အင်အားအကြီးဆုံး ဝ နဲ့ အခြိမ်းခြောက်နိုင်ဆုံး အေအေ

အင်အားအကြီးဆုံးလက်နက်ကိုင်တပ်ဖွဲ့အဖြစ် ဝ က ဆက်လက်ရပ်တည်နေသေးပေမဲ့ အေအေကတော့ လက်ရှိအချိန်မှာ မြန်မာစစ်တပ်ကို အခြိမ်းခြောက်နိုင်ဆုံး လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်လာပါတယ်။
ဓာတ်ပုံ ပုံစာ, အင်အားအကြီးဆုံးလက်နက်ကိုင်တပ်ဖွဲ့အဖြစ် ဝ က ဆက်လက်ရပ်တည်နေသေးပေမဲ့ အေအေကတော့ မြန်မာစစ်တပ်ကို အခြိမ်းခြောက်နိုင်ဆုံး လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်လာပါတယ်။

''လူငယ် ၂၆ ဦး၊ သေနတ် တစ်လက်'' နဲ့ အစပြုတဲ့ အာရက္ခတပ်တော် (အေအေ) ဟာ မြန်မာပြည်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲမှာ အင်အားအများဆုံး လက်နက်ကိုင်အဖွဲ့အစည်း ဖြစ်လာပြီ လို့ စစ်ရေးအကဲခတ်တချို့က စတင်သုံးသပ်လာကြပါပြီ။

ရခိုင်ပြည်နယ်ထဲက မြို့နယ် ၁၅ ခုအထိကို ထိန်းချုပ်အပြီးမှာ အေအေကို အခုလို ရည်ညွှန်းလာကြပေမဲ့ လက်ရှိအင်အားအကြီးဆုံး လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထက် အစစအရာရာသာသွားပြီလို့တော့ ပြောဖို့စောပါသေးတယ်။

လက်နက်အင်အား၊ လူအင်အား၊ နယ်မြေထိန်းချုပ်မှု၊ လူဦးရေအချိုးအစားအပေါ်ထိန်းချုပ်မှုနဲ့ အုပ်ချုပ်ရေးယန္တရားတည်ဆောက်နိုင်မှုတွေကို နှိုင်းယှဉ်ကြည့်တဲ့အခါ ဘယ်အဖွဲ့က ပြတ်ပြတ်သားသားသာနေတယ် ဆိုတာကို မတွေ့ရတော့ပါဘူး။

အင်အားအကြီးဆုံးလက်နက်ကိုင်တပ်ဖွဲ့အဖြစ် ဝ က ဆက်လက်ရပ်တည်နေသေးပေမဲ့ အေအေကတော့ လက်ရှိအချိန်မှာ မြန်မာစစ်တပ်ကို အခြိမ်းခြောက်နိုင်ဆုံး လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်လာပါတယ်။

''ဝ လား အေအေလား''

ပန်ဆန်းရောက် အေအေ ခေါင်းဆောင်နှစ်ဦး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပန်ဆန်းရောက် အေအေ ခေါင်းဆောင်နှစ်ဦး

ဒီနှိုင်းယှဉ်မှုရဲ့ မြစ်ဖျားက အေအေ ပါဝင်တဲ့ မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်း) မှာ ၂၀၂၃ အောက်တိုဘာ ၂၇ ရက်မှာ စတင်ဆင်နွှဲခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးက စပါတယ်။

ဒီစစ်ဆင်ရေးမတိုင်ခင်ကရက္ခိုင့်တပ်တော် (အေအေ)၊ ကိုးကန့်တပ်(MNDAA) နဲ့ တအာင်းတပ် (TNLA) တို့ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲမှာ အင်အားအနည်းဆုံးအဖွဲ့တွေအဖြစ် သတ်မှတ်ခံခဲ့ရတာဖြစ်ပါတယ်။

