အေအေလက်ထဲ ကျောက်ဖြူ မကျအောင် စစ်တပ်က ကြည်းရေလေပူးပေါင်း ခုခံ

ဓာတ်ပုံ ရင်းမြစ်, CINCDS
တရုတ်စီမံကိန်းတွေနဲ့ အကျိုးစီးပွားတွေကို ကာကွယ်မယ်လို့ စစ်ကောင်စီက ပြောထားချိန်မှာပဲ စစ်တပ်ကလည်း မြန်မာမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့အပါအဝင် တရုတ်ရဲ့စီမံကိန်းကြီးတွေရှိရာ ရခိုင်ပြည်နယ်ထဲက ကျောက်ဖြူမြို့နယ်ကို အာရက္ခတပ်တော်(အေအေ) လက်ထဲ မကျရောက်အောင် ခုခံနေပါတယ်။
တရုတ် စီမံကိန်းတွေရှိရာ ကျောက်ဖြူမှာ စစ်တပ်က အေအေကို အင်အားအလုံးအရင်းနဲ့ပြန် တိုက်ခိုက်နေတဲ့အတွက် တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
စစ်ရေးအရင်းအမြစ် ပြောပြချက်အရ စစ်တပ်ဟာ ကြည်းကြောင်းမှာ အင်အားရာချီတဲ့စစ်ကြောင်း သုံးတာ၊ ရေတပ်နဲ့ စစ်အင်အားဖြည့်တင်းတာ၊ လေတပ်ကနေလည်း ပစ်ကူတာတွေ ပြုဆက်တိုက်ပြုလုပ်နေပါတယ်။
စစ်တပ်ဟာ ကျောက်ဖြူတိုက်ပွဲအတွက် မာန်အောင်ကနေ ရေကြောင်းနဲ့ အင်အားဖြည့်နေပါတယ်။
ကျောက်ဖြူမြို့နယ်ထဲ ဘာတွေဖြစ်နေလဲ

ဓာတ်ပုံ ရင်းမြစ်, AA
လက်ရှိမှာ ကျောက်ဖြူမြို့နယ်ထဲမှာ အခြေစိုက်ထားတဲ့ အမှတ် ၃၂ ရဲတပ်ရင်း ကာကင်းစခန်းတွေနဲ့ ဓညဝတီရေတပ်စခန်း ကာကင်းစခန်းတွေကို လက်မလွှတ်ရေး စစ်တပ်က ခုခံနေပါတယ်။ အေအေကလည်း အဲဒီစခန်းတွေအထိ ချဉ်းကပ်နိုင်ဖို့ တိုက်ခိုက်နေပါတယ်။
ရဲတပ်ရင်း ၃၂ ရဲ့ ကာကင်းစခန်းဖြစ်တဲ့ ပြိုင်းစေ့ကေ စခန်းကို ဇွန် တတိယပတ်မှာ အေအေ က သိမ်းပိုက်ထားလိုက်နိုင်ပေမဲ့ ဇွန် ၂၅ ဝန်းကျင်မှာပဲ စစ်ကောင်စီက တန်ပြန်ထိုးစစ်ဆင်လာလို့ တိုက်ပွဲတွေ ပြင်းထန်နေတာပါ။
ပြိုင်းစေ့ကေဟာ ကျောက်ဖြူမြို့နဲ့ အေအေသိမ်းထားတဲ့ ရမ်းဗြဲမြို့ကို ဆက်သွယ်ထားတဲ့ ကျောက်ဖြူ -ရမ်းဗြဲ ကားလမ်းမပေါ်မှာ ရှိပြီး ကျောက်ဖြူအထူးစီးပွားဇုန် ဧရိယာ အနီးမှာလည်း ရှိနေပါတယ်။
ဒီအတောအတွင်းမှာပဲ အေအေဟာ စစ်တပ်ရဲ့ နောက်ထပ်ကာကင်းစခန်းဖြစ်တဲ့ တောင်ရှည်တောင်ကို တိုက်ခိုက်ပြီး ရဲတပ်ရင်း ၃၂ အထိ ချဉ်းကပ်နိုင်အောင် ကြိုးစားနေတယ်လို့ စစ်ရေးအရင်းအမြစ်က ပြောပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဓညဝတီရေတပ်ဌာနချုပ်ကို ဦးတည်တဲ့ သစ်ပုတ်တောင်လမ်းခွဲ၊ အမှတ် ၅၄၃ ခြေမြန်တပ်ရင်းရှိတဲ့ ဂုံးချွိန်ရွာတို့မှာလည်း တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
ဒါတင်မက ဓညဝတီရေတပ် ဌာနချုပ်ရဲ့ ကာကင်းဖြစ်တဲ့ ကပ်သပြေကိုလည်း အေအေက သိမ်းပိုက်နိုင်ဖို့ တိုက်ပွဲဖော်နေပါတယ်။
