နန်းစံနေဆဲ သရဖူများနဲ့ ချားလ်စ်ရဲ့ ဥရောပဝမ်းကွဲများ

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, ဘိုဘို
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
အနှစ် သုံးရာကျော်ကြာမြင့်ပြီဖြစ်တဲ့ ဗြိတိသျှထီးနန်းကို ဆက်ခံသိမ်းပိုက်မယ့် တတိယမြောက် ချားလ်စ်ဘုရင်ဟာ ကမ္ဘာပေါ်မှာ နောက်ဆုံးကျန်နေသေးတဲ့ ဘုရင်စနစ်ကျင့်သုံးတဲ့ နိုင်ငံ ၂၉ နိုင်ငံထဲက တနိုင်ငံရဲ့ ဘုရင်ဖြစ်သလို ကမ္ဘာပေါ်မှာ အထင်ရှားဆုံး ဘုရင့်နိုင်ငံရဲ့ မင်းလည်း ဖြစ်ပါတယ်။ ဒီထဲ ချားလ်စ်ဘုရင်ဟာ ဗြိတိသျှဓနသဟာယထဲက ၁၅ နိုင်ငံရဲ့ အကြီးအကဲလည်း ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ နှစ်ပေါင်းထောင်ချီရှိခဲ့တဲ့ ဘုရင်စနစ် မှေးမှန်နေပြီ ဆိုပေမယ့် ဗြိတိန်၊ စပိန်၊ ဂျပန်၊ ထိုင်း၊ ဘူတန်၊ ဆော်ဒီအာရေဗျနဲ့ ကာတာ စတဲ့ နိုင်ငံတွေမှာ ဆက်ပြီး တည်ရှိနေဆဲ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
နေမဝင်သေးတဲ့ ဘုရင်များ
ကမ္ဘာပေါ်မှာ ဘုရင်စနစ်ကျင့်သုံးဆဲ ၂၉ နိုင်ငံမှာ အာရှ၊ အာဖရိက၊ အရှေ့အလယ်ပိုင်းနဲ့ ဥရောပက နိုင်ငံတွေ ပါဝင်ပြီး အများစုက စည်းမျဉ်းခံလို့ ခေါ်တဲ့ အဆောင်အယောင်ဘုရင်စနစ်ကျင့်သုံးတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။ အရှေ့အလယ်ပိုင်းက ဆော်ဒီအာရေဗျ ၊ အိုမန်၊ ယူအေအီးနဲ့ အာရှက ဘရူနိုင်း၊ အာဖရိကက အဆွာတီနီနိုင်ငံတွေမှာသာ အကြွင်းမဲ့ဘုရင်စနစ်ခေါ်တဲ့ သက်ဦးဆံပိုင်စနစ် ကျန်ရှိပြီး ပုပ်ရဟန်းမင်းကြီး အုပ်ချုပ်တဲ့ ဗာတီကန်မြို့ပြနိုင်ငံကိုလည်း အကြွင်းမဲ့ဘုရင်နိုင်ငံအဖြစ် သတ်မှတ်ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒီထဲ ဥရောပက လီချင်စတိန်း၊ မိုနာကို၊ အာဖရိကက မော်ရိုကို၊ အရှေ့အလယ်ပိုင်းက ဂျော်ဒန်၊ ကူဝိတ်၊ ဘာရိန်း၊ ကာတာ၊ ပစိဖိတ်ကျွန်းစုတွေထဲက တွန်ဂါနဲ့ အာရှက ဘူတန်နိုင်ငံတွေမှာ ဘုရင်က အုပ်ချုပ်ရေးအာဏာ တချို့ ရယူထားတဲ့ တစိတ်တပိုင်း စည်းမျဉ်းခံဘုရင်တွေလည်း ရှိပါတယ်။
အာဖရိကက လီဆိုသို ၊ အာရှက ဂျပန်၊ မလေးရှား၊ ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေမှာတော့ ဥရောပက ယူကေ၊ ဆွီဒင် စတဲ့ နိုင်ငံတွေလိုပဲ စည်းမျဉ်းခံဘုရင်တွေ အုပ်စိုးကြပါတယ်။
စပိန်နဲ့ ပြင်သစ်နယ်စပ်က ကုန်းတွင်းပိတ် အန်ဒိုရာ နိုင်ငံလေးရဲ့ ပူးတွဲမင်းသားတွေအဖြစ် ပြင်သစ် သမ္မတနဲ့ စပိန်က အူရ်ဂျဲလ် ဂိုဏ်းအုပ်တို့ အုပ်ချုပ်ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကျွန်းစား တောင်စား ကမ္ဘာတလွှား
နယူးဇီလန်နဲ့ ပစိဖိတ် သမုဒ္ဒရာထဲက ဆာမိုအာ၊ ပလော၊ မာရှယ်ကျွန်းစု၊ ဖီဂျီ စတဲ့ ကျွန်းတွေနဲ့ အာရှတိုက်က ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ အိန္ဒိယနိုင်ငံတွေမှာ သမ္မတလက်အောက်ခံ ဘုရင်နဲ့ နယ်စား ကျွန်းစားတွေ ရှိပြီး ဘင်္ဂလားဒေ့ရှ်မှာတော့ ရခိုင်အနွယ် တောင်စားတွေ ရှိပါတယ်။
အာဖရိကတိုက်က တောင်အာဖရိက၊ ယူဂန်ဒါ၊ နိုင်ဂျီးရီးယား၊ ဂါနာ၊ ဘီနင်၊ ဘူရွန်ဒီ၊ ကင်းမရွန်း စတဲ့ နိုင်ငံ ၄ဝ နီးပါးမှာလည်း ဘုရင်အငယ်နဲ့ နယ်စားတွေ ရှိကြပါတယ်။
ဗြိတိသျှရေလက်ကြားက ဂန်ဇီကျွန်း၊ စကော့တလန်က သြကနီကျွန်းစုနဲ့ အိုင်ယာလန်က တိုရီကျွန်းတွေမှာလည်း ရိုးရာကျွန်းစားတွေ ရှိကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဥရောပ မင်းဆက်သမဂ္ဂ
ခရစ်နှစ် ၉၂၇ က စတင်ခဲ့တဲ့ အင်္ဂလိပ်ထီးနန်းနဲ့ စကော့တလန်၊ ဝေလ၊ မြောက်ပိုင်းအိုင်ယာလန် နယ်မြေတွေကို ပေါင်းစပ်ထားတဲ့ ညီညွတ်သော ဘုရင့်နိုင်ငံတော် ယူနိုက်တက်ကင်းဒမ်းကို စိုးမိုးအုပ်ချုပ်တဲ့ ဝင်ဆာမင်းဆက် ဘုရင်တွေဟာ တကယ်က ဂျာမန်အနွယ်မင်းမျိုးတွေ ဖြစ်ပြီး ဂျာမနီက ဟန်နိုဗာနယ်စား၊ ဆက်ကိုဘက်နဲ့ ဂိုသာနယ်စားတွေက ဆင်းသက်လာကြတာ ဖြစ်ပါတယ်။
တတိယချားလ်စ်ဘုရင်ရဲ့ ဘင်တော်တဲ့ ဝိတိုရိယဘုရင်မကြီးဟာ သူ့ရဲ့ သားတော် သမီးတော်တွေကို ဂျာမနီ၊ ဒိန်းမတ်နဲ့ ရုရှားက ဥရောပမင်းမျိုးတွေနဲ့ လက်ဆက်အောင် စီမံခဲ့လို့ သူ့ကို ဥရောပရဲ့ ဘွားတော်ကြီးလို့ တင်စားခေါ်ကြပါတယ်။ ဒါကြောင့် ၁၉၁၄ က ဂျာမနီ၊ သြစတြီးယားနိုင်ငံတွေနဲ့ ဗြိတိန်၊ ပြင်သစ်၊ ရုရှားတို့ကြား ဖြစ်တဲ့ ပထမကမ္ဘာစစ်ကို ဝမ်းကွဲတွေကြား ဖြစ်တဲ့စစ်အဖြစ် သမိုင်းပညာရှင်တွေက သုံးသပ်ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒါကြောင့် လက်ရှိဥရောပဘုရင်တွေထဲမှာ ချားလ်စ်နဲ့ ဝမ်းကွဲတော်စပ်သူတွေ ပါဝင်တယ်လို့ ဟယ်လိုမဂ္ဂဇင်းက ရေးပါတယ်။ နယ်သာလန်ဘုရင် ဝီလျံအလက်ဇန္ဒား နဲ့ ချားလ်စ်ရဲ့မယ်တော် ဒုတိယအဲလစ်ဇဘက်ဘုရင်မတို့ မောင်နှမငါးဝမ်းကွဲတော်စပ်သလို ဒိန်းမတ် ဘုရင်မ ဒုတိယ မာဂရေဒါ၊ ဆွီဒင်ဘုရင် ကားလ်ဂုစတပ်ဖ် ၁၆၊ ဘယ်လ်ဂျီယမ်ဘုရင် ဖေလိ(ပ်)နဲ့ စပိန်ဘုရင် ဆဋ္ဌမ ဖေလိပေးတို့ဟာလည်း ဒုတိယအဲလစ်ဇဘက်နဲ့ သုံးဝမ်းကွဲတော်ပြီး ခင်မင်ရင်းနှီးကြပါတယ်။
နော်ဝေဘုရင် ပဉ္စမဟာရဲလ်ကတော့ အဲလစ်ဇဘက်နဲ့ နှစ်ဝမ်းပဲကွဲပြီး ချားလ်စ်ဆိုတဲ့ နာမည်ကို ဟာရဲလ်ရဲ့ဘိုးတော် သတ္တမ ဟော်ကွန်းဆီက ယူတယ်လို့ သိရပါတယ်။ ဒိန်းမတ်မင်းသားဘဝနဲ့ ဖွားမြင်ခဲ့တဲ့ ဟော်ကွန်းရဲ့ ငယ်မည်က ကားလ်ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြေခသွားတဲ့ စိန်သရဖူများ
နိုင်ငံ ၅ဝ ကျော်ရှိတဲ့ ဥရောပမှာ ထီးနန်းနဲ့ ကျန်ရစ်တဲ့ နိုင်ငံဆိုလို့ ဆွီဒင်၊ နော်ဝေ၊ ဒိန်းမတ်၊ ဘယ်လ်ဂျီယမ်၊ နယ်သာလန်၊ စပိန် နဲ့ ဗြိတိန်ဆိုတဲ့ ဘုရင့်နိုင်ငံ ၇ ခုနဲ့ အန်ဒိုရာ၊ လီချင်စတိန်း၊ မိုနာကိုမင်းသားနယ် သုံးခု၊ လူဇင်ဘတ်နယ်စားနယ်ကြီးနဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ ဗာတီကန်မြို့ပြနိုင်ငံတို့ ဖြစ်ကြပါတယ်။ ၂ဝ ရာစုအစက ဥရောပမှာ ပြင်သစ်၊ ဆွစ်ဇာလန်နဲ့ ဆန်မာရီနိုဆိုပြီး သမ္မတနိုင်ငံ သုံးခုပဲ ရှိခဲ့ရာက ၁၂ နိုင်ငံပဲ ကျန်ရစ်ခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပထမနဲ့ ဒုတိယကမ္ဘာစစ်တွေ ဖြစ်ခဲ့တဲ့ ၂ဝ ရာစုအတွင်း ဂျာမနီ၊ သြစတြီးယား- ဟန်ဂေရီ၊ အီတလီ၊ ပေါ်တူဂီ၊ ဖင်လန် စတဲ့ အနောက်ဥရောပက အင်ပါယာနဲ့ ဘုရင့်နိုင်ငံတွေ ချုပ်ငြိမ်းပြီး သမ္မတနိုင်ငံတွေ ပေါ်ထွန်းခဲ့ပါတယ်။ အရှေ့ဥရောပမှာတော့ ၁၉၁၈ မှာ ယူကရိန်း၊ လစ်သူယေးနီးယား စတဲ့ ဘုရင့်နိုင်ငံတွေ ဆိုဗီယက်ရုရှားထဲ သိမ်းသွင်းခံခဲ့ရသလို ၁၉၄၅ နောက်ပိုင်းမှာလည်း ဆိုဗီယက်သြဇာလွှမ်းတဲ့ အရှေ့အုပ်စုပေါ်လာတဲ့အတွက် ယူဂိုဆလားဗီးယား၊ ဘူဂေးရီးယား၊ ရိုမေးနီးယား၊ အယ်လ်ဘေးနီးယား စတဲ့ နိုင်ငံတွေက ဘုရင်တွေ နန်းစွန့်ထွက်ပြေးကြရပါတယ်။ အရှေ့ဥရောပမှာ ကွန်မြူနစ်မဟုတ်တဲ့ ဂရိမှာလည်း ၁၉၇၃ က ဘုရင်နန်းစွန့်ခဲ့ရပါတယ်။ ဒီထဲမှာ စပိန်တနိုင်ငံပဲ တဘာသာထူးပြီး ၁၉၃၁ က ချုပ်ငြိမ်းခဲ့တဲ့ ဘုရင်စနစ်ကို ၁၉၇၅ မှာ ပြန်အသက်သွင်းခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ကျောင်းတော်နဲ့ ဘိသိက်
ဥရောပဘုရင်စနစ်မှာ နိုင်ငံအလိုက် ဘုရင်ထောက်ပံ့တဲ့ ခရစ်ယာန်ကျောင်းတော်တခုခုရဲ့ အကြီးအကဲအဖြစ် ဘုရင် ဘုရင်မတွေက တာဝန်ယူရတတ်ပါတယ်။ ဒါကြောင့် ချားလ်စ်ဘုရင်ဟာ အင်္ဂလီကန်ကျောင်းတော်ရဲ့ ရုပ်ပြအကြီးအကဲလည်း ဖြစ်ပါတယ်။ ဘာသာရေးယုံကြည်မှုနည်းလာတဲ့ အနောက်ဥရောပက တချို့နိုင်ငံတွေမှာ နိုင်ငံတော်ဘာသာဆိုတဲ့ စကားရပ်ကို အခြေခံဥပဒေက ဖယ်တာတွေ လုပ်လာပေမယ့် နော်ဝေနဲ့ ဆွီဒင်နိုင်ငံတွေမှာ ဘုရင်လုပ်မယ့်သူက လူသာရင်ခရစ်ယာန်ဖြစ်ဖို့ လိုပါသေးတယ်။ နယ်သာလန်နဲ့ ဘယ်လ်ဂျီယမ်မှာတော့ ကျောင်းတော်နဲ့ နိုင်ငံတော်ကို အစောပိုင်းကတည်းက ခွဲထုတ်ပြီး ဖြစ်လို့ ဘာသာရေးဟာ ဘုရင်တပါးချင်းစီရဲ့ ကိုယ်ရေးကိစ္စဖြစ်နေပြန်ပါတယ်။
တခါ ဗြိတိန်နိုင်ငံမှာ နန်းတက်ပွဲကို ကြီးကြီးကျယ်ကျယ်ကျင်းပပေမယ့် ဥရောပတချို့နိုင်ငံတွေမှာတော့ လွှတ်တော်မှာ ကျမ်းကျိန်တဲ့အဆင့်နဲ့ ပြီးတာတွေလည်း ရှိပါတယ်။ နယ်သာလန်မှာတော့ ဘိသိက်ခံတာ မလုပ်ဘဲ ဘုရင့်ဝတ်ရုံကို လွှမ်းခြုံပေးတာလောက် လုပ်ကြပါတယ်။ ဒိန်းမတ်မင်းတွေရဲ့ နောက်ဆုံးဘိသိက်ခံပွဲကလည်း ၁၈၄ဝ ပြည့်နှစ်က ဖြစ်တယ်လို့ ဖရန့်ခရမ်မာရဲ့ ဥရောပဘုရင့်နိုင်ငံများက ကျောင်းတော်နဲ့ နိုင်ငံတော် ဆောင်းပါးမှာ ပါရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဆင်ဖိုးနဲ့ ချွန်းဖိုး
ဗြိတိသျှထီးနန်းရဲ့ အသုံးစရိတ်ရှင်းပြမှုကတော့ နယ်သာလန်၊ နော်ဝေတို့နဲ့စာရင် အတော်ညံ့ဖျင်းတယ်ဆိုတဲ့ သုံးသပ်ချက်တွေ ရှိပါတယ်။ ဒီလို ရှင်းရှင်းလင်းလင်းမရှိတဲ့ ဘုရင်ထီးနန်းတွေရဲ့ အသုံးစရိတ်ဟာ အများပြည်သူသိတာထက် အများကြီးပိုနိုင်တယ်ဆိုပြီး ဂင့်တက္ကသိုလ်က ပါမောက္ခ ဟာမန် မက်တိုင်းရှ်က သတိပေးပါတယ်။ ချားလ်စ်ဘုရင်ဟာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အလေးထားတဲ့သူဆိုပြီး ကျော်ကြားတဲ့အတွက် သူ့လက်ထက်မှာ ခေတ်နဲ့အညီ ချွေတာရေးလိုက်စားဖို့ တောင်းဆိုတာတွေလည်း ရှိပါတယ်။
နည်းပညာနဲ့ ခေတ်စနစ် အမြင်တွေ ဘယ်လိုပဲပြောင်းပြောင်း၊ လန်ဒန်မြို့လယ်က ဘက်ကင်ဟမ်နန်းတော်နဲ့ ခေတ်သစ်ဒီမိုကရေစီမိခင်ဆိုတဲ့ ဝက်စမင်စတာပါလီမန်ကြားက ဆက်သွယ်မှုက နောက်ဆယ်စုရာစုတွေထိ တည်မြဲနေမယ်ဆိုပြီး အကောင်းဘက်က မျှော်လင့်သူတွေလည်း ရှိနေဆဲ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images








