စစ်တွေ-စစ်တပ်ရဲ့ရခိုင်ပြည်နောက်ဆုံးခံတပ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရခိုင်ပြည်နယ်မြို့တော်၊ စစ်တွေမြို့ထဲက ပြည်သူ့ဆေးရုံ၊ ဥပဒေရုံးနဲ့ ရေအရင်းအမြစ်ရုံးတွေအနီးကို မတ် ၇ ရက် မနက်ပိုင်းက လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တွေမြို့နဲ့ ၅ မိုင်လောက်ပဲဝေးတဲ့ ရွှေမင်းဂံရေတပ်စခန်းအနီးမှာ တိုက်ပွဲပြင်းထန်နေပြီးလက်နက်ကြီးပစ်ခတ်သံတွေကို မြို့ခံတွေ ကြားနေရပါတယ်။
အာရက္ခတပ်တော်(အေအေ)ရဲ့ တကျော့ပြန်ထိုးစစ် နှစ်နှစ်ကျော်ကာလအတွင်း ရခိုင်ပြည်နယ်ရဲ့ သမိုင်းတလျှောက်မှာ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့က မြို့တော်ကို သိမ်းဖို့အထိ ဦးတည်လာနိုင်တဲ့ အခင်းအကျင်းကို မျက်မြင်တွေ့လာရပါတယ်။
"စစ်တွေကိုတော့ မသိမ်းသေးပေမဲ့ ရခိုင်အချုပ်အချာ ဆုံးရှုံးကတည်းက အခုချိန်ထိ ဒီလောက် နယ်မြေထိန်းသိမ်းနိုင်တာနဲ့ ပြင်းထန်တဲ့ ပုန်ကန်တိုက်ခိုက်မှု မကြုံခဲ့ဖူးဘူးလို့ ပြောလို့ရမယ်။ ဒါ ပထမဆုံးပဲ" လို့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar)ရဲ့ အကြီးတန်းသုတေသီ ကိုကျော်ထက်အောင်က ပြောပါတယ်။
ဒီနှစ် ဇန်နဝါရီ ၁၂ ရက်မှာ မြို့တည်သက်တမ်း နှစ် ၂၀၀ ပြည့်ခဲ့တဲ့ စစ်တွေမြို့ရဲ့သမိုင်းကို ပြန်ကြည့်ရင်လည်း မကြုံခဲ့ဖူးတဲ့အချိုးအကွေ့တစ်ခု ဖြစ်ပါတယ်။
စစ်တွေမြို့က စစ်ရေး၊ နိုင်ငံရေးအရ ဘယ်လောက်အရေးကြီးလဲ

ဓာတ်ပုံ ရင်းမြစ်, MOI
စစ်တွေမြို့ဟာ ပြည်နယ်တွင်းအစိုးရအုပ်ချုပ်ရေးယန္တရားလည်ပတ်ဖို့၊ ဗဟိုအစိုးရနဲ့ ချိတ်ဆက် လုပ်ကိုင်ဖို့အတွက် ပြည်နယ်အစိုးရအဖွဲ့ရုံးစိုက်ရာမြို့ ဖြစ်ပါတယ်။
စစ်တွေမြို့ဟာ လတ်တလောစစ်ရေးအခြေအနေအရ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) အခြေစိုက်ထားတဲ့မြို့လည်း ဖြစ်နေတာပါ။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ဟာ နိုင်ငံအနောက်ပိုင်းမှာရှိတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တောင်ပိုင်းက ကာကွယ်ရေး၊ လုံခြုံရေးနဲ့ စစ်ဆင်ရေး ကိစ္စရပ်တွေကို အဓိကကိုင်တွယ်တာဖြစ်ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အေအေ ထိုးစစ်ကြောင့် အမ်းမြို့အခြေစိုက် နပခဟာ ၂၀၂၄ ဒီဇင်ဘာမှာ အေအေ လက်ထဲကျသွားခဲ့အပြီးမှာ စစ်တပ်က နပခကို အရင်တိုင်းစစ်ဌာနချုပ်အခြေစိုက်ခဲ့ရာ စစ်တွေမြို့ကို ပြန်ပြောင်းရွှေ့လာခဲ့ရတာပါ။
ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့သာ စစ်ဖြစ်ခဲ့ရင် စစ်တွေကို တစ်ဖက်က တိုက်လေယာဉ်တွေ အချိန်တိုအတွင်း ဝင်လာနိုင်တယ်ဆိုတဲ့စစ်ရေးအမြင်ကြောင့် နပခကို အမ်းမြို့ဆီ ၂၀၀၀ ပြည့်နှစ်မှာ ရွှေ့ခဲ့တာလို့ တပ်မှတ်တမ်းတွေအရ သိရပါတယ်။
စစ်တပ်လက်ထဲမှာ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့နယ်တွေ ကျန်နေပေမဲ့ စစ်တွေကျရင် ရခိုင် ပြည်နယ်ကျပြီဖြစ်တယ်လို့ စစ်ရေး၊ နိုင်ငံရေးသုံးသပ်သူတွေက ဆိုပါတယ်။
"ဂုဏ်သိက္ခာအရရော နိုင်ငံရေး၊ အုပ်ချုပ်ရေးနဲ့စစ်ရေးအရရော စစ်ကောင်စီအတွက် စစ်တွေက တော်တော် အရေးကြီးပါတယ်။ အနောက်ပိုင်းစင်္ကြံတစ်ခုလုံးမှာ သူ့ရဲ့တည်ရှိမှုကို ထိန်းထားဖို့ စစ်တွေက အရေးကြီးတယ်။ နောက်ဆုံံးခံတပ်လို့တောင် ပြောလို့ရတယ်"လို့ ISP အကြီးတန်းသုတေသီ ကိုကျော်ထက်အောင်က သုံးသပ်ပါတယ်။
နိုင်ငံတကာဆက်ဆံရေးနဲ့ မဟာဗျူဟာအရ တရုတ်ရင်းနှီးမြှုပ်နှံမှုတွေဖြစ်တဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့စီမံကိန်းတွေရှိရာ ကျောက်ဖြူမြို့နယ်ကို ထိန်းထားနိုင်တာက စစ်တွေကို ထိန်းထားနိုင်တာကြောင့်ဖြစ်တယ်လို့ အကြီးတန်းသုတေသီ ကိုကျော်ထက်အောင်က ဖြည့်စွက်ပါတယ်။
စစ်တွေဟာ မြန်မာစစ်တပ်ရဲ့ ရေတပ်ရော ကြည်းတပ်ပါ အခြေစိုက်တဲ့မြို့ ဖြစ်ပါတယ်။
တိုင်းစစ်ဌာနချုပ်ဟောင်းဖြစ်တာကြောင့် တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာဦးနဲ့ ဒကစမှူး ဗိုလ်မှူးချုပ် ဆန်းထေးမောင်တို့ ထိုင်နေတဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)အပြင် အခြေစိုက် တပ်စခန်း ၁၀ ခုထက်မနည်းလည်း စစ်တွေမှာ ရှိနေတာပါ။
စစ်တပ်အတွက် ကျောက်ဖြူ၊ မာန်အောင်က ပင်လယ်ပြင်စိုးမိုးရေးနဲ့ စီးပွားရေးအတွက် အရေးကြီးသလို ရခိုင်ကမ်းရိုးတန်း ကုန်းမြေပေါ်မှာ စစ်တွေက အလွယ်တကူလက်လွှတ်မခံမယ့် ခြေကုတ်မြို့ ဖြစ်တယ်လို့ MDSI ရဲ့ စစ်ဘက်ရေးရာတာဝန်ခံ ကိုနောင်ရိုးက ပြောပါတယ်။
မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့(MDSI) ဟာ မြန်မာစစ်တပ်ရဲ့ ကြည်း၊ ရေ၊ လေ CDM တပ်ဖွဲ့ဝင်တွေနဲ့ ဖွဲ့စည်းထားတဲ့ စစ်ရေးသုတေသနအဖွဲ့ ဖြစ်ပါတယ်။
"အေအေအနေနဲ့လည်း စစ်တွေကို ရဖို့ အင်မတန် ခက်မယ်။ စစ်တပ်ကလည်း အမ်း နပခတို့လို အလွယ်တကူ အကျခံမှာ မဟုတ်ဘူးလို့ ပြောလို့ရတယ်" လို့ ကိုနောင်ရိုးက သုံးသပ်ပါတယ်။
ဒီမြို့ကျရင် စစ်တပ်အနေနဲ့ ပထမဆုံးပြည်နယ်အစိုးရအဖွဲ့ရုံး ကျသွားတဲ့အခြေအနေကို ရင်ဆိုင်ရမှာပါ။
ပြည်နယ်လွှတ်တော်ခေါ်ယူနိုင်ရေး အတွက်တောင် လွှတ်တော်အဆောက်အအုံပိုင်းကို ကြိုပြင်ဆင်နေတယ်လို့ ဒေသခံတချို့က ဆိုပါတယ်။
ဒါပေမဲ့ တိုက်ပွဲတွေကတော့ မြို့အနီးကိုရောက်လာနေပါတယ်။
MDSI ရဲ့ စစ်ဘက်ရေးရာတာဝန်ခံ ကိုနောင်ရိုးက "စစ်တွေကို ရသွားရင် အေအေကတော့ စစ်ရေးရော နိုင်ငံရေးရော နောက်တစ်ဆင့် အားသာသွားမယ်"လို့ ပြောပါတယ်။
ရခိုင်ပြည်၊ စစ်တွေရဲ့ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်ရေး

ဓာတ်ပုံ ရင်းမြစ်, Getty Images
စစ်တွေဟာ နိုင်ငံရေးနဲ့ စစ်ရေးအရ အရေးပါသလို တစ်ပြည်နယ်လုံးမှာ အဖွံ့ဖြိုးဆုံးမြို့ဖြစ်နေတာ၊ ကုလားတန်စီမံကိန်းလို နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု ရှိနေတာကလည်း မြို့ပေါ်အထိ တိုက်ပွဲခေါ်မလားဆိုတဲ့စဥ်းစားချက်ကို နှစ်ဖက်လုံးက ထည့်စဥ်းစားဖို့လိုနေတယ်လို့ လေ့လာသုံးသပ်သူတွေက ဆိုကြပါတယ်။
"ကုလားတန်စီမံကိန်းဆိုရင် အိန္ဒိယနဲ့ဆက်စပ်ပြီးတော့ ဘင်္ဂလားဒေ့ရှ်နဲ့ ကုန်သွယ်ဖို့ ဆိပ်ကမ်းက စစ်တွေမှာ အခြေစိုက်ထားတဲ့အတွက် တော်တော်အရေးကြီးတဲ့ထဲမှာပါတယ်" လို့ ရခိုင်ပြည်နယ် အခြေအနေသိရှိသူ စာရေးဆရာ ကိုဝေဟင်အောင်က ပြောပါတယ်။
ဒါအပြင် ပြည်မနဲ့ ရေကြောင်းကုန်သွယ်ရေးအတွက်လည်း စစ်တွေက ဆိပ်ကမ်းတွေက အရေးပါ ပါတယ်။
ကုလားတန်ဘက်စုံသုံးစီမံကိန်း (KMTTP ) ဟာ ၂၀၂၇ ခုနှစ်မှာ စတင်လည်ပတ်မယ်လို့ အိန္ဒိယဘက်က မနှစ်က ပြောခဲ့ပါတယ်။
အိန္ဒိယ ဆိပ်ကမ်း၊ သင်္ဘောနဲ့ ရေကြောင်းပို့ဆောင်ရေးဝန်ကြီး ဆာဘန်နန်ဒါ ဆိုနိုဝယ်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။
ကုန်းတွင်းပိတ် အိန္ဒိယ အရှေ့မြောက်ပိုင်းဒေသဟာ ဒီစီမံကိန်းကြောင့် နိုင်ငံတကာ ရေလမ်း ကြောင်းကို အချိန်ကုန် သက်သက်သာသာနဲ့ တိုက်ရိုက် ကုန်သွယ်လို့ရတော့မှာပါလို့ သူက ပြောပါတယ်။
ဒေါ်လာသန်း ၅၀၀ ရင်းနှီးမြှုပ်နှံထားတဲ့ ဒီစီမံကိန်းဟာ အိန္ဒိယဘက်ခြမ်းက မီဇိုရမ်၊ မြန်မာဘက်ခြမ်းက ပလက်ဝကနေ ရခိုင်ပြည်နယ် စစ်တွေမြို့တော်ကို ချိတ်ဆက်ထားတာ ဖြစ်ပါတယ်။
အခုဆို KMTTP စီမံကိန်းရဲ့ အစိတ်အပိုင်းအများစု ပြီးစီးနေပြီလို့ သိရပါတယ်။
စစ်တွေဆိပ်ကမ်း တည်ဆောက်မှု၊ ပလက်ဝမှာ ဆိပ်ခံတံတားတစ်ခု တည်ဆောက်မှု၊ ကုလားတန်မြစ်ကြောင်းတလျှောက် ၁၅၈ ကီလိုမီတာအထိ လမ်းကြောင်းဖော်တာတွေ ပြီးစီးသွားပြီလို့ အိန္ဒိယသတင်းဌာန The Week က ရေးသားပါတယ်။
ကုလားတန်မြစ်စီမံကိန်းဟာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို ကုန်းလမ်း ရေလမ်းနှစ်သွယ် ချိတ်ဆက်ထားတဲ့ စီမံကိန်းဖြစ်ပါတယ်။
ဒါပေမဲ့ အိန္ဒိယအစိုးရဘက်က စတင်လည်ပတ်ဖို့ ပြင်ဆင်တဲ့ ကုလားတန်ဘက်စုံသုံး စီမံကိန်းနေရာအများစုရဲ့ မြန်မာဘက်ခြမ်းမှာ အာရက္ခတပ်တော် (အေအေ) က ထိန်းချုပ်ထားပြီး စစ်တွေ ဆိပ်ကမ်းတစ်ခုတည်းကိုသာ စစ်ကောင်စီက ထိန်းချုပ်ထားပါတယ်။

အာရက္ခတပ်တော်(အေအေ) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတော့ ကုလားတန် စီမံကိန်းကို အချိန်နဲ့တပြေးညီ လုံခြုံစိတ်ချစွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ပလက်ဝကို လုံခြုံတည်ငြိမ်အောင်လုပ်ဖို့ အရေးကြီးတယ်လို့ပြောတဲ့အကြောင်း ပြီးခဲ့တဲ့နှစ်က The Week ရဲ့သတင်းမှာ ဖော်ပြထားပါတယ်။
လက်ရှိအချိန်ထိတော့ ရခိုင်ပြည်နယ်ထဲမှာ အကျိုးစီးပွားတွေရှိနေတဲ့ တရုတ်နဲ့ အိန္ဒိယတို့က စစ်ကော်မရှင်နဲ့ပဲ စကားပြောတဲ့အခြေအနေဖြစ်နေတာတွေ့ရတယ်လို့ ISP ရဲ့ အကြီးတန်း သုတေသီက ဆိုပါတယ်။
"ဘက်အသီးသီးကတော့ တစ်နေ့ ဘယ်သူထိန်းချုပ်မလဲဆိုတဲ့အခြေအနေပေါ် မူတည်ပြီး အပြောင်းအလဲတွေ ဖြစ်နေတာပါ။ စီမံကိန်းသဘောအရလည်း စက်ရုံတွေရှိတဲ့နေရာကို သိမ်းထားတာနဲ့ ပြဿနာကို ဖြေရှင်းနိုင်တာမဟုတ်ဘဲ တစ်နိုင်ငံလုံးကို ဖြတ်ထားတာကြောင့် စစ်ကောင်စီကို လုံခြုံရေးအာမခံပေးနိုင်သူအနေနဲ့ စကားပြောနေတာဖြစ်ပါတယ်" လို့ သူကပြောပါတယ်။
သုတေသနတွေ့ရှိချက်အရ အေအေကို ရင်းနှီးမြှုပ်နှံမှုပမာဏနဲ့ စကားပြောတာထက် ပြည်နယ်အတွက် ပညာသင်ဆု၊ လူသားစာနာအကူအညီလိုပုံစံမျိုးနဲ့ ပြောဆိုမှုမျိုးပဲ လုပ်တာများတယ်လို့ ကိုကျော်ထက်အောင်က ဆိုပါတယ်။
အေအေက လက်ရှိအချိန်မှာ ရခိုင်ပြည်နယ်ထဲမှာ နယ်မြေစိုးမိုးထားနိုင်တဲ့ အပေါ် မူတည်ပြီး အုပ်ချုပ်ရေးယန္တရားဖော်ဆောင်ကာ De Facto အစိုးရပုံစံနဲ့ တရားဝင်မှုရနေပြီလို့ နိုင်ငံရေး သုံးသပ်သူတွေက ဆိုပါတယ်။
နိုင်ငံတကာဆက်ဆံရေးကိုပါ လွတ်လွတ်လပ်လပ်လုပ်နိုင်တဲ့ ကွန်ဖက်ဒရိတ်အဆင့်အထိသွား မယ်လို့ ပြောထားတဲ့ အေအေက နိုင်ငံရေးအရ တရားဝင်မှုရဖို့အတွက် စစ်ရေးအားသာချက်ကနေ ဘယ်လိုပြောင်းလဲဖို့ လိုဦးမလဲ။
စစ်ရေးအရ အနိုင်ယူမလား၊ နိုင်ငံရေးလမ်းကြောင်း သွားမလား

ဓာတ်ပုံ ရင်းမြစ်, Getty Images
စစ်တွေကို အာရက္ခတပ်တော်က စစ်ရေးအရ သိမ်းဖို့တော့ ခက်လိမ့်မယ်လို့ ဘီဘီစီက မေးမြန်းခဲ့တဲ့ နိုင်ငံရေး၊ စစ်ရေးလေ့လာသုံးသပ်သူတွေက မှတ်ချက်ပြုပါတယ်။
လက်ရှိကျန်နေတဲ့ စစ်တွေအပါအဝင် မြို့နယ် ၃ ခုကလည်း တခြားမြို့နယ်တွေနဲ့ မတူတဲ့ ရေပြင်နဲ့ ကျယ်ပြန့်တဲ့ကုန်းမြေ ပထဝီအနေအထားရှိနေတာပါ။
အေအေအနေနဲ့ ဒီမြို့နယ်တွေမှာ စစ်တပ်ရဲ့ ကြည်း၊ ရေ၊ လေ စစ်ဆင်ရေးကို ကြုံလာရမှာ ဖြစ် ပါတယ်။
ဒီနှစ် ဇန်နဝါရီလအစပိုင်းကစပြီး စစ်တွေ ဒကစဘက်ကို လမ်းကြောင်း ၃ ခုကနေ လက်နက်ကြီး၊ ဒရုန်းနဲ့ပစ်ခတ်တာ၊ ကာကင်းတချို့ကို ထိုးစစ်ဆင်ထိန်းချုပ်တာတွေကို အာရက္ခတပ်တော်က လုပ်ဆောင်နေပါတယ်။
ဒကစရဲ့အရှေ့ဘက် ဂန့်ဂေါ်ကျွန်း၊ မြောက်ဘက်က ကျားမသောက်နဲ့ အရှေ့မြောက်ဘက် တောကန် ရွာတွေဘက်ကနေ အေအေက လှမ်းပစ်ခတ်နေပြီး စစ်တပ်ကလည်း ပြန်လည် ပစ်ခတ် တုံ့ပြန်နေပါတယ်။
ဒီအခြေအနေက စစ်ဗျူဟာစမ်းတဲ့အခြေအနေဖြစ်တယ်လို့ MDSI စစ်ဘက်ဆိုင်ရာတာဝန်ခံ ကို နောင်ရိုးက ပြောပါတယ်။
"အေအေက ရခိုင်တပြည်လုံးကို သိမ်းမယ်လို့ ပြောထားတာရှိတယ်။ အေအေက လုံလောက်တဲ့ပြင်ဆင်မှုတွေရှိလို့ ကျောက်ဖြူနဲ့ စစ်တွေမှာ စစ်ရေးတကျော့ပြန်လာတယ်လို့ ယူဆတယ်"လို့ သူက ပြောပါတယ်။
စစ်တပ်ကလည်း အေအေရဲ့ စစ်အင်အားတွေကို ကွဲအောင် ကျောက်ဖြူတို့၊ စစ်တွေတို့၊ မကွေးနဲ့ ပဲခူးတိုင်းအစပ်တို့မှာ စစ်မျက်နှာခွဲပြီး ပင်လယ်ပြင်စစ်ဆင်ရေးပြင်ဆင်ကာ အေအေရဲ့ စစ်ရေး ဗဟိုချက်ပြန့်အောင်လုပ်နေတယ်လို့ ကိုနောင်ရိုးက ယူဆပါတယ်။
"စစ်တပ်ကလည်း အေအေကို တန်ပြန်စစ်ဗျူဟာ ခင်းနေတယ်လို့ ယူဆတယ်။ ရွေးကောက်ပွဲ အလွန်မှာ ငြိမ်းချမ်းရေးကိစ္စတွေ မဖြစ်မနေ ဆွေးနွေးဖို့ ရှိလာခဲ့ရင် အရေးကြီးနေရာတချို့ အထူး သဖြင့် ပြည်နယ်တောင်ပိုင်းဒေသ၊ သံတွဲလိုနယ်မြေကို ပြန်ရချင်တာ ရှိတယ်" လို့ ဆိုပါတယ်။
အရင်ကျခဲ့တဲ့ စစ်ဌာနချုပ်တိုက်ပွဲတွေကနေ သင်ခန်းစာယူပြီး စစ်တွေအပါအဝင် ဒေသအတော် များများမှာ တပ်အင်အားနဲ့ နည်းပညာပေါင်းစပ်ပြီး စစ်တပ်က ခံစစ်ပြင်လာတယ်လို့ သူကဖြည့် စွက်ပြောပါတယ်။
ဒေသခံတွေပြောပြချက်အရ စစ်တပ်က စစ်တွေနဲ့ ကုန်းမြေချင်းထိစပ်နေတဲ့ ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင်မြို့ နယ်အစပ်တွေမှာ မိုင်းကွင်းတွေ ရှိတာ၊ ဆက်သွယ်ရေး ကတုတ်ကျင်းတွေ အခိုင်အမာဆောက်ထားတယ်လို့ သိရပါတယ်။
ရေပြင်စစ်ဆင်ရေးအတွက်လည်း ရှေ့နှစ်ထဲမှာ ရုရှားနဲ့ တတိယအကြိမ်မြောက် စစ်ရေးလေ့ ကျင့်ချိန်မှာ ကမ်းတက်စစ်ဆင်ရေးနဲ့ ပင်လယ်ပြင်ထောက်ပံ့ရေးလေ့ကျင့်တာပါ ပြင်ဆင်လာပါတယ်။
"အရင်ကလို သမားရိုးကျရေတပ်မဟုတ်ဘဲ ခြေလျင်တပ်ကို အနီးကပ်ပေါင်းစပ်ပစ်ကူပေးတဲ့ ရေတပ်ဖြစ်အောင် လေ့ကျင့်နေတယ်။ ဒါကြောင့် အေအေအနေနဲ့ တချို့စစ်နည်းဗျူဟာနဲ့ ကျွမ်းကျင်မှုတွေရှိနေခဲ့ရင်တောင် ဒါနဲ့သင့်လျော်တဲ့လက်နက်ရှိရဲ့လားဆိုတာ စဥ်းစားရတယ်" လို့ MDSI ရဲ့ စစ်ဘက်ရေးရာတာဝန်ခံက ဆိုပါတယ်။
ရခိုင်စစ်မျက်နှာပြင်မှာ တိုင်းစစ်ဌာနချုပ်အထိသိမ်းခဲ့တဲ့ အေအေရဲ့ထိုးစစ်တွေကို ပြန်ကြည့်ရင် အေအေဟာ ရှိတဲ့လက်နက်နဲ့ အကောင်းဆုံးစစ်နည်းဗျူဟာပေါင်းစပ်လုပ်ဆောင်တဲ့နေရာမှာ တခြား တိုင်းရင်းသားလက်နက်ကိုင်တပ်(ERO)တွေထက် ထူးခြားတယ်လို့ စစ်ရေးသုံးသပ်သူတွေက ယူဆပါတယ်။
အေအေက ဂွမြို့နယ်၊ ပေါက်တောနဲ့ မာန်အောင်-ရမ်းဗြဲကျွန်းကြားတို့မှာ စစ်တပ်ရဲ့ သင်္ဘောတွေကို ပစ်ချခဲ့ဖူးပါတယ်။
ဒါပေမဲ့ စစ်တပ်က ရခိုင်ပြည်နယ်ရဲ့ စစ်ရေး၊ နိုင်ငံရေးကို အထိုင်ကျထားတဲ့ စစ်တွေကို လက်လွှတ်မှာမဟုတ်ဘဲ ကျောက်ဖြူနဲ့ မာန်အောင်ဘက်မှာ ရေတပ်အင်အားဖြည့်ဆည်းပြင်ဆင်ပြီး ရခိုင်တောင်ပိုင်း ပြန်လည်စိုးမိုးရေးကို ဦးတည်နေတယ်လို့ MDSI က ကိုနောင်ရိုးက သုံးသပ်ပါတယ်။
အေအေဘက်ခြမ်းကိုကြည့်ရင်တော့ ၂၀၂၃ နိုဝင်ဘာလကနေ ၂၀၂၄ ဒီဇင်ဘာလအထိ ၁၄ လတာအတွင်း တိုင်းစစ်ဌာနချုပ်အပါအဝင် မြို့နယ် ၁၄ ခုကို သိမ်းခဲ့တာကြောင့် တစ်မြို့နယ် ၁ လနှုန်းထိုးစစ်ဆင် သိမ်းပိုက်ခဲ့တာလို့ ပြောနိုင်ပါတယ်။
သိမ်းပြီးတဲ့မြို့နယ်တွေကို ၂၀၂၅ ခုနှစ်အတွင်းမှာ အုပ်ချုပ်ရေးနဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေ ပေးဖို့ အေအေက ပြင်ဆင်ခဲ့ပါတယ်။
ရခိုင်ပြည်နယ်ရဲ့ စစ်ရေး၊ နိုင်ငံရေးအခြေအနေသိရှိသူက စာရေးဆရာ ကိုဝေဟင်အောင်က " ရခိုင်ပြည်ထဲက မြို့တစ်ခုကို သိမ်းမယ်ဆိုရင် ထိုးစစ်ကာလ၊ သိမ်းတဲ့ကာလ၊ ထိန်းတဲ့ကာလကို စနစ်တကျတွက်ချက်တယ်လို့ ပြောလို့ရပါတယ်" လို့ ဘီဘီစီကို ပြောပါတယ်။
စစ်တပ်နဲ့ အေအေရဲ့စစ်တွေမြို့သိမ်းရေး၊ ထိန်းရေးအတွက် ထည့်စဥ်းစားရမယ့်အချက်တွေ၊ အားသာချက်နဲ့ အားနည်းချက်တွေ ရှိပါတယ်။
အေအေက စစ်ရေး၊ နိုင်ငံရေးနဲ့ နိုင်ငံတကာဖိအားအရပါ စဥ်းစားစရာရှိနိုင်တယ်လို့ ISP ရဲ့ အကြီးတန်းသုတေသီ ကိုကျော်ထက်အောင်က သုံးသပ်ပါတယ်။
"ခဲယမ်းမီးကျောက် စဥ်းစားချက်တွေ၊ တိုက်ပွဲဖော်ဆောင်ဖို့အတွက် ကြီးမားတဲ့ ကုန်းမြေကို ကြည်း၊ ရေ၊လေ စစ်ဆင်ရေးဆင်နွှဲရမှာပါ။ စစ်တပ်ကလည်း အများကြီးပြင်ဆင်ချိန်ရထားတယ်" လို့ သူကပြောပါတယ်။
"နိုင်ငံတကာဖိအားကတော့ အိန္ဒိယ စီမံကိန်းတွေရှိနေမှာပါ" လို့ ကိုကျော်ထက်အောင်က ဆိုပါတယ်။
အရေးကြီးဆုံးက စစ်ရေးပြင်ဆင်ရမှုနဲ့ အကန့်အသတ်ဖြစ်တယ်လို့ သူက သုံးသပ်ပါတယ်။
"ရက္ခိုင့်တပ်တော်ရရှိထားတဲ့ နယ်မြေကြီးမားတာကို စစ်တပ်က လက်ခံမှာ မဟုတ်ဘူး။ နှစ်ဘက် လုံးက တစ်ဘက်ရဲ့ဖြစ်တည်မှုကို ဘယ်လောက်ထိ လက်ခံကြမလဲဆိုတဲ့ မျှခြေကို အခုထိ မတွေ့ သေးဘူး" လို့ ကိုကျော်ထက်အောင်က ဆိုပါတယ်။
စတည်ထောင်ချိန်ကတည်းက ရခိုင်တပြည်လုံးသိမ်းဖို့အထိ စစ်ရေးရည်မှန်းချက်ကြီးတဲ့ အေအေနဲ့ အနောက်ပိုင်းစင်္ကြံစိုးမိုးရေးအတွက် စစ်တွေကို ကျားကုတ် ကျားခဲ ဆုတ်ကိုင်ထားမယ့် စစ်တပ်တို့ဟာ မျှခြေတစ်ခုကို ရောက်ပြီးမှ အပစ်ရပ်ရေးနဲ့ နိုင်ငံရေးလမ်းကြောင်းဘက်ကို ရောက်လာနိုင်မှာဖြစ်ပါတယ်။
"စစ်တွေကို နိုင်ငံရေးအရ သိမ်းမလား စစ်ရေးအရသိမ်းမလားဆိုတာက တွက်ဆရခက်ပေမဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က အင်္ဂါဂြိုလ်ပေါ်က လာတားရင်လည်း သိမ်းမယ်လို့ဆိုပြီး ပြောထားလို့ ပုံစံတမျိုးမျိုးနဲ့တော့ သိမ်းမယ်လို့ ယူဆနိုင်ပါတယ်" လို့ စာရေးဆရာ ကိုဝေဟင်အောင်က ဆိုပါတယ်။











