ထိုင်း - ရှေ့သိုချီပါတီ ခေါင်းဆောင် ပီတာလင်ဂျာရိုရတ်က ဘယ်သူလဲ

ရှေ့သို့ချီပါတီခေါင်းဆောင်

ဓာတ်ပုံ ရင်းမြစ်, EPA

"ဒီနေ့ဟာ တောက်ပတဲ့နေရောင်ခြည်နဲ့ မျှော်လင့်ချက်တွေ ပြည့်နှက်နေမယ့်နေ့ သစ်တစ်နေ့ ပါ”ဆိုတဲ့စကားကို ထိုင်းဝန်ကြီးချုပ်သစ်ဖြစ်လာနိုင်တဲ့ အသက် ၄၂ နှစ်အရွယ် ပီတာလင်ဂျာရိုရတ်က သတင်း ထောက်တွေနဲ့ ကင်မရာမီးတွေ တဖြက်ဖြက်လက်နေတဲ့ အခန်းတစ်ခုမှာ ပြောခဲ့တာပါ။

မစ္စတာပီတာရဲ့ Move Forward - ရှေ့သိုချီပါတီဟာ ပြီးခဲ့တဲ့ရက်ပိုင်းကရွေးကောက်ပွဲမှာ စစ်တပ် ကျော ထောက် နောက်ခံပါတီတွေကို ကျော်ဖြတ်ပြီး အံ့အားသင့်စရာကောင်းလောက်အောင် အနိုင်ရခဲ့ပါတယ်။

ဆယ်စုနှစ်တစ်ခုနီးပါး စစ်တပ်ကျောထောက်နောက်ခံပြုထားတဲ့ အုပ်ချုပ်မှုကို မဲဆန္ဒရှင်တွေက ပယ်ချခဲ့ပြီး အခြားပါတီတွေထက် ရှေ့သိုချီပါတီကိုရွေးချယ် မဲပေးခဲ့ကြပါတယ်။ ဒါဟာ အာဏာသိမ်းမှု တစ်ဒါဇင်လောက် အနည်းဆုံးကြုံခဲ့ရတဲ့ တိုင်းပြည်ရဲ့ လက်တွေ့အခြေအနေပါ။

“ခေတ်ပြောင်းလဲမှုက အချိန်ကိုက်ပဲ ”လို့ ဘန်ကောက်မြို့ မဲဆန္ဒနယ် ၃၃ နေရာမှာ ၃၂ နေရာအနိုင် ရခဲ့တဲ့ ဘန်ကောက်မြို့ ရှေ့သိုချီပါတီရုံးချုပ်မှာ မစ္စတာပီတာက ပြောခဲ့တာပါ။

ဒါပေမယ့် အစိုးရဖွဲ့ဖို့ အာဏာလွှဲပြောင်းဖို့ ကိစ္စတွေက သီတင်းပတ်တွေနဲ့ချီ ကြာဦးမှာဖြစ်သလို အာဏာဗဟိုချက်ကို ထိုင်းစစ်တပ်က ကြိုးကိုင်နေဆဲဖြစ်တဲ့အတွက် ဖြစ်လာနိုင်တာတွေကို စောင့်ကြည့်ရဦးမှာပါ။

ဒါပေမယ့် ဒီအနိုင်ရမှုက နှစ်ပေါင်းများစွာ စစ်အုပ်ချုပ်ရေးကို စိတ်ပျက်နေပြီး အပြောင်းအလဲကို ငတ်မွတ်နေတဲ့ လူငယ်မဲဆန္ဒရှင်တွေကြားမှာ ခိုင်မာအားကောင်းတဲ့ အင်အားတည်ဆောက်ထားနိုင်တယ်ဆိုတာ မစ္စတာပီတာနဲ့ သူ့ပါတီက မီးမောင်းထိုးပြလိုက်တာ ဖြစ်ပါတယ်။

မစ္စတာပီတာရဲ့ နိုင်ငံရေးသမားဘဝကို အနာဂတ်ရှေ့သို့ချီ - Future Forward ပါတီဝင်အဖြစ်က စတင်ခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ‌ရွေးချယ်ခံခဲ့ရပါတယ်။

