အစိုးရသစ် ထိုင်းဘုရင်ရှေ့ကျမ်းကျိန် - စက်တင်ဘာ ၅ ရက် ညနေခင်း နိုင်ငံတကာ သတင်းများ

ထိုင်းအစိုးရသစ် ဖွဲ့နိုင်ပြီ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ထဝီဆင် အစိုးရ ထိုင်းဘုရှင်ရှေ့ ကျမ်းကျိန်

ထိုင်းနိုင်ငံမှာ အစိုးရအဖွဲ့သစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ထိုင်းဘုရင်က ဒီအစိုးရအဖွဲ့ကို အတည်ပြုပေးခဲ့ပြီးနောက်မှာ အခုလို ကျမ်းကျိန်ကြတာပါ။

ပြီးခဲ့တဲ့လတွေအတွင်း နိုင်ငံရေး မတည်ငြိမ်ခဲ့တဲ့ ထိုင်းနိုင်ငံမှာ အခုဆိုရင် အုပ်ချုပ်မှု လည်ပတ်နိုင်တဲ့ အစိုးရအဖွဲ့ရဖို့ နီးစပ်လာပြီ ဖြစ်ပါတယ်။

ညွှန့်ပေါင်းအစိုးရထဲမှာပါတဲ့ ဆေထာ ထဝီဆင်ဟာ ဝန်ကြီးချုပ်သစ် ဖြစ်လာပါပြီ။

သူ့ရဲ့ ဖုအာထိုင်းပါတီဟာ စစ်တပ်ကျောထောက်နောက်ခံပေးထားတဲ့ အဖွဲ့တွေနဲ့ ပူးပေါင်းလိုက်တဲ့အတွက် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ဒီနေ့တော့ ဝန်ကြီး ၃၃ ယောက်က ဘုရင်ရှေ့မှာ ကျမ်းကျိန်ခဲ့ကြပြီး မစ္စတာ ထဝီဆင်က ခေါင်းဆောင်အနေနဲ့ ပထမဆုံး မိန့်ခွန်းပြောကြားခဲ့ပြီး သူတို့ အစိုးရ အဖွဲ့ကို လူထုအစိုးရလို့ ရည်ညွှန်းပြောဆိုခဲ့ပါတယ်။

အာဖဂန်နစ္စတန်မှာ တာလီဘန်အာဏာရပြီးနောက်ပိုင်း ကူညီထောက်ပံ့ခံရမှုတွေ လျော့ကျလာ

တာလီဘန်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, နိုင်ငံတကာ ကူညီမှုတွေ ပြတ်တောက် လျော့ကျလာတဲ့ အာဖဂန်

အာဖဂန်နစ္စတန်မှာ အခုလအတွက် ထောက်ပံ့မှုတွေ ဒေါ်လာနှစ်သန်းဖိုး ထပ်အဖြတ်ခံရတယ်လို့ ကမ္ဘာစားနပ်ရိက္ခာအစီအစဉ်က ပြောပါတယ်။

ဒါဟာ ရန်ပုံငွေ ရရှိမှု နည်းပါးလာတာကြောင့် ဖြစ်ပြီး အခုဆိုရင် အလှူငွေ ဒေါ်လာသန်းတထောင် လျော့ကျလာမှုနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

နောက်လ အောက်တိုဘာလောက်မှာ စားနပ်ရိက္ခာနဲ့ တခြား အကူအညီ ရရှိမှုတွေ အဆုံးသတ်ရဖွယ် ရှိတယ်လို့ ပြောပါတယ်။

အခုနှစ်အတွင်း ကမ္ဘာစားနပ်ရိက္ခာ အဖွဲ့က အကူအညီပေးမှုတွေ တစိုက်မတ်မတ် ဖြတ်တောက်လျက် ရှိရာမှာ အာဖဂန်မှာ ဒေါ်လာဆယ်သန်းလောက် ရှိလာပြီ ဖြစ်ပါတယ်။

အာဖဂန်နစ္စတန်မှာ ၂၀၂၁ ကတည်းက စလို့ တာလီဘန်တွေ အာဏာရခဲ့ပြီးနောက်ပိုင်း နိုင်ငံတကာရဲ့ အကူအညီတွေ တဖြည်းဖြည်း လျော့ကျလာတာ ဖြစ်ပါတယ်။

ဥရောပနိုင်ငံတွေအတွင်း အခုနှစ် ပထမ ၆ လမှာ နိုင်ငံရေးခိုလှုံသူ လေးပုံတပုံတိုးလာ

ဥရောပ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဒုက္ခသည် ၀င်ရောက်မှု တိုးလာတဲ့ ဥရောပ အခြေအနေ

ဥရောပ သမဂ္ဂ နိုင်ငံတွေမှာ နိုင်ငံရေး ခိုလှုံခွင့် တောင်းခံသူ အရေအတွက် သိသိသာသာ တိုးလာပါတယ်။

အခုနှစ် ပထမ ၆လမှာတင် ဒုက္ခသည်လျှောက်ထားသူ ငါးသိန်းကျော် ရှိပြီး ဒါဟာ ၂၀၂၂ အခုလို အချိန်မှာ လျှောက်ထားမှုထက် လေးပုံတပုံကျော် တိုးလာတာပါ။

အဲဒီအထဲမှာ ဆီးရီးယားနဲ့ အာဖဂန်နစ္စတန်ကနေ ပြေးလာသူ အများစုဖြစ်ပြီး ဗင်နီဇွဲလား ၊ တူရကီ ၊ ကိုလံဘီယာ ၊ ဘင်္ဂလားဒေ့ရှ်နဲ့ ပါကစ္စတန်တို့က ရောက်လာသူတွေလည်း ရှိတယ်လို့ အီးယူအေဂျင်စီက ပြောပါတယ်။

ဒါ့အပြင် ယူကရိန်းက လူပေါင်း လေးသန်းလောက်ကိုလည်း လက်ရှိ ဥရောပ နိုင်ငံတွေမှာ လက်ခံထားနေရတယ်လို့ ဆိုပါတယ်။

မဟာတံတိုင်းကို ဖြတ်လမ်းဖောက်သူ နှစ်ယောက် အဖမ်းခံရ

တရုတ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

တရုတ်နိုင်ငံမှာ ဖြတ်လမ်းဖောက်ဖို့ အတွက် မဟာတံတိုင်းကြီးကို မြေတူးစက်နဲ့ တူးနေသူ နှစ်ယောက် အဖမ်းခံခဲ့ရပါတယ်။

စက်နဲ့တူးထားတဲ့ လမ်းကြောင်းကို လိုက်ရင်း သူတို့ကို ရှာဖွေ ဖမ်းဆီး နိုင်ခဲ့တာလို့ ရှန်ရှီပြည်နယ်က ရဲက တရုတ်မီဒီယာတွေကို ပြောပါတယ်။

သူတို့အလုပ်တွင်ကျယ်စေရေး ခရီးတိုသွားစေဖို့ ရည်ရွယ်ချက်နဲ့ ဒီဖြတ်လမ်းကို ဖောက်ရတာပါလို့ သံသယ တရားခံ အမျိုးသမီး နဲ့ အမျိုးသား က ဝန်ခံ ပြောကြားခဲ့ပါတယ်။

သူတို့လုပ်ရပ်ကြောင့် တံတိုင်းရဲ့ အစိတ်အပိုင်းတချို့မှာ ပြန်ပြင်လို့ မရနိုင်တဲ့ ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

တရုတ်နိုင်ငံက မဟာ တံတိုင်းကြီးဟာ လွန်ခဲ့တဲ့ နှစ် နှစ်ထောင်ကျော်လောက်က စတင် တည်ဆောက်ခဲ့တာဖြစ်ပြီး ပြည်ပကျူးကျော်သူတွေကို ကာကွယ်ဖို့ ရည်ရွယ်ခဲ့တာပါ။

အခုတော့ ကီလိုမီတာ နှစ်သောင်းရှည်လျားတဲ့ ဒီတံတိုင်းကြီးကို ယူနက်စကိုရဲ့ ယဉ်ကျေးမှု အမွေအနှစ်နေရာ အဖြစ် သတ်မှတ်ခံထားရပါတယ်။