စစ်ကောင်စီက ဒီနေရာတွေနဲ့ လက်ရှိတိုက်ပွဲပြင်းထန်နေတဲ့ တပ်စခန်းတွေကို လက်မလွှတ်ရဖို့နဲ့ ပြိုင်းစေ့ကေ ကာကင်းစခန်းကို ပြန်ရဖို့အရေး ဇွန် တတိယပတ်ကစပြီး ထိုးစစ်ပြန်ဆင်လာတာ ဖြစ်တယ်လို့ စစ်ရေးအရင်းအမြစ်က ပြောပါတယ်။
"စစ်မှုထမ်းတွေကို စစ်တွေကနေတဆင့် ပို့လာတာ။ စစ်တွေကိုကျတော့ ခရီးသည်တင် လေယာဉ်တွေနဲ့ တခြားဒေသက စစ်အင်အားတွေ ခေါ်လာတယ်။ သူတို့ဘက်က စစ်မျက်နှာ ပြန်ဖွင့်တာလို့ ပြောလို့ရတယ်။ အခုလည်း မာန်အောင်ကနေ စစ်အင်အားတွေ ထပ်ပို့နေတယ် " လို့ စစ်ရေးအရင်းအမြစ်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်မှာ မာန်အောင်မြို့ကနေ စစ်ကူအင်အားတွေကို စစ်သင်္ဘောနဲ့သယ်လာပြီး ဓညဝတီ ရေတပ်စခန်းနဲ့ ၃၂ ရဲတပ်ရင်းကို ခွဲပို့နေတာ ဖြစ်ပါတယ်။
လက်ရှိတိုက်ပွဲပြင်းထန်နေတဲ့ နေရာတွေကို စစ်လေယာဉ် ၆ စီးနဲ့သာမက ဒရုန်းပေါင်း ရာနဲ့ချီပြီး တိုက်ခိုက်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီ ထောက်ခံတဲ့ တယ်လီဂရမ် ချန်နယ်တွေမှာလည်း ဒရုန်းနဲ့ တိုက်ခိုက်တဲ့ ရုပ်သံတွေကို ထုတ်ပြန်ထားပြီး အေအေ တပ်ဖွဲ့ဝင်တွေ အသေအဆုံးများတယ်ဆိုပြီး ရေးသားနေကြတာ တွေ့ရပါတယ်။
ကျောက်ဖြူမြို့နယ် ပြိုင်းစေ့ကေ တိုက်ပွဲကနေ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးခံရတဲ့ ရုပ်သံတွေလည်း ထွက်ပေါ် နေပါတယ်။
ပြိုင်းကေ့စေ စခန်းကနေ တပ်ဖွဲ့ဝင်ဦးရေ ၁၆၀ ဝန်းကျင်ကို အရှင်ဖမ်းမိတာ အပါအဝင်ကျောက်ဖြူမြို့နယ်ထဲကနေ အေအေ သိမ်းပိုက်နိုင်တဲ့ စစ်စခန်းတွေက စစ်သုံ့ပန်းနဲ့ လက်နက်ချ ပူးပေါင်းသူ ရာနဲ့ချီ ရှိနေတယ်လို့ စစ်ရေးအရင်းအမြစ်က ပြောပါတယ်။
ကျောက်ဖြူ တိုက်ပွဲတွေ ရေချိန်

ဓာတ်ပုံ ရင်းမြစ်, AOW
ကျောက်ဖြူမြို့နယ်ကို ၂၀၂၅ နှစ်ဆန်းပိုင်းလောက်ကစပြီး အေအေက ဝိုင်းရံပိတ်ဆို့ထားတာကနေ ဖေဖော်ဝါရီကစလို့ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်လာတာပါ။
အေအေက ဓညဝတီရေတပ်ဌာနချုပ်ကို ဖေဖော်ဝါရီလ နှောင်းပိုင်းကတည်းက အဝေးကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေက ဆက်တိုက်နီးပါး ရှိခဲ့ပါတယ်။
ဖေဖော်ဝါရီ ၂၃ ရက်မှာ ကျောက်ဖြူမြို့ အမှတ် ၃၂ ရဲတပ်ရင်းကနေ အင်အား ၂၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထွက်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကိုလည်း အေအေက ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။
