ထိုင်း ရွေးကောက်ပွဲ - တားမရဆီးမနိုင် အမြဲနိုင်ပါတီ

ထိုင်းရွေးကောက်ပွဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ထိုင်း တနံတလျားမှာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ဖူအာထိုင်း ပါတီရဲ့ မဲဆွယ်ကားတွေက ဖွင့်နေတဲ့ စည်းရုံးရေး သီချင်းသံတွေနဲ့ ညံနေခဲ့ပါတယ်။ အဲဒီ ဖူအာထိုင်းပါတီဟာ တနင်္ဂနွေနေ့ ကျင်းပမယ့် ထိုင်း အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရဖို့ ရေပန်းစားနေတဲ့ ပါတီလည်း ဖြစ်ပါတယ်။

ဒီတကြိမ် ဖူအာထိုင်းက သောင်ပြိုကမ်းပြို နိုင်ရင် လူမှုဘဝတွေ တိုးတက်လာစေ့မယ်လို့ ကြေညာပြီး ပါတီအောင်ပွဲ ရဖို့ အတွက် မဲဆွယ်စည်းရုံးနေပါတယ်။

ဖူအာထိုင်း ပါတီက တခြားနိုင်ငံရေး ပါတီတွေထက် အများကြီး အသာရနေတာကလည်း သတိထားလောက်စရာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၇ နှစ် လုံးလုံး ပါတီရဲ့ ပုံရိပ် မှေးမှိန်သွားစေဖို့၊ သက်ဆင် ရှင်နာဝပ်ရဲ့ လွှမ်းမိုးမှုတွေကို ပျောက်ကွယ်သွားစေဖို့ ကြိုးစားခဲ့ကြတဲ့ ကြားမှာပဲ အခုလို ရေပန်းစား လူကြိုက်များနေတာ ဖြစ်ပါတယ်။

တယ်လီကွန်း လုပ်ငန်းရှင် ဘီလျံနာသူဌေး သက်ဆက်ရှင်နာဝပ်ဟာ ပြီးခဲ့တဲ့ ၁၉၉၈ က ထိုင်းရတ်ခ်ထိုင်း ပါတီနဲ့ ပထမဆုံးအကြိမ် ရွေးကောက်ပွဲမှာ အနိုင်ရပြီး ဝန်ကြီးချုပ် ဖြစ်ခဲ့ပါတယ်။

မစ္စတာ သက်ဆင်ရဲ့ အစိုးရကို ၂၀၀၆ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းခဲ့ပြီး ထိုင်းရိုတ်ခ်ထိုင်း ပါတီလည်း ဖျက်သိမ်းခံခဲ့ရပါတယ်။ သူ့ကိုလည်း တရားစွဲခဲ့တဲ့ အတွက် ပြည်ပမှာ တိမ်းရှောင်နေခဲ့ရပါတယ်။

သူ့ မိသားစုကတော့ ဒီစွဲချက်တွေဟာ နိုင်ငံရေး လှုံ့ဆော်မှုနဲ့ စွဲထားတာတွေ ဖြစ်တယ်လို့ ပြောကြပါတယ်။ ထိုင်းရိုတ်ခ်ထိုင်း ကို ဆက်ခံတဲ့ ပါတီကိုလည်း၂၀၀၈ မှာ တရားရုံးက ထပ်ပြီး ဖျက်သိမ်းခဲ့သလို အဲဒီနှစ်မှာပဲ သူတို့ ပါတီက ဝန်ကြီးချုပ် ၂ ဦးကိုလည်း သတ်မှတ်စည်းကမ်းနဲ့ မပြည့်မီဘူးဆို ပိတ်ပင်ထုတ်ပယ်ခဲ့ပါတယ်။

၂၀၁၁ မှာ ကျင်းပတဲ့ ရွေးကောက်ပွဲ မှာတော့ မစ္စတာ သက်ဆင်ရဲ့ နှမ ဖြစ်သူ ယင်လတ် ရှင်နာဝပ် က သောင်ပြိုကမ်းပြို နိုင်ခဲ့ပြန်ပါတယ်။ သူ့ကိုလည်း တရားရုံးကနေပဲ စည်းကမ်းနဲ့ မညီဘူးဆို ပယ်ထုတ်ခဲ့သလို သူ့အစိုးရဟာလည်း ဒုတိယအကြိမ် အာဏာသိမ်းခံခဲ့ရပြန်ပါတယ်။ ယင်လတ်ဟာလည်း အစ်ကိုအတိုင်းပဲ ပြည်ပမှာ တိမ်းရှောင်နေရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ဖူအာထိုင်း ပါတီက တခြားပါတီတွေထက် ပိုပြီး အမတ်နေရာတွေ အများကြီး အသာရပြီး နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အစိုးရဖွဲ့ခွင့်တော့ မရခဲ့ဘဲ တားဆီးခံခဲ့ရပြန်ပါတယ်။

Election posters in Bangkok - the vote presents Thailand with a big choice about its future
ဓာတ်ပုံ ပုံစာ, ဘန်ကောက်မြို့ထဲမှာ တွေ့ရတဲ့ ရွေးကောက်ပွဲ မဲဆွယ်စာတမ်း ကြော်ငြာများ

အခုတကြိမ်မှာလည်း ရွေးကောက်ပွဲ အကြိုစစ်တမ်းတွေအရ ဖူအာထိုင်းပဲ အောင်ပွဲထပ်ရမယ့် သဘောမြင်နေရပါတယ်။ ရှင်နာဝပ် မိသားစုက ဒီတကြိမ်မှာ သက်ဆင်ရဲ့ အငယ်ဆုံးသမီး ဖြစ်တဲ့ ပယ်ထုံထန်း ကို ခေါင်းဆောင်တင်ပြီး ပွဲထွက်လာပါတယ်။ ကိုယ်ဝန်ရင့်မာကြီးနဲ့ ဖြစ်နေပေမဲ့ ပေတုံတန်းဟာ ပါတီကို ဦးဆောင် မဲဆွယ်စည်းရုံးနိုင်ခဲ့တာကြောင့် သူ့အပေါ် လေးစားမှုတွေနဲ့ စာနာမှုတွေကိုပါ ရလာခဲ့ပါတယ်။

ဖူအာထိုင်းက ဒီတကြိမ်မှာလည်း ထိမိတဲ့ မက်လုံးတွေ အမျိုးမျိုးကို ပေးပြီး မဲဆွယ်စည်းရုံးနေခဲ့ပါတယ်။ အနိမ့်ဆုံး လုပ်ခလစာကို သိသိသာသာ တိုးပေးမယ့် အစီအစဉ်တွေ အပြင် အရွယ်ရောက်ပြီး သူတိုင်းကိုလည်း ဒေသတွင်းမှာ သုံးစွဲဖို့အတွက် ဒစ်ဂျစ်တယ် ငွေ ဘတ် ၁၀၀၀၀ ပေးမယ် ဆိုတဲ့ ကတိပါ ပေးထားပါတယ်။

ပယ်ထုံထန်းက ဘီဘီစီနဲ့ တွေ့ဆုံခဲ့ရာမှာ ထိုင်းပြည်သူတွေက ၈ နှစ်လောက် ကြာပြီးနောက်မှာ တိုင်းပြည်အတွက် အာဏာသိမ်းတာထက် ပိုကောင်းတဲ့ နိုင်ငံရေးနည်းနဲ့ အဖြေရှာတာကိုပဲ လိုချင်ကြတယ်၊ သူတို့ ဘဝတွေ ပိုတိုးတက်စေမယ့် မူဝါဒမျိုးတွေကိုသာ လိုချင်ကြတယ်လို့ ဆိုပါတယ်။

Paetongtarn Shinawatra says the country is about more than coups
ဓာတ်ပုံ ပုံစာ, ပယ်ထုံထန်း ရှင်နာဝပ်က သူတို့ နိုင်ငံဟာ အာဏာသိမ်းဖို့လောက်ပဲ မဟုတ်ပါဘူးလို့ ဆို
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ထိုင်းပြည်သူလူထုအတွက် မူဝါဒပိုင်းမှာရော၊ နိုင်ငံရေး သြဇာပိုင်းမှာရော နောက်ပြီး လူထုနဲ့ တိုက်ရိုက် ထိတွေ့ ဆက်ဆံမှုမှာရော ဖူအာထိုင်းကို ဘယ်နိုင်ငံရေး ပါတီကမှ မယှဉ်နိုင်ကြတာဟာ နှစ်ပေါင်း တော်တော် ကြာနေပါပြီလို့ ပါတီတွေရဲ့ ဆွဲဆောင်နိုင်မှုနဲ့ ပတ်သက်လို့ လေ့လာနေတဲ့ ချူလာလောင်ကွန် တက္ကသိုလ်က နိုင်ငံရေး သိပ္ပံ ပညာရှင် ဆရီပန် ငေါက်ဆွန် ဆဝါဒီက ပြောပါတယ်။

ဒါကလည်း ပြီးခဲ့တဲ့ အာဏာသိမ်းမှု နောက်ပိုင်းမှာ စစ်တပ်က ကြောထောက်နောက်ခံ ပေးထားတဲ့ အစိုးရ ၂ ခု တက်ခဲ့တယ်၊ အဲဒီ အစိုးရတွေဟာ စီးပွားရေးပိုင်းမှာရော ကိုဗစ်ကပ်ရောဂါနဲ့ ပတ်သက်လို့ ကိုင်တွယ်ရာမှာရော တော်တော်ကို ဆိုးဆိုးရွားရွား ဖြစ်ခဲ့တော့ အဓိက အတိုက်အခံ ဖူအာထိုင်း ပါတီရဲ့ လူကြိုက်များမှုက ဆက်ပြီး အားကောင်းနေတာပေါ့လို့ သူက ဆိုပါတယ်။

မစ္စ ဆရီပန်က ထိုင်းနိုင်ငံရေး လောကမှာ အောင်မြင်မှု ရဖို့ လိုအပ်တဲ့ အချက် ၃ ချက်ကိုလည်း ပြောပြပါတယ်။ Three Ps လို့ ခေါ်တဲ့ မူဝါဒ၊ ပင်ကိုယ်အရည်အသွေးနဲ့ ထောက်ခံအားပေးမှု၊ နောက် နိုင်ငံရေး စံတန်ဖိုးတွေ ဖြစ်ပါတယ်။

ဖူအာထိုင်းပါတီဟာ အမြဲတမ်း အင်အားကောင်းတဲ့ ပါတီကြီးတခု ဖြစ်ပါတယ်။ ထိုင်းရိုတ်ခ်ထိုင်း ပါတီက ၂၀၀၁ ရွေးကောက်ပွဲမှာ ခေတ်ပေါ် ရွေးကောက်ပွဲ ကြေညာစာတမ်းတွေနဲ့ မဲဆွယ်စည်းရုံးပြီး အောင်ပွဲခံကာ လမ်းပြခဲ့ပါတယ်။

အများပြည်သူအတွက် ကျန်းမာရေး စောင့်ရှောက်မှု၊ ကျေးလက်နေ လူထုနဲ့ ဝင်ငွေနည်း လူတန်းစားအလွှာတွေအတွက် အသေးစား ငွေချေးစီမံကိန်းတွေလို မူဝါဒတွေနဲ့ စည်းရုံးခဲ့ပါတယ်။ ဒါကြောင့်လည်း ရှင်နာဝပ် မိသားစုဟာ ထိုင်းရဲ့ မဲဆန္ဒရှင် အများဆုံး ရှိတဲ့ နေရာတွေမှာ ကျော်လို့ မရနိုင်လောက်အောင် နိုင်ငံရေးသြဇာ ကြီးလာခဲ့ပါတယ်။

