ခြင်္သေ့သားရေ၊ မြတ်သောပလ္လင်တွေနဲ့ ကမ္ဘာတဝန်းက နန်းတက်ပွဲများ

Elephants parade near the Grand Palace in Bangkok to celebrate the Thai King's coronation

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ထိုင်းဘုရင့် နန်းတက်ပွဲကို ဘန်ကောက်မြို့တော်မှာ ကျင်းပစဉ်က ပါဝင်ဆင်နွှဲခဲ့တဲ့ ဆင်ဖြူတော်များ

လာမယ့် မေလ ၆ ရက်နေ့မှာ ကျင်းပမယ့် တတိယမြောက် ချားလ်စ် ဘုရင်ရဲ့ နန်းတက်ပွဲ ရာဇဘိသေက မင်္ဂလာ အခမ်းအနားတွေကို ရှေးထုံးတမ်းစဉ်လာနဲ့ အညီ ကျင်းပကြမှာ ဖြစ်တာကြောင့် ကမ္ဘာတဝန်းကလည်း စိတ်ဝင်တစား စောင့်ကြည့်ကြမှာ ဖြစ်ပါတယ်။ ဒီလိုပဲ ကမ္ဘာပေါ်က ဘုရင်စနစ် ကျင့်သုံးဆဲ တခြား တိုင်းပြည်တွေမှာလည်း နန်းတက်ပွဲတွေကို ကျင်းပကြပါတယ်။

နွားပေါက်သားရေနဲ့ လုပ်တဲ့ သရဖူက အစ မြင့်မြတ်လွန်းလို့ တက်ကို မထိုင်ရတဲ့ ပလ္လင်တွေ အပါအဝင် ကမ္ဘာပေါ်မှာ ရှင်သန်နေဆဲ ထီးနန်းတွေက နန်းတက်ပွဲတွေထဲက ထူးခြားတဲ့ နန်းတက်ပွဲတွေကို ကြည့်ရအောင်ပါ။

ဘုရင်စနစ်တွေဟာ ရိုးရာဓလေ့နဲ့ အခမ်းအနားတွေကနေ မလွတ်ကင်းနိုင်ကြပါဘူးလို့ ဝင်ချက်စတာ တက္ကသိုလ်က သမိုင်းပညာရှင် ဒေါက်တာ အယ်လီနာ ဝုဒ်ကဲက ပြောပါတယ်။

နန်းတက်ပွဲတိုင်းကလည်း မတူကြပေမယ့် မင်းမြှောက် နန်းတင်တဲ့ အခမ်းအနားတွေမှာ တူတဲ့ အရာတွေလည်းရှိကြပါတယ်။ မင်းမြောက်တန်ဆာတွေ၊ မင်းဝတ်တန်ဆာမျိုးတွေနဲ့ တခြားမြင့်မြတ်တဲ့ အရာတွေကို သုံးကြတာမျိုး ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအရာတွေက ဘုရင်တပါးအတွက် သူ့ တန်ခိုးအာဏာတွေကို ထပ်လောင်း အတည်ပြုပေးရာ ရောက်သလို ဘုရင်နဲ့ မင်းခစား ပြည်သူတွေအကြားက ဆက်နွယ်မှုတွေကိုပါ ထပ်ပြီးအတည်ပြုပေးတဲ့ သဘော ရောက်ပါတယ်လို့ ဒေါက်တာ ဝုဒ်ကဲက ပြောပါတယ်။

မင်္ဂလာ ရေစင်၊ ဆီမွှေး

တတိယမြောက် ချားလ်စ် ဘုရင်ရဲ့ ရာဇဘိသေက မင်္ဂလာမှာ အထူးဖော်စပ်ထားတဲ့ ဆီမွှေးနဲ့ လိမ်းကျံပေးဖို့ စီစဉ်ထားပါတယ်။ ကန်တာဘာရီ ဂိုဏ်းချုပ် ဘုန်းတော်ကြီးက ဘုရင့် ဦးခေါင်းတော်၊ ရင်အုံနဲ့ လက်တော်တွေကို ဆီမွှေးနဲ့ လိမ်းကျံပေးမှာပါ။ ဒီဆီမွှေးနဲ့ လိမ်းကျံခြင်းဟာ ရာဇဘိသေက မင်္ဂလာအတွက် အရေးကြီးဆုံး အမြင့်မြတ်ဆုံး အချိန်အခါလည်း ဖြစ်ပါတယ်။ Church of England အသင်းတော်ရဲ့ အကြီးအကဲလည်း ဖြစ်လာမယ့် ဘုရင်ကို ဘာသာရေးမှာပါ ဦးဆောင်မှု ပေးမယ့် သူအဖြစ် အမှတ်သညာခတ်နှိပ် ပေးလိုက်တာပဲ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာလည်း ဒီလိုပဲ ခပ်ဆင်ဆင် ဓလေ့တစ်ခု ရှိပါတယ်။ ထိုင်းတွေရဲ့ ရာဇဘိသေက မင်္ဂလာ အခမ်းအနားမှာ ဘုရင်သစ်ကို မြင့်မြတ်တဲ့ ဘုရင်တပါးအဖြစ် မင်းမြှောက်ဖို့ မင်္ဂလာရေစင်နဲ့ ပက်ဖျန်းသွန်းလောင်းပေးတာ ဖြစ်ပါတယ်။ အဲဒီ ရေစင်ကို တိုင်းပြည်နိုင်ငံတလွှား နေရာပေါင်း ၁၀၀ ကျော်မှာ လိုက်ပြီး ထိုင်း နက္ခတ်ဗေဒင် အလိုအရ မင်္ဂလာအချိန်ဖြစ်တဲ့ ၁၁ နာရီ ၅၂ မိနစ်နဲ့ ၁၂ နာရီ ၃၈ မိနစ်အကြား ခပ်ယူစုဆောင်းရတာ ဖြစ်ပါတယ်။ ပြီးတော့မှာ ဗုဒ္ဓဘာသာ ဓလေ့ ထုံးတန်းတွေနဲ့ အစဉ်အလာတွေနဲ့ အညီ အခမ်းအနားတွေ ကျင်းပပြီး ရွတ်ဖတ် သရဇ္ဈာယ် သိဒ္ဓိတင်ပေးကြတာ ဖြစ်ပါတယ်။

Thailand's King Maha Vajiralongkorn poured holy water over himself during his coronation in 2019

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၁၉ ခုနှစ်မှာ ကျင်းပခဲ့တဲ့ ထိုင်းဘုရင် မဟာ ဝါချိရာလောင်ကွန်းရဲ့ ရာဇဘိသေက မင်္ဂလာမှာ မင်္ဂလာရေစင်ကို ဘုရင် ကိုယ်တော်တိုင် သွန်းလောင်းနေပုံ

မြင့်မြတ်လွန်း၍ မထိုင်အပ်

ချားလ်စ်ဘုရင်ကတော့ သူ့နန်းတက်ပွဲမှာ ရှေးကတည်း အသုံးပြုခဲ့ကြတဲ့ ဘိသိက်ခံပလ္လင်ထက်မှာပဲ ထိုင်တော်မူဖို့ စီစဉ်ထားပါတယ်။ အဲဒီ ပလ္လင်ဟာ ဝက်သစ်ချသားနဲ့ လုပ်ထားပြီး သက်တမ်း နှစ်ပေါင်း ၇၀၀ ကျော်ပြီ ဖြစ်တာကြောင့် ယူကေမှာ သက်တမ်းအရင့်ဆုံး အသုံးဝင်ဆဲ ပရိဘောဂ ပစ္စည်းလည်း ဖြစ်ပါတယ်။

အဲဒီ ပလ္လင်ခုံရဲ့ အောက်မှာ စကော့ဘုရင်တွေရဲ့ ကျန်းသစ္စာ ကျိန်ဆိုတဲ့ အခမ်းအနားတွေမှာ သုံးစွဲခဲ့တဲ့ ကံတရားကျောက်လုံးတော် ရှိတယ်လို့ ဆိုပါတယ်။

ဂါနာနိုင်ငံက အရှန်တီ ဒေသမှာ အာဆန်တီဟေနေး မင်းတွေ အုပ်ချုပ်လာတာ ၁၇၀၀ ပြည့်နှစ်တွေ ကတည်းက ဖြစ်ပါတယ်။ သူတို့ အရှန်တီ ယဉ်ကျေးမှုမှာ အမြင့်မြတ်ဆုံး အဖြစ်သတ်မှတ်ထားတာကတော့ ရွှေခုံဖြစ်ပါတယ်။ ဆစ်ကာဒွာကိုဖီ လို့ ခေါ်တဲ့အဲဒီ ရွှေခုံဟာ အရှန်တီ ပြည်သူတွေရဲ့ အသက်ဝိညာဉ်ကို ကိုယ်စားပြုတယ်လို့ မှတ်ယူထားကြပါတယ်။

Otumfuo Osei Tutu II is the Asantehene of the Ashanti region of Ghana

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဂါနာက အရှန်တီဒေသမှာ အုပ်ချုပ်တဲ့ အာဆန်တီဟေနေး မင်းဆက်ရဲ့ ဘုရင် ဒုတိယမြောက် အိုတူမ်ဖို အိုဆေး တူးတူး
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အဲဒီ ရွှေခုံဟာ မြင့်မြတ်လွန်းတဲ့ အတွက် ဘုရင်အပါအဝင် ဘယ်သူမှ ထိုင်ခွင့်မရှိပါဘူး။ အဲဒါကြောင့် အဆန်တီဟေနေး ဘုရင်သစ်အတွက် နန်းတက်ပွဲမှာ လူတွေက ဘုရင်သစ်ကို ခုံပေါ် ထိုင်စရာ မလိုအောင် ခုံအပေါ်ကို မပေးထားရပါတယ်။

ဒါပေမဲ့ ၁၉၀၀ ပြည့်နှစ်မှာ ဂိုးလ်ကို့စ်ရဲ့ ဗြိတိသျှ ဘုရင်ခံ ဆာ ဖရက်ဒရစ် ဟော့ဂျ်ဆင်က ဒီ ရွှေခုံပေါ်မှာ ထိုင်မယ်ဆိုပြီး သူ့စစ်တပ်ကို အရှာထွက်ခိုင်း ခဲ့ပါတယ်။ အဲဒီအပေါ်မှာ မကျေနပ်တာကြောင့် အဆန်တေ ဘုရင့်မယ်တော် ယာ အဆန်တေဝါ ဦးဆောင်တဲ့ ပုန်ကန်မှု ဖြစ်ခဲ့ပါတယ်။ အဲဒီ ပုန်ကန်မှု ချေမှုန်းခံခဲ့ရပြီးနောက်မှာ အဆန်တေနယ်ကို ဗြိတိသျှတွေက ဖဲ့ထုတ်သိမ်းယူခဲ့ပါတယ်။ အဆန်တေမင်းဆက်ကို ၁၉၃၅ ရောက်မှာ ပြန်လည် အသက်သွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပေါင်းမိုး၊ ခန်းစည်း နဲ့ အဖုံးအကာ

ဗြိတိသျှ ဘုရင်တွေရဲ့ ရာဇဘိသေက မင်္ဂလာဟာ မြင့်မြတ်တဲ့ အခမ်းအနား တစ်ခုဖြစ်တယ်လို့ ယူဆကြပါတယ်။ ဒါကြောင့်လည်း သိသိက်သွန်းနေတဲ့ အချိန်အကန့်အသတ်တခုမှာ ဘုရင်သစ်ကို လူသူ လေးပါး မမြင်ရဖို့ ဖုံးကာထားရပါတယ်။ တက်ရောက်လာကြတဲ့ ပရိတ်သတ်ကြီးကလည်း ဘုရင်မင်းမြတ်ကို ဘုရားသခင် စောင့်ရှောက်ပါစေဆိုပြီး ဟစ်ကြွေးဆုတောင်းပေးကြရပါတယ်။

ဂျပန်ပြည်က ဧကရာဇ်သစ်အတွက် ရာဇဘိသေက မင်္ဂလာ အခမ်းအနားမှာလည်း အလားတူဓလေ့ ရှိပါတယ်။ အခမ်းအနား ကျင်းပနေစဉ် အတွင်းမှာ တာကာကီမူရာလို့ ခေါ်တဲ့ မင်္ဂလာစင်မြင့်ပေါ်မှာ ရာဇပလ္လင်ရှေ့မှာ ရှေးဟောင်း ဓားနဲ့ နန်းစဉ်ရတနာကို ကိုင်ပြီး ရပ်နေတဲ့ ဧကရာဇ်မင်းမြတ် လူရှေ့မထွက်ခင်မှာ ရှေ့ကနေ ခရမ်းရောင် ခန်းစည်းတွေနဲ့ ပိတ်ကာပေးထားရပါတယ်။

Japan's Emperor Naruhito proclaimed his ascension to the throne in 2019

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဂျပန်ဧကရာဇ် နာရူဟီတိုဟာ ပြီးခဲ့တဲ့ ၂၀၁၉ မှာ ဂျပန်ထီးနန်းကို ဆက်ခံခဲ့ပါတယ်

ဧကရာဇ် မင်းမြတ်တွေ မင်းခမ်းမင်းနားတွေမှာသာ ခြုံလွှမ်းတဲ့ လိမ္မော်ဝါရောင် ဝတ်ရုံကို ဆင်မြန်းထားတဲ့ ဧကရာဇ်က တရားဝင် ကြေညာစာတမ်းကို စင်ပေါ်ကနေ ဖတ်ကြားပါတယ်။ အဲဒီနောက် တက်ရောက်လာကြသူတွေက ဧကရာဇ်မင်းမြတ် သက်တော်ရှည်ကြာ စိုးစံပါစေလို့ အဓိပ္ပါယ်ရတဲ့ ဘန်ဇိုင်း ဆိုပြီး ကြွေးကြော်ကြပါတယ်။ ၂၀၁၉ ခုနှစ်က ကျင်းပခဲ့တဲ့ ဧကရာဇ် နာရူဟီတိုရဲ့ နန်းတက်ပွဲကို ချားလ်စ်ဘုရင်လည်း တခြား ပြည်ပက ဧည့်သည်တော်တွေနဲ့ အတူ တက်ရောက်ခဲ့ပါတယ်။

ငှက်မွှေးတောင်နဲ့ ခြင်္သေ့အရေ

ယူကေမှာတော့ နန်းတက်ပွဲမှာ ဘုရင်တွေက အထူး ဘိသိက်ခံ ခြုံလွှာဝတ်ရုံတွေကို ခြုံလွှမ်း၀တ်ဆင်ကြပါတယ်။ ဝက်စ်မင်စတာ ဘုရားရှိခိုးကျောင်းကြီးထဲကို ဘိသိက်ခံမယ့် နန်းတက်ဘုရင်ဟာ အနီရောင် ကတ္တီပါမှာ ရွှေချည်ထိုးထားတဲ့ ဝတ်ရုံကြီးကို ခြုံလွှမ်းပြီး ဝင်ရောက်လာမှာ ဖြစ်ပါတယ်။ အဲဒီ ဝတ်ရုံကြီးမှာ အာမန်လို့ ခေါ်တဲ့ အဖြူရောင် သားမွှေးတွေကိုလည်း တပ်ဆင် ချုပ်လုပ်ပေးထားပါတယ်။

တောင်အာဖရိကမှာ ရှိတဲ့ ဘုရင် ၈ ပါးထဲမှာ ဇူလူးဘုရင်တွေဟာ သြဇာအကြီးဆုံး ခေါင်းဆောင်တွေထဲမှာ ပါဝင်သလို နန်းတက်ပွဲတွေမှာလည်း အထူးဝတ်စုံတွေကို ဆင်မြန်းလေ့ ရှိကြပါတယ်။

ဇူလူးတွေရဲ့ ဓလေ့ထုံးတမ်း အစဉ်အလာ အရ ဘိုးဘေးဘီဘင်တွေရဲ့ အသိအမှတ်ပြုခံရဖို့ အတွက် ဘုရင်သစ်ဟာ သူကိုယ်တိုင် အမဲလိုက်ပြီး ရယူခဲ့တဲ့ ခြင်္သေ့ရဲ့ သားရေကို ခြုံလွှမ်းပြီး မြင့်မြတ်တဲ့ ခြံအဝန်းထဲကို ဝင်ရပါတယ်။

A fifth of South Africa's population is Zulu, so its monarchy remains hugely influential

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တောင်အာဖရိကလူဦးရေရဲ့ ၅ ပုံ ၁ ပုံဟာ ဇူးလူးတွေ ဖြစ်သလို ဇူးလူးထီးနန်းဟာလည်း အခုထက်ထိ အရှိန်အဝါ ကြီးမားလျှက်ရှိ

၂၀၂၂ ခုနှစ်က ကျင်းပခဲ့တဲ့ မစ်ဆူဇူလူကာ ဇွယ်လစ်သီနီ ဘုရင်ရဲ့ နန်းတက်ပွဲမှာတော့ ဘုရင်က ကျားသစ်ရေကို ခြုံပြီး ငှက်တောင်တွေ ဆင်မြန်းက နန်းသိမ်းခဲ့ပါတယ်။ အဲဒီအခမ်းအနားမှာပဲ သူ့ကို တောင်အာဖရိက သမ္မတကလည်း အသိအမှတ်ပြု ဝမ်းမြောက်ကြောင်း သဝဏ်လွှာကို ပေးအပ်ခဲ့ပါတယ်။

နွားငယ်သားရေနဲ့ သရဖူ

ရာဇဘိသေက မင်္ဂလာအခမ်းအနားတွေမှာ အရေးကြီးဆုံး အရာကတော့ သရဖူပဲ ဖြစ်ပါတယ်။ သရဖူဟာ တိုင်းပြည်ကို အုပ်စိုးရတဲ့ ပြည့်ရှင်မင်းတပါးရဲ့ အမှတ်သင်္ကေတခုလည်း ဖြစ်ပါတယ်။

ယူကေမှာတော့ တတိယမြောက် ချားလ်စ် ဘုရင်က စိန့် အက်ဒွပ် သရဖူကို ဆောင်းပြီး နန်းတက်မှာ ဖြစ်ပါတယ်။ အဲဒီ သရဖူကို ရွှေသားအတိနဲ့ ပြုလုပ်ထားပြီး ပတ္တမြားနဲ့ နီလာ ကျောက်မျက် ရတနာတွေ စီချယ်ထားပါတယ်။ ချားလ်စ်ဘုရင်ရဲ့ နန်းသက်အတွင်း ဒီသရဖူကို ဒီတစ်ကြိမ်သာ သုံးစွဲမှာ ဖြစ်ပါတယ်။

There were cheers as Letsie III of Lesotho received the headband during his coronation in 1997

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၁၉၉၇ ခုနှစ်က လီဆိုသို မှာ တတိယမြောက် လက်ဆီဘုရင်ရဲ့ နန်းတက်ပွဲ ကျင်းပစဉ်

လီဆိုသို နိုင်ငံမှာတော့ ဘုရင်သစ် နန်းတက်ခဲ့ အခါမှာ နွားငယ်သားရေနဲ့ လုပ်ထားတဲ့ ခေါင်းစည်းနဲ့ ငှက်တောင်တွေကို လူထုခေါင်းဆောင် ၂ ယောက်က ဘုရင့်ခေါင်းပေါ်မှာ တပ်ဆင်ပေးကြပါတယ်။ တိရစ္ဆာန်သားရေတွေကို ဝတ်ရုံအဖြစ် ခြုံလွှမ်းသလို အပြာရောင်မှာ မိချောင်းပုံ ရွှေချည်ထိုးထားတဲ့ ဝတ်စုံကို ဝတ်ဆင်ကြပါတယ်။ အခမ်းအနားကိုလည်း အဆို အကတွေနဲ့ ဆင်နွှဲကြတာ ဖြစ်ပါတယ်။

တတိယမြောက် လက်ဆီ ဘုရင်ရဲ့ နန်းတက်ပွဲကိုတော့ မြို့တော် မာဆေရုက အားကစားကွင်းကြီးမှာ ကျင်းပခဲ့ကြပါတယ်။ အဲဒီ အခမ်းအနားကို ချားလ်စ်ဘုရင်လည်း တက်ရောက်ခဲ့သလို အဲဒီ အချိန်က တောင်အာဖရိက သမ္မတအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ နယ်လ်ဆင်မင်ဒဲလားလည်း တက်ရောက်ခဲ့ပါတယ်။