ကျောက်ဖြူ၊ ဓညဝတီရေတပ်ဌာနချုပ်ကို အေအေ ဘယ်လို ထိုးစစ်ဆင်နေလဲ

ဓာတ်ပုံ ရင်းမြစ်, CINCDS
ရခိုင်ပြည်နယ်ရဲ့ အကြီးဆုံးရေတပ်ဌာနချုပ်ဖြစ်တဲ့ ကျောက်ဖြူမြို့နယ်ထဲက ဓညဝတီရေတပ်ဌာနချုပ်တဝိုက်ကို အာရက္ခတပ်တော် အေအေက ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။
အေအေ တပ်တွေက ဓညဝတီ ရေတပ်ဌာနချုပ်ကို လက်နက်ကြီးနဲ့ ပစ်ခတ်သလို စစ်ကောင်စီဘက်ကလည်း ရေတပ်သာမက လေကြောင်းကပါ ပြန်လှန်တိုက်ခိုက်နေလို့ တိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပါတယ်။
ကျောက်ဖြူမှာ တရုတ်စီမံကိန်းကြီးတွေရှိသလို စစ်တပ်အတွက်ဝင်ငွေလမ်းကြောင်းဖြစ်နေတဲ့ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းလည်း ရှိနေတာကြောင့် စစ်တပ်အတွက် အရေးကြီးတဲ့မြို့ဖြစ်ပါတယ်။
အေအေ ဘက်ကတော့ ကျောက်ဖြူမြို့နယ်ကို အေအေ ထိုးစစ်စပြီလို့ တရားဝင်ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။ ဒါပေမဲ့ ဓညဝတီရေတပ်ဌာနချုပ်ကို အေအေ ထိန်းချုပ်နိုင်ရင် ကျောက်ဖြူမြို့ရဲ့ ရာခိုင်နှုန်းအများစုကို စစ်တပ်ဘက်က လက်လွှတ်ရတဲ့သဘောဖြစ်တယ်လို့ စစ်ရေးအကဲခတ်တွေက သုံးသပ်ပါတယ်။
အေအေ သုံးနေတဲ့ အဝေးပစ် စစ်နည်းဗျူဟာ

ဓာတ်ပုံ ရင်းမြစ်, AA Info Desk
စစ်ရေးသုံးသပ်သူတွေရဲ့ ရှုမြင်ချက်တွေအရ ပင်လယ်ပြင်နဲ့ ထိစပ်နေတဲ့ ကျောက်ဖြူမြို့ကို ထိုးစစ်ဆင်နေတဲ့ အေအေ ရဲ့စစ်ရေးနည်းဗျူဟာက အဝေးပစ်ဗျူဟာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီနည်းဗျူဟာက တဖက်လက်နက်ကိုင်တပ်ဖွဲ့တွေ ရှိတဲ့နေရာကို အဝေးကနေ ပစ်ခတ်တိုက်ခိုက်တာဖြစ်ပါတယ်။
"ရန်သူတစုတစည်းတည်း ဖြစ်နေတဲ့အချိန်မှာ သုံးတာပေါ့။ တကွဲတပြားနဲ့ ပြောက်ကျားဖြစ်နေရင်တော့ မသုံးဘူးပေါ့။ မပစ်ဘူး၊ ဗုံးသီးအရေအတွက်နဲ့ မတန်ဘူးပေါ့နော်။ အခိုင်အမာ အဆောက်အဦတွေ အင်အား အလုံးအရင်းတွေ တပြိုင်နက်တည်း စုဝေးချိန်မှာ ဒီနည်းဗျူဟာသုံးပြီး ပစ်ခတ်လေ့ရှိပါတယ်"လို့ CDM ဗိုလ်ကြီးစင်ယော်က ပြောပြပါတယ်။
ဒီအချက်ကိုလည်း အာရက္ခတပ်တော်- အေအေ စစ်ရေးအရင်းအမြစ်တွေက ထောက်ခံပါတယ်။
တခြားမြို့သိမ်းတိုက်ပွဲတွေလိုမျိုး တပ်ဖွဲ့ဝင် အင်အားတွေနဲ့ အလုံးအရင်း ထိုးစစ်ဆင်နေချိန် လက်နက်ကြီးတွေက ပစ်ကူပေးတာမျိုး မဟုတ်ဘဲ တိုက်ပွဲ စစချင်းမှာ လက်နက်ကြီးတွေကို အရင်သုံးတာလို့ ဆိုပါတယ်။ ကုန်းတွင်းကနေ ဝင်ရခက်ခဲတဲ့ ကျွန်းဒေသဖြစ်တာကြောင့် တပ်ဖွဲ့ဝင်အင်အားကို ချွေတာတဲ့စစ်ရေးဗျူဟာလို့လည်း အကဲခတ်တချို့က သုံးသပ်ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အေအေဟာ စစ်တွေမြို့ကို လက်နက်ကြီးနဲ့ အဝေးကပစ်ခတ်တာမျိုးလုပ်သလို ကျောက်ဖြူက ဓညဝတီရေတပ်ဌာနချုပ်ကိုလည်း ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နှောင်းပိုင်းကစလို့ မကြာခဏ ပစ်ခတ်မှုတွေလုပ်ပြီးတိုက်ပွဲထိုးစစ်ကို စတင်တာလို့နားလည်ရပါတယ်။
အေအေက ဓညဝတီရေတပ်ဌာနချုပ်ကို ဖေဖော်ဝါရီ ဖေဖော်ဝါရီလ နှောင်းပိုင်းကတည်းက အဝေးကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေက ဆက်တိုက်နီးပါး ရှိခဲ့ပါတယ်။
ဖေဖော်ဝါရီ ၂၃ ရက်မှာ ကျောက်ဖြူမြို့ အမှတ် ၃၂ ရဲတပ်ရင်းကနေ အင်အား ၂၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထွက်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကိုလည်း အေအေက ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။
ဖေဖော်ဝါရီ ၂၆ ရက်ကစလို့ ပြင်းထန်လာတဲ့ တိုက်ပွဲတွေဟာ နှစ်ဖက် စစ်မျက်နှာ ဆိုင်နေတဲ့ အခြေအနေတွေကို ကျော်လွန်သွားပြီး စစ်သုံးစကားအရ "စစ်မျက်နှာဖွင့်ပြီ " ဆိုတဲ့ အနေအထားရောက်လာပြီလို့ စစ်ရေးသုံးသပ်သူတွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ သတင်းတွေကို ဖော်ပြပေးနေတဲ့ တယ်လီဂရမ် ချန်နယ်တွေမှာတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက်တုန်းက ကျောက်ဖြူမြို့နဲ့ အရှေ့တောင်ဘက် ၅ မိုင်အကွာ စီမော်ရွာက အေအေ စခန်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သိမ်းပိုက်နိုင်ခဲ့ပြီး အေအေ တပ်ဖွဲ့ဝင် ၂ ယောက်နဲ့ လက်နက်တချို့ ဖမ်းမိတယ်လို့ ဖော်ပြကြပါတယ်။
စစ်ကောင်စီက ဘယ်လိုတုန့်ပြန်လဲ

ဓာတ်ပုံ ရင်းမြစ်, CINCDS
စစ်ကောင်စီတပ်တွေဆီက သိမ်းပိုက်ရရှိထားတဲ့ လက်နက်ကြီးတွေနဲ့ ဓညဝတီရေတပ်ကို ပစ်ခတ်တိုင်းမှာလည်း ရေတပ်ဌာနချုပ်ကနေ အပြန်အလှန် ပစ်ခတ်တာတွေ ရှိခဲ့ပါတယ်။
ကျောက်ဖြူမြို့နယ်ထဲကို စိမ့်ဝင်ထားတဲ့ အာရက္ခတပ်တော်- အေအေတပ်ဖွဲ့ဝင်တချို့က ဓညဝတီ ရေတပ်ဌာနချုပ်ဝန်းကျင် ကျေးရွာတွေနားက ကာကင်းစခန်းတွေကိုဝင်ရောက်တိုက်ခိုက်တာတွေရှိနေပါတယ်။
မတ် ၃ ရက်မှာတော့ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် ဓညဝတီရေတပ်ဌာနချုပ်ဝန်းကျင်က ကာကင်း စခန်း ၄ ခုကို အာရက္ခတပ်တော်- အေအေ က သိမ်းပိုက်လိုက်တယ်လို့ အေအေ စစ်ရေးအရင်းအမြစ်က ပြောပါတယ်။
အဲဒီထဲက ကာကင်းစခန်း သုံးခုဟာ ဓညဝတီရေတပ်စခန်းနဲ့ ၁ မိုင်အကွာမှာရှိတဲ့ စီမော်၊ စိုင်ခြုံ နဲ့ တခြားကာကင်းစခန်းတစ်ခုဖြစ်ပြီး ဆုတ်ခွာသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဓညဝတီရေတပ်ဌာနချုပ်ကို ပူးပေါင်းသွားတယ်လို့လည်း သိရပါတယ်။
အေအေက နောက်ထပ် သိမ်းပိုက်နိုင်တဲ့ ကာကင်းတစ်ခုကတော့ ကျောက်ဖြူ- ရန်ကုန် လမ်းပေါ်မှာရှိတဲ့ အမှတ် ၃၂ ရဲတပ်ရင်းရဲ့ ကာကင်းစခန်းလို့ စစ်ရေးအရင်းအမြစ်က ပြောပါတယ်။
"၃၂ ရဲတပ်ရင်း ကာကင်းကျသွားပြီဆိုတော့ ရဲတပ်ရင်းထဲကို ထိုးစစ်စနေပြီ။ အဲဒီထဲက စစ်ကောင်စီတွေကလည်း အရေးကြီးပစ္စည်းတွေကို ရွှေ့ပြီး တပ်ကို တဖြည်းဖြည်း ဆုတ်နေပြီ"လို့ အေအေ စစ်ရေးအရင်းအမြစ်က ပြောပါတယ်။
အေအေ တပ်ဖွဲ့ဝင်တွေက အဲဒီနေရာတွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ နောက်ဆုံးပတ်လောက်ကစပြီး ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။
စစ်ကောင်စီဘက်ကလည်း ပင်လယ်မှာရှိတဲ့ စစ်သင်္ဘောတွေကနေ ပစ်ခတ်တာ၊ ဓညဝတီ ရေတပ်ဌာနချုပ်ကနေ လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ လေကြောင်းကနေ ဗုံးကြဲတာတွေ ဆက်တိုက်ရှိနေပါတယ်။
"သူတို့သုံးတဲ့ ဒရုန်းတွေက တော်တော် အဆင့်မြင့်လာတာ တွေ့ရတယ်။ ညဘက်တွေမှာတောင် မြေပြင်ပစ်ကွင်းကို ရှင်းရှင်းလင်းလင်းမြင်ရတဲ့ ဒရုန်းတွေသုံးလာတာ"လို့ အေအေ စစ်ရေးအရင်းအမြစ်က ပြောပါတယ်။
အမှတ် ၃၂ ရဲတပ်ရင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကလည်း စစ်ကြောင်းထိုးတာတွေ ရှိခဲ့တာသာမက နေအိမ်မီးရှို့တာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့ကြောင့် ဓညဝတီရေတပ်ဌာနချုပ်နားက စိုင်ခြုံ၊ ဝါးတောင်၊ ရှောက်ချောင်း၊ ဦးကင်း၊ စီမော်၊ ဒေါမတောင်၊ ကြတ္တိန်၊ ကန့်သပြေ၊ ပျားတဲ စတဲ့ ကျေးရွာက ဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်နေကြရပေမဲ့ ထွက်မပြေးနိုင်လို့ ပိတ်မိနေသူတွေလည်း ရှိနေကြပါတယ်။
"လေကြောင်းကရော၊ ရေတပ်ဌာနချုပ်ကရော၊ ပင်လယ်ထဲက စစ်သင်္ဘောတွေကရော လှမ်းပစ်ကြတာ။ စစ်သင်္ဘောတွေက အေအေက လက်နက်ကြီးနဲ့ လှမ်းပစ်ရင် ထိမှာစိုးလို့ ရေပြင်အဝေးကြီးနေ ပစ်နေကြတာ"လို့ ဒေသခံက ပြောပါတယ်။
ကုလဘာကျေးရွာမှာဆိုရင် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာကနေ မပေါက်ကွဲဘဲ ကျန်နေတဲ့ ဗုံးသီးတွေ ရှိနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဒီကျေးရွာတွေဟာ စစ်ကောင်စီရဲ့ ဓညဝတီ ရေတပ်ဌာနချုပ်နဲ့ တရုတ်စီမံကိန်းတစ်ခုဖြစ်တဲ့ ကျောက် ဖြူရေနက် စီမံကိန်းရှိရာ မဒေးကျွန်းနဲ့အကြားမှာ ရှိနေတဲ့ ရွာတွေဖြစ်ပါတယ်။
တိုက်ပွဲဖြစ်နေတဲ့ ကျေးရွာတွေနဲ့ မိုင် ၂၀ ဝန်းကျင် အကွာမှာရှိတဲ့ ကျောက်ဖြူမြို့ကိုလည်း အဝင် အထွက်တွေ တင်းတင်းကျပ်ကျပ် စစ်ဆေးနေပါတယ်။
"လုံးဝနီးပါး အပြင်ထွက်လို့မရကြဘူး။ ကျန်းမာရေးအတွက် ဆေးကုဖို့ သွားမယ်ဆိုရင်တောင် လူနာနဲ့ လူနာစောင့် တစ်ယောက်ကိုပဲ ခွင့်ပြုတယ်"လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
လက်ရှိအခြေအနေအရ တိုက်ပွဲတွေဖြစ်တဲ့ ကျေးရွာက ဒေသခံတွေဟာ တိုက်ပွဲနဲ့ အလှမ်းဝေးတဲ့ ရွာတွေကို တိမ်းရှောင်နေကြရသူ ၃,၀၀၀ ခန့် ရှိနေတယ်လို့ စစ်ဘေးရှောင်ကူညီသူတွေက ပြောပါတယ်။
ဓညဝတီရေတပ်ဌာနချုပ်အနီးဖြစ်ပွားနေတဲ့တိုက်ပွဲအတွင်း ပိတ်မိနေတဲ့ ရွာသားတွေကို အာရက္ခတပ်တော် က ကယ်ထုတ်ပေးခဲ့တဲ့သတင်းတွေကို ရခိုင်သတင်းဌာနတချို့ကလည်းဖော်ပြပါတယ်။
ကျောက်ဖြူမြို့မှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် အောက်တိုဘာက စလို့ ဖုန်းနဲ့ အင်တာနက်ဆက်သွယ်ရေးတွေလည်း ပြတ်တောက်နေတာဖြစ်ပါတယ်။
အေအေရဲ့ ပိတ်ဆို့မှုနဲ့ စစ်ကောင်စီရဲ့ စစ်ရေးပြင်ဆင်မှု

ဓာတ်ပုံ ရင်းမြစ်, AA Info Desk
ကျောက်ဖြူမြို့နယ်မှာ စစ်တပ်ရဲ့ ဓညဝတီ ရေတပ်စခန်းဌာနချုပ်၊ တောင်မော်ကြီး ရေတပ်စခန်း၊ အုန်းကျွိန် ရေတပ်စခန်း၊ ခလရ ၃၄ ၊ ခမရ ၅၄၂ ၊ ခမရ ၅၄၃ စတဲ့တပ်ရင်းတွေနဲ့ အမှတ် ၃၂ ရဲတပ်ရင်းတို့ အခြေစိုက်ထားပါတယ်။
ဒီတပ်ရင်းတွေကို အင်အားဖြည့်တင်းတာတွေဟာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာကတည်းက စခဲ့တယ်လို့ စစ်ရေးအရင်းအမြစ်တွေက ပြောပါတယ်။
ဓညဝတီရေတပ်စခန်းကို အေအေက လက်နက်ကြီးနဲ့ ပစ်ခတ်ချိန်တွေကစလို့ စစ်တွေဘက်ကနေလည်း ပြည်သူ့စစ်သင်တန်းဆင်းတွေ ကို အင်အာဖြည့်တင်းတာတွေရှိပါတယ်။
မာန်အောင်ကျွန်း ရေတပ်စခန်း၊ တနင်္သာရီ ရေတပ်စခန်းတို့ဘက်က အင်အားလာဖြည့်ထားသလို ဓညဝတီရေတပ်စခန်းမှာ အရင်ရှိနေတဲ့ စစ်သင်္ဘောတွေနဲ့ဆို တစ်နေ့ကို ၁၀ စီးထက်မနည်း ကင်းလှည့်နေတယ်လို့ ဒေသခံတွေနဲ့ စစ်ရေးအရင်းအမြစ်တွေက ပြောကြပါတယ်။
"ဓညဝတီရေတပ်မှာ တိုက်သင်္ဘောတွေ၊ ဖျက်သင်္ဘောတွေက ကျောက်ဖြူမှာ ဝန်းရံထားတဲ့ အနေအထားပဲ။ အေအေ အတွက်ကတော့ မောင်ရွှေလေးရေတပ်စခန်း ကို တိုက်ပြီးသား အတွေ့အကြုံလည်းရှိနေပြီးသားပါ"လို့ CDM ဗိုလ်ကြီးဇင်ယော်က သူ့အမြင်ကို ပြောပါတယ်။
အေအေက ရခိုင်ပြည်နယ်တွင်းမြို့ အများစုကို သိမ်းပိုက်ထားတာကပဲ စစ်ကောင်စီဘက်က ကျောက်ဖြူမြို့ကို စစ်အင်အားဖြည့်တင်းနိုင်တဲ့ လမ်းကြောင်းတွေကို ဖြတ်တောက်ပိတ်ဆို့နိုင်ရေးအတွက် ဗျူဟာတခုဖြစ်သွားပါတယ်။ ကျောက်ဖြူမြို့နယ်ဟာ ပင်လယ်ပြင်ကို ဗဟိုပြုထားတာကြောင့် ကုန်းလမ်းဝင်ပေါက် ထွက်ပေါက်တွေကို တဆင့်ချင်း ပိတ်ဆို့နေတာလို့ နားလည်ရပါတယ်။
တကျွန်းတည်းမှာ ရှိနေတဲ့ ကျောက်ဖြူနဲ့ အနီးစပ်ဆုံး ရမ်းဗြဲမြို့ကို သိမ်းပိုက်ခဲ့တာကလည်း စစ်ကောင်စီရဲ့ ဝင်ပေါက်တစ်ခုကို ဖြတ်တောက်ထားနိုင်ခဲ့တာဖြစ်နေပါတယ်။
အမ်းမြို့ကို သိမ်းပိုက်ထားတဲ့အတွက်လည်း အမ်း-ပဒါန်းလမ်းကိုသုံးပြီး မကွေးကနေ စစ်ကူသွားနိုင်တဲ့လမ်းကို ပိတ်ဆို့ထားပြီဖြစ်ပါတယ်။ တောင်ကုတ်မြို့ကိုလည်း အေအေက သိမ်းထားတာကြောင့် ပဲခူးကနေ တောင်ကုတ်ကို ဖြတ်ပြီး ကျောက်ဖြူကို သွားနိုင်တဲ့ လမ်းကြောင်းကိုလည်း စစ်တပ်ကအသုံးမပြုနိုင်တဲ့အခြေအနေပါ။
ဧရာဝတီတိုင်းက စစ်ကူတွေကို အဆက်ဖြတ်ဖို့အတွက်လည်း ဂွမြို့ကို အေအေ သိမ်းပိုက်ထားတဲ့အတွက် စစ်ကူတွေကိုဖြတ်ဖို့ အထောက်အပံ့ ဖြစ်နေတဲ့အခြေအနေလို့ဆိုနိုင်ပါတယ်။
ဒါ့ကြောင့် စစ်ကောင်စီက စစ်ကူအင်အားပို့မယ်ဆိုရင်တော့ ရေလမ်းကြောင်းတစ်ခုသာ ရှိတယ်လို့လည်း စစ်ရေးကျွမ်းကျင်သူတွေက ပြောပါတယ်။
လမ်းကြောင်းတွေ ချိတ်ဆက်နေတဲ့ မြို့သိမ်းတိုက်ပွဲတွေကြောင့် ကျောက်ဖြူမြို့နယ်ကို အေအေ အာရုံစိုက်တာဟာ အခုမှ မဟုတ်ဘူးဆိုတာ ထင်သာမြင်သာ ရှိလာပြီလို့ ရခိုင်အရေးကျွမ်းကျင်သူ ကိုဝေဟင်အောင်က မှတ်ချက်ပြုပါတယ်။
"ပြည်နယ်အားလုံးရဲ့ ဝင်ပေါက်တွေကို ဖြတ်တောက်နိုင်တယ်။ ဒီဧရိယာထဲမှာပဲ စစ်ကောင်စီတပ်တွေ အလိုလို ပိတ်မိနေပြီးသားဖြစ်နေပြီ။ လေကြောင်းကနေ စစ်ကူချပေးရအောင်လည်း ရေပြင်က အများစုဖြစ်နေတဲ့အတွက် လေထီးနဲ့ချဖို့ကလည်း မလွယ်တဲ့ ကိစ္စတစ်ခုပါ"လို့ အေအေ စစ်ရေး အရင်းအမြစ်က ပြောပါတယ်။
စစ်ရေး အရေးနိမ့်လာရင်တော့ စစ်ကောင်စီဘက်က တုန့်ပြန်နိုင်တဲ့ အခြေအနေကိုတော့ CDM ဗိုလ်ကြီး ဇင်ယော်က "ကျောက်ဖြူက ရေပတ်လည်ဝိုင်းနေတဲ့ ကျွန်းဖြစ်လို့ စစ်ကောင်စီရေတပ်က မြို့ကို ပစ်ခတ် ဖျက်ဆီးနိုင်တယ်"လို့ မှတ်ချက်ပေးပါတယ်။
စစ်ကောင်စီရဲ့ ကျောက်ဖြူမြို့မှာရှိတဲ့ စစ်အင်အားကိုတော့ အတိအကျ မပြောနိုင်ပေမဲ့ မြို့သိမ်းတိုက်ပွဲ အတွေ့အကြုံများလာတဲ့ အေအေ တပ်ဖွဲ့ဝင်တွေအနေနဲ့ အောင်အောင်မြင်မြင် ကျော်ဖြတ်သွားနိုင်ချေရှိတယ်လို့ အေအေစစ်ရေးရင်းမြစ်က ပြောပါတယ်။
၁၇ မြို့နယ်ရှိတဲ့ ရခိုင်မှာ အာရက္ခတပ်တော်က ၁၄ မြို့နယ်ဖြစ်တဲ့ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ရသေ့တောင်၊ မောင်တော၊ ဘူးသီးတောင်၊ ရမ်းဗြဲ၊ အမ်း၊ တောင်ကုတ်၊ သံတွဲ၊ ဂွ၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံမြို့နယ်တို့ကို သိမ်းပိုက်ထားပါတယ်။
ဒါကြောင့် ရခိုင်တစ်ပြည်နယ်လုံးမှာ စစ်တွေ၊ကျောက်ဖြူနဲ့ မာန်အောင်မှာသာ စစ်ကောင်စီတပ်တွေ ကျန်ရှိပါတော့တယ်။ လက်ရှိမှာ စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်တို့မှာ တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။
စစ်ကောင်စီနဲ့ အေအေ အပြိုင်ကြဲရဦးမယ့် ကျောက်ဖြူ

ဓာတ်ပုံ ရင်းမြစ်, CINCDS
ကျောက်ဖြူမြို့ ဟာ နိုင်ငံတကာ ပင်လယ်ရေလမ်းကြောင်းနဲ့ နီးစပ်သလို ရေအောက် သယံဇာတတွေ ပေါများတဲ့ နေရာလည်းဖြစ်ပါတယ်။ သဘာဝအရ ကုန်းတွင်းနဲ့ နီးစပ်တဲ့ပင်လယ်မှာ ရှိတာကြောင့် မုန်တိုင်းတိုက်ရိုက် ဝင်တာ၊ ပင်လယ်လေလှိုင်း တိုက်ရိုက် ရိုက်ခတ်နိုင်တဲ့ ဘေးအန္တရာယ်လည်း နည်းတဲ့ဒေသဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျောက်ဖြူမြို့နယ်ထဲက မဒေးကျွန်းမှာဆိုရင် စစ်ကောင်စီရဲ့ ဝင်ငွေအထောက်အပံ့ဖြစ်နေတဲ့ တရုတ် ရေနံနဲ့ဓာတ်ငွေ့ ပိုက်လိုင်းရှိနေပါတယ်။
ရခိုင်ပြည်နယ် မဒေးကျွန်းကနေ အစပြုထားတဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းဟာ မကွေးတိုင်း၊ မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်တို့ကို ဖြတ်သန်းသွားပြီး တရုတ်နိုင်ငံ ယူနန်ကို သွယ်တန်းထားတာ ဖြစ်ပါတယ်။ ပိုက်လိုင်းကို ထိန်းချုပ်နိုင်တဲ့ စခန်းတွေကတော့ ကျောက်ဖြူမြို့နယ်မှာ ရှိတာပါ။
"ပိုက်လိုင်းတွေကို ပျက်စီးအောင် လုပ်ဖို့ ခက်ခဲပေမဲ့ စက်ရုံတွေကိုတော့ ထိခိုက်သွားနိုင်တယ်။ စစ်ကောင်စီအတွက်လည်း သဘာဝဓာတ်ငွေ့နဲ့ ရေနံရဲ့ ဝင်ငွေက အဓိက ဖြစ်နေတယ်"လို့ နိုင်ငံရေး၊ စီးပွားရေး လေ့လာသုံးသပ်သူတစ်ယောက်က ပြောပါတယ်။
ဒါ့အပြင် မဒေးကျွန်းမှာ ရေနက်ဆိပ်ကမ်းစီမံကိန်း၊ စက်မှုဇုန်၊ အိမ်ရာစီမံကိန်းတွေ ပါဝင်တဲ့ ကျောက်ဖြူအထူးစီးပွားရေးဇုန်ကိုလည်း တရုတ် အစိုးရနဲ့ စစ်ကောင်စီတို့ ဆက်အကောင်အထည်ဖော်နေကြပါတယ်။
ရင်းနှီးမြုပ်နှံမှုပမာဏ ဒေါ်လာသန်းထောင်ချီရှိတဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် နောက်ဆက်တွဲစာချုပ်ကို စစ်ကောင်စီနဲ့ တရုတ်တို့ကြား ထပ်မံချုပ်ဆိုထားတာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကမှ ဖြစ်ပါတယ်။
ဒီလို ပြည်ပရင်းနှီးမြှုပ်နှံမှုတွေကနေ ဝင်ငွေရနေတဲ့ ကျောက်ဖြူမြို့နယ်ဟာ စစ်ကောင်စီအတွက် "ငွေတွင်းကြီးတစ်ခု"လို့တောင် တင်စားလို့ရတဲ့ နေရာလည်းတာကြောင့် အရေးကြီးတဲ့ နေရာတစ်ခုဖြစ်နေတယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ပြောပါတယ်။
"ကျောက်ဖြူက စီးပွားရေး အရသော်လည်းကောင်း၊ ဝင်ငွေလမ်းကြောင်း အရသော်လည်းကောင်း၊ အဓိကပင်မနေရာထဲမှာ ပါတာပေါ့နော်။ ကျောက်ဖြူဆုံးရှုံးရင် စစ်ရေး ဆုံးရှုံးတာထက် စီးပွားရေးအရ တော်တော်လေး ထိခိုက်မှာ"ဖြစ်တယ်လို့ ရခိုင်ဒေသအရေးကျွမ်းကျင်တဲ့ ကိုဝေဟင်အောင်က ပြောပါတယ်။
ရခိုင်ပြည်နယ်တစ်ခုလုံး စစ်ကောင်စီတပ်တွေ ကင်းစင်ရမယ်လို့ ကြွေးကြော်ထားတဲ့ အာရက္ခတပ်တော်အနေနဲ့လည်း ကျောက်ဖြူမြို့နယ်ကို ပြန်သိမ်းယူမှာဖြစ်တယ်လို့ သူကဖြည့်စွက်ပြောပါတယ်။
မြန်မာမှာ ရင်းနှီးမြှုပ်နှံထားတဲ့ သူ့ စီမံကိန်းတွေကို အကာအကွယ်ပေးဖို့ ဆက်တိုက်ပြောဆိုလာတဲ့အတွက် စီမံကိန်းတွေ အရေး တရုတ် စိုးရိမ်ချက်ရှိနေတာက မြင်သာပါတယ်။
မြေပြင်အခြေအနေအရ တိုက်ပွဲဖြစ်ပွားနေတဲ့ ဓညဝတီရေတပ်စခန်းဝန်းကျင်နဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းရှိတဲ့ မဒေးကျွန်းက သီးခြားစီဖြစ်ပါတယ်။ ဒ့ါကြောင့် နှစ်ဖက်တပ်တွေကလည်း တရုတ်စီမံကိန်းရှိတဲ့ နေရာတွေကို တိုက်ပွဲရှောင်သွားနိုင်တယ်လို့လည်း ရခိုင်စစ်ရေးလေ့လာသူ အကဲခတ်တချို့က ကောက်ချက်ချကြပါတယ်။
ဒါပေမဲ့ တဖက် အေအေ စစ်ရေးအရင်းအမြစ်ကတော့ မတူညီတဲ့ ရှုမြင်ချက်ရှိပါတယ်။
တရုတ်သဘာဝဓာတ်ငွေ့ပိုက်လိုင်းဖြတ်သန်းတဲ့ အမ်းမြို့နယ်ထဲက တောင်ဇောက်တောင် ဓာတ်ငွေ့ပိုက်လိုင်းထိန်းချုပ်ရေး စက်ရုံကို စစ်ကောင်စီတပ်တွေက အကာအကွယ်ယူခဲ့သလို စစ်တပ်စစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့တာကို သူက အမ်းတိုက်ပွဲနဲ့ ပမာပြုပြီး သူက ပြောပါတယ်။
"ဓညဝတီရေတပ်ကနေ စစ်ကောင်စီတပ်တွေ ရှုံးသွားရင် မဒေးကျွန်းဘက်ကို ပြေးပြီး တရုတ်စီမံကိန်းကို ဒိုင်းကာလုပ်မှာပဲ။ အစပိုင်းမှာ ထိန်းထိန်းသိမ်းသိမ်းလုပ်ကြပေမဲ့ တိုက်ပွဲပြင်းထန်လာရင် အာမခံချက် ပေးနိုင်မယ် မထင်ဘူး။ ပြည်ပရင်းနှီးမြှုပ်နှံမှု မပြောနဲ့ ကိုယ့်ပြည်တွင်းက အသက်တွေတောင် အာမမခံနိုင်ဘူးလေ"လို့ သူက ပြောပါတယ်။