ဒုတိယအနေနဲ့ ဖူအာထိုင်းက ဒေသအလိုက် လူကြိုက်များမှုကို ထိန်းထားပြီး မဲရအောင် ယူနိုင်တဲ့ လွှမ်းမိုးမှုအားကောင်းတဲ့ နိုင်ငံရေး သြဇာကြီးသူတွေကို စည်းရုံးထားနိုင်တာ ဖြစ်ပါတယ်။ တဖက်မှာတော့ နောက်ဆုံး အာဏာသိမ်းခေါင်းဆောင် ပရာယွတ် ချန် အိုချာနဲ့ သူ့ မဟာမိတ်တွေ ထောင်ထားတဲ့ ရှေးရိုးစွဲ ပါတီသစ် ၂ ခု အပေါ်မှာ ဒေသခံတွေရဲ့ ထောက်ခံမှု သိပ်ပြီး မရှိတာကို တွေ့ရပါတယ်။

တတိယအနေနဲ့ ဖူအာထိုင်းက သူတို့ပါတီဟာ အခြေခံ လူတန်းစားကို စောင့်ရှောက်မယ့်၊ ဒီမိုကရေစီရေးကို ရှေ့တန်းတင်မယ့် ပါတီ၊ ပြည်သူလူထုရဲ့ ရွေးကောက်ခံပြီးမှ အစိုးရတက်လုပ်မယ့် ပါတီအဖြစ် ပုံဖော်ထားပါတယ်။ ဒါကလည်း ဒီနေ့ခေတ် အတွက် အဓိက မဲဆွယ်တဲ့ အချက်တခု ဖြစ်ပါတယ်။ ဆိုလိုချင်တာက စစ်တပ်နောက်မှာ ရှိနေတဲ့ ရှေးရိုးစွဲ အုပ်ချုပ်မှုကို အဆုံးသတ်ချင်ရင် သူတို့ကို ရွေးချယ်ပါ ဆိုတာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီတကြိမ်မှာ နိုင်ငံရေး စံနှုန်းတွေမှာ သူတို့ကိုပါ ကျော်တက်သွားတဲ့ ပါတီတခုလည်း ရှိနေပြန်ပါတယ်။ ပိုပြီး အခြေခံကျကျ ပြောင်းလဲချင်တဲ့၊ ငယ်ရွယ်နုပျိုတဲ့ Move Forward ပါတီ ဖြစ်ပါတယ်။ အဲဒီ ပါတီက ထိုင်းရဲ့ အာဏာတည်ဆောက်ပုံ ကဏ္ဍမှာ ပိုပြီး အခြေခံကျတဲ့ အပြောင်းအလဲတွေ လုပ်ဖို့ ရည်မှန်းထားတဲ့ ပါတီ ဖြစ်ပါတယ်။

သူတို့က စစ်တပ်က နိုင်ငံရေးမှာ ဝင်ပြီး ခြေရှုပ်နေတာတွေကို တားမြစ်ဖို့၊ ကာကွယ်ရေး အသုံးစရိတ်ကို ကန့်သတ်ဖို့နဲ့ စစ်မှုမထမ်း မနေရ ဥပဒေနဲ့ ဆင့်ခေါ် စစ်မှုထမ်းခိုင်းတာမျိုးတွေကို အဆုံးသတ်ဖို့ အပြင် ထိုင်းထီးနန်းကိုပါ ပိုပြီး တာဝန်ခံမှု ရှိဖို့ လုပ်သွားမှာ ဖြစ်ပါတယ်။ ပြီးတော့ စစ်တပ်နဲ့ အဆင်ပြေတဲ့ ပါတီတွေနဲ့ ဘယ်တော့မှ နိုင်ငံရေး ညွန့်ပေါင်းဖွဲ့မှာ မဟုတ်ဘူးလို့လည်း ပြောထားပါတယ်။ အဲဒါကြောင့် ဒီကိစ္စနဲ့ ပတ်သက်ရင် ရှောင်နေတဲ့ ဖူအာထိုင်း ကိုလည်း မီးမောင်းထိုးပြသလိုလည်း ဖြစ်နေပါတယ်။

ဒီလို Move Forward ပါတီကို ပိုမို လူကြိုက်များလာနေကြောင့် ဖူအာထိုင်းရမယ့် မဲတွေတောင် ပါသွားနိုင်တယ်လို့ လေ့လာသူတချို့က ယူဆကြပါတယ်။ ဒါပေမဲ့ Move Forward ပါတီကို ထောက်ခံသူတွေက တနေရာတည်းမှာ စုပြုံနေတာမျိုး မဟုတ်ဘဲ တနိုင်ငံလုံးမှာ ပျံ့နှံ့နေတာ ဖြစ်ပါတယ်။ ထိုင်းမှာ ၈၀ ရာခိုင်နှုန်းက လိုအပ်တဲ့ မဲအရေအတွက်ကို အရင်ဆုံး ရတဲ့သူ အနိုင်ဖြစ်တာကြောင့် ဒီလိုပျံ့နေတာက အကျိုးထက် အပြစ်ဖြစ်စေနိုင်ပါတယ်။

တဖက်မှာလည်း ဖူအာထိုင်းရဲ့ မူဝါဒပိုင်း အသာရနေမှု ကျဆင်းလာနေ တာကိုတွေ့ရပါတယ်။ ထိုင်းမှာ နိုင်ငံရေးပါတီတိုင်းလိုလိုက လူထုက ကြိုက်မယ့် ဘဏ္ဍာရေး မက်လုံးတွေနဲ့ ဆွဲဆောင်နေကြတာ ဖြစ်ပါတယ်။ ဒါက အရင် ရွေးကောက်ပွဲတွေမှာ အောင်ပွဲရခဲ့တဲ့ ဖူအာထိုင်းရဲ့ လူကြိုက်များတဲ့ မက်လုံးတွေကို ချေဖျက်သလို ဖြစ်လာစေပါတယ်။

အထူးသဖြင့် မျိုးဆက်သစ် လူငယ်တွေ အကြားမှာ အရင် သက်ဆင်လက်ထက်က လုပ်ခဲ့တဲ့ မူဝါဒရေးရာ ဖော်ဆောင်မှုတွေကို သိပ်သဘောမတွေ့ကြတာ တွေ့ရတယ်လို့ ချူလာလောင်ကွန် တက္ကသိုလ်က ဆရီပန်က ပြောပါတယ်။ နောက် အခု ရွေးကောက်ပွဲမှာ ပထမဆုံးအကြိမ် မဲပေးကြမယ့် မဲဆန္ဒရှင်သစ် ၄ သန်း ရှိနေတာကိုလည်း မေ့ထားလို့ မရဘူး၊ ဖူအာထိုင်းရဲ့ စစ်တပ်ကို ဆန့်ကျင်တဲ့ ပါတီဆိုတဲ့ ပုံရိပ်အတွက် Move Forward ကလည်း အပြိုင်အဆိုင် ဖြစ်လာနေပြီလို့ ဆိုပါတယ်။

Paetongtarn had a baby on 1 May - and was back campaigning within days

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မေလ ၁ ရက်နေ့က ရင်သွေးလေးကို မွေးဖွားပြီး ရက်ပိုင်းအတွင်းမှာပဲ ပယ်ထုံထန်း မဲဆွယ်မှုတွေ ပြန်လည်စတင်