ဒီအကြောင်းပြချက်နဲ့ပဲ ၂၀၁၅ ခုနှစ်၊ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ရေးထိုးခဲ့တဲ့ အပစ်ရပ်စာချုပ်မှာ ချန်လှပ်ခံခဲ့ရပါတယ်။

၁၀၂၇ စစ်ဆင်ရေးအပြီးမှာတော့ ညီနောင်သုံးဖွဲ့ရဲ့ စိုးမိုးနယ်မြေအသစ်တွေနဲ့အတူ အင်အားကြီးလက်နက်ကိုင်တွေအဖြစ် သတ်မှတ်ခံလာရပါတယ်။

ညီနောင်သုံးဖွဲ့ရဲ့ စစ်ရေးအောင်မြင်မှုဟာ တရုတ်နိုင်ငံရဲ့ထောက်ပံ့မှုကြောင့်လို့ စွပ်စွဲမှုတွေအပေါ် တရုတ်နယ်စပ်မဟုတ်တဲ့ မြန်မာပြည်အနောက်ပိုင်း ရခိုင်ပြည်နယ်ထဲက နယ်မြေတွေကို သိမ်းပိုက်ပြီး အေအေက ချေဖျက်ပစ်ခဲ့ပါတယ်။

ဒီစစ်ရေးအောင်မြင်မှုတွေကြောင့်ပဲ နှစ်ပေါင်း ၃၀ ကျော် အင်အားစုစည်းတည်ဆောက်ထားတဲ့ ဝ တပ်ဖွဲ့ နဲ့ နှိုင်းယှဉ်မှုတွေ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။

အကဲခတ်တချို့ကတော့ ဗမာပြည်ကွန်မြူနစ်ပါတီလက်အောက်ကတည်းက စစ်တိုက်လာကြတဲ့ ဝ စစ်တပ်နဲ့ တပ်တည်ထောင်တာ ၁၆ နှစ်ပဲ ရှိသေးတဲ့ အေအေ ကို နှိုင်းယှဉ်မှုတွေမလုပ်ချင်ကြပါဘူး။

ဝ တပ်ဖွဲ့ဟာ တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) ကို ဦးဆောင်သူအဖြစ် အေအေအပါအဝင် မဟာမိတ်တပ်တွေ ကြီးထွားလာအောင် ကူညီခဲ့သူ ''အစ်ကိုကြီး'' နေရာမှာ ရှိနေတာကို မေ့မထားဖို့ လိုတယ် လို့ အကဲခတ်တစ်ဦးက ပြောပါတယ်။

လက်နက်အင်အား လူအင်အား

၂၀၁၉ ခုနှစ်က ပြုလုပ်တဲ့ ဝ တပ်ဖွဲ့ရဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှု နှစ်(၃၀)ပြည့် အခမ်းအနားမှာ စစ်ရေးပြခဲ့ပြီး လေယာဉ်ပစ်အမြောက် FN-6 တွေပါ ထုတ်ပြခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဝ တပ်ဖွဲ့ရဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှု နှစ် (၃၀) ပြည့် အခမ်းအနားမှာ လေယာဉ်ပစ်အမြောက် FN-6 တွေပါ ထုတ်ပြခဲ့ပါတယ်။
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

‌လက်နက်အင်အားမှာတော့ ၁၉၈၉ ခုနှစ်ကတည်းက စတင်တည်ထောင်လာတဲ့ ဝ တပ်ဖွဲ့က အေအေထက် သာပါတယ်။

၂၀၁၉ ခုနှစ်က ပြုလုပ်တဲ့ ဝ တပ်ဖွဲ့ရဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှု နှစ် (၃၀) ပြည့် အခမ်းအနားမှာ စစ်ရေးပြခဲ့ပြီး လေယာဉ်ပစ်အမြောက် FN-6 တွေပါ ထုတ်ပြခဲ့ပါတယ်။

ဗမာပြည်ကွန်မြူနစ်ပါတီကို ပုန်ကန်ခွဲထွက်တဲ့ ဝ တပ်ဖွဲ့ဟာ လက်ရှိအချိန်မှာ လက်နက်စက်ရုံတွေ တည်ထောင်နိုင်တဲ့အထိ အင်အားတည်ဆောက်ခဲ့ပါတယ်။

ဝ ဟာ မဟာမိတ်ဖြစ်တဲ့ မြောက်ပိုင်းညီနောင်အဖွဲ့တွေကို လက်နက်ခဲယမ်းတွေထောက်ပံ့နေတယ်လို့ စစ်ရေးအကဲခတ်တွေက သုံးသပ်ကြပေမဲ့ ကာယကံရှင်တွေကတော့ တစုံတရာထုတ်ဖော်ပြောဆိုဝန်ခံတာ မရှိပါဘူး။

အေအေဟာ ဝ တပ်ဖွဲ့လို လက်နက်တိုက်တွေအထိ မထုတ်နိုင်သေးပေမဲ့ မြန်မာစစ်တပ်ရဲ့ တပ်စခန်းတွေကို တိုက်ခိုက် သိမ်းဆည်းမိရာကနေ လက်နက်ခဲယမ်းတွေအများကြီး ရရှိပိုင်ဆိုင်ခဲ့ပါတယ်။

တပ်ဖွဲ့အင်အားနဲ့ တိုက်နေတဲ့ စစ်မျက်နှာပြင်အရ အေအေရဲ့ လက်နက်ပျံ့နှံ့မှုအားက မနည်းပါဘူး။

ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းနဲ့ မကွေးအထိပါ အေအေက စစ်ဝင်တိုက်နေတယ်လို့ ဘီဘီစီရဲ့ အေအေ စစ်ရေးသတင်းအရင်းအမြစ်က ပြောပါတယ်။

ဒီလိုများပြားတဲ့ စစ်မျက်နှာပြင်တွေကို လက်နက်တွေ ဖြန့်တဲ့အခါမှာ ရေလမ်းရော ကုန်းလမ်းကိုပါ အေအေက သုံးခဲ့တယ်လို့ အေအေ စစ်ရေးအရင်းအမြစ်က ဘီဘီစီကို ဆက်ပြောပါတယ်။

''ရှမ်မြောက်ကနေ ရခိုင်ကို တပ်တွေ ရွှေ့တဲ့အခါ စစ်ကိုင်းကို ဆိုင်ကယ် ရာနဲ့ချီသုံးပြီးဖြတ်တာ။ လက်နက်တွေလည်း ပါတယ်'' လို့ သူက လမ်းကြောင်းများစွာရှိတဲ့အထဲက တစ်ခုကို ပြောပြပါတယ်။

အေအေ ဝင်တိုက်နေတဲ့ စစ်မျက်နှာပြင်တွေအရ စစ်သားအင်အားက ဝ တပ်ဖွဲ့ထက်များသွားပြီလို့ စစ်ရေးအကဲခတ်တွေက သုံးသပ်ကြတာဖြစ်ပါတယ်။

UWSA ရဲ့ အမြဲတမ်းစစ်သားအရေအတွက်က သုံးသောင်းခွဲလို့ စစ်ရေးအကဲခတ်တွေက ခန့်မှန်းကြပြီး တရုတ်နယ်စပ်မှာအခြေစိုက်တဲ့ ဝပြည် (မြောက်ပိုင်း) နဲ့ ထိုင်းနယ်စပ်မှာအခြေချတဲ့ ဝပြည် (တောင်ပိုင်း) ကို ဖြန့်ခွဲထားတာဖြစ်ပါတယ်။

UWSA ရဲ့ အမြဲတမ်းစစ်သားအရေအတွက်က သုံးသောင်းခွဲလို့ စစ်ရေးအကဲခတ်တွေက ခန့်မှန်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, UWSA ရဲ့ အမြဲတမ်းစစ်သားအရေအတွက်က သုံးသောင်းခွဲလို့ စစ်ရေးအကဲခတ်တွေက ခန့်မှန်း

အေအေ မှာတော့ တိုက်ခိုက်ရေးစစ်သားချည်းပဲ သုံးသောင်းလောက်ရှိနိုင်တယ်လို့ လွတ်လပ်တဲ့သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar)ရဲ့ ပဋိပက္ခ၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအစီအစဉ်ကို ဦးဆောင်သူ ကိုကျော်ထက်အောင်က သုံးသပ်ပါတယ်။

ဒါ့အပြင် အေအေဟာ အရန်တပ်ဖွဲ့ဝင်တွေနဲ့ ရပ်ရွာပြည်သူ့စစ်အဖွဲ့ဝင်တွေလည်း တိုးလာနေတဲ့အတွက် UWSA ထက် တပ်အင်အားမများရင်တောင် မနည်းတော့တဲ့ အရေအတွက် လို့ သူကပြောပါတယ်။

အေအေရဲ့စစ်သားအင်အားဟာ ဝ တပ်ဖွဲ့ထက် ကျော်လွန်သွားပြီလို့ လူဦးရေစာရင်းကို ကိုးကားသုံးသပ်တဲ့ စစ်ရေးအကဲခတ်တွေလည်း ရှိပါတယ်။

ရခိုင်လူဦးရေက ဝ လူဦးရေထက် ပိုများတဲ့အတွက် စစ်သားစုဆောင်းမှုအပိုင်းမှာ အေအေက ပိုအားသာတယ်လို့ နှစ်ဖွဲ့လုံးအကြောင်းကိုသိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အရေး ကျွမ်းကျင်သူတစ်ဦးက ပြောပါတယ်။

ရခိုင်ပြည်နယ်ရဲ့ လူဦးရေဟာ နှစ်သန်းခွဲနီးပါးရှိတယ်လို့ ၂၀၂၄ ခုနှစ် ရှေ့ပြေးသန်းခေါင်စာရင်းမှာ ဖော်ပြထားပါတယ်။ ဒါက မြန်မာ့လူဦးရေရဲ့ ၅ ရာခိုင်နှုန်းနီးပါးလည်း ဖြစ်ပါတယ်။

ဝ လူဦးရေက ခြောက်သိန်းကျော်ပြီလို့ ၂၀၁၉ ခုနှစ်က ပြုလုပ်တဲ့ ဝ တပ်ဖွဲ့ရဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှု နှစ် (၃၀) ပြည့် အခမ်းအနားမှာ ဒုတိယဥက္ကဋ္ဌ ပေါက်ယူရိက ပြောခဲ့ပါတယ်။

ဒါပေမဲ့ ၂၀၁၇ ခုနှစ်က ထုတ်ဝေခဲ့တဲ့ ဝ သမိုင်း ဒုတိယတွဲမှာတော့ မြန်မာနိုင်ငံထဲက ဝ လူဦးရေဟာ ကိုးသိန်းခွဲ ရှိတယ်လို့ ဖော်ပြထားပါတယ်။

တရုတ်နဲ့ ထိုင်းကို ရောက်နေတဲ့ ဝ လူမျိုးတွေကိုပါ ထည့်ပေါင်းရင် ဝ လူဦးရေစုစုပေါင်းဟာ တစ်သန်းခွဲ နီးပါးရှိမယ်လို့ အဲဒီစာအုပ်မှာ ခန့်မှန်းထားပါတယ်။

စစ်တပ်အင်အားနဲ့ ပတ်သက်လို့တော့ စစ်ရေးလုံခြုံရေးအခြေအနေအရ ဝ ရော အေအေက ပါ တရားဝင်ထုတ်ပြောတာ မရှိပါဘူး။

နယ်မြေထိန်းချုပ်မှု

ဧရာဝတီတိုင်းအစပ်က ဂွအထိ အေအေ သိမ်းပိုက်

ဓာတ်ပုံ ရင်းမြစ်, AA

ဓာတ်ပုံ ပုံစာ, ဧရာဝတီတိုင်းအစပ်က ဂွအထိ အေအေ သိမ်းပိုက်

ဝ တပ်ဖွဲ့ဟာ မြန်မာစစ်တပ်နဲ့ ထိပ်တိုက် တိုက်ပွဲမဖြစ်တာ အနှစ်သုံးဆယ် ကျော်လာပြီဖြစ်လို့ ၁၀၂၇ စစ်ဆင်ရေးမတိုင်ခင်မှာ နယ်မြေအသစ်တွေလည်း တိုးမလာပါဘူး။

၁၀၂၇ စစ်ဆင်ရေးအတွင်း ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းထဲက မြန်မာစစ်တပ်ထိန်းချုပ်ထားတဲ့ ဟိုပန် နဲ့ ပန်လုံမြို့တွေကို မြောက်ပိုင်းညီနောင်အဖွဲ့တွေကသိမ်းပြီး ဝ လက်ထဲအပ်ခဲ့ပါတယ်။

ဒါကြောင့် လက်ရှိအချိန်မှာ မက်မန်းကလွဲလို့ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းထဲက မြို့နယ် ၅ ခုလုံး UWSA က ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ကိုးကန့်တပ် MNDAA က သိမ်းတဲ့အခါ ဝ တပ်ဖွဲ့ဟာ လားရှိုးအနီးက တန့်ယန်း နဲ့ မိုင်းရယ်မှာ တပ်ချထားရုံကလွဲလို့ တိုက်ပွဲထဲကို ဝင်မပါခဲ့ပါဘူး။

အေအေကတော့ အခြေအနေပြောင်းပြန်ဖြစ်ပြီး တိုက်ပွဲတွေများသလို ထိန်းချုပ်နယ်မြေတွေလည်း တိုးလာပါတယ်။

၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၄ ရက်မှာ ချင်းနဲ့ ရခိုင်အစပ်က ပလက်ဝကို အပြီးသတ်သိမ်းပိုက်ခဲ့ပြီးတဲ့နောက် တစ်နှစ်အတွင်းမှာပဲ မြို့နယ်ပေါင်း ၁၅ ခု အထိ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ပလက်ဝအပြင် ရခိုင်ပြည်နယ်ထဲက ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ရသေ့တောင်၊ မောင်တော၊ ဘူးသီးတောင်၊ ရမ်းဗြဲ၊ အမ်း၊ တောင်ကုတ်၊ သံတွဲ၊ ဂွ၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံမြို့နယ်တို့ကို အေအေက သိမ်းပိုက်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ အေအေ မသိမ်းပိုက်နိုင်သေးတာ စစ်တွေ၊ ကျောက်ဖြူ နဲ့ မာန်အောင် မြို့နယ်တွေပဲ ကျန်ပါတော့တယ်။

အမ်းအခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အေအေက သိမ်းပိုက်လိုက်နိုင်တဲ့အခါ မြန်မာစစ်တပ်က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကိုဆုံးရှုံးခဲ့ပြီးတဲ့နောက် ဒုတိယမြောက်လက်လွှတ်ရတဲ့ စစ်တိုင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒါက ဝ တပ်ဖွဲ့ မရဖူးသေးတဲ့ မှတ်တမ်းလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ရခိုင်မှာအခြေစိုက်တဲ့ တိုက်ခိုက်ရေးတပ်တွေဖြစ်တဲ့ ဘူးသီးတောင် အခြေစိုက် အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ ကျောက်တော်အခြေစိုက် အမှတ် (၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နဲ့ တောင်ကုတ်အခြေစိုက် အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တို့ကို သိမ်းပိုက်ခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် မောင်တောအခြေစိုက် အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းကိုပါ အေအေက သိမ်းပိုက်ခဲ့ပါတယ်။

အုပ်ချုပ်ရေးယန္တရား ခိုင်မာမှု

၁၉၆၆ ကတည်းက ဝ နယ်မြေမှာ ပြောက်ကျားအဖွဲ့ခေါင်းဆောင် အဖြစ် လက်နက်စကိုင်ခဲ့သူ UWSA ခေါင်းဆောင် ဦးပေါက်ယူချန်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၁၉၆၆ ကတည်းက ဝ နယ်မြေမှာ ပြောက်ကျားအဖွဲ့ခေါင်းဆောင် အဖြစ် လက်နက်စကိုင်ခဲ့သူ UWSA ခေါင်းဆောင် ဦးပေါက်ယူချန်း

‌၁၉၈၉ ခုနှစ်ကတည်းက မြန်မာစစ်တပ်နဲ့ ငြိမ်းချမ်းရေးယူခဲ့တဲ့ ဝ တပ်ဖွဲ့ဟာ နယ်မြေဖွံ့ဖြိုးတိုးတက်ရေးနဲ့ စစ်ရေးအင်အားကို တပြိုင်တည်း တည်ဆောက်ခဲ့ပါတယ်။

အနှစ် ၃၀ ကျော်လာတဲ့အခါမှာတော့ ဝ ဟာ စီးပွားရေး၊ ဖွံ့ဖြိုးတိုးတက်ရေး နဲ့ စစ်အင်အားပါ တပြိုင်တည်း ကြီးထွားလာခဲ့ပါတယ်။

အေအေ ကတော့ ဒီလို ခိုင်မာမှုရဖို့ ခရီးရှည်တစ်ခုကို ဆက်ရဦးမှာ ဖြစ်ပါတယ်။

နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းမယ်လို့ အေအေက ထုတ်ပြန်ခဲ့ပေမဲ့ ရခိုင်ပြည်နယ်ထဲက အေအေထိန်းချုပ်ထားတဲ့ မြို့တွေကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။

ဒီအခြေအနေတွေကို ကြံ့ကြံ့ခံကျော်ဖြတ်ပြီးရင်တော့ ရှည်လျားတဲ့ကမ်းရိုးတန်းကိုပိုင်ဆိုင်ထားတဲ့ ရခိုင်ဒေသဟာ ကုန်းတွင်းပိတ် ဝ ထက် စီးပွားရေးအခြေအနေပိုကောင်းသွားနိုင်တယ် လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။

ရခိုင်ပြည်နယ်မှာ တရုတ် ရင်းနှီးမြှုပ်နှံမှု ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ အိန္ဒိယရင်းနှီးမြှုပ်နှံမှု ကုလားတန် ဘက်စုံသုံးစီမံကိန်းတွေကို မြန်မာစစ်တပ်ကထိန်းချုပ်ထားနိုင်သေးပေမဲ့ အေအေရဲ့ ကျယ်ပြန့်တဲ့နယ်မြေစိုးမိုးမှုအရ အဲဒီစီမံကိန်းကြီးတွေရဲ့ အနာဂတ်ကို သက်ရောက်မှုတွေရှိလာနိုင်ပါတယ်။

အုပ်ချုပ်ရေးပုံစံကို ကြည့်ရင်လည်း နှစ်ဖွဲ့လုံးက တစ်ပါတီပုံစံနဲ့ သွားပါတယ်။

ဝ က ကွန်မြူနစ်အမွေ ဆက်ခံထားပြီး ပါတီ၊ အုပ်ချုပ်ရေး နဲ့ တပ် ဆိုပြီး ပိုင်းခြားထားပါတယ်။

ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ၊ ဝ ပြည်နယ် ပြည်သူ့အစိုးရ နဲ့ ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ဆိုပြီး ပိုင်းခြားထားတာ ဖြစ်ပါတယ်။

အေအေကလည်း ရခိုင်အမျိုးသားအဖွဲ့ချုပ်၊ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ နဲ့ အာရက္ခတပ်တော် ဆိုပြီး ပိုင်းခြားထားပါတယ်။

ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်က ဗမာပြည်ကွန်မြူနစ်ပါတီ နောက်ဆုံးရုံးစိုက်ခဲ့တဲ့ ပန်ဆန်းမှာပဲ ဌာနချုပ်အဖြစ် ဆက်လက်တည်ထောင်ထားပါတယ်။

အေအေ ကတော့ လက်ရှိအခြေအနေအထိ ''ရွေ့လျားဌာနချုပ်'' အနေနဲ့ပဲ ကျင့်သုံးနေရတာဖြစ်ပါတယ်။

ဒါပေမဲ့ အေအေခေါင်းဆောင်တွေက လူငယ်တွေဖြစ်ပြီး နည်းပညာကို ကောင်းကောင်းအသုံးချနိုင်လို့ သူတို့ဟာ ကျယ်ပြန့်တဲ့စစ်ရေးနဲ့ အုပ်ချုပ်ရေး မျက်နှာစာတွေကို လက်ရှိအချိန်အထိ နိုင်နိုင်နင်းနင်း ကိုင်တွယ်နေနိုင်တာ လို့ စစ်ရေးအကဲခတ်တစ်ဦးက ပြောပါတယ်။

အနာဂတ်ကို မျှော်ကြည့်ခြင်း

အေအေ ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင် နဲ့ မျိုးဆက်သစ် ဝ ခေါင်းဆောင် ပေါက်အိုက်ခမ်း
ဓာတ်ပုံ ပုံစာ, အေအေ ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင် နဲ့ မျိုးဆက်သစ် ဝ ခေါင်းဆောင် ပေါက်အိုက်ခမ်း

၁၀၂၇ စစ်ဆင်ရေးမတိုင်ခင်ကဆို အေအေကို UWSA နဲ့ နှိုင်းယှဉ်မှုတွေ လုပ်ဖို့ စဉ်းစားမိသူ ရှားပါလိမ့်မယ်။

နှိုင်းယှဉ်ပြစရာ အခြေအနေနဲ့ အချက်အလက်လည်း ရှာဖို့ ခက်မှာဖြစ်ပါတယ်။

၁၀၂၇ စစ်ဆင်ရေးကစလို့ အေအေရဲ့ အောင်မြင်မှုတွေကို ဆက်တိုက်တွေ့လာရတာဖြစ်ပြီး ဒီအောင်မြင်မှုက နေ့ချင်းညချင်းဖြစ်ပေါ်လာတာမဟုတ်ဘဲ ၁၅ နှစ်ကြာ မဆုတ်မနစ် ရင်းနှီးမြှုပ်နှံမှုကြောင့်လို့ အေအေတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ဝ ဟာ ပထဝီအနေအထားအရ တရုတ်-မြန်မာနယ်စပ်မှာရှိတဲ့အတွက် တရုတ်နဲ့ ဆက်ဆံရေးကောင်းအောင် တည်ဆောက်ခဲ့ပြီးဖြစ်ပါတယ်။

အေအေကတော့ ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်တို့နဲ့ ဆက်ဆံရေးပြေလည်အောင် ကြိုးစားရဦးမှာဖြစ်ပါတယ်။

ဒါပေမဲ့ အေအေရဲ့ ရခိုင်ပြည်နယ်ကို သိမ်းပိုက်စိုးမိုးမှုဟာ ''နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးတည်ဆောက်ပုံတွေမှာ ကြီးမားလေးနက်တဲ့ အပြောင်းအလဲဖြစ်စေတယ်'' လို့ ISP Myanmar က ကိုကျော်ထက်အောင်က သုံးသပ်ပါတယ်။

''ယူအယ်လ်အေ/ အေအေနဲ့ SAC တို့ကြား စေ့စပ်ဆွေးနွေးတာ တကယ်ဖြစ်လာမယ်ဆိုရင်တောင် ရခိုင်မှာ အရင်လို အုပ်ချုပ်ရေး၊ စီးပွားရေးနဲ့ လူမှုစနစ်ပုံစံတွေ ပြန်မလာနိုင်တော့ဘူး'' လို့ သူက သုံးသပ်ပါတယ်။