အဲဒီအခြေအနေကြောင့် နှစ်ဖက် စစ်မျက်နှာ ဆိုင်နေတဲ့ အခြေအနေတွေကို ကျော်လွန်သွားပြီး စစ်သုံးစကားအရ "စစ်မျက်နှာဖွင့်ပြီ " ဆိုတဲ့ အနေအထားရောက်လာခဲ့တယ်လို့ စစ်ရေးသုံးသပ်သူတွေက ပြောပါတယ်။
ကျောက်ဖြူမြို့နဲ့ အရှေ့တောင်ဘက် ၅ မိုင်အကွာ စီမော်ရွာက အေအေ စခန်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သိမ်းပိုက်နိုင်ခဲ့ပြီး အေအေ တပ်ဖွဲ့ဝင် ၂ ယောက်နဲ့ လက်နက်တချို့ ဖမ်းမိတယ်လို့ စစ်ကောင်စီရဲ့ သတင်းတွေကို ဖော်ပြပေးနေတဲ့ တယ်လီဂရမ် ချန်နယ်တွေကလည်း ရေးသားဖော်ပြခဲ့ကြပါတယ်။
မတ်လဆန်းကစလို့ ကျောက်ဖြူမြို့နယ်ထဲမှာ တိုက်ပွဲတွေ ပိုစိပ်လာပြီး မေလကုန်ပိုင်းနဲ့ ဇွန်လဆန်းမှာ စစ်တပ်နဲ့ အေအေတို့ တိုက်ပွဲ ရေချိန်ပိုမြင့်ခဲ့ပါတယ်။
စစ်တပ်ရဲ့ တပ်မ ၁၁ နည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ကျော်လင်းကြိုင်နဲ့ တပ်ဖွဲ့ဝင်တချို့ကို အေအေက ဖမ်းမိတာ၊ နောက် ကျောက်ဖြူကို ရာထူးတိုးနဲ့ ရောက်လာတဲ့ ဗိုလ်မှူးချုပ်တစ်ဦးနဲ့ အဖွဲ့ဝင်တွေကို အေအေက ပစ်ခတ်ခံရလို့ သေဆုံးခဲ့ပါတယ်။
စစ်ရေးအခြေအနေအရ ဘယ်ဘက်က အသာစီးရနေတယ်ဆိုတာကို နှစ်ဖက် စလုံးက တိတိကျကျ သတင်းထုတ်ပြန်တာ မရှိပါဘူး။
ဒါပေမဲ့ ဘီဘီစီရဲ့ စစ်ရေးသတင်းရင်းမြစ်ကတော့ ကျောက်ဖြူမြို့ထဲက ဌာနဆိုင်ရာ စာရွက်စာတမ်းတွေကို ဓညဝတီ ရေတပ်စခန်းထဲကို ပို့နေကြပြီလို့ ပြောပါတယ်။
ကျောက်ဖြူက တရုတ်ရဲ့ဘယ်စီမံကိန်းတွေ အနီးကို တိုက်ပွဲတွေ ရောက်လာလဲ

ဓာတ်ပုံ ရင်းမြစ်, ပေးပို့
ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းနေရာမှာ မဒေးကျွန်းနဲ့ ရမ်းဗြဲကျွန်းပါဝင်ပါတယ်။
မဒေးကျွန်းဟာ ရေပတ်လည် ဝိုင်းလို့ သီးခြားဖြစ်နေတယ်လို့ဆိုပေမဲ့ စီမံကိန်း တစ်စိတ်တစ်ပိုင်း ပါဝင်ပြီး ကျောက်ဖြူမြို့နဲ့ကပ်နေတဲ့ ရမ်းဗြဲကျွန်းပေါ်က ရေနက်ဆိပ်ကမ်းစီမံကိန်းအနီးမှာ တိုက်ပွဲဖြစ်နေပါတယ်။
အဲဒီအနီးနားမှာ အေအေရဲ့ပစ်မှတ် စစ်တပ်ရဲ့ ဓညဝတီ ရေတပ်စခန်းရှိနေတာကြောင့်ဖြစ်ပါတယ်။
ကျောက်ဖြူ- ရမ်းဗြဲလမ်းပိုင်းကနေ ဓညဝတီ ရေတပ်စခန်းကို သွားတဲ့လမ်းပေါ်က သပြုတောင်၊ ပြားတဲ၊ ပြင်ရှည်ကျေးရွာတွေဟာ ပြီးခဲ့တဲ့လတွေအတွင်း စစ်တပ်နဲ့ အေအေတိုက်ပွဲ အပြင်းအထန်ဖြစ်တဲ့နေရာတွေဖြစ်နေပါတယ်။
အခုတော့ စစ်တပ်နဲ့ အေအေတို့ဟာ ရွှေသဘာဝဓာတ်ငွေ့ ကမ်းလွန်တူးစင်ကနေရတဲ့ ဓာတ်ငွေ့ တွေကို ကုန်းတွင်းမှာ သိုလှောင်ပို့ဆောင်တဲ့စက်ရုံ (OGT) ရှိရာ အနီးနား ဝန်းကျင်ကျေးရွာတွေမှာ တိုက်ပွဲဖြစ်နေပါတယ်။
အဲဒီစက်ရုံကို ပေါ်စကို အင်တာနေရှင်နယ်ကုမ္ပဏီက လည်ပတ်တာဖြစ်ပြီး သိုလှောင်တဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေကို တရုတ်ရေနက်ဆိပ်ကမ်းစီမံကိန်းရှိိရာ ရမ်းဗြဲကျွန်းဆီကို ပိုက်လိုင်းကနေတဆင့် တင်ပို့ပါတယ်။ ရေနံနဲ့သဘာဝဓာတ်ငွေ့တွေဟာ အဲဒီကမှတဆင့် တရုတ်နိုင်ငံဆီ ရောက်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ပေးပို့
ပြီးခဲ့တဲ့နှစ်ကတော့ တရုတ်ကုမ္ပဏီဖြစ်တဲ့ တရုတ်ကမ်းလွန်ရေနံအင်ဂျင်နီးယားရင်းကုမ္ပဏီ (COOEC) က ပေါ်စကို ဆီကနေ ရွှေစီမံကိန်းတိုးချဲ့လုပ်ငန်းအဆင့် ၄ အတွက် ဒေါ်လာ ၅၃၅ သန်းတန် ကန်ထရိုက်ကို ရရှိထားပါတယ်။
အခုတော့ အဲဒီစက်ရုံရဲ့ တစ်ဖက်ခြမ်းမှာရှိတဲ့ ပြိုင်းစေ့ကေ၊ ကပ်သပြေနဲ့ မလကျွန်း ကျွေးရွာတွေမှာ အေအေနဲ့ စစ်တပ်တို့ ထိတွေ့တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒရုန်းတွေကို အဓိက ထားသုံးနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ဘီဘီစီကို ပြောပါတယ်။
တဖက်မှာလည်း စစ်တပ်ဟာ ကျောက်ဖြူက တပ်စခန်းတွေအပါအဝင် OGT စက်ရုံစီမံကိန်းဝန်းအထိ မြေမြှုပ်မိုင်းတွေထောင်ထားတာကြောင့် ၂၀၂၄ ခုနှစ်အတွင်း သေဆုံးသူ ၅ ဦးနဲ့ ထိခိုက် ဒဏ်ရာရသူ ၁၃ ဦးရှိတယ်လို့ အာရကန်ရေနံစောင့်ကြည့်အဖွဲ့(AOW) က မကြာသေးခင်က သူတို့ရဲ့ အစီရင်ခံစာမှာဖော်ပြပါတယ်။
OGT စက်ရုံကနေ ကျောက်ဖြူ- ရမ်းဗြဲလမ်းမကြီးအတိုင်း ဆက်သွားမယ်ဆိုရင် စစ်ကောင်စီတပ်ရဲ့ခြေလျင် ခြေမြန်တပ်ရင်း ၃ ခု ဆက်တိုက် ဖြန့်ကြက်ထားတဲ့ကျောက်ဖြူမြို့ကို ရောက်ပါတယ်။
တဖက်မှာလည်း ရခိုင်ပြည်နယ်ထဲမှာ အေအေဟာ မြို့နယ် ၁၇ မြို့နယ်မှာ ၁၄ မြို့နယ်ကို ထိန်းချုပ်ထားပါတယ်။ မြို့တော် စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်တို့သာ စစ်ကောင်စီအုပ်ချုပ်မှုအောက် ကျန်နေပါတယ်။
အေအေဟာ တအောင်းတပ်နဲ့ တရုတ်သြဇာညောင်းတယ်လိုလို့ မှတ်ယူခံရတဲ့ ကိုးကန့်တပ်တို့ ပါဝင်တဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ အဖွဲ့ဝင်ဖြစ်ပါတယ်။
ဒီအချိန်မှာ ပြည်နယ်ထဲက ရင်းနှီးမြှုပ်နှံမှုတွေမှာ ပူးပေါင်းဆောင်ရွက်မှု လုပ်မယ်လို့ ထုတ်ပြောထားတဲ့ အေအေအနေနဲ့ တရုတ်စီမံကိန်းတွေရှိတဲ့ ကျောက်ဖြူမြို့အထိ သိမ်း၊ မသိမ်းဆိုတာဟာ တရုတ်ရဲ့အခန်းကဏ္ဍနဲ့လည်း သက်ဆိုင်တယ်လို့ အကဲခတ်တွေက သုံးသပ်နေကြပါတယ်။