ဒီလို ဆိုပေမယ့် ဒီတကြိမ်လည်း ဖူအာထိုင်းက မဲအပြတ်အသတ်နဲ့ နိုင်လိမ့်ဦးမယ်၊ သူတို့မှာ ဒုတိယ P လို့ ဆိုရမယ့် ထောက်ခံအားပေးမှုက နိုင်ငံရဲ့ မြောက်ပိုင်းနဲ့ အရှေ့မြောက် ပိုင်း ဒေသတွေမှာ အားကောင်းဆဲဖြစ်တယ်၊ Move Forward ကတော့ ပါတီသစ်ဖြစ်တာကြောင့် ဒီလို ထောက်ခံမှု ရနိုင်မယ့် ကွန်ရက်မျိုးကို မတည်ဆောက်နိုင်သေးဘူးလို့ ပြောပါတယ်။

တကယ်လို့သာ စစ်တမ်းတွေရဲ့ ခန့်မှန်းမှုတွေ အတိုင်း ဖြစ်လာမယ် ဆိုရင်၊ ဖူအာထိုင်းရော Move Forward ပါ ဒီ ရွေးကောက်ပွဲမှာ အောက်လွှတ်တော်က အမတ် နေရာ ၅၀၀ ရဲ့ အများစုကို ရယူနိုင်ခဲ့ကြမယ် ဆိုရင် နောက်ထပ် မေးစရာ ဖြစ်လာတာက သူတို့ အစိုးရဖွဲ့ခွင့် ရမလား ဆိုတာ ဖြစ်ပါတယ်။

ထိုင်းစစ်တပ်က ရေးခဲ့တဲ့ ဖွဲ့စည်းပုံအရ အထက်လွှတ်တော်မှာ အမတ် ၂၅၀ ကို ပြီးခဲ့တဲ့ ၂၀၁၄ က ထိုင်းမှာ အာဏာသိမ်းခဲ့တဲ့ စစ်တပ်နောက်ခံ အစိုးရက ခန့်အပ်တာ ဖြစ်ပါတယ်။ အဲဒီ အမတ်တွေက နောက် ဝန်ကြီးချုပ် ဘယ်သူဖြစ်သင့်သလဲ ဆိုတာကိုပါဝင် မဲခွဲ ဆုံးဖြတ်နိုင်ပါတယ်။ နောက်ပြီး ဒီ ပြုပြင်ပြောင်းလဲရေး လုပ်ချင်တဲ့ ပါတီ ၁ ပါတီ သို့မဟုတ် ၂ ပါတီ စလုံးကို လည်း ရုံးတင်ပြီး ဖျက်သိမ်းတာမျိုး လုပ်ချင် လုပ်လာနိုင်ပါတယ်။

ဆိုတော့ ထိုင်းဟာ အနာဂတ်ကို ဘယ်လမ်းက သွားချင်သလဲ ဆိုတာ ရွေးရမှာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ ရလဒ် ဆိုတာက အုပ်ချုပ်မယ့် အစိုးရသစ် ရွေးတာထက်၊ မျက်ကွယ်ပြုထားချင်လည်း ရတဲ့ အာဏာရှင်ဆန်တဲ့ အုပ်ချုပ်ရေးစနစ်အောက်မှာပဲ ဆက်နေမလား ဆိုတာနဲ့ အာဏာတွေ သိမ်း၊ ပါတီတွေ ဖျက်၊ လမ်းပေါ်က ဆန္ဒပြပွဲတွေကို အကြမ်းနည်းနဲ့ ဖြေရှင်းတာတွေပဲ လုပ်နေတဲ့ ဆယ်စုနှစ် ၂ ခု စာ နိုင်ငံရေး သံသရာကနေ ရုန်းထွက်ကြမလား ဆိုတာကို ရွေးချယ်ကြရတော့မှာ ဖြစ်ပါတယ်။