ထိုင်းစစ်တပ်ကို အပြင်းအထန် ဝေဖန်လေ့ရှိတဲ့ သန်းကြွယ်သူဌေး ဘီလျံနာ သနာသွန် ဂျူရန် ဂရွန်ဂူရန်ကစ် တည်ထောင်ခဲ့တဲ့ အနာဂတ်ရှေ့သို့ချီ ပါတီက ၂၀၁၉ ခုနှစ်ရွေးကောက်ပွဲမှာ ရလဒ် ကောင်းတွေရယူခဲ့ပြီး အပြောင်းအလဲလုပ်ဖို့ တောင်းဆိုမှုတွေနဲ့ အတူ ထိုင်းနိုင်ငံရေးကို လှုပ်ခါ ခဲ့ပါတယ်။

ဒါပေမယ့် ရွေးကောက်ပွဲအပြီး နောက်တစ်နှစ်အကြာမှာ အငြင်းပွားဖွယ်ရာ စွပ်စွဲမှုတွေနဲ့အတူ အနာဂတ်ရှေ့သို့ချီပါတီ ဖိအားပေး ဖျက်သိမ်းခံခဲ့ရပါတယ်။

ပြီးတော့ မစ္စတာသနာသွန်လည်း လွှတ်တော်ကိုယ်စားလှယ် အရည်ချင်းမပြည့်မီမှုနဲ့ လွှတ်တော် ကိုယ်စားလှယ်အဖြစ်က နုတ်ထွက်ခဲ့ရပါတယ်။အဲ့ဒီကနေ သိပ်မကြာခင်မှာပဲ မစ္စတာပီတာကို ပါတီခေါင်းဆောင်သစ်အဖြစ် ခန့်အပ်ပြီး Move Forward ပါတီ စတင် တည်ထောင်ခဲ့ပါတယ်။

အနာဂတ်ရှေ့သို့ချီပါတီ ဖျက်သိမ်းခံရအပြီး တစ်နှစ်အကြာမှာ ထောင်နဲ့ချီတဲ့လူငယ်တွေက ထိုင်းနိုင်ငံဖွဲ့စည်းပုံပြင်ဆင်ရေး၊ ရွေးကောက်ပွဲအသစ်ကျင်းပပေးရေး၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေကို နှောင့်ယှက်တားဆီးနေတာတွေ ရပ်တန့်ရေး တောင်းဆိုချက်တွေနဲ့အတူ လမ်းမပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။

အသက် ၄၂နှစ် ပီတာက Move Forwardပါတီ အပြတ်အသတ်အနိုင်ရအောင် ဦးဆောင်နိုင်ခဲ့

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, အသက် ၄၂နှစ် ပီတာက Move Forwardပါတီ အပြတ်အသတ်အနိုင်ရအောင် ဦးဆောင်နိုင်ခဲ့
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အပြောင်းအလဲလုပ်ချင်တဲ့ ဆန္ဒနဲ့ အဲဒီပြဿနာအများအပြားကို အကြောင်းပြုပြီး ၂၀၂၀ ဆန္ဒပြပွဲ မှာပါဝင်ခဲ့တဲ့ ခေါင်းဆောင်တချို့ကို အခုရွေးကောက်ပွဲမှာ သူတို့ပါတီကိုယ်စားပြု ပါဝင်ယှဥ်ပြိုင်ဖို့ ရှေ့သို့ချီက အသနားခံစာတင်ခဲ့ပါတယ်။

မစ္စတာပီတာဟာ အတိုက်အခံပါတီ ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်ဘဝမှာ စစ်တပ်ရဲ့ နိုင်ငံရေးသြဇာကို လျှော့ချပစ်ဖို့နဲ့ ဘုရင်စနစ်နဲ့ပတ်သက်တာတွေ ပြောင်းလဲပစ်ရမယ်ဆိုတဲ့ သူ့ပါတီက ကတိကဝတ်ပြုထားတဲ့အချက်တွေကို လွှတ်တော်ထဲက သူ့မိန့်ခွန်းတွေထဲမှာ ထည့်ပြောခဲ့တာကြောင့် နာမည်ကြီး ရေပန်းစားလာပြီး ထိုင်းနိုင်ငံရေးရဲ့ ထွန်းတောက်လာမယ့်ကြယ်တပွင့်လို့တောင် အခေါ်ခံခဲ့ရပါတယ်။

သူက ဖွဲ့စည်းပုံအခြေခံဥပဒေကို အသစ်ပြန်ရေးဆွဲချင်တဲ့သူဖြစ်ပြီး စစ်အစိုးရလက်အောက်မှာ “ဆယ်စုနှစ်တစ်ခု”နေခဲ့ရတဲ့ ထိုင်းနိုင်ငံကို လွတ်မြောက်အောင်လုပ်ပေးမယ်လို့ ကတိပြုထားပါတယ်။

မဲဆွယ်စည်းရုံးရေးလုပ်နေတဲ့အချိန် ဧပြီလတုန်းက Bloomberg မီဒီယာနဲ့လုပ်တဲ့ အင်တာဗျူး တခုမှာ ထိုင်းနိုင်ငံအတွက်လုပ်ပေးရမယ့် သူရဲ့ ဦးစားပေးအစီအစဥ်ထဲမှာ "နိုင်ငံရေးကနေ စစ်တပ်ကိုဖယ်ရှားရေး၊ စစ်တပ် လက်ဝါးကြီးအုပ်ချုပ်မှု လျှော့ချရေးနဲ့ ဗဟိုချုပ်ကိုင်မှုလျှော့ချရေး" တွေပါတယ်လို့ ပြောခဲ့ပါတယ်။

ထိုင်းဘုရင်စနစ်ကို အကာအကွယ်ပေးထားတဲ့ ဥပဒေတွေကိုလည်း အဆုံးသတ်ပစ်ဖို့ ရှေ့သို့ချီပါတီက ဆက်လက်ဖိအားပေး တောင်းဆိုသွားဖို့ ရှိပါတယ်။

"လွှတ်တော်ထဲမှာ ဒီကိစ္စ အတည်ဖြစ်လာအောင် ကျွန်တော်တို့ ကြိုးစားသွားမယ်။ ပြီးတော့ ဘုရင်စနစ်နဲ့ လူထုကြားက ဆက်ဆံရေး ဘယ်လိုရှေ့ဆက်ရမလဲဆိုတာ ပွင့်လင်းမြင်သာမှုရှိတဲ့ ပြည့်စုံကျယ်ပြန့်တဲ့ ဆွေးနွေးမှုတစ်ခုဖြစ်လာအောင် လွှတ်တော်ထဲမှာ ဆွေးနွေးသွားမှာပါ " လို့ မစ္စတာပီတာက ပြောပါတယ်။

မစ္စတာပီတာဟာ ထိုင်းနိုင်ငံရေးမှာ ပါဝင်ပတ်သက်ခဲ့တဲ့ ချမ်းသာတဲ့ ထိုင်းမိသားစုက မွေးဖွားလာသူတစ်ဦးပါ။ သူ့အဖေက စိုက်ပျိုးရေးဝန်ကြီးဌာနရဲ့ အကြံပေးတစ်ဦးဖြစ်ခဲ့ပြီး သူ့ ဦးလေးကတော့ ဖြုတ်ချခံခဲ့ရတဲ့ ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ရဲ့ လက်ထောက်တစ်ဦး ဖြစ်ခဲ့ပါတယ်။

နယူးဇီလန်ကို သူကျောင်းသွားတက်ခဲ့ချိန်မှာ နိုင်ငံရေးကို စပြီး စိတ်ဝင်စားခဲ့ပါတယ်။

မစ္စတာပီတာနဲ့ သူ့သမီး ပီပင်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မစ္စတာပီတာနဲ့ သူ့သမီး ပီပင်

"ကျွန်တော် နယူးဇီလန်နိုင်ငံ နေနေရခဲ့တုန်းက အဲဒီတုန်းက တီဗီလိုင်း ၃ လိုင်း ပဲကြည့်ခဲ့ရတယ်၊။ သြစတြေးလျ ဇာတ်လမ်းတွဲတွေ ကြည့်ရင်ကြည့် ဒါမှမဟုတ်ရင် လွှတ်တော်ထဲမှာ ဆွေးနွေးငြင်းခုံမှုတွေပဲ ကြည့်စရာရှိတယ်”လို့ အခုနှစ်အစောပိုင်း ဖော်ဝါရီလတုန်းက ထိုင်းယူကျုအစီအစဉ် Aim Hour ကို သူက ပြောပါတယ်။

သူက ဘန်ကောက်မြို့က သာမာဆတ် တက္ကသိုလ်ကနေ ဘဏ္ဍာရေးဆိုင်ရာဘွဲ့၊ အမေရိကန်နိုင်ငံ ဟားဗတ်တက္ကသိုလ်ကနေ လူထုမူဝါဒဆိုင်ရာ မဟာဘွဲ့နဲ့ မက်ဆာချူးဆက် နည်းပညာ အင်စတီကျု ကနေ MBA ဘွဲ့လည်း ရရှိခဲ့ပါတယ်။

သူက သူ့ကိုယ်သူ "အမေရိကန်နိုင်ငံ လူထုမူဝါဒဆိုင်ရာ ကျောင်းထွက်"လို့ ဖော်ပြလေ့ရှိပါတယ်။

သူ့အဖေပိုင်တဲ့ ဖွဲနုဆီ ကုမ္ပဏီကိုဦးဆောင်လည်ပတ်တာနဲ့ သူ့ရဲ့ စီးပွားရေးသမားဘဝကို စတင်ခဲ့ပြီး နောက်ပိုင်းမှာ အငှားကား Grab Thailand ကုမ္ပဏီရဲ့ အမှုဆောင် ဒါရိုက်တာအဖြစ်လည်း တာဝန်ယူခဲ့ ပါတယ်။

ထိုင်းရုပ်ရှင်မင်းသမီး မော်ဒယ် ချူတီမာ တင်စပါနာရတ်နဲ့ လက်ထပ်ခဲ့ပေမဲ့ ၂၀၁၉ ခုနှစ်မှာ ကွာရှင်းပြတ်စဲခဲ့ပါတယ်။ အခုအချိန်မှာ သူက ရှေ့သို့ချီပါတီ ဆန္ဒဖော်ထုတ်ပွဲတွေမှာ သူ ခေါ်လာတတ်တဲ့ အသက် ၇ နှစ် သူ့သမီးပီပင်ရဲ့ တစ်ကိုယ်တော်ဖခင်ဘဝကို ခံယူထားပါတယ်။

တနင်္ဂနွေနေ့ ရွေးကောက်ပွဲမှာ ရှေ့သိုချီပါတီ အောင်မြင်မှုရခဲ့ပေမဲ့လည်း သူ ဝန်ကြီးချုပ်ဖြစ်လာဖို့ မလွယ်သေးပါဘူး။ သူဝန်ကြီးချုပ်ဖြစ်ဖို့ အတွက် စစ်တပ်က ခန့်အပ်ထားတဲ့ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်က အဆုံးအဖြတ်မဲပေးမှုကို ခံယူရပါဦးမယ်။

အာဏာရပါတီက သူတို့ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်နိုင်တဲ့ မရေရာတဲ့ အခြေအနေတွေရှိနေတာနဲ့ပတ်သက်ပြီး တနင်္လာနေ့က သူ့ကိုမေးကြည့်တော့ "ဒီကိစ္စကို ကျွန်တော် စိတ်မပူသလို ဂရုမစိုက်ဘူးတာလည်း မဟုတ်ပါဘူး"လို့ မစ္စတာပီတာက ပြောပါတယ်။

“အများစုက သူတို့ဆန္ဒကို ဒီရွေးကောက်ပွဲမှာ ထုတ်ဖော်ထားတဲ့အတွက် ဒီရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းဖို့ တွေးနေတဲ့သူတွေ တန်ဖိုးကြီးကြီးပြန်ပေးဆပ်ရမှာပါ။ အဲ့လိုဖြစ်လာမှာကို ထိုင်းလူထုကလည်း လက်ခံကြမှာမဟုတ်ပါဘူး။”