပြည်သစ် ၀န်ကြီးချုပ် ချူအင်လိုင်းကတော် မဒမ်တိန့်ရင်ချောင်တို့ဟာ အာရှမှာ အစောဆုံး ထင်ရှားခဲ့တဲ့ အမျိုးသမီး နိုင်ငံမျက်နှာဖုံးတွေ ဖြစ်ကြပြီး တရုတ်ကွန်မြူနစ်ခေါင်းဆောင်ကြီးမော်စီတုန်းရဲ့ဇနီး ချန်ချင်းကတော့ လေးဦးဂိုဏ်းဖွဲ့ပြီး ယဉ်ကျေးမှုတော်လှန်ရေးမှာ နိုင်ငံကို ချုပ်ကိုင်ခဲ့ပါတယ်။
စစ်ကြီးအပြီး လွတ်လပ်လာတဲ့ ကိုလိုနီဟောင်းနိုင်ငံတွေထဲမှာ သီရိလင်္ကာ ဖြစ်လာမယ့် သီဟိုဠ်က ကမ္ဘာ့ ပထမဆုံး အမျိုးသမီး ၀န်ကြီးချုပ် ရှိခဲ့ပြီး မစ္စစ် သီရိမာဗို ဗန္ဓရာနိုက်ကေး ဖြစ်ပါတယ်။ အိန္ဒိယမှာလည်း ၁၉၆၆ ကစလို့ လွတ်လပ်ရေးခေါင်းဆောင်ကြီး နေရူးရဲ့ သမီး အင်ဒီရာ ဂန္ဓီ ၀န်ကြီးချုပ် ဖြစ်ခဲ့ပြီး ဆယ်စုနှစ်တစုကျော် ကြီးစိုးခဲ့ပါတယ်။ သူတို့နဲ့အပြိုင် အရှေ့တောင်အာရှမှာလည်း ချောမောတင့်တယ်တဲ့ မိဖုရားတွေပေါ်ထွက်ခဲ့ပြီး ထိုင်းက သီရိခေတ်နဲ့ ကမ္ဘောဒီးယားက မိုနစ် မိဖုရားကြီးတို့က ထင်ရှားခဲ့ပါတယ်။ တောင်ဗီယက်နမ်၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်မှာတော့ မဒမ်နု၊ ဒေ၀ီဆူကာနို၊ အီမယ်ဒါလ် မားကို့စ် စတဲ့ လှပခေတ်မီသွက်လက်တဲ့ လူကြီးကတော် သမ္မတကတော်တွေ နာမည်ကြီးခဲ့ပါတယ်။
စစ်အေးခေတ်ဦးက တော်၀င်မောင်နှံ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဘန်ကောက်မြို့ နန်းတွင်းမှာ ကြီးပြင်းခဲ့တဲ့ သီရိခေတ် ခေါ် သီရိကိတ္တိဟာ ထိုင်းနိုင်ငံရဲ့ ခေတ်သစ် ဖခင်ကြီးအဖြစ် ကျော်ကြားတဲ့ ပဥ္စမရာမ ချူလာလောင်ကွန်းဘုရင်ကြီးရဲ့ မြစ်တော် ဖြစ်ပြီး သူ့ရဲ့ ခင်ပွန်းသည် ဘူမိဘောဘုရင်ရဲ့ တူမတော်လည်း တော်စပ်ပါတယ်။ သူ့အမည် သီရိခေတ်ကိုက အဲဒီအချိန်မှာ စိုးစံနေတဲ့ ဘကြီးတော် ထိုင်းဘုရင် သတ္တမရာမရဲ့ ကြင်ရာတော် မိဖုရားရမ်ဘိုင်ဘာနီက ပေးခဲ့တာ ဖြစ်ပါတယ်။
သူ့ခမည်းတော် နက္ခတ်မင်္ဂလ မင်းသား ပြင်သစ်မှာ ထိုင်းသံအမတ် ဖြစ်နေချိန်မှာ ဆွစ်ဇာလန်မှာ ပညာသင်နေတဲ့ ဘူမိဘောဘုရင်လေးနဲ့ ခင်မင်ကျွမ်း၀င်ခဲ့ကြပြီး ၁၉၅၀ မှာ လက်ထပ်ကာ နန်းသိမ်းဘိသိက်ခံခဲ့ကြပါတယ်။
သီရိခေတ်ရဲ့ ခမည်းတော်နဲ့ မယ်တော် နှစ်ဖက်လုံးက မင်းဆွေစိုးမျိုး ပညာတတ် ၀န်ကြီး ၀န်ကလေးတွေ ဖြစ်ကြသလို သူ့အစ်ကိုတော်တွေကလည်း ခွဲစိတ်ပါမောက္ခ၊ တရားသူကြီး ဘုရင့်အတိုင်ပင်ခံကောင်စီ၀င်တွေ ဖြစ်ခဲ့ပါတယ်။ မဟာဆွေ မဟာမျိုးထဲက မိဖုရားဖြစ်လို့သက်သက်ပဲ သီရိခေတ် ကျော်ကြားခဲ့တာ မဟုတ်ဘဲ နိုင်ငံရေး မတည်ငြိမ်မှုတွေကြားက ထိုင်းနိုင်ငံရဲ့ ပုံရိပ်ကို ကမ္ဘာ့အလယ်မှာ မြှင့်တင်ပေးခဲ့လို့ ကြင်ရာတော် ဘုရင်ကြီးနဲ့အတူ သမိုင်းတွင် ကျန်ရစ်ခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
၁၉၃၂ ထိုင်းတော်လှန်ရေးကြောင့် အကြွင်းမဲ့ဘုရင်စနစ်ချုပ်ငြိမ်းပြီး စည်းမျဥ်းခံဘုရင်စနစ် ဖြစ်လာပေမယ့် ထိုင်းနိုင်ငံရေးက မတည်ငြိမ်ခဲ့လှပါဘူး။ စစ်တပ်၊ မင်းဆွေမင်းမျိုးများနဲ့ ပရီဒီဘန်နိုမြောင်ခေါင်းဆောင်တဲ့ လက်၀ဲဆန်သူတွေကြား အင်အားပြိုင်နေခဲ့ပြီး ဒုတိယကမ္ဘာစစ်မှာလည်း ဂျပန်သိမ်းပိုက်တာ ခံခဲ့ရပါတယ်။ စစ်အပြီး ၁၉၄၆ မှာ ဘူမိဘောရဲ့ နောင်တော် အာနန္ဒာမဟီဒေါဘုရင်လေး သေနတ်ကျည်သင့်ပြီး နတ်ရွာစံပြီးနောက် နိုင်ငံရေးပိုရှုပ်ထွေးလာသလို ထိုင်းနိုင်ငံရေးမှာလည်း အမေရိကန်သြဇာပိုကြီးလာပါတယ်။
ဘူမိဘော ဘုရင်ဖြစ်စ ၁၉၅၀ ပြည့်လွန်နှစ်တွေအတွင်း အာရှမှာ စစ်အေးကူးစက်လာပြီး တရုတ်ပြည်မှာ ကွန်မြူနစ်အစိုးရတက်လာသလို ဗီယက်နမ်မှာလည်း အင်ဒိုချိုင်းနားစစ်ကြီး ဖြစ်နေပြီး ဟိုချီမင်း ကွန်မြူနစ်တွေနဲ့ ပြင်သစ်တွေ စစ်ခင်းနေပါတယ်။ အနောက်ဘက်တလွှားက မြန်မာပြည်မှာလည်း ပြည်တွင်းစစ် ပြင်းထန်နေပြီး တရုတ်ပြည်က ဆင်းလာတဲ့ ကူမင်တန် တရုတ်ဖြူတပ်တွေကလည်း မြန်မာ၊ လာအိုနဲ့ ထိုင်းမြောက်ပိုင်းနယ်စပ်ကို ၀င်လာကြပါတယ်။ ထိုင်းနိုင်ငံထဲမှာလည်း ကွန်မြူနစ်လှုပ်ရှားမှု ရှိလာပြီး တောင်ဘက်က ဗြိတိသျှပိုင် မလေးယား (မလေးရှား) မှာလည်း ကွန်မြူနစ်သူပုန်ထနေလို့ အရေးပေါ်အခြေအနေ ကြေညာထားတာပါ။

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒီလိုမရေရာတဲ့ ကာလမှာ အမေရိကန်ရဲ့ ဆီးတိုးခေါ် အရှေ့တောင်အာရှစစ်စာချုပ်၀င်နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံက ငယ်ရွယ်တဲ့ ဘုရင်နဲ့ မိဖုရားကို ကြားနေနိုင်ငံဖြစ်တဲ့ အိမ်နီးချင်း ကမ္ဘောဒီးယားက ဘုရင်တဖြစ်လဲ မင်းသားကြီးသီဟာနု-မိုနစ်မိဖုရားတို့ မောင်နှံနဲ့အပြိုင် ခေတ်သစ် တော်၀င်မောင်နှံအဖြစ် အနောက်တိုင်းစာနယ်ဇင်းတွေက ပုံဖော်လာကြပါတယ်။ နိုင်ငံရေးတက်ကြွလွန်းတဲ့ ဘုရင်သီဟာနုနဲ့ မတူဘဲ နိုင်ငံခေတ်မီဖွံ့ဖြိုးရေးနဲ့ ပြည်သူတွေကြား သဟဇာတဖြစ်ရေးကို ပိုအလေးထားတဲ့ ဘူမိဘောနဲ့ ရိုးရာလက်မှုလုပ်ငန်းတွေကို အားပေးတဲ့ သီရိခေတ်တို့ မောင်နှံဟာ ဗြိတိန်က ချောမောခေတ်မီတဲ့ ဘုရင်မ ဒုတိယအဲလစ်ဇဘက်နဲ့ ဖိလစ်မင်းသားတို့စုံတွဲလိုပဲ ကမ္ဘာ့ပြည်သူတွေကြားမှာ ရေပန်းစားလာခဲ့ပါတယ်။
တချိန်တည်းမှာပဲ အမေရိကန်ရဲ့ ကွန်မြူနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုအတွက် စစ်ရှုံးဂျပန်ပြည်က ဧကရာဇ်ဟီရိုဟီတိုကိုလည်း စစ်အတွင်း ဖက်ဆစ်အုပ်စုလက်ခုပ်ထဲ ရောက်ခဲ့တဲ့အသွင်မျိုး ပုံဖော်ပြီး ဂျပန်ပြည် ပြန်လည်ထူထောင်ရေးနဲ့ ဒီမိုကရေစီအသွင်ပြောင်းရေးအတွက် စုစည်းပေးသူအဖြစ်ပြောင်းလဲပွဲထုတ်ခဲ့ပါတယ်။ ရှင်တိုဘာသာအရ နတ်ဘုရားမက ဆင်းသက်လာတဲ့ အကိုးကွယ်ခံ ဘုရင်ဘ၀ကနေ လူကြားထဲ ဆင်းတဲ့ လူသားဧကရာဇ်ပုံစံ အသွင်ပြောင်းပေးခဲ့တာပါ။ ဂျပန်နဲ့မတူ ထိုင်းမှာတော့ ဖောင်တော်လှည့်၊ ဘုရင်အပါး ၀ပ်တွားခစား၊ လယ်ထွန်မင်္ဂလာဆင်ယင် စတဲ့ မင်းခမ်းမင်းနားတွေ ပြန်ပွဲထုတ်ပြီး ဘုရင်သြဇာတိုးလာအောင် ကြံဆောင်ခဲ့ပါတယ်။
ထိုင်းပိုးထည်နဲ့ အာရှဧကရီ
ဘူမိဘောဘုရင်နဲ့ သီရိခေတ် မိဖုရားတို့ နန်းသက်ကာလကို ထိုင်းဘုရင်စနစ်ကို ပုံစံတမျိုးနဲ့ ပြန်လည်ဖော်ဆောင်ပြီး စည်းရုံးမှုတည်ဆောက်တဲ့ကာလ၊ အမေရိကန်အကူအညီနဲ့ စီးပွားရေးဖွံ့ဖြိုးမှု၊ နိုင်ငံခေတ်မီရေးတွေ ဖန်တီးတဲ့ကာလလို့ ရှုမြင်ကြပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး လွတ်လပ်လာတဲ့ အာရှနိုင်ငံတွေနဲ့အပြိုင် ထိုင်းနိုင်ငံမှာလည်း စစ်အေးကာလ နိုင်ငံပုံရိပ်သစ်ကို ထူထောင်ချိန်ဖြစ်လို့ န၀မရာမဘုရင်နဲ့ မိဖုရားကို ချစ်ခင်လေးစားမှုက နိုင်ငံမှာ ကွန်မြူနစ်သြဇာ ၀င်မလာရေး၊ အင်ဒိုချိုင်းနားစစ်မီးကူးစက်မလာစေရေးတို့အတွက် တန်ပြန်အားကြီးတခုအနေနဲ့ အရေးကြီးခဲ့ပါတယ်။ ဒါကြောင့် ၁၉၆၀ ပြည့်လွန် နိုင်ငံမြောက်ပိုင်းက ကွန်မြူနစ်သူပုန်ထနေတဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ဘုရင်နဲ့ မိဖုရားအားစိုက်ကူညီခဲ့ပြီး နိုင်ငံအနှံ့ ကျေးလက်နေ ပြည်သူတွေရဲ့ ဘ၀ဖွံ့ဖြိုးရေးနဲ့ ပညာရေးတိုးတက်မှုကိုလည်း အထူးအားပေးခဲ့ကြပါတယ်။
ဒါကြောင့် ထိုင်းပိုးထည်၊ ရက္ကန်းနဲ့ ပန်းထိမ်၊ ပန်းပုစတဲ့ ထိုင်းရိုးရာလုပ်ငန်းတွေ မတိမ်ကောဘဲ ပြန်လည် စည်ပင်ထွန်းကားလာစေရေးအတွက် သီရိခေတ် အထူးချီးမြှင့် ကူညီခဲ့ပါတယ်။ F ငါးလုံးလို့ ခေါ်တဲ့ အစားအသောက်၊ ဖက်ရှင်၊ မွေထိုင်းလက်ဝှေ့၊ ရုပ်ရှင်နဲ့ ရိုးရာပွဲတော်ဆိုပြီး ယခုခေတ် ထိုင်းနိုင်ငံရဲ့ ယဥ်ကျေးမှုအာဏာစက်ကို ကမ္ဘာထိ ပြန့်အောင် ကြိုးစားသလိုပဲ အရင် နှစ် ၆၀ ကျော်ကလည်း ကမ္ဘာမှာ လူသိမများသေးတဲ့ ထိုင်းနိုင်ငံရဲ့ ပုံရိပ်ကို ကမ္ဘာထိ ရောက်အောင် သီရိခေတ်ရဲ့ ကမ္ဘာ့ခရီးစဥ် ၀တ်စုံတွေနဲ့ ကြိုးစားခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
သီရိခေတ်ရဲ့ ၁၉၆၀ က အမေရိကန်နဲ့ ဥရောပခရီးတွေက ကမ္ဘာကျော်ပြီး သီရိခေတ်ကို ကမ္ဘာ့ဖက်ရှင်အကျဆုံး အမျိုးသမီး ၁၀ စာရင်းမှာ နှစ်ခါ ၀င်စေခဲ့ကြောင်း ဘီဘီစီထိုင်းဘာသာစကားဌာနက ရေးသားပါတယ်။ ပြင်သစ်ဖက်ရှင်ဆရာ ပီယဲ ဘဲလ်မန်းရဲ့ ထိုင်းပိုးထည်တွေနဲ့ ချုပ်လုပ်တဲ့ အနောက်တိုင်းပွဲတက်၀တ်စုံတွေက သီရိခေတ်ရဲ့အလှနဲ့ ထိုင်းပိုးထည်တွေရဲ့ ခမ်းနားမှုကို ကမ္ဘာသိစေခဲ့ပြီး ထိုင်းနိုင်ငံရဲ့ သံတမန်ရေးလက်နက်ဖြစ်လာခဲ့ပါတယ်။
၁၉ ရာစုနှောင်းပိုင်းကစပြီး အနောက်တိုင်းလွှမ်းမိုးမှု များခဲ့တဲ့ ထိုင်းအမျိုးသမီး၀တ်စုံပုံစံတွေကို တဖန်ဆန်းသစ်ပြီး ရှေးခေတ်ဖက်ရှင်ကို ခေတ်အမြင်နဲ့ သီရိခေတ် တီထွင်တဲ့ ချက္ကရီ၊ ချချစ်လဒါ၊ ချာကရာပတ်၊ ဒူးဆစ် စတဲ့ စံတော်၀င် ထိုင်း၀တ်စုံပုံစံ ရှစ်မျိုးကိုလည်း သီရိခေတ် ဖန်တီးခဲ့ပြီး ယနေ့ထက်ထိ ၀တ်ဆင်နေကြဆဲ ဖြစ်ပါတယ်။ နောက်ပြီး အနှစ် ၂၀၀ ချက္ကရီမင်းဆက်ရဲ့ ရတနာစိန်ရွှေတွေကို ပြသ၀တ်ဆင်မှုကြောင့်လည်း ကမ္ဘာက ရှုမောခဲ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
သီရိခေတ်ဟာ အမေရိကန်ခရီးမစခင် တောင်ဗီယက်နမ်၊ အင်ဒိုနီးရှားနဲ့ မြန်မာပြည် ခရီးတွေမှာကတည်းက ထိုင်းနိုင်ငံရဲ့ ပုံရိပ်ကို မြှင့်တင်ဖို့ ကြိုးစားခဲ့ကြောင်း ဗြိတိန်နိုင်ငံ ဝေလနယ်၊ အဘရစ်စ၀တ်သ်တက္ကသိုလ်က သမိုင်းကထိက မက်သယူးဖိလစ်ရဲ့ ကမ္ဘာကို အောင်နိုင်ခြင်း၊ ဘူမိဘောဘုရင်ရဲ့ ၁၉၆၀ က မြန်မာပြည်ခရီး မော်ကွန်းရုပ်ရှင် စာတမ်းမှာ ပါရှိပါတယ်။ ထိုင်းဘုရင်နဲ့ မိဖုရားရဲ့ မြန်မာပြည်ခရီးစဥ်ကို ထိုင်းအစိုးရက ရုပ်ရှင်ရိုက်ကူးပြီး ပြည်တွင်းမှာ ပြသကာ လူထုကြည်ညိုထောက်ခံမှု ရအောင် ကြိုးစားတယ်လို့လည်း ဒေါက်တာ ဖိလစ်က ရေးပါတယ်။ ဒီခရီးမှာ သီရိခေတ်ရဲ့ ကျော့ရှင်း ပေါ်လွင်တဲ့ ၀တ်စုံအလှကို မြန်မာပြည်သမ္မတ ဦး၀င်းမောင်ကတော် ဒေါ် မြမေရဲ့ မထင်မရှား ၀တ်ဆင်မှုနဲ့ နှိုင်းယှဥ်ပြတယ်လို့လည်း ဆိုပါတယ်။ မြန်မာပြည်မှာ လူထောက်ခံမှု များတဲ့ ခေါင်းဆောင် ဦးနု စစ်တပ်ရဲ့ ၁၉၅၈ ပထမအာဏာသိမ်းပွဲကြောင့် မှေးမှိန်နေချိန်မှာ ထိုင်းနိုင်ငံမှာ စစ်တပ်နဲ့ အမေရိကန်ထောက်ခံမှု ရထားပြီး လူထုကြည်ညိုမှုရတဲ့ ဘူမိဘောဘုရင်စန်းတက်လာမှုကို ယှဥ်တွဲပြပြီး ထိုင်းရဲ့ သံတမန်ရေးအရ အောင်နိုင်မှုအဖြစ် ပုံဖော်ကြောင်း ဖော်ပြထားပါတယ်။
လူမှုတိုးတက်ရေးနဲ့ တော်၀င်မိသားစု

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကြင်ရာမိဖုရားနဲ့ မောင်းမမိဿံ ၁၅ဝ ကျော်ပြီး သားတော် သမီးတော် တရာနီးပါး ထွန်းကားခဲ့တဲ့ ဘိုးဘေးတော် ချူလာလောင်ကွန် ဘုရင်ကြီးနဲ့ မတူဘဲ ဘူမိဘောနဲ့ သီရိခေတ်တို့ မိသားစုဟာ ခေတ်သစ် အဏုမြူမိသားစုပုံစံ ဖြစ်ပါတယ်။ သားတော် တပါးနဲ့ သမီးတော်သုံးပါး ထွန်းကားပြီး လက်ရှိထိုင်းဘုရင် မဟာဝချီရာလောင်ကွန်နဲ့ သီရိဒုံမင်းသမီးတို့ အထူးထင်ရှားပါတယ်။
နန်းတွင်းမှာပဲ စံပျော်လေ့ရှိတဲ့ ၂၀ ရာစုဦး ထိုင်းမင်းသားမင်းသမီးတွေနဲ့မတူဘဲ ၂၀ ရာစုနှောင်းပိုင်း ဘူမိဘောတို့မိသားစုဟာ ကျေးလက်ဖွံ့ဖြိုးရေးနဲ့ ပညာရေးလုပ်ငန်းတွေမှာ ဇောက်ချကူညီမှုနဲ့ ထင်ရှားပါတယ်။ သားတော် မဟာဝချီရာလောင်ကွန်ဟာ နယ်စွန်နယ်ဖျားက ကျေးလက်ပြည်သူတွေအတွက် ဆေးရုံဆေးပေးခန်းတွေ တည်ဆောက်ပေးခဲ့ပြီး စိုက်ပျိုးရေးနည်းပညာတွေ ထွန်းကားဖို့ အားပေးခဲ့ပါတယ်။ ပညာရေးနဲ့ အားကစားမှာလည်း ထောက်ပံ့ကူညီခဲ့ပါတယ်။ ကျန်းမာသန့်ရှင်းရေး၊ ရေရင်းမြစ် ဖွံ့ဖြိုးမှုနဲ့ ပညာရေး စတဲ့ သူ့နှမတော် သီရိဒုံမင်းသမီးကြီးရဲ့ များပြားလှတဲ့ ပြည်သူ့ဝန်ဆောင်မှုတွေအတွက်လည်း ၁၉၉၁ က ဖိလစ်ပိုင်က ပေးတဲ့ ရေမွန်မက်ဆေးဆေးဆု ချီးမြှင့်ခံခဲ့ရပြီး သီရိဒုံဟာ ထိုင်းရိုးရာဂီတကို ကိုယ်တိုင်တတ်ကျွမ်းပြီး အားပေးချီးမြှင့်သူလည်း ဖြစ်ပါတယ်။
သူတို့ရဲ့ အစ်မတော်ကြီး ဥဘောရတနာကတော့ လူငယ်တွေကြားက မူးယစ်တိုက်ဖျက်ရေး၊ လိင်တူချစ်သူများကို အားပေးကူညီမှုတွေအပြင် ရုပ်ရှင်ဇာတ်ညွှန်းရေး၊ သရုပ်ဆောင်တွေပါ လုပ်ခဲ့ပြီး ၂၀၁၉ က သက်ဆင်ရဲ့ မဟာမိတ်ပါတီတခုကနေ ရွေးကောက်ပွဲဝင်ပြိုင်မယ်လုပ်လို့ မောင်တော် ဒသမရာမဘုရင်က ကန့်ကွက်ခဲ့ပါတယ်။ နှမတော်ထွေး ချူလာဘွန်မင်းသမီးကတော့ သိပ္ပံနဲ့ ဆေးပညာသုတေသနတွေမှာ စိတ်ဝင်စားအားပေးမှုကြောင့် ယူနက်စကိုရဲ့ အိုင်စတိုင်းဆု ချီးမြှင့်ခံခဲ့ရပါတယ်။
သီရိခေတ်ဟာ ခေတ်သစ်အာရှမိဖုရားပုံရိပ်နဲ့ ကျော်ကြားပေမယ့် သူ့သားတော် ဝချီရာလောင်ကွန်နဲ့ တူမတော်အရင်း ဆုမ်ဆာဝလီတို့ လက်ထပ်ပြီး ကွာရှင်းပြတ်စဲတာလည်း ကြုံခဲ့ရပါတယ်။ နောက်တူမတော်တပါးဖြစ်တဲ့ ဆူသာဝန်ကတော့ ထိုင်းဒုတိယဝန်ကြီးချုပ်ဟောင်း ဆူရာကီရတ် ဆာသီယာထိုင်းနဲ့ လက်ထပ်ခဲ့ပြီး ၂၀၀၇ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် နေရာအတွက် ဆူရာကီရတ် တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ဘန်ကီမွန်နဲ့ ယှဉ်ပြိုင် ကြိုးစားခဲ့ပါတယ်။
နန်းစောင့် မာရှယ်ဗိုလ်ချုပ်ကြီး သီရိခေတ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
သီရိခေတ်ကို အလှအပနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေနဲ့ တွဲသိကြပေမယ့် နိုင်ငံအုပ်ချုပ်ရေးမှာလည်း သူ မလစ်ဟင်းခဲ့ပါဘူး။ ဘူမိဘောဘုရင် ရဟန်းဝတ်စဉ်ကာလ ၁၉၅၆ က နိုင်ငံကို နန်းစောင့်အဖြစ် သီရိခေတ်အုပ်ချုပ်ခဲ့ပြီး ထိုင်းသမိုင်းမှာ ဒုတိယမြောက် အမျိုးသမီးနန်းစောင့် ဖြစ်လာခဲ့ပါတယ်။
၁၉၉၈ က သီရိခေတ်ရဲ့မွေးနေ့မှာ အဲဒီအချိန်က ဝန်ကြီးချုပ် ချွမ်လိပိုင်နောက်မှာ နိုင်ငံသားတွေ ညီညွတ်ကြဖို့ တောင်းဆိုခဲ့ကြောင်း ဂါးဒီးယန်းသတင်းစာက ရေးပါတယ်။ ပါလီမန်မှာ အယုံအကြည်မရှိ အဆိုတင်သွင်းဖို့ အတိုက်အခံတွေ ပြင်နေတာနဲ့ ကြုံနေရတဲ့ ချွမ်လိပိုင်အတွက် မိဖုရားကြီးရဲ့စကားက ကယ်ပေါက်ဖြစ်သွားခဲ့ပါတယ်။
၂၀၀၄ က ထိုင်းတောင်ပိုင်းမှာ မွတ်ဆလင်စစ်သွေးကြွ ပုန်ကန်မှုတွေ ပြင်းထန်လာပြီးနောက် တိုက်ခိုက်မှုတွေ အဆုံးသတ်ဖို့ သီရိခေတ်ကိုယ်တိုင် ပန်ကြားခဲ့ကြောင်း ဘီဘီစီသတင်းမှာ ဖော်ပြပါတယ်။ ထိုင်းတောင်ပိုင်းနဲ့ အကျွမ်းတဝင်ရှိပြီး အဲဒီမှာ နှစ်စဉ် လချီစံပယ်လေ့ ရှိတဲ့ သီရိခေတ်က အရပ်သူအရပ်သားတွေအပေါ် တိုက်ခိုက်မှုတွေ ဖြစ်နေတာကို သဘောမကျဘဲ ရဲနဲ့ အရပ်သားဝန်ထမ်းတွေ ချုံခိုတိုက်ခိုက်ခံနေရတဲ့အကြောင်းတွေကို ရုပ်သံကနေ ထည့်သွင်း မိန့်ကြားခဲ့ပါတယ်။
၂၀၀၈ ခုနှစ်မှာတော့ ရဲဖြိုခွင်းမှုအတွင်း သေဆုံးခဲ့တဲ့ ရှပ်ဝါလှုပ်ရှားမှု ဆန္ဒပြသူတယောက်ရဲ့ နာရေးကို မိဖုရားကြီး သတင်းသွားမေးခဲ့ပြီး သက်ဆင်အုပ်စုက အစိုးရတွေကို ဆန့်ကျင်ကြောင်းပြခဲ့ပါတယ်။
ထိုင်းတပ်ဖွဲ့စည်းပုံအရ ဒုတိယခြေလျင်တပ်မကို မိဖုရားသီရိခေတ်ရဲ့ အစောင့်တပ်မလို့ မှည့်ခေါ်ပြီး အဲဒီထဲက အမှတ် ၂၁ ခြေလျင်တပ်ရင်းမှာ မိဖုရားကြီးကိုယ်တော်တိုင် ဗိုလ်မှူးကြီးအဆင့်နဲ့ အထူးတပ်မှူး တာဝန်ယူခဲ့ကြောင်း ဘီဘီစီထိုင်းဘာသာစကားဌာနက ရေးသားပါတယ်။ နောက်ပိုင်းမှာလည်း သီရိခေတ်ကို တပ်ရာထူးတာဝန်တွေ ထပ်ပေးခဲ့ပြီး ၁၉၉၂ မှာ ပထမဆုံးနဲ့ တဦးတည်းသော ထိုင်းအမျိုးသမီး ဖီးလ်မာရှယ်၊ ရေတပ်နဲ့ လေတပ်ရဲ့ မာရှယ် ဗိုလ်ချုပ်ကြီးထိ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
မိဖုရားကြီးရဲ့ အမှတ် ၂၁ ခြေလျင်တပ်ရင်းမှာ ထမ်းဆောင်ခဲ့ပြီး ဒုတိယခြေလျင်တပ်မမှာ ဒုတိယတပ်မှူး ဗိုလ်ချုပ်ကြီး တာဝန်ယူခဲ့တဲ့ ပရာယွတ်ချန်အိုချာဟာ ၂၀၀၆ က ဝန်ကြီးချုပ် သက်ဆင်ရှင်နာဝပ်ကို ဖြုတ်ချတဲ့ အာဏာသိမ်းပွဲမှာ ပါဝင်တယ်လို့ ယူဆခံရပြီး ၂၀၁၄ ကနေ ၂၀၂၃ ထိ ထိုင်းဝန်ကြီးချုပ် တာဝန်ယူခဲ့ပါတယ်။
ဆည်းကပ်ခံ ဘုရင်စနစ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
သီရိခေတ်ရဲ့ နှစ် ၉၀ ကျော် ဘဝသက်တမ်းမှာ ငယ်စဉ်ကလေးဘဝကတည်းက နိုင်ငံရေးမတည်ငြိမ်မှု၊ ကမ္ဘာစစ်၊ စစ်အေးနဲ့ အာဏာသိမ်းပွဲတွေကို ဖြတ်သန်းခဲ့ရပြီး သက်တော်ရှည် မယ်တော်ကြီးဘဝနဲ့ အနိစ္စရောက်ရှိခဲ့ပါတယ်။ သြဂုတ်လ ၁၂ ရက် သူ့မွေးနေ့ကို ထိုင်းနိုင်ငံရဲ့ အမေနေ့အဖြစ် ၁၉၇၆ ကတည်းက သတ်မှတ်ကျင်းပခဲ့ကြတာပါ။ သူ့ဘ၀မှာ ရွှေဇွန်းကိုက်မွေးလာပြီး ရွှေဘုံမှာ စံခဲ့ရသူလို့ ပြောနိုင်ပေမယ့် နိုင်ငံတည်ငြိမ်တိုးတက်ရေးအတွက် စိန်ခေါ်မှု ခရီးကြမ်းတွေကို ဖြတ်သန်းခဲ့ရပြီး ကြိုးစားမှု အသီးအပွင့်တွေကို မြင်သွားခဲ့ရတဲ့ သြဇာကြီး နိုင်ငံပြုဧကရီမိဖုရားတပါးဖြစ်ခဲ့ပါတယ်။ ထိုင်းဗုဒ္ဓဘာသာ၀င်တွေ အထူးယုံကြည်တဲ့ ရာမမင်းသားရဲ့ ပါရမီဖြည့်ဖော် သီတာဒေ၀ီလိုပဲ သီရိခေတ်မိဖုရားကြီးဟာလည်း ဘူမိဘောဘုရင်ကြီးနဲ့ အိမ်ထောင်သက် နှစ် ၆၀ ကျော်အတွင်း နိုင်ငံတိုးတက်ရေးကိစ္စအ၀၀မှာ ကူညီဖြည့်ဆည်းခဲ့ပါတယ်။
ဒီလို သူနဲ့ သူ့ကြင်ရာတော် ဘုရင်ကြီးတို့ တစိုက်မတ်မတ် ကြိုးကုတ်ထူထောင်ခဲ့တဲ့ နိုင်ငံဟာ အမေရိကန်နဲ့ ထိုင်းစစ်တပ်ထောက်ခံမှု၊ ဗီယက်နမ်စစ်အတွင်း နိုင်ငံဖွံ့ဖြိုးရေးအခြေခံ ရလိုက်မှုတွေကြောင့် အာရှကျားတကောင်အဖြစ် တိုးတက်လာခဲ့တယ်လို့ ပြောနိုင်ပေမယ့် တခြား စင်္ကာပူ၊ မလေးရှား၊ တောင်ကိုရီးယား စတဲ့ အာရှကျားနိုင်ငံတွေနဲ့မတူဘဲ ယဥ်ကျေးမှုနဲ့ နိုင်ငံဦးဆောင်မှုပိုင်းမှာ သြဇာညောင်း လူကြည်ညိုမှုကြီးတဲ့ နတ်ဘုရားသဖွယ် အကိုးကွယ်ခံ ဘုရင်စနစ်ကြောင့်လည်း ဒီတိုးတက်တည်ငြိမ်မှုတွေကို အနှစ် ၆၀ ကျော်အတွင်း တည်ဆောက်နိုင်ခဲ့တယ်လို့ ပြောနိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images









