မြန်မာပြည်သစ်အတွက် လူမျိုးအခြေပြု အမျိုးသားရေး ဝါဒ ethnonationalism ကို ကိုင်တွယ်ဖို့ ဘာလို့ အရေးကြီးရသလဲ

စစ်အာဏာသိမ်းမှု လက်နက်ကိုင် တော်လှန်ရေးမှာ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA နာမည်နဲ့ တပ်ထူထောင်

ဓာတ်ပုံ ရင်းမြစ်, BPLA

ဓာတ်ပုံ ပုံစာ, စစ်အာဏာသိမ်းမှု လက်နက်ကိုင် တော်လှန်ရေးမှာ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA နာမည်နဲ့ တပ်ထူထောင်

အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ ယူနန်ပြည်နယ် ခရီးစဥ် အထမြောက်လာတဲ့ အတွက် မြန်မာစစ်တပ် အနေနဲ့ နိုင်ငံရေးအရ အတော်အတန် အသက်ရှု ချောင်သွားတယ်လို့ ပြောနိုင်ပေမယ့်၊ စစ်ရေး အရ ကြည့်ရင်တော့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ရမခ တစ်ခုလုံး လားရှိုးမှာ လက်လွှတ်ထားရတဲ့ အချက် မပြောင်းလဲသေးသလို၊ ရခိုင်ထဲက အမ်း အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရဲ့ လက်ရုံးတပ်အများစုလည်း အရက္ခတပ်တော် အေအေရဲ့ လက်ထဲ ရောက်သွားပြီလို့ မြေပြင်သတင်းတွေက ဆိုပါတယ်။

အခုတစ်ပတ် ဘီဘီစီမြန်မာပိုင်းရဲ့ အပတ်စဉ် သတင်းသုံးသပ်ချက် သတင်းမြင်ကွင်း အစီအစဉ်မှာ မြန်မာနိုင်ငံထဲက တိုင်းရင်းသားတွေရဲ့ လက်နက်ကိုင် တော်လှန်ရေးရဲ့ သဘောသဘာဝနဲ့ ရှေ့ရေးအလားအလာ အကြောင်း သုံးသပ် ဆွေးနွေးသွားထားပါတယ်။

အထူးသဖြင့် လူမျိုး အခြေပြု အမျိုးသားရေး ဝါဒ ethnonationalism အကြောင်း အာရုံစိုက် သုံးသပ်ထားတာ ဖြစ်ပြီး၊ မြန်မာနိုင်ငံရေးရဲ့ အနှစ် ၇၀ ကျော်ကြာ လက်နက်ကိုင် ပဋိပက္ခ ဖြေရှင်း ချုပ်ငြိမ်းနိုင်ဖို့ ဆိုရင် တိုင်းရင်းသား လူမျိုးတွေ အရေး ဖြေရှင်းဖို့ ဘာဖြစ်လို့ အခရာကျ အရေးကြီးရသလဲ ဆိုတာကို ဆပ်ဆက်စ် တက္ကသိုလ်က အကြီးတန်း ကထိက ဒေါက်တာ ဒေးဗစ် ဘရင်နာက ပါဝင် ဆွေးနွေးခဲ့ပါတယ်။

ဒေါက်တာ ဘရင်နာဟာ မြန်မာနိုင်ငံထဲက တိုင်းရင်းသား လူမျိုးတွေရဲ့ လက်နက်ကိုင် တော်လှန်ရေး အကြောင်း အထူးပြု လေ့လာထားသူ ဖြစ်ပြီး၊ လိုင်ဇာ အထိ ကိုယ်တိုင် လာရောက်ပြီး သုတေသနပြုခဲ့၊ စာအုပ်စာတမ်းတွေ ထုတ်ဝေထားသူလည်း ဖြစ်ပါတယ်။

ဘီဘီစီသတင်းထောက် ကိုဝေဖြိုးက ဆက်သွယ် မေးမြန်းထားပါတယ်။

အမ်းမှာ ရှိတဲ့ နပခ တိုင်းစစ်ဌာချုပ်ရဲ့ လက်ရုံးတပ် တော်တော်များများကို အာရက္ခတပ်တော် သိမ်းပိုက်ထားပြီးဖြစ်

ဓာတ်ပုံ ရင်းမြစ်, AA Info Desk

ဓာတ်ပုံ ပုံစာ, အမ်းမှာ ရှိတဲ့ နပခ တိုင်းစစ်ဌာချုပ်ရဲ့ လက်ရုံးတပ် တော်တော်များများကို အာရက္ခတပ်တော် သိမ်းပိုက်ထားပြီးဖြစ်

ဘီဘီစီ။ ။ ဒေးဗစ်ဟာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ချည်းကပ်ရာမှာ လူမျိုးစု အခြေပြု အမျိုးသားရေး ethnonationalism အကြောင်းကို အာရုံစိုက် ပြောတာ တွေ့ရပါတယ်။ ပထမဆုံး အနေနဲ့ အဲဒီ ဝေါဟာရ ethnonationalism ဆိုတဲ့ အပေါ် ဘယ်လို အဓိပ္ပာယ် ဖွင့်နိုင်မလဲ ခင်ဗျ။

ဒေါက်တာ ဒေးဗစ် ဘရင်နာ ။ ။ မြန်မာ့အရေးကို ပြောတဲ့ အခါမှာ “ethnic conflict” လို့ ခေါ်တဲ့ မတူတဲ့ လူမျိုးစုတွေကြား ပေါ်ပေါက်တဲ့ ပဋိပက္ခ အဖြစ် ပုံဖော်တာထက် စာရင်၊ “ethnonationalism” လူမျိုးစု အခြေပြု အမျိုးသားရေး ရှုထောင့် အမြင်နဲ့ ချည်းကပ် သင့်တဲ့ အကြောင်း ကျွန်တော် စပြီး နည်းနည်း ရှင်းပြချင်ပါတယ်။

မြန်မာနိုင်ငံထဲက ပဋိပက္ခတွေကို “ethnic conflict” ဆိုပြီး များသောအားဖြင့် ရည်ညွှန်း ပြောဆိုလေ့ ရှိကြတဲ့ အပေါ် ကျွန်တော် သဘော မတူပါဘူး။ မြန်မာနိုင်ငံထဲ ကချင်နဲ့ ဗမာ မတည့်ကြဘူး .... ရှမ်းနဲ့ ဗမာ မတည့်ကြဘူး ဆိုပြီး အဓိပ္ပာယ် ထွက်နေပါတယ်။ ဒီ ချည်းကပ်ပုံ ချည်းကပ်နည်းမှာ အခြေခံထားတဲ့ အယူအဆ အတွေးအမြင်ဟာ ဟောင်းနွမ်းပြီး လွဲမှားတယ်လို့ ယူဆပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

မြန်မာနိုင်ငံထဲမှာတင်မက ကမ္ဘာပေါ်က ဘယ်နေရာမျိုးမှာ မဆို၊ လူမျိုးစုတွေဟာ တစ်ခုနဲ့တစ်ခု မတူညီပဲ ကွဲပြားနေခြင်း သက်သက်ကြောင့် လူမျိုးရေး ပဋိပက္ခ ဆိုတာ ပေါ်ပေါက် ရတာမျိုး မဟုတ်ပါဘူး။ နိုင်ငံရေးဆိုင်ရာ အခြေခံအကြောင်းတွေ ပါဝင်ပတ်သက်လာတဲ့ အခါမှသာ ပဋိပက္ခ ဆိုတာ ရှိလာရတာ ဖြစ်ပါတယ်။

အဲဒီလို လူမျိုးစု ပဋိပက္ခတွေ ပေါ်ပေါက်တဲ့ နေရာ အများစုဟာလည်း ကြည့်လိုက်ရင် နှစ်ကာလတာရှည် ကိုလိုနီ အပြုခံခဲ့ရဖူးတဲ့ သမိုင်းကြောင်း နောက်ခံတွေ ရှိကြတာ တွေ့ရပါတယ်။ ကိုလိုနီ အပြုခံရတဲ့ အောက်ကနေ လွတ်မြောက်ပြီး တိုင်းပြည် ထူထောင်ဖို့ ကြိုးစားကြတဲ့ အခါမှာ ကျွန်တော် သုံးစွဲတဲ့ လူမျိုးစု အခြေပြု အမျိုးသားရေး ဝါဒ “ethnonationalism” ဆိုတာ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

ဒီ ဝေါဟာရ တစ်ခုတည်းမှာကို အနောက်နိုင်ငံတွေမှာ သုံးစွဲတာနဲ့၊ ကိုလိုနီ အဖြစ်ကနေ ရုန်းထွက်ခဲ့တဲ့ တိုင်းပြည်တွေမှာ သုံးတာ မတူကြပါဘူး။ ရည်ညွှန်းဆိုလိုတဲ့ အဓိပ္ပာယ် ကွဲပြားပါတယ်။ ဥပမာ ပြောရရင် - လောလောလတ်လတ် “ထရမ့်” ကိုပဲ ကြည့်ပါ။ သူ့ကို လူမျိုးစု အခြေခံ အမျိုးသားရေး ဝါဒီ “ethnonationalist” အဖြစ် အနောက် နိုင်ငံတွေမှာ ရည်ညွှန်းကြပါတယ်။

သူအဓိက အားပြုတဲ့ ပလက်ဖောင်းနေရာဟာ လူဖြူကြီးစိုးရေးနဲ့ လူဖြူတွေသာ သာလွန်ကြီးမြတ်တယ် ဆိုတဲ့ “white supremacy” အတွေးအခေါ်ဖြစ်ပါတယ်။ အဲဒီလို လူမျိုးကို ရည်ညွှန်းတဲ့ “ethnonationalism” ဆိုတာနဲ့ ကျွန်တော် ပြောခဲ့တဲ့ ကိုလိုနီ အလွန်ကာလ တိုင်းနိုင်ငံတွေမှာ ရှိကြတဲ့ “ethnonationalism” ဟာ မတူညီပါဘူး၊ ကွဲပြားပါတယ်။ ဒါကိုလည်း ကျွန်တော်တို့ ခွဲခြား နားလည်ထားဖို့ လိုပါတယ်။

အနောက်နိုင်ငံတွေရဲ့ ကိုလိုနီ အပြုခံရတဲ့ မြန်မာလိုမျိုး၊ အိန္ဒိယလိုမျိုး နေရာတွေမှာ ကိုလိုနီ လက်အောက်ခံ အချိန်ကာလတွေမှာပဲ သီးသန့် လူမျိုးစုတွေ အဖြစ် ကိုယ်စီ တည်ရှိခြင်း ဆိုတဲ့ လူမျိုးစု အခြေခံ အမျိုးသားရေး အတွေးအခေါ် ပေါ်ပေါက်လာပါတယ်။ အဲဒီနောက် ခေတ်သစ် အမျိုးသားရေးဝါဒနဲ့ ပေါင်းစပ်ပြီး လူမျိုးစု အခြေပြု အမျိုးသားရေး ဝါဒ ထွန်းကားလာတာ ဖြစ်ပါတယ်။ ကိုလိုနီခေတ် လူမျိုးရေး ပိုင်းခြားမှု အတွေးအခေါ် ကနေ တဆင့် ၁၉ ရာစု ၊ ၂၀ ရာစု ဝန်းကျင်ကျကာမှ ပေါ်ပေါက်လာလို့ ဆိုနိုင်ပါတယ်။

အဲဒီ ထွန်းကားလာတဲ့ အမျိုးသားရေး ဝါဒ အခြေခံဟာ ကိုလိုနီ ဆန့်ကျင်ရေး အတွက် အဓိက တွန်းအား ဖြစ်စေခဲ့ပြီး အမျိုးသား လွတ်မြောက်ရေး ဆိုတဲ့ အတွေးအခေါ်လည်း ပေါ်ပေါက် လာစေခဲ့ပါတယ်။ ဒီတော့ အဲဒီ အချိန် ဗမာ အမျိုးသားရေး လှုပ်ရှားမှု ဆိုတာ ဗြိတိသျှ ကိုလိုနီကို ဆန့်ကျင်ပြီး အမျိုးသား လွတ်မြောက်ရေးပဲ ဖြစ်ပါတယ်။

ပထမကမ္ဘာစစ် မက်ဆိုပိုတေးမီးယား စစ်မျက်နှာပြင်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပထမကမ္ဘာစစ် မက်ဆိုပိုတေးမီးယား စစ်မျက်နှာပြင်

အဲဒီ အချိန်မှာပဲ ကရင်ဖြစ်စေ၊ ကချင်ဖြစ်စေ လူမျိုးတွေ ကြားထဲမှာလည်း အလားတူ အမျိုးသားရေး နိုးကြားမှုတွေ ပေါ်ပေါက်လာပြီး သူတို့လည်း သူတို့ရဲ့ အမျိုးသား လွတ်မြောက်ရေး အတွက် အားထုတ်ကြိုးစားမှုတွေ ရှိလာခဲ့ပါတယ်။ ဥပမာ ကိုလိုနီ ခေတ် ကချင်စစ်သားကြီးတွေ ဆိုရင် ဗြိတိသျှ စစ်တပ် အတွက် တကမ္ဘာလုံး အနှံ့ တိုက်ခိုက် ပေးခဲ့ပြီး ပထမ ကမ္ဘာစစ် မက်ဆိုပိုတေးမီးယား စစ်မျက်နှာပြင် အထိအောင် ရောက်ခဲ့ကြပါတယ်။

အဲဒီမှာ ခေတ်ပြိုင် ကမ္ဘာကြီးမှာ ထွန်းကားနေတဲ့ အမျိုးသားရေး ဝါဒ နဲ့ ထိတွေ့ ခဲ့ကြပါတယ်။ ကိုလိုနီ အင်ပါယာတွေနဲ့ အမျိုးသား တိုင်းနိုင်ငံတွေကြား ပဋိပက္ခတွေကို ကိုယ်တွေ့ကြုံခဲ့ကြရပါတယ်။ “လူမျိုး” “ethnicity” ဆိုတာနဲ့ ခေတ်သစ် အမျိုးသားရေး ဝါဒ “nationalism” တို့ ပေါင်းစပ်သွားမှုကိုလည်း မြင်ခဲ့ကြပါတယ်။

အဲဒီ အတွေးအမြင် အတွေ့အကြုံတွေကို သယ်ပြီး ကိုယ့်မြေကိုယ် ပြန်ရောက်လာတဲ့ အခါ၊ ကချင် အဝန်းအဝိုင်း ကွန်မြူနတီ ကြားထဲမှာလည်း “လူမျိုး” “ethnicity” ဆိုတာ ဘာတွေကို ပေါင်းစည်းပြီး ရည်ညွှန်း ခေါ်တာလဲ ... အမျိုးသားရေး လွတ်မြောက်မှု ဆိုတာ ဘာလဲ ဆိုတဲ့ ဆန်းစစ်တည်ဆောက်မှုတွေ ရှိလာ ခဲ့ကြပါတယ်။

နောက်ပိုင်း ဖြစ်လာခဲ့တဲ့ ပဋိပက္ခတွေ အပေါ် နားလည်လိုတယ်ဆိုရင် အဲဒီ အခြေခံ အကြောင်းတွေကို သိမြင်ဖို့ အရေးကြီးပါတယ်။ ဒါ့ကြောင့် လူမျိုးစုတွေကြားက ပဋိပက္ခရယ်လို့ မသုံးစွဲပဲ လူမျိုးစု အခြေပြု အမျိုးသားရေး ဝါဒ အကြောင်း ကျွန်တော် အလေးပေး ပြောရတာ ဖြစ်ပါတယ်။

ပဋိပက္ခတွေ ဖြေရှင်းရေးမှာ အဲဒီ “e ethnonationalism” အတွေးအခေါ်မျိုး ကနေ ကျော်လွန်မှ ရမယ် ဆိုတာမျိုး ဇွတ်အတင်း စိတ်ကူး မယဥ်သင့်ပါဘူး။ ချန်ထား ကျော်လွှားခဲ့ရမှာ မဟုတ်ပဲ၊ ကိုယ်တွယ်ဖြေရှင်း ရမှာမျိုး ဖြစ်ပါတယ်။ ကိုလိုနီ အလွန်ကာလ လူမျိုးစု အခြေပြု ထူထောင်လာကြတဲ့ တိုင်းနိုင်ငံတွေရဲ့ နိုင်ငံရေး အကြောင်း အသေအချာ ဆန်းစစ်ပြီး သဘောပေါက် နားလည်မှပဲ ပဋိပက္ခ ဖြေရှင်း ရေးဆီ သွားနိုင်မှာ ဖြစ်ပါတယ်။

လိုင်ဇာထိအောင်လာနေခဲ့ဖူးပြီး သုတေသနလုပ်ခဲ့သူ ဒေါက်တာ ဒေးဗစ်ဘရင်နာ

ဓာတ်ပုံ ရင်းမြစ်, Dr DB Social

ဓာတ်ပုံ ပုံစာ, လိုင်ဇာထိအောင်လာနေခဲ့ဖူးပြီး သုတေသနလုပ်ခဲ့သူ ဒေါက်တာ ဒေးဗစ်ဘရင်နာ

ဘီဘီစီ။ ။ မြန်မာနိုင်ငံထဲက ပဋိပက္ခ အကျပ်အတည်းဟာ လူမျိုးစု သီးသန့် စရိုက်လက္ခဏာတွေ တည်ဆောက်ရေးနဲ့ တိုင်းနိုင်ငံ တည်ဆောက်ရေး အပေါ် မူလ အရင်းခံတယ် ဆိုတဲ့ အပေါ် ထပ်ပြီး ရှင်းပြ ပေးနိုင်မလား ဒေးဗစ်ရေ။ အထူးသဖြင့် လူမျိုးစု လက်နက်ကိုင်တွေကြား တစ်ဖွဲ့နဲ့တစ်ဖွဲ့ မတူတဲ့ သဘောသဘာဝ တွေနဲ့ ကွဲပြားမှုတွေက ဘယ်လောက် ကျယ်ပြန့်နေပါသလဲ။

ဒေါက်တာ ဒေးဗစ် ဘရင်နာ ။ ။ လက်နက်ကိုင် အဖွဲ့အစည်းတွေကြား မတူပဲ အမျိုးမျိုး အဖုံဖုံ ကွဲပြားမှုတွေ ရှိပါတယ်။ ဘယ်လို ပုံစံမျိုးနဲ့ ဖွဲ့စည်း တည်ဆောက် လာကြသလဲ ဆိုတာက အစ၊ ဘယ်လို နိုင်ငံရေး အတွေးအခေါ် ပုံစံကို တိမ်းညွတ်သလဲ ဆိုတာမျိုး တစ်ဖွဲ့နဲ့ တစ်ဖွဲ့ မတူကြပါဘူး။ ကွန်မြူနစ်ပါတီရဲ့ အစိတ်အပိုင်း ဖြစ်ခဲ့ဖူးတဲ့ အဖွဲ့တွေ ရှိသလို၊ အနောက်အုပ်စုဘက် မျက်နှာပြုတဲ့ အင်အားစုတွေ ရှိတာမျိုး အထိ မတူညီတဲ့ နောက်ခံ သမိုင်းတွေ ကိုယ်စီ ရှိကြပါတယ်။

ဒီ အထဲကမှ ဘုံ တူညီတဲ့ အရာက ဘာလဲ ဆိုရင် သူတို့တွေဟာလည်း သူတို့ရဲ့ လူမျိုး အပေါ် အခြေခံပြီး သူတို့ရဲ့ သီးသန့် အမျိုးသား လွတ်မြောက်ရေးနဲ့ နယ်မြေပိုင်စိုး စီမံဖန်တီး နိုင်ခွင့် အတွက် ရုန်းကန် တိုက်ခိုက်နေကြတယ် ဆိုတဲ့ အချက် ဖြစ်ပါတယ်။

ကချင် ဖြစ်ဖြစ် ၊ ကရင် ဖြစ်ဖြစ်၊ ဘယ် လူမျိုးစု လက်နက်ကိုင် အဖွဲ့ မဆို အဲဒီ အနှစ်သာရ အပေါ် အခြေခံပြီး သူတို့ ရယူဖို့ ကြိုးစားနေတဲ့ အရာကို “sovereignty” အချုပ်အခြာ အာဏာဆိုတဲ့ စကားလုံး သုံးစွဲနိုင်ပါတယ်။ ဒီနေရာမှာ sovereignty ဆိုတာ သီးသန့် လွတ်လပ်ရေး ဆိုတဲ့ အဓိပ္ပာယ် မဟုတ်ပါဘူး။ သူတို့ရဲ့ ယဥ်ကျေးမှု ရိုးရာ ဓလေ့ထုံးတမ်းတွေ မပျောက်ပျက် ရအောင် ကာကွယ် စောင့်ရှောက် နိုင်စွမ်းရှိတဲ့ “cultural sovereignty” မျိုးနဲ့ အဲဒီလို sovereignty မျိုး ရှိအောင် ကိုယ်ပိုင် စီရင် ပြဌာန်း အုပ်ချုပ်ခွင့် တို့ကို ဆိုလိုပါတယ်။

ဒီတော့ အဲဒီလို လူမျိုးစု သီးသန့် စရိုက်လက္ခဏာတွေ အပေါ် မူတည်ပြီး အမျိုးသား လွတ်မြောက်ရေးကို ကိုယ်စီ ကြိုးပမ်း အားထုတ် ကြတာ ကြောင့် “ethnonationalism” ဟာ လက်နက်ကိုင် အဖွဲ့အစည်း တွေကြား ဘုံတူညီတဲ့ အရာ ဖြစ်နေသလို၊ ပဋိပက္ခတွေရဲ့ အရင်းခံ အကြောင်း ဖြစ်တယ်လို့ ပြောနိုင်ပါတယ်။

လူမျိုးစု အခြေပြု အမျိုးသား ဝါဒ အခြေခံ ဆိုတာ ကျော်လွှား ချန်ရစ်ထားဖို့ မဟုတ်၊ ကိုင်တွယ် ဖြေရှင်းရမယ့် အရာ ဖြစ်တယ်" - ဒေါက်တာ ဒေးဗစ်ဘရင်နာ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, "လူမျိုးစု အခြေပြု အမျိုးသား ဝါဒ အခြေခံ ဆိုတာ ကျော်လွှား ချန်ရစ်ထားဖို့ မဟုတ်၊ ကိုင်တွယ် ဖြေရှင်းရမယ့် အရာ ဖြစ်တယ်" - ဒေါက်တာ ဒေးဗစ်ဘရင်နာ

တချို့ နိုင်ငံတကာ သုံးသပ်သူတွေရဲ့ အမြင်မှာရော၊ ပြည်တွင်းက သူတချို့ ထံမှာပါ မြန်မာနိုင်ငံထဲက လက်နက်ကိုင် ပဋိပက္ခ အပေါ် အဓိပ္ပာယ် ဖွင့်ဆိုတဲ့အခါ စစ်အာဏာရှင်နဲ့ ဒီမိုကရေစီ လိုလားသူတွေကြားက တိုက်ပွဲ ဆိုပြီး ဖွင့်ဆိုလေ့ ရှိပါတယ်။ ဒါဟာ မှားတယ်လို့တော့ ကျွန်တော် မဆိုလိုပါဘူး။ ကျွန်တော် ကြိုးစားပြီး ပြောနေတာကတော့ ပြဿနာရဲ့ အရင်းခံဟာ အဲဒါထက် ပိုနက်ရှိုင်းတယ် ဆိုတဲ့ အချက် ဖြစ်ပါတယ်။

အာဏာရှင်စံနစ်နဲ့ ဒီမိုကရေစီ စံနစ်ကြား ဘယ် နိုင်ငံရေး စံနစ် political system ကို ရွေးမှာလည်း ဆိုတာမျိုး သက်သက် ကွဲပြားနေတာ မဟုတ်ပါဘူး။ “ethnonationalism” အပေါ် အရင်းခံတဲ့ မျှော်မှန်းချက်၊ လိုလားချက်တွေကို မကိုင်တွယ် မဖြေရှင်းပဲ လျစ်လျုပြုမယ် ဆိုရင် မြန်မာနိုင်ငံထဲက ပဋိပက္ခတွေ ကျေလည်သွားနိုင်မှာ မဟုတ်ပါဘူး။

“Ethnonationalism” ကပဲ မြန်မာနိုင်ငံထဲက လက်နက်ကိုင် ပဋိပက္ခကို အဓိက မောင်းနှင်နေတယ်လို့ ကျွန်တော် သုံးသပ်ပါတယ်။ မြန်မာ စစ်တပ် ကိုယ်တိုင် “ethnonationalism” အတွေးအခေါ် သွပ်သွင်း တည်ဆောက်ထားတဲ့ အဖွဲ့အစည်း အင်စတီကျူးရှင်း ဖြစ်နေပါတယ်။ ဘယ်လို “ethnonationalism” လည်းဆိုရင် ဗမာလူမျိုးစု အခြေပြု အမျိုးသားရေး ဖြစ်ပြီး၊ သူတို့ တည်ဆောက် ပုံဖော်ထားတဲ့ တိုင်းနိုင်ငံဟာ ဆိုရင်လည်း လူမျိုးအခြေပြု တိုင်းနိုင်ငံ ethnocratic state ပဲ ဖြစ်ပါတယ်။ Eethnocratic state ဆိုတာ လူမျိုး အားလုံးကို ကိုယ်စားမပြုပဲ၊ အရေအတွက်အများဆုံး အင်အား အကြီးဆုံး majority လူမျိုး တစ်မျိုးကပဲ အကျိုးကျေးဇူး ရှိနေတာကို ဆိုလိုပါတယ်။

အဲဒီ ဗမာလူမျိုးစု အခြေပြု အမျိုးသားရေး ဝါဒကိုပဲ အသုံးချလို့ မြန်မာစစ်တပ်ဟာ မြန်မာ့ နိုင်ငံရေးမှာ အစဥ်အဆက် နေရာယူခဲ့ပြီး၊ သူတို့ပဲ အင်အားအကြီးဆုံး၊ အချုပ်ကိုင်နိုင်ဆုံး အဖွဲ့အစည်း အဖြစ်တည် ဆောက် ခဲ့တာ ဖြစ်ပါတယ်။ စစ်တပ် မရှိရင် တိုင်းပြည် အစိတ်စိတ် အမွှာမွှာ ဖြစ်ပြီး ပြိုကွဲ သွားမယ် ဆိုတဲ့ ဝါဒဖြန့်ချီမှုကို လွတ်လပ်ရေး ရပြီးစကစလို ဒီနေ့ အချိန်ထိ ခေတ် အဆက်ဆက် ပြုလုပ်ခဲ့ပါတယ်။

အဲဒီ အမျိုးသားရေး ဝါဒ ရဲ့ မောင်းနှင်မှုနဲ့ စစ်ပွဲတွေ ဖန်တီးခဲ့ပြီး၊ တိုင်းပြည်ရဲ့ အာဏာကို အစဥ်အဆက် သိမ်းပိုက် ထားခဲ့တာပဲ ဖြစ်ပါတယ်။ အဲဒီလို စစ်တပ်ရဲ့ အခန်းကဏ္ဍကို တည်ဆောက်မှုကြောင့်ပဲ ၂၀၂၁ အာဏာသိမ်းမှု ဆိုတာ ဖြစ်လာခဲ့တာပါ။ ဒီတော့ စစ်တပ် ဘက်က ပုံဖော်တဲ့ Eethnocratic state ဟာ ပြည်တွင်းစစ် အဓွန့်ရှည်ပြီး၊ အခုလို တကျော့ပြန် အာဏာသိမ်းတာတွေ ... လက်နက်ကိုင် ပဋိပက္ခ အသစ်တွေ ထပ်ဆင့် ပေါ်ပေါက်လာစေပါတယ်။

ဒီ အခါမှာ ကာလတာရှည် ရှိနှင့်ခဲ့ပြီး ဖြစ်တဲ့ လူမျိုးစု အဖွဲ့အစည်းတွေရဲ့ လက်နက်ကိုင် တော်လှန်ရေးဟာ အာဏာသိမ်းမှု အပြီး ပေါ်ပေါက်လာခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခတွေနဲ့ ပေါင်းစပ်သွားခဲ့ပြီး လက်ရှိ မျက်မှောက် အခြေအနေကို ရောက်လာခဲ့တာ ဖြစ်ပါတယ်။ အဲဒီ အချက်တွေကြောင့်ပဲ “ethnonationalism” ဟာ မြန်မာနိုင်ငံထဲက ပဋိပက္ခတွေရဲ့ အကြောင်းခံ ဖြစ်ပြီး၊ မကိုင်တွယ် မဖြေရှင်းပဲ နေလို့မရ၊ လုပ်ကိုလုပ်ရမယ့် အရာဆိုပြီး ပြောရတာ ဖြစ်ပါတယ်။

Skip YouTube post
Google YouTube ၏အကြောင်းအရာများကို ပြခွင့်ပြုမှာလား။

ယခုဆောင်းပါးတွင် Google YouTube မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် Google YouTube ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။

သတိပေးချက်- ပြင်ပဝက်ဆိုက်များတွင်ပါဝင်သောအကြောင်းအရာများအတွက် ဘီဘီစီကတာဝန်မယူပါ။ YouTube တွင်ကြော်ငြာများပါဝင်နိုင်ပါသည်။

End of YouTube post

ဘီဘီစီ။ ။ ဒေးဗစ် နောက်ဆုံးရေးထားတာတွေထဲ ကျွန်တော် သတိပြု မိတဲ့ နောက်တစ်ချက်လည်း ရှိပါတယ်။ ဒီ လူမျိုးစု အခြေခံ အမျိုးသားရေး ဝါဒဟာ မြန်မာနိုင်ငံထဲက စစ်ပွဲတွေကို ဖန်တီး မောင်းနှင်တဲ့ အခြေခံ ဖြစ်သလို၊ ငြိမ်းချမ်းရေးကို ဖန်တီး တည်ဆောက်နိုင်တဲ့ အခွင့်အလမ်းနဲ့ နေရာထိုင်ခင်းကိုလည်း ပေးလိမ့်မယ်လို့ ဆိုထားပါတယ်။ အတော်လေး ရဲဝံ့ လေးနက်တဲ့ ပြောဆိုမှုပါပဲ။ စစ်ကိုဖန်တီးတဲ့ အရာဟာ ငြိမ်းချမ်းရေးကို ရော ဘယ်လို ဖန်တီးမလဲ ... အဲဒီ ဖန်တီးနိုင်မယ့် ငြိမ်းချမ်းရေး ဖြစ်စဥ်ထဲ စစ်တပ်ရဲ့ အခန်းကဏ္ဍရော ဆက်ရှိ နေနိုင်လား။

ဒေါက်တာ ဒေးဗစ် ဘရင်နာ ။ ။ “ငြိမ်းချမ်းရေး” ဆိုတာ ဘာလဲ ဆိုတာကို စပြီး အဓိပ္ပာယ် ဖွင့်ကြည့်ဖို့ လိုမယ်လို့ ထင်ပါတယ်။ “ငြိမ်းချမ်းရေး” ဆိုတာ တိုက်ပွဲတွေ မရှိတာ သက်သက် မဟုတ်ပဲ “တရားမျှတမှု ရှိခြင်း” ဆိုတာနဲ့ လည်း သက်ဆိုင်နေပြီး၊ လူတွေ ငြိမ်းငြိမ်းချမ်းချမ်း အတူတကွ ယှဥ်တွဲ နေထိုင် နိုင်တာကို ဆိုလိုပါတယ်။ ဒီ့ အတွက် မြန်မာနိုင်ငံမှာဆိုရင် ကျွန်တော် အထက်မှာ ပြောခဲ့သလို လူမျိုးစု အခြေခံ အမျိုးသားရေး ဝါဒက မောင်းနှင်တဲ့ ပဋိပက္ခတွေကို ဖြေရှင်းရေး ဖြစ်ပါတယ်။ သွေးထွက်သံယို အကြမ်းပတမ်း ဖြစ်ရပ်တွေ ရပ်ပြီး အခြေအနေ တည်ငြိမ် အေးဆေးသွားရုံ သက်သက်နဲ့ ငြိမ်းချမ်းရေး အထမြောက်ပြီ လို့ မပြောနိုင်ပဲ၊ အရင်းခံပြဿနာကို အဖြေရှာဖို့ လိုပါတယ်။ ဒီ့အတွက် ပဋိပက္ခထဲ ပါဝင်နေတဲ့ အဖွဲ့အစည်းတိုင်းဟာ ညှိနှိုင်းဆွေးနွေးကြဖို့ လိုပါတယ်။

အာဏာသိမ်းမှု မတိုင်ခင် ငြိမ်းချမ်းရေး ဖြစ်စဥ်ဆိုတာကို ကြည့်ရင် အင်မတန် ကြန့်ကြာခဲ့ပြီး၊ မအောင်မြင်မှုတွေ အကြိမ်ကြိမ် ထပ်ကျော့ ဖြစ်နