စစ်တပ်က ရေတပ်အင်အားသုံးလာတဲ့ ရခိုင်စစ်မျက်နှာ

စစ်ရေယာဉ် ပင်လယ်ပြင် လက်တွေ့လေ့ကျင့်ခန်း မှာ တွေ့ရတဲ့ စစ်ခေါင်းဆောင် (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ဓာတ်ပုံ ပုံစာ, စစ်ရေယာဉ် ပင်လယ်ပြင် လက်တွေ့ လေ့ကျင့်ခန်းမှာ တွေ့ရတဲ့စစ်ခေါင်းဆောင် (ပုံဟောင်း)

အဆင့်မြင့်စစ်သင်္ဘောတွေနဲ့ ကင်းလှည့်ရေယာဉ်တွေကို နှစ်စဉ်နီးပါး တပ်တော်ဝင် အင်အားဖြည့်တင်းနေတဲ့ မြန်မာစစ်တပ်ဟာ အာရက္ခတပ်တော် (အေအေ)နဲ့ တိုက်ပွဲဖြစ်နေတဲ့ ရခိုင်စစ်မျက်နှာပြင်မှာ ရေတပ်အင်အား တိုးလို့ ဖြန့်ကြက်နေပါတယ်။

အရေးပေါ် ချိန်မှာ ရေတပ်ကိုအကူအညီပေးဖို့ ကမ်းခြေစောင့်တပ်ကိုပါ ဖွဲ့စည်းခဲ့တဲ့ မြန်မာစစ်တပ်ဟာ သူ့ထိန်းချုပ်မှုအောက်ရှိနေသေးတဲ့ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင် ရေပိုင်နက်ထဲမှာ စစ်သင်္ဘောတွေကို ပိုထားလာတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

အာရက္ခတပ်တော်(အေအေ) သိမ်းပိုက်ထားတဲ့ သံတွဲနဲ့ ဂွမြို့နယ်တွေ ရှိတဲ့ပင်လယ်ပြင်မှာ ဆိုရင် ပြီးခဲ့တဲ့လပိုင်းကစပြီး စစ်သင်္ဘောတွေ ဆယ်စင်းထက််မနည်း မြင်လာရတယ်လို့ စစ်ရေးအရင်းအမြစ်နဲ့ ဒေသခံအခြေအနေသိရှိသူတွေပြောပြချက်အရ သိရပါတယ်။

ပင်လယ်ပြင်ဘေးက ရခိုင်ပြည်နယ်ဟာ မြန်မာစစ်တပ်အတွက် ရေတပ်အင်အားကို အသုံးပြုဖို့ အခွင့်အလမ်းပိုစေပြီး ကုန်းတွင်းကနေ ထိုးဖောက်မလာနိုင်တဲ့နေရာတွေကို ရေပြင်ကနေ စုဖွဲ့အင်အားတွေ ပြင်ဆင်လာတာတာလို့ စစ်ရေးကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

ဒီအချိန်မှာပဲ ရခိုင်ပြည်နယ်ထဲ နယ်မြေအများစုကို ထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော်(အေအေ)ကလည်း စစ်တပ်ရဲ့လေကြောင်းအပြင် ရေကြောင်းကိုပါ သတိထားဖို့နဲ့ ကမ်းဝေး ငါးဖမ်းလုပ်ငန်းတွေကိုလည်း သွားလာချိန် ကန့်သတ်လိုက်ပါတယ်။

ကမ်းနား ကပ်လာတဲ့ စစ်သင်္ဘောတွေ

ပင်လယ်ကမ်းရိုးတန်း ရေပြင်ခြားတဲ့ မာန်အောင် ကျွန်းနဲ့ ရမ်းဗြဲကျွန်းရှိရာ ရခိုင်ပြည်နယ်ကို အဝါရောင် အနုအရင့်နဲ့ ပြသထားတဲ့ မြေပုံအညွှန်း

ပြည်တွင်းမှာ

စစ်သင်္ဘောတွေဟာ စစ်တပ်အုပ်ချုပ်မှုအောက်မှာ ရှိနေတဲ့ မာန်အောင်ကျွန်းနဲ့ အေအေ ထိန်းချုပ်ထားတဲ့ ရမ်းဗြဲကျွန်းကြားမှာ အရင်က ၃ စင်းလောက် ရှိတာကနေ အောက်တိုဘာ ဒုတိယပတ်လောက်ကစပြီး ၁၀ စင်းအထိ ရှိလာပါတယ်။

စစ်တပ်လက်လွှတ်လိုက်ရတဲ့ သံတွဲနဲ့ ဂွမြို့နယ်ကမ်းခြေတစ်လျှောက် ပင်လယ်ပြင်မှာလည်း အရင်က ၇ စင်းဝန်းကျင် ရှိတာကနေ အခု ၁၀ စင်းဝန်းကျင်ရှိနေတယ်လို့ ဒေသအခြေအတွေကို သိရှိသူနဲ့ AA စစ်ရေးအရင်းအမြစ်တွေက အတည်ပြုကြပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒါ့အပြင် ဒီစစ်သင်္ဘောတွေဟာ ကမ်းနဲ့လည်း ပိုနီးနီးကပ်ကပ် နေရာယူလာကြတယ်လို့ ဆိုပါတယ်။

"အရင်က စစ်သင်္ဘောတွေကို သိပ်မမြင်ရပေမဲ့ အခုဆို ဂွ၊ သံတွဲ(ငပလီ) ကမ်းခြေကနေ လှမ်းကြည့်ရင်ကို ဒေသခံတွေ မြင်နေရတာ" လို့ ဒေသအခြေအနေကို သိရှိသူ အမျိုးသမီးတစ်ယောက်က ပြောပါတယ်။

ရခိုင်ပြည်နယ်ထဲက အေအေထိန်းချုပ်ထားတဲ့မြို့နယ်တွေမှာ ပြီးခဲ့တဲ့လတွေအတွင်း စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လူထိခိုက်သေဆုံးမှု ဆယ်ချီခဲ့ပါတယ်။

ဒါတင်မက စစ်သင်္ဘောတွေကနေ ပစ်ခတ်တာတွေဟာ ဒီနှစ်ဩဂုတ်ကစပြီး ခပ်စိပ်စိပ် ရှိလာတာကို အေအေက ထုတ်ပြန်ချက်တွေမှာ မြင်ရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၂ ရက်က ဆိုရင် သံတွဲမြို့နယ်၊ ငပလီကမ်းခြေ၊ ဂျိတ္တောရပ်ကွက်ကို စစ်သင်္ဘောတွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် နေအိမ်တွေ ထိခိုက်ပျက်စီးတာတွေ ရှိခဲ့ပါတယ်။

"အရင်က စစ်သင်္ဘောတွေ ပင်လယ်ကနေ ပစ်ရင် ကမ်းခြေနားကိုလောက် ကျည်ကျတာများတယ်။ အခုနောက်ပိုင်းမှာ သူတို့က ကျွန်းတွေကို အကာအကွယ်ယူပြီး နီးနီးကပ်ကပ် လက်နက်ကြီးနဲ့ပစ်တော့ ရွာတွေထဲအထိကျလာတာ ခပ်စိပ်စိပ်ဖြစ်လာတယ်"လို့ စစ်သင်္ဘောတွေ ကမ်းခြေဘက် ဦးတည်လာတဲ့အခြေအနေကို ဒေသအခြေအနေ သိရှိသူက ပြောပြပါတယ်။

ဒီလိုပစ်ခတ်မှုတွေကြောင့် ကမ်းခြေနားမှာ နေထိုင်ကြတဲ့ ဂွနဲ့ သံတွဲမြို့နယ်က ကျန်နေတဲ့ ဒေသခံတွေဟာ တခြားနေရာတွေကို ထပ်ရွှေ့ပြောင်းကြရပါတယ်။

စစ်ရေယာဉ် ပင်လယ်ပြင် လက်တွေ့လေ့ကျင့်ခန်း (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ဓာတ်ပုံ ပုံစာ, စစ်ရေယာဉ် ပင်လယ်ပြင် လက်တွေ့လေ့ကျင့်ခန်း (ပုံဟောင်း)

စစ်တပ်က ရခိုင်မှာ ရေတပ်အင်အား ဘာကြောင့်ဖြည့်

တချို့ စစ်သင်္ဘောတွေမှာ ရဟတ်ယာဉ်၊ တင့်ကားလိုမျိုး စစ်သုံးယာဉ်တွေပါ တင်လို့ရပါတယ်။ (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ဓာတ်ပုံ ပုံစာ, တချို့ စစ်သင်္ဘောတွေမှာ ရဟတ်ယာဉ်၊ တင့်ကားလိုမျိုး စစ်သုံးယာဉ်တွေပါ တင်လို့ရပါတယ်။ (ပုံဟောင်း)

ဒေသအခြေအနေ သိရှိသူတွေ၊ စစ်ရေးအကဲခတ်တွေနဲ့ AA စစ်ရေးအရင်းအမြစ် ပြောပြချက်တွေအရ စစ်တပ်က ရေတပ်အင်အားဖြည့်တာနဲ့ပတ်သက်ပြီး အချက် ၂ ချက်ကို တွေ့ရပါတယ်။

ပထမတစ်ချက်က ရခိုင်ပြည်နယ်ထဲက မြို့နယ် ၇ ခုမှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ စစ်ကော်မရှင်က ထုတ်ပြန်ထားတဲ့မြို့နယ်တွေမှာ မဖြစ်မနေ ကျင်းပဖို့ ရည်ရွယ်ထားတာကြောင့် ဖြစ်တယ်လို့ သူတို့က ပြောပါတယ်။ အဲဒီမြို့နယ်တွေမှာ AA သိမ်းပိုက်ထားတဲ့ မြို့နယ်တွေလည်း ပါဝင်နေပါတယ်။

နောက်တစ်ချက်ကတော့ စစ်တွေနဲ့ ကျောက်ဖြူထဲက မြို့တစ်ခုခု၊ အထူးသဖြင့် ကျောက်ဖြူကို ရွေးကောက်ပွဲ ကျင်းပခါနီးမှာ လက်လွှတ်လိုက်ရတာမျိုးမဖြစ်ဖို့ ရည်ရွယ်တာဖြစ်နိုင်တယ်လို့လည်း အကဲခတ်တွေက ပြောပါတယ်။

ရခိုင်ပြည်နယ်ထဲက မြို့နယ်ပေါင်း ၁၇ ခုမှာ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့တွေက လွဲရင် ကျန်မြို့နယ်တွေက AA သိမ်းပိုက်ထားပါတယ်။

စစ်တပ်က ကျင်းပမယ့် မြို့နယ် ၇ ခုထဲမှာ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်ကို ရွေးကောက်ပွဲ ပထမပိုင်း ကျင်းပမယ့် မြို့နယ် ၁၀၂ ခုမှာ ထည့်သွင်းထားပါတယ်။

ရွေးကောက်ပွဲ မကျင်းပတဲ့ မြို့နယ် ၅၆ ခုမှာတော့ စစ်တပ် လက်လွှတ်ထားရတဲ့ အမ်း၊ သံတွဲ၊ တောင်ကုတ်နဲ့ ဂွမြို့စတဲ့မြို့နယ် ၄ ခုကို ထည့်သွင်းထားတာ မရှိတဲ့အတွက် ရွေးကောက်ပွဲ ကျင်းပဖြစ်အောင် စစ်ရေးအရ ဖိအားပေးဖို့ ပြင်ဆင်လာတာဖြစ်တယ်လို့လည်း စစ်ရေးအကဲခတ်တွေက မှတ်ချက်ပေးပါတယ်။

"စစ်သင်္ဘောတွေသုံးတာက ရေတပ်အင်အားဖြည့်တာမျိုးထက် ရေတပ်ကို သုံးပြီး စစ်အင်အားရွှေ့ပြောင်းတာမျိုး လုပ်မယ့်သဘောပဲ။ ရွေးကောက်ပွဲလုပ်ဖို့ကို မဖြစ်ဖြစ်အောင်လုပ်ပြီး ရွေးကောက်ပွဲ အထမြောက်တယ်ဆိုပြီး လုပ်မှာပဲ"လို့ CDM ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။

ရခိုင်ပြည်နယ်ထဲက လက်လွှတ်လိုက်ရတဲ့ တချို့မြို့တွေကို ပြန်သိမ်းပိုက်ဖို့ ပြင်ဆင်နေတဲ့ စစ်တပ်ရဲ့ အရိပ်အခြေတွေကို AA က ကြိုမြင်ထားတာကြောင့် ရေကြောင်း၊ လေကြောင်းအန္တရာယ်ကို သတိပေးနေပါတယ်။

စစ်သင်္ဘောတွေကို ဘယ်လိုအင်အားဖြည့်နိုင်ခြေရှိလဲ

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီမှာ အာရက္ခတပ်တော်က သိမ်းဆည်းရရှိတဲ့ စစ်သင်္ဘော

ဓာတ်ပုံ ရင်းမြစ်, AA Info Desk

ဓာတ်ပုံ ပုံစာ, ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီမှာ အာရက္ခတပ်တော်က သိမ်းဆည်းရရှိတဲ့ စစ်သင်္ဘော

ရခိုင်ပြည်နယ်ထဲကို စစ်တပ်က ကုန်းပိုင်းကနေ ဝင်ရောက်နိုင်တဲ့ ဧရာဝတီတိုင်း၊ မကွေးတိုင်းနဲ့ ပဲခူးတိုင်း အစပ်နေရာတွေမှာလည်း AA က ထိုးစစ်တွေ၊ တန်ပြန်ခံစစ်တွေကြောင့် တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

ဒါကြောင့် စစ်ကော်မရှင်တပ်ဟာ ရခိုင်မှာ ရေတပ်ကို သုံးပြီး အားဖြည့်နေရတဲ့ အခြေအနေလို့ နားလည်ရပါတယ်။

စစ်သင်္ဘောအင်အားတွေကို ရခိုင်ပြည်နယ်ထဲက အနီးစပ်ဆုံးဖြစ်တဲ့ ဓညဝတီရေတပ်၊ ရခိုင်ကမ်းရိုးတန်းနဲ့ ကမ်းခြေတဆက်တည်းဖြစ်တဲ့ ဧရာဝတီတိုင်း၊ ဟိုင်းကြီးကျွန်းမြို့နယ် ပမ္မဝတီရေတပ်စခန်း၊ ရန်ကုန်တိုင်းထဲက သီလဝါ ရေတပ်စခန်းတွေကနေ အင်အားဖြည့်တင်းတာ ဖြစ်နိုင်တယ်လို့ CDM ရေတပ် အရာရှိ ရက်ဗ်ပါ့ခ်(အမည်လွှဲ)က ပြောပါတယ်။

"ရေတပ်ဗျူဟာ ကမ်းနီး၊ ကမ်းဝေး စစ်သင်္ဘောအမျိုးအစားနဲ့ အရွယ်အမျိုးမျိုးရှိပေမဲ့ ဗျူဟာတစ်ခုတည်းမှာ အစင်း ၂၀ တော့ မရှိဘူး‌ပေါ့။ အခုလို ဆယ်ချီတဲ့ စစ်သင်္ဘောအရေအတွက်ဆိုရင် သူတို့လိုအပ်တဲ့ စစ်သင်္ဘောကို ဗျူဟာတွေကနေ ခေါ် အင်အားဖြည့်ထားတာ။ လက်နက်ကြီးတွေကလည်း ရေယာဉ်တွေမှာ တပ်ဆင်ထားပြီးသား အသင့်ရှိတာပေါ့ "လို့ ပြောပါတယ်။

လေ့ကျင့်သားရှိတာအပြင်် ရေဒါလို နည်းပညာကို အသုံးပြုမှုတွေကြောင့် စစ်သင်္ဘောကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေဟာ ပစ်မှတ်ကို အနီးဆုံးရောက်နိုင်ပြီး ထိခိုက်ပျက်စီးနိုင်ခြေလည်း ပိုတယ်လို့ သူကပြောပါတယ်။

စစ်တပ်က အာဏာမသိမ်းခင်က ရေတပ်လေ့ကျင့်ရေး၊ ဒါမှမဟုတ် စစ်ဆင်ရေးတစ်ခုအတွက် ပင်လယ်ပြင်ကို ထွက်ရရင် တစ်လ ဝန်းကျင်သာ ကြာပေမဲ့ အခုကာလမှာ အနည်းဆုံး ၆ လအထိ ကြာလာတယ်လို့ ရေတပ်ထဲက ရရှိတဲ့ သတင်းအချက်အလက်ကို သူက ပြန်ပြောပါတယ်။

ပင်လယ်ပြင်သုံး စစ်သင်္ဘာတွေအများစုဟာ ရေစူးအနက်က အနည်းဆုံး ၁၀ ပေအထိ ရှိတာကြောင့် ကမ်းခြေအထိ ကပ်လို့မရဘဲ ရေနက်ဆိပ်ကမ်းတို့လို ၊ပင်လယ်ပြင်သွား သင်္ဘောတွေ ဆီဖြည့်နိုင်တဲ့ဆိပ်ကမ်းတွေကိုသာ ဆိုက်ကပ်နိုင်တယ်လို့ သူက ပြောပါတယ်။

"ကမ်းတက်စစ်ဆင်ရေး သင်္ဘောတွေကျတော့ လူရော၊ သံချပ်ကာ ကားတွေရော တင်လို့ရတယ်။ ပြီးရင် ရေစူးတိမ်တဲ့နေရာအထိ ကမ်းထိုးပြီး လူချလို့ရတယ်။ ဒါပေမဲ့ AA ထိန်းချုပ်တဲ့ နေရာတွေကိုတော့ ကပ်လို့မရနိုင်ဘူး" လို့ CDM ရေတပ် အရာရှိ ရက်ဗ်ပါ့ခ် (အမည်လွှဲ) က ပြောပါတယ်။

ဒါ့ကြောင့် စစ်တပ်အနေနဲ့ သူလက်လွှတ်ရတဲ့ မြို့တွေ ပြန်သိမ်းဖို့ထက် အဲဒီမြို့နယ်တွေမှာ မတည်ငြိမ်အောင် ခြောက်လှန့်ဖို့နဲ့ စစ်ရေးဖိအားပေးဖို့ ရေတပ်အင်အားဖြည့်တာ ဖြစ်နိုင်တယ်လို့ မှတ်ချက်ပေးပါတယ်။

အာရက္ခတပ်တော် (AA) အနေနဲ့ မြစ်ကြောင်းသွား စစ်ဘက်သုံးရေယာဉ်တွေကို ပစ်ခတ်နိုင်ခဲ့တာတွေလည်း ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီအတွင်းမှာ ကျောက်တော်နဲ့ မင်းပြားမှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေအတွင်း စစ်တပ်ရဲ့ ဇက်သင်္ဘောနဲ့ စစ်သင်္ဘော အပါအဝင် ၉ စင်းကို နစ်မြုပ်အောင် တိုက်ခိုက်ခဲ့ တယ်လို့ AA က ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမဲ့ ရခိုင်ပင်လယ်ပြင်က စစ်တပ်ရဲ့ရေတပ်အင်အားကို တုံ့ပြန်ဖို့ အေအေမှာ အကန့်အသတ်များတယ်လို့ မှတ်ချက်ပေးကြတာလည်း ရှိပါတယ်။

"မြစ်ချောင်းထဲမှာ ရှိတဲ့ စစ်သင်္ဘောကို ပစ်တာက ထိဖို့များပေမဲ့ ပင်လယ်ပြင်မှာ ရွှေ့လျားနေတဲ့ သင်္ဘောကိုတော့ ပစ်နိုင်ဖို့က တော်တော် မလွယ်ဘူး။ ဒရုန်းနဲ့ဆိုလည်း ဒီလောက် အဝေးကြီးကို လွှတ်ဖို့မလွယ်ဘူး"လို့ CDM ရေတပ် အရာရှိက ပြောပါတယ်။

ဒီအချက်ကို AA စစ်ရေးအရင်းအမြစ်ကလည်း လက်ခံပါတယ်။

"AA မှာ ကမ်းခြေစောင့်တပ် ရှိပေမဲ့ ပင်လယ်ပြင် စစ်ပွဲတော့ ဖန်တီးနိုင်တာ မရှိသေးဘူး" လို့ စစ်ရေးအရင်းအမြစ်က ပြောပါတယ်။

စစ်တပ်က ကျောက်ဖြူ၊ စစ်တွေမြို့တွေကို စစ်အင်အား တိုးမြှင့်နေတာအပြင် သံတွဲနဲ့ ဂွမြို့နယ်တွေမှာ ပင်လယ်ရေကြောင်း စစ်သင်္ဘောတွေ သွားလာနေတယ်လို့ AA က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ကင်းထောက်လေယာဉ်တွေလည်း မကြာခဏ လှည့်ပတ်ပျံဝဲနေတာတွေ အခုရက်ပိုင်းမှာ ပိုတွေ့လာရတယ်လို့ သတိပေးထားပါတယ်။

AA ကန့်သတ်လိုက်တဲ့ ကမ်းဝေးငါးဖမ်းလုပ်ငန်း

ပင်လယ်ငါးဖမ်းလုပ်ငန်းဟာ ရခိုင်ပြည်သူတွေအတွက် အဓိက အသက်မွေးဝမ်းကြောင်းတစ်ခုဖြစ်ပါ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပင်လယ်ငါးဖမ်းလုပ်ငန်းဟာ ရခိုင်ပြည်သူတွေအတွက် အဓိက အသက်မွေးဝမ်းကြောင်းတစ်ခုဖြစ်ပါ

ပင်လယ်ကမ်းရိုးတန်းဒေသ ရခိုင်ပြည်နယ်မှာ လူထုရဲ့ အဓိက အသက်မွေးလုပ်ငန်းတွေထဲမှာ ရေလုပ်ငန်းလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။

ရခိုင်မှာ မိုးတွင်းကာလ မုန်တိုင်းနဲ့ ပင်လယ်လေလှိုင်း ပြင်းထန်တာတွေကြောင့် ရပ်နားထားရတဲ့ ရေလုပ်ငန်းကို မိုးပါးသွားတဲ့ အောက်တိုဘာ လောက်ကစပြီး ပြန်လုပ်ကိုင်လေ့ရှိကြပါတယ်။

ဒါပေမဲ့ ကမ်းဝေးငါးဖမ်းလုပ်ငန်းအတွက် ထွက်သွားတဲ့ သံတွဲမြို့နယ်က ငါးဖမ်းစက်လှေတချို့ဟာ စစ်သင်္ဘောရဲ့ ဖမ်းဆီးတာတွေကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ရှိခဲ့တယ်လို့ ဒေသနဲ့ နီးစပ်သူတွေနဲ့ AA စစ်ရေးအရင်းအမြစ်က ပြောပါတယ်။

ကျားဖောင်လို့ခေါ်တဲ့ ကမ်းဝေးငါးဖမ်းစက်လှေတစ်စင်းမှာ ရေလုပ်သား အယောက် ၂၀ ကျော်ကနေ ၃၀ ဝန်းကျင် ရှိသလို ကမ်းနီး ငါးဖမ်းသူတွေမှာတော့ ၅ ယောက် ဝန်းကျင်လောက် ရှိကြပါတယ်။

အောက်တိုဘာအတွင်းမှာတင် သံတွဲ ငပလီကမ်းခြေကနေ ငါးဖမ်းထွက်သွားတဲ့ ကမ်းနီးစက်လှေတစ်စင်းက လူ ၄ ယောက်နဲ့ ကမ်းဝေး စက်လှေတစ်စင်းက လူ ၂၄ ယောက် စစ်သင်္ဘော တစ်စင်းကနေ ဖမ်းဆီးလိုက်တာခံရပြီး အဆက်အသွယ်ပြတ်နေတယ်လို့ ဒေသနဲ့နီးစပ်သူက ပြောပါတယ်။

ရေတပ် CDM အရာရှိကတော့ စစ်သင်္ဘောတွေရဲ့ ရေစူးနဲ့ အရှိန်ဟာ မြန်မြန်ဆန်ဆန် သွားနိုင်တာကြောင့် အရှိန်နည်းနည်းသာ သွားနိုင်တဲ့ မသင်္ကာတဲ့ငါးဖမ်းစက်လှေတွေကို ဖမ်းမိနိုင်ခြေရှိတယ်လို့ ပြောပါတယ်။

"ငါးဖမ်းစက်လှေအနေနဲ့ စစ်သင်္ဘောကို ဘယ်လိုမှ ပြေးမလွတ်ဘူး။ စစ်သင်္ဘောကနေ ဖမ်းလို့ရတယ်၊ မဖမ်းရင်တောင် ပစ်ခတ်ပြီး နစ်မြှုပ်လိုက်လို့ရတယ်" လို့ ရှင်းပြပါတယ်။

အေအေကတော့ လုံခြုံရေးအတွက် အလေးထားစဉ်းစားပြီး ပင်လယ်ပြင်မှာ ငါးဖမ်းခွင့်ကို သံတွဲနဲ့ ဂွမြို့နယ်တွေနားမှာ ည ၆ နာရီကနေ မနက် ၆ နာရီအထိ အကန့်အသတ်မရှိ ပိတ်လိုက်ပြီလို့ ကြေညာပါတယ်။

မနက် ၆ နာရီကနေ ညနေ ၆ နာရီအထိတော့ ငါးဖမ်းခွင့်ပေးထားပေမဲ့ ကမ်းအဝေးကို သွားမဖမ်းကြဖို့နဲ့ စစ်သင်္ဘောတွေလာတာ တွေ့တာနဲ့ ကမ်းကို အမြန်ဆုံး ကပ်ဖို့ကိုလည်း သတိပေးထားပါတယ်။

ပင်လယ်ငါးဖမ်းလုပ်ငန်းသဘောအရ လှိုင်းလေ ငြိမ်တဲ့ ညအချိန်ကို အမှီပြုပြီး ဖမ်းကြရတာလို့လည်း ဒေသခံတွေက ပြောပါတယ်။

ညဘက်မှာ ငါး လုံးဝ မဖမ်းဖို့ တားမြစ်လိုက်တဲ့ AA ရဲ့ ထုတ်ပြန်ချက်ဟာ အောက်တိုဘာ ၁၉ ရက်က စတင်ပြီး ငါးပြန်ဖမ်းခွင့်ကိုတော့ စစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှု အပေါ် မူတည်ပြီး ပြန်အသိပေးမယ်လို့ ဆိုပါတယ်။

စစ်ဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားနေရတဲ့ ရခိုင်ပြည်နယ်ဟာ အငတ်ဘေးဆိုက်လာမယ့် အန္တရာယ်ကြီး ရှိနေတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ဒီနှစ် ဇန်နဝါရီမှာ သတိပေးပါတယ်။

"ပြီးခဲ့တဲ့ နှစ်ကလည်း တိုက်ပွဲတွေ ပြင်းထန်နေလို့ ငါးဖမ်းမထွက်ကြရဘူးလေ။ တစ်နှစ်လုံးကို အရင်နှစ်က စုဆောင်းထားတဲ့ ငါးခြောက်၊ ငပိတွေနဲ့ စားခဲ့ကြတာ။ ဒီနှစ်မှာ အခုလို ထပ်ဖြစ်တယ်ဆိုတော့ ဒီနှစ်စားစရာ ရှိမှာမဟုတ်ဘူး။ တကယ်ရင်လေးစရာပဲ"လို့ သံတွဲ ဒေသခံ အမျိုးသမီးက ပြောပြီး သက်ပြင်းချပါတယ်။