ထိုင်းရွေးကောက်ပွဲ - ထိုင်းနိုင်ငံရေးကို ကိုင်လှုပ်နေကြတဲ့ လူငယ်တွေ

ဂျွန်နသန်ဟက်ဒ်၊ ဘီဘီစီ အရှေ့တောင်အာရှသတင်းထောက်
ဘန်ကောက်မြို့အပြင်ဘက် ဆင်ခြေဖုံးခရိုင်မှာရှိတဲ့ အိမ်ဆိုင်ခန်းလေး တစ်ခုမှာ မဲဆွယ်စည်း ရုံးရေးအတွက် အသုံးပြုမယ့် လက်ကမ်းစာစောင်တွေကို စေတနာ့ဝန်ထမ်း လူငယ်တွေက ထုပ်ပိုးပြင်ဆင်နေကြပါတယ်။
စျေးနှုန်းသက်သက်သာသာနဲ့ ငှားထားတဲ့အဲ့ဒီအခန်းလေးက ဘန်ကောက်မြို့ ဘန်ဘွင်ခရိုင် နယ်မြေထဲမှာရှိပြီး ဒီလထဲမှာကျင်းပမယ့် ထိုင်းနိုင်ငံ အထွေထွေရွေးကောက်ပွဲကို ဝင်ရောက် ယှဥ်ပြိုင်မယ့် Move Forward (ရှေ့သို့ချီ) ပါတီရဲ့ ရုံးခန်း တစ်ခုဖြစ်ပါတယ်။
အဲ့ဒီအခန်းထဲက လူငယ်အုပ်စုထဲမှာ ‘အိုက်စ်’ လို့ ခေါ်တဲ့ ရှေ့သို့ချီပါတီ လွှတ်တော်ကိုယ်စားလှယ် လောင်း အသက်၂၈နှစ် ရက်ချာနော့ ဆရီနော့ လည်း ပါဝင်ပါတယ်။
အိုက်စ်နဲ့ သူ့အဖွဲ့ဟာ စျေးသက်သက်သာသာနဲ့ ဝယ်ထားတဲ့ စက်ဘီးတွေကိုစီး၊ ပူပြင်းတဲ့ ရာသီဥတုကို အန်တုကာ ဘန်ဘွန် ခရိုင်ထဲက လမ်းကြိုလမ်းကြားတွေထဲအထိ မဲဆွယ်စည်းရုံးမှုတွေ လုပ်နေကြတာ ရက်သတ္တပတ်များစွာ ရှိနေပါပြီ။
ဆယ်စုနှစ် ၂ ခုတာ ဒီမိုကရေစီ ကတိကဝတ်တွေ ပျက်ကွက်ခဲ့တဲ့၊ အာဏာသိမ်းမှုစက်ဝန်းထဲမှာ တဝဲလည်လည်ဖြစ်နေတဲ့၊ လမ်းပေါ်ထွက် ဆန္ဒပြပွဲမှုတွေဆက်တိုက်ရှိနေတဲ့ ထိုင်းနိုင်ငံ နိုင်ငံရေးအ ကျပ်အတည်းကို ကျော်ဖြတ်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ ရွေးကောက်ပွဲဝင်မယ့် ရှေ့သို့ချီပါတီရဲ့ စံပြကိုယ် စားလှယ်လောင်းတွေထဲမှာ အိုက်စ်လည်း တစ်ယောက် အပါအဝင်ပါ။
Move Forward လို့အမည်ပေးထားတဲ့ ရှေ့သို့ချီပါတီဟာ လွန်ခဲ့တဲ့ငါးနှစ်က ထိုင်းနိုင်ငံရေး ဇာတ်ခုံကနေ ဖယ်ရှားခံခဲ့ရတဲ့ Future Forward အနာဂတ်လှမ်းချီ ပါတီကနေ ဆင်းသက်လာတာဖြစ်ပါတယ်။
၂၀၁၄ ခုနှစ် အာဏာသိမ်းမှုကနေ ရွေးကောက်ခံအစိုးရဖြုတ်ချခံရပြီးနောက် ပထမဆုံးကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ Future Forward ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
Future Forward ပါတီရဲ့ ရွေးကောက်ပွဲ ကတိကဝတ်တွေထဲမှာ ထိုင်းနိုင်ငံ နိုင်ငံရေးအဆောက်အအုံတွေကို ပြောင်းလဲပစ်ဖို့ အချက်တွေပါဝင်ပါတယ်။ အဲဒီထဲမှာ ထိုင်း လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ လုပ်ပိုင်ခွင့် အာဏာကို ကန့်သတ်ဖို့ အပြင် ပေါ်ပေါ်တင်တင်မဟုတ်ပေမဲ့ ဘုရင်စနစ် အပြောင်းအလဲ လုပ်ဖို့ အကြံပြုတွေထိ ပါဝင်ပါတယ်။
“သူတို့ရဲ့ နိုင်ငံရေးရည်မှန်းချက်လုပ်ငန်းစဥ်က အခြေခံအားဖြင့် အာဏာချုပ်ကိုင်ထားတဲ့ လူတွေလက်ထဲကနေ ထိုင်းနိုင်ငံရဲ့ အနာဂတ်ကို ပြန်ယူဖို့ပါ”လို့ ချူလာလောင်ကွန် တက္ကသိုလ် လုံခြုံရေးနဲ့ နိုင်ငံတကာလေ့လာရေး အင်စတီကျုက ထီတီနန် ပွန်စူဒီရက်က ပြောပါတယ်။
“ဒီရာစုထဲမှာ ထိုင်းနိုင်ငံက လူငယ်တွေဟာ အဆုံးမရှိတဲ့ အာဏာသိမ်းမှု စက်ဝန်းတစ်ခုထဲမှာ နေထိုင်နေရပြီး၊ အာဏာသိမ်းမှု နှစ်ကြိမ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် နှစ်ခုအပြင် တရားစီရင်ရေး ပြိုကွဲမှုတွေ ဆက်တိုက် ဖြစ်နေတာတွေ ကြုံနေရပါတယ်။ အဲ့ဒီအခြေအနေကြီးကို လူငယ်တွေက စိတ်ပျက်ငြီးငွေ့လာကြပြီး အဲ့ဒါကိုပြောင်းလဲပစ်ဖို့ ရည်ရွယ်ချက်နဲ့ Future Forward ပါတီက ရပ်တည်ခဲ့တာပါ။”
ပြီးတော့ သူတို့ပါတီက ၂၀၁၉ ရွေးကောက်ပွဲမှာ တတိယမြောက် အမတ်နေရာ အများဆုံး အနိုင်ရခဲ့တာကြောင့် ရှေးရိုးစွဲဝါဒီတွေကိုပါ အံ့အားသင့်စေခဲ့ပါတယ်။
သူတို့ပါတီဟာ ထိုင်းနိုင်ငံ တော်ဝင်ဝါဒီတွေရဲ့ ကွန်ရက်ထဲက စစ်ဘက်အရာရှိတွေ၊ အကြီးတန်း ဗျူရိုကရက်တွေနဲ့ တရားသူကြီးတွေရဲ့ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ခဲ့ရပြီး အနာဂတ်လှမ်းချီ ပါ တီဆက်တည်ရှိခွင့်ကို ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ဖျက်သိမ်းခဲ့သလို ပါတီခေါင်းဆောင်တွေလည်း နိုင်ငံရေးထဲဝင်မပါဖို့ တားမြစ်ခံခဲ့ရပါတယ်။
အဲဒီအခြေအနေတွေကြောင့် သူတို့ပါတီရဲ့ လွှတ်တော်အမတ် သုံးပုံတစ်ပုံခန့် နေရာပျောက်ခဲ့ရပြီး သူတို့ပါတီမူကို ဆက်ခံတဲ့ ရှေ့သို့ချီပါတီဟာလည်း လွှတ်တော်ထဲမှာ အထီးကျန် အတိုက်အခံပါတီတစ်ခု ဖြစ်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
လတ်တလော ရက်သတ္တပတ်တွေအတွင်း ထုတ်ပြန်ခဲ့တဲ့ သဘောထားစစ်တမ်းတွေအရ ရှေ့သို့ချီ ပါတီကို လူကြိုက်များလာတဲ့အတွက် ပြိုင်ဘက်ပါတီတွေကို စိုးရိမ်မှု ဖြစ်လာစေခဲ့ပါတယ်။
စစ်တမ်းအများစုကလည်း တီဗီမှာလူကြိုက်များပြီး စကားပြောကောင်းတဲ့ ပါတီခေါင်းဆောင် ပီတာ လင်ဂျာရိုအန်ရတ်ကို ဝန်ကြီးချုပ်လောင်းအဖြစ် ထောက်ခံဖော်ပြကြပါတယ်။
အဲ့ဒီရေပန်းစားမှုကနေ အိုက်စ်နဲ့ စေတနာ့ဝန်ထမ်းစက်ဘီးစီးအဖွဲ့အတွက် ဘန်ဘွင်နယ်မြေထဲမှာ လူကြိုက်များရေပမ်းစားလာတဲ့ အခြေအနေကောင်းတွေ ဖြစ်လာစေပြီး အရင်ကတော့ အဲ့ဒီနေရာမှာ ပြိုင်ဘက်ပါတီက နာမည်ကြီးမိသားစု က ကြီးစိုးခဲ့တာပါ။
လူတွေကလည်း ဒီလူငယ်တွေရဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုမှာ ပေးထားတဲ့ ကတိကဝတ်တွေကို အမှန်တကယ် စိတ်ဝင်စားလာကြပါတယ်။ ဒါ့အပြင် အသက်ကြီးတဲ့သူတွေကတောင် ထိုင်းနိုင်ငံမှာ ကြီးမားတဲ့ အပြောင်းအလဲတွေ လုပ်ဖို့ လိုအပ်နေပြီလို့ ပြောနေကြပါပြီ။
အိုက်စ် ကိုယ်တိုင်ကလည်း နိုင်ငံရေးအခင်းအကျင်းအပြောင်းအလဲမှာ စံနမှုနာအဖြစ် ခံယူရပ်တည်ပါတယ်။ အရင်ကတော့ စစ်အာဏာသိမ်းမှုကို သူကိုယ်တိုင် အားပေး ထောက်ခံခဲ့ပြီး အခုထိ ၀န်ကြီးချုပ်ဖြစ်နေဆဲ ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာကို လေးစားအားကျခဲ့ဖူးပါတယ်။
“လူသန်း ၇၀ ကို ဆန့်ကျင်ပြီး ရာဇ၀တ်မှုမြောက်တဲ့ အာဏာသိမ်းမှုကို အားပေးထောက်ခံတဲ့ လှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့အတွက် ကျွန်မဟာ အပြစ်ရှိတယ်လို့ ခံစားမိတယ်။ အဲ့ဒါကြောင့် ဒီပါတီမှာ ဝင်ပါဖြစ်ခဲ့တာပါ”လို့ သူက ပြောပြီး “ အာဏာသိမ်းတာက တိုင်းပြည်အတွက် အဖြေမှန်လို့ အရင်ကတွေးခဲ့မိတယ်။ ဒါပေမဲ့ နောက်ပိုင်း ကိုယ့်ကိုယ်ကိုယ် ပြန်မေးခွန်းထုတ်မိတယ်။ ဆိုးရွားတဲ့ အာဏာသိမ်းမှုကို ဘာလို့ ထောက်ခံရမှာလဲလို့ စဥ်းစားမိပြီးနောက် အမြင်မှန်ရလာခဲ့တယ်။ အဲ့ဒါကနေ တာစဝန် တစ်ယောက်ဖြစ်လာခဲ့တယ် ” လို့ သူက ဆိုပါတယ်။
"Taa Sawang" တာစဝန် ဆိုတဲ့ ထိုင်းစကားက ‘တောက်ပတဲ့ မျက်လုံး"လို့ အဓိပ္ပာယ်ရပါတယ်။ အဲ့ဒီစကားလုံးကို ထိုင်းလူငယ်အများစု လတ်တလော အသုံးပြုနေကြပြီး အရင်က မထိမတို့ဝံ့တဲ့အရာတွေအကြောင်း၊ အထူးသဖြင့် ဘုရင်စနစ်အကြောင်းကို လက်ခံသဘောပေါက် ဉာဏ်အလင်း ပွင့်လာတာကို ဖော်ညွှန်းတာဖြစ်ပါတယ်။
အဲ့ဒီစကားလုံးက ၂၀၂၀ခုနှစ် Future Forward ပါတီဖျက်သိမ်းခံရပြီးနောက်ပိုင်း အပြောင်းအလဲကို ငတ်မွတ်နေတဲ့ လူငယ်မဲဆန္ဒရှင် သန်းပေါင်းများစွာ ဆန္ဒပြမှုလှုပ်ရှားမှုကထွက်လာတဲ့ လက်စွဲစကားလုံးတစ်ခု ဖြစ်လာခဲ့ပါတယ်။
ဘုရင်စနစ်ရဲ့ အာဏာနဲ့ ဘဏ္ဍာငွေသုံးစွဲမှုတွေ တာဝန်ခံဖို့ ပထမဆုံးအကြိမ် တောင်းဆိုခဲ့တဲ့ အဲ့ဒီဆန္ဒပြလှုပ်ရှားမှုတွေဟာလည်း နောက်ပိုင်းမှာ တဖြည်းဖြည်း ဖြိုခွဲခံခဲ့ရပါတယ်။
အဲ့ဒီကနေ သုံးနှစ်ကြာတဲ့အချိန်မှာ Move Forward ရှေ့သို့ချီပါတီက ထိုင်းဘုရင်စနစ် အပြောင်း အလဲလုပ်ဖို့ ထောက်ခံအားပေးတဲ့ လှုပ်ရှားမှုတွေလုပ်လာတာနဲ့ပတ်သက်ပြီး လူတွေက သိပ်အံ့အား မသင့်ကြတော့ပါဘူး။ အပြောင်းအလဲတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဖို့ ဦးတည်တဲ့ ရှေ့သို့ချီပါတီရဲ့ အစီအစဥ်တွေကိုလည်း ထိုင်းလူမျိုးအများစုက ထောက်ခံချင်နေကြပုံရပါတယ်။
ကိတ်လို့ ခေါ်ကြတဲ့ ချွန်တီချာ ဂျန်ဂရူးကတော့ ထိုင်းအစိုးရကို ဆန့်ကျင်တဲ့ အတိုက်အခံ လမ်းကြောင်းက လာတဲ့သူတစ်ယောက်ပါ။ တာစဝန် လှုပ်ရှားမှု အစောပိုင်း ကတည်းက ပါဝင်ခဲ့သလို အဲ့ဒီတုန်းက သူဟာ ကျောင်းသားဘဝပဲ ရှိပါသေးတယ်။
အိုက်စ်တို့က အာဏာသိမ်းမှုကို ထောက်ခံနေချိန်မှာ သူက အဖမ်းခံရမှာကို မမှုဘဲ ၂၀၁၄ ခုနှစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြပွဲတွေမှာ သူပါဝင်ခဲ့ပါတယ်။ ၂၀၂၀ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ဘုရင် စနစ် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာလည်း သူပါဝင်ခဲ့ပါတယ်။
ဒါပေမယ့် အခုတော့ သူ့ရဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူဘဝကို စွန့်လွှတ်ပြီး လွှတ်တော် အမတ်လောင်းအဖြစ် Move Forward ရှေ့သို့ ချီပါတီကိုယ်စားပြု ဝင်ရောက်ယှဥ်ပြိုင်မှာပါ။
“ကျွန်မတို့ လိုချင်တဲ့ အပြောင်းအလဲတွေရဖို့ လွှတ်တော်ထဲမှာရော လမ်းမတွေပေါ်မှာပါ လုပ်ဆောင်သွားရမယ်လို့ ယုံကြည်ထားပါတယ်”လို့ သူက ပြောပါတယ်။
လာမယ့်ရွေးကောက်ပွဲမှာ သူဝင်ပြိုင်ဖို့ ရွေးချယ်ထားတဲ့နေရာက ဘန်ကောက်မြို့အပြင်ဘက် ပသွန်ဌာနီ မဲဆန္ဒနယ်ဖြစ်ပါတယ်။
“ကျွန်မကို ရာဇ၀တ်မှု ၂၈ မှုနဲ့ စွဲချက်တင်ထားတယ်။ အဲ့ဒီထဲက အမှုနှစ်မှုက ဘုရင်စနစ်အကြည်ညိုပျက်စေမှုဥပဒေအရ ထောင်ဒဏ် ၁၅ နှစ်စီ ချမှတ်ခံရနိုင်တဲ့ အမှုတွေပါ ။ ဒါပေမယ့် အဲဒီလိုအခြေအနေတွေကြားမှာပဲ တိုင်းပြည်အတွက်လိုအပ်လာရင် ပြောရဲတဲ့ သတ္တိတွေ ကျွန်မမှာ ရှိတယ်ဆိုတာ မြင်ကြပါလိမ့်မယ်။”
အသက်ကြီးတဲ့ မဲဆန္ဒရှင်တွေကတောင် ငယ်ရွယ်သူတို့ရဲ့ ရိုးသားမှုကို သဘောကျနေကြပုံ ရပါတယ်။ သူ့မဲဆန္ဒနယ်ထဲက လူတိုင်းနီးပါးကလည်း အပြောင်းအလဲကို ကိုယ်စားပြုပြီး ကတိကဝတ်တွေကို လေးစားမယ်ဆိုတဲ့အချက်ကြောင့် Move Forward ရှေ့သို့ချီပါတီကို သဘောကျတယ်လို့ ပြောနေကြပါတယ်။

Move Forward ရှေ့သို့ချီပါတီရဲ့ တက်ကြွလှုပ်ရှားမှုတွေရှိပေမဲ့ အစိုးရဖွဲ့နိုင်လောက်တဲ့ အမတ်နေရာအများစု အနိုင်ရနိုင်တယ်လို့ လက်ခံယုံကြည်ထားတဲ့သူကတော့ နည်းနည်းပဲရှိပါတယ်။
ပြန်လည်ပြင်ဆင်ထားတဲ့ ရွေးကောက်ပွဲစနစ်ကလည်း အရင်ခေတ်တုန်းကလောက် သူတို့ကို မျက်နှာသာမပေးပါဘူး။ ထိုင်းနိုင်ငံဟာ သက်ကြီးရွယ်အိုအများစုရှိတဲ့ လူ့အဖွဲ့အစည်း တစ်ခုဖြစ် တာကြောင့် ရှေ့သို့ချီပါတီကိုထောက်ခံတဲ့အမာခံ အသက် ၂၆ နှစ်အောက် မဲဆန္ဒရှင်အရေအတွက်က ၁၅% အောက်ပဲ ရှိပါတယ်။
ဒါပေမဲ့ သူတို့ပါတီရဲ့ လက်ရှိရနေတဲ့ ထောက်ခံအားပေးမှုတွေကို ဆက်ထိန်းထားနိုင်ရင်၊ ညွန့်ပေါင်း အစိုးရအဖွဲ့ထဲမှာ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်လာနိုင်ပြီး လွှတ်တော်ထဲမှာလည်း အားကောင်းတဲ့ အတိုက်အခံအသံတစ်ခု ထုတ်လာနိုင်မှာဖြစ်ပါတယ်။
ဒါပေမဲ့ အာဏာချုပ်ကိုင်ထားသူတွေဘက်က ပြုပြင်ပြောင်းလဲရေးသမားတွေကို ပိတ်ဆို့ထားဖို့ သူတို့ရဲ့လွှတ်တော်ပြင်ပအစီအစဉ်တွေကို ထပ်ပြီး ထုတ်သုံးလာမလားဆိုတဲ့ ရှောင်လွှဲလို့မရတဲ့ မေးခွန်းက ရှိနေပါတယ်။
“ရှေ့သို့ချီပါတီရဲ့ ရည်ရွယ်ချက်လုပ်ငန်းစဥ်က ထိုင်းနိုင်ငံရဲ့ အာဏာဗဟိုချက်တွေဖြစ်တဲ့ စစ်တပ်၊ ဘုရင်စနစ်နဲ့ တရားစီရင်ရေးတွေကို စိန်ခေါ်နိုင်ဖို့ပါ” လို့ ထီတီနန် ပွန်စူဒီရက်က ပြောပါတယ်။
“အခုလောလောဆယ်တော့ မဲရလဒ်ကိုပဲ သူတို့ စောင့်နေကြလိမ့်မယ်။ ဒါပေမဲ့ အဲဒီနောက်ပိုင်းမှာ ရှေးရိုးစွဲအဖွဲ့အစည်းတွေက သူတို့ ဘာတွေထပ်လုပ်နိုင်ဦးမလဲလို့ သူတို့ကိုယ်သူတို့ မေးရလိမ့်မယ်။ ပါတီတွေကို ဖျက်သိမ်းခဲ့ပေမဲ့ ပိုအားကောင်းလာတယ်။ စစ်အာဏာသိမ်းမှုတွေ လုပ်ပေမဲ့ နောက်ဆုံးမှာတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆီကိုပဲ ပြန်သွားရတယ်။ ရွေးကောက်ပွဲ စည်းမျဉ်းဥပဒေတွေ သူတို့ ကြိုက်သလို ပြန်ရေးပေမဲ့လည်း သူတို့ပါတီတွေက ရွေးကောက်ပွဲမှာ ရှုံးနေကြတုန်းပါ။”








