ထိုင်းဘုရင်ကို ဝေဖန်ရင် ထောင်ဒဏ်ဘယ်လောက် ကျနိုင်သလဲ

ထိုင်းနိုင်ငံက သူတို့ရဲ့ဘုရင်စနစ်ကို ဝေဖန်ထောက်ပြတာမျိုး လုပ်လို့ မရအောင် အကာအကွယ်ပေးထားတဲ့ lese-majeste law ဥပဒေဟာ ကမ္ဘာပေါ်မှာအတင်းအကျပ်ဆုံး ဥပဒေတစ်ခုလို့ပြောနိုင်ပါတယ်။
ဘုရင်စနစ်ကို အခိုင်အမာထောက်ခံတဲ့ ထိုင်းစစ်တပ်က ၂၀၁၄ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းမှာ လူတွေ ဒီဥပဒေကို လိုက်နာဖို့ ပိုပြီး တင်းကျပ်လာပါတယ်။ ထိုင်းနိုင်ငံက လူသိများထင်ရှားတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အာနွန်နန်ပါဟာ ဒီဥပဒေနဲ့ ထောင်ဒဏ် ၄ နှစ် ချမှတ် ခံခဲ့ရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် အောက်တိုဘာလက ထိုင်းဘုရင်စနစ်ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲမှာ သူပြောဆိုခဲ့တဲ့မှတ်ချက်တွေနဲ့ ပတ်သက်ပြီး ဘန်ကောက်တရားရုံးတစ်ခုက အခုလို ပြစ်ဒဏ် ချမှတ်ခဲ့တာဖြစ်ပါတယ်။
ဒီဥပဒေက ဘယ်လိုဥပဒေမျိုးလဲ
ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၁၂ လို့ ခေါ်တဲ့ ဒီဥပဒေက ထိုင်းဘုရင်စနစ်ကို ပြစ်တင် ဝေဖန် ထောက်ပြတာမျိုး လုပ်လို့မရအောင် အကာအကွယ်ပေးထားတဲ့ ဥပဒေဖြစ်ပါတယ်။
ဒီဥပဒေမှာ မည်သူမဆို ထိုင်း ဘုရင်၊ မိဖုရား၊ သားတော်၊ သမီးတော်တွေ၊ ဘုရင်ကိုယ်စားအုပ်ချုပ်သူတွေ၊ ထီးနန်းမွေဆက်ခံမယ့်သူတွေကို အသရေဖျက်တာ၊ ခြိမ်းခြောက်တာနဲ့ ပုတ်ခတ်စော်ကားမှုတွေ လုပ်မယ်ဆိုရင် ထောင်ဒဏ် ၃ နှစ်က ၁၅ နှစ်ထိ အပြစ်ပေးနိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။
ဒီဥပဒေဟာ ထိုင်းနိုင်ငံရဲ့ ရာဇဝတ်ကျင့်ထုံးကို စတင်ပြဋ္ဌာန်းခဲ့တဲ့ ၁၉၀၈ ခုနှစ်ကစလို့ ပကတိနီးပါးလုံးဝ မပြောင်းလဲဘဲ ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ၁၉၇၆ ခုနှစ်မှာတော့ ဒီဥပဒေရဲ့ ပြစ်ဒဏ်က ပိုပြီးတောင် တင်းကျပ်လာခဲ့ပါတယ်။
ဒီဥပဒေမှာက ဘယ်လိုပြောဆိုဝေဖန်မှုမျိုးတွေက ဘုရင်စနစ်ကို စော်ကားတယ်လို့ ယူဆတဲ့ လုပ်ရပ်တွေ ဒါမှမဟုတ် သတ်မှက်ချက်တွေလို့ ရှင်းရှင်းလင်းလင်း တိကျတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက် မပေးထားပါဘူး။
ဒီလိုရှင်းရှင်းလင်းလင်း မရှိတဲ့အတွက် အာဏာပိုင်တွေက သူတို့ကိုယ်ပိုင်ဆုံးဖြတ်ခွင့်နဲ့ ဥပဒေကို လိုသလိုကောက်ယူပြီး ကျယ်ကျယ်ပြန့်ပြန့် အနက်ဖွင့်စေနိုင်တယ်လို့ ဝေဖန်သူတွေက ပြောဆိုကြပါတယ်။ ထိုင်းဘုရင်စနစ်ကိုစော်ကားတယ်ဆိုတာနဲ့ ဘယ်သူ့ကိုမဆို တိုင်ကြားနိုင်ပြီး ရဲတပ်ဖွဲ့က ဒီတိုင်တန်းမှုကို မဖြစ်မနေ စုံစမ်းစစ်ဆေးရမှာ ဖြစ်ပါတယ်။
ဒီအမှုနဲ့ အဖမ်းခံရပြီဆိုရင် အဖမ်းခံရသူတွေဟာ အာမခံမရဘဲ အငြင်းခံရနိုင်ပြီး အချို့ကတော့ ရုံးမတင်ခင်ကို အချိန်အကြာကြီး ထိမ်းသိန်းခံထားရတာရှိတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် မတ်လက အသက် ၁၅ နှစ်အရွယ် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အမျိုးသမီးငယ်တစ်ဦး ဒီဥပဒေနဲ့ အမှုဖွင့်ပြီး ဖမ်းဆီးတာခံခဲ့ရပါတယ်။ ဒီအထက်တန်းကျောင်းသူဟာ ထိုင်းဘုရင်စနစ်ကို ဝေဖန်ထောက်ပြတာမျိုးလုပ်လို့မရအောင် ကာကွယ်ထားတဲ့ ဒီဥပဒေကို ဖယ်ရှားရေးတောင်းဆိုတဲ့ငြိမ်းချမ်းစွာ ဆန္ဒပြမှုမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
ဒီဥပဒေကိုဖယ်ရှားဖို့ ဘာကြောင့် အရေးကြီးတာလဲ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
စစ်တပ်ကထောက်ခံမှုပေးထားတဲ့ ထိုင်းအစိုးရဟာ ဒီဥပဒေကို သုံးပြီး ထိုင်းနိုင်ငံမှာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ် ထိန်းချုပ်ဖို့ကြိုးစားနေတယ်လို့ ဝေဖန်သူတွေက ထောက်ပြကြပါတယ်။
ထိုင်းအစိုးရကို ဒီဥပဒေကို ပြန်လည်ပြင်ဆင်ဖို့ ကုလသမဂ္ဂကလည်း တစိုက်မတ်မတ် တောင်းဆိုတိုက်တွန်းခဲ့ပါတယ်။
ဒါပေမဲ့ အစိုးရဘက်ကတော့ ထိုင်းဘုရင်စနစ် ရပ်တည်နိုင်ရေး အကာအကွယ်ပေးဖို့ ဒီဥပဒေက မဖြစ်မနေလိုအပ်တယ်လို့ ပြောပါတယ်။
ထိုင်းနိုင်ငံကို နှစ်ပေါင်းများစွာ စိုးစံခဲ့တဲ့ ဘုရင် ဘူမိဘော နတ်ရွာစံ ကံကုန်ပြီးနောက် သူ့သားဖြစ်သူ မဟာဝဇီယာလောင်ကွန်းဟာ ၂၀၁၆ ခုနှစ်မှာ ထီးနန်းကို ဆက်ခံခဲ့ပါတယ်။
ထိုင်းဘုရင်တွေဟာ အစဥ်အလာအားဖြင့် နိုင်ငံရေးနဲ့ ပတ်သက်လေ့မရှိဘဲ အခြားနိုင်ငံကစည်းမျဥ်းခံဘုရင်တွေလိုပဲ အများပြည်သူနဲ့သက်ဆိုင်တဲ့ အခမ်းအနားတွေ ပွဲလမ်းတွေမှာ တက်ရောက်လေ့ရှိပါတယ်။
ဒါပေမဲ့ တကယ်တမ်းမှာတော့ ထိုင်းဘုရင်တွေဟာ နိုင်ငံရေးနယ်ပယ်မှာ သြဇာအရှိန်အဝါကြီးမားသလို ကမ္ဘာပေါ်မှာ အချမ်းသာဆုံး ဘုရင်မင်းဆက်လည်းဖြစ်ပါတယ်။
၂၀၂၀ ခုနှစ် သြဂုတ်လ ၃ ရက် နေ့တုန်းက ထိုင်းနိုင်ငံက ကျောင်းသားတွေ ဦးဆောင်တဲ့ အစိုးရကိုဆန့်ကျင်ဆန္ဒပြပွဲမှာ အစဉ်အဆက်ထိုင်းပြည်သူတွေမပြောကြားရဲတဲ့ အရာတခုကို နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အာနွန် နမ်ပါက တောင်းဆိုလိုက်တဲ့အတွက် သူ့ကို လူသိများလာခဲ့ပါတယ်။အဲဒါကတော့ ထိုင်းနိုင်ငံက ပြုပြင်ပြောင်းလဲရမယ့်အရာထဲမှာ ထိုင်းဘုရင်စနစ်ကို ထည့်သွင်းဖို့တောင်းဆိုခဲ့တာဖြစ်ပါတယ်။
၂၀၂၀ခုနှစ် ဆန္ဒပြပွဲတွေမတိုင်မီ အထိ ထိုင်းဘုရင်စနစ်ကို မဝေဖန်အောင်အကာအကွယ်ပေးထားတဲ့ဥပဒေနဲ့ အရေးယူမှုတွေကို ၂ နှစ်အထိ ဆိုင်းငံ့ထားခဲ့ပါတယ်။ ဒီလိုဆိုင်းငံ့ထားဖို့ ဘုရင်ကိုယ်တိုင် တောင်းဆိုခဲ့တာပါ။ အခုလိုအာနွန်နမ်ပါရဲ့ ဘုရင်စနစ်ကိုပြုပြင်ဖို့ပြောဆိုမှုတွေဟာ ဘုရင်ရဲ့ ပုံရိပ်ကို ထိခိုက်စေတယ်လို့ ဘုရင်စနစ်ထောက်ခံသူတွေကပြောပါတယ်။
ဒါပေမဲ့ ဆန္ဒပြသူအချို့က ထိုင်းတော်ဝင်မိသားစုကို ကဲ့ရဲ့လှောင်ပြောင်တာ ပွင့်ပွင့်လင်းလင်း ဝေဖန်တာတွေရှိလာနေပြီဖြစ်လို့ ပြောင်းလဲပြုပြင်ဖို့ကို ပြန်စဥ်းစားဖို့လိုမယ်လို့ ဆန္ဒပြသူအချို့က ပြောဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်ကစပြီး ကနေ့ အထိ ထိုင်းနိုင်ငံမှာ ဘုရင်စနစ်ကို မဝေဖန်အောင် အကာအကွယ်ပေးထားတဲ့ ဥပဒေနဲ့ လူပေါင်း ၂၅၇ ဦးကို အရေးယူခံထားရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuter
ဘုရင်စနစ်ပြောင်းလဲရေးနဲ့ ထိုင်းနိုင်ငံ အရေး ဘယ်လို ဆက်စပ်နေသလဲ
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် မေလက ကျင်းပခဲ့တဲ့ ထိုင်းနိုင်ငံက အထွေထွေ ရွေးကောက်ပွဲမှာ ထိုင်းဘုရင်စနစ်ကို ဝေဖန်ထောက်ပြတာမျိုးမလုပ်ရအောင် အကာအကွယ်ပေးထားတဲ့ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၁၂ ကို ရှေသို့ချီပါတီက ပြင်ဆင်မယ်လို့ ကတိပေးခဲ့ပြီးနောက်မှာ အဲဒီပါတီအနိုင်ရခဲ့ပါတယ်။
ဒါပေမဲ့ ထိုင်းလွှတ်တော်အတွင်းမှာ စစ်တပ်က တိုက်ရိုက်ခန့်ထားတဲ့ ကိုယ်စားလှယ်တွေက ဒီအချက်ကို ဝေဖန်ထောက်ပြပြီး ရှေ့သိုချီပါတီဟာ ရွေးကောက်ပွဲမှာ မဲအများဆုံးအနိုင်ရပေမယ့် အစိုးရဖွဲ့လို့မရအောင် ပိတ်ဆို့ဟန့်တားတွေလုပ်ခဲ့ပါတယ်။
ဒီဥပဒေကို ပြင်ဆင်ဖို့ ပြောဆိုလာတာဟာ ထိုင်းနိုင်ငံက ဘုရင်စနစ်ဓလေ့ထုံးစဥ်ကို စိန်ခေါ်တဲ့ အနေအထားတစ်ခုဖြစ်လာလို့ မပြုပြင်သင့်ဘူးလို့ ယူဆတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေလည်း ရှိပါတယ်။
ဒါကြောင့် တခြားပါတီတခုဖြစ်တဲ့ ဖုအာထိုင်းပါတီဟာ အရင်အစိုးရဟောင်း စစ်တပ်နဲ့ ဆက်နွယ်တဲ့ဝန်ကြီးချုပ်ပရာယွတ်ရဲ့ပါတီက သူတွေ၊ စစ်တပ်ထောက်ခံသူတွေနဲ့ ပူးပေါင်းလိုက်ပြီး ဖုအာထိုင်းဦးဆောင်တဲ့ ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းခဲ့ပါတယ်။
အခုချိန်မှာတော့ ထိုင်းဘုရင်စနစ်နဲ့ပတ်သက်ပြီး ငြင်းခုံမှုတွေဟာ လက်ရှိ ထိုင်းညွန့်ပေါင်းအစိုးရထဲမှာတော့ မဆွေးနွေးချင်ဆုံးအကြောင်းအရာတစ်ခုဖြစ်နေပါတယ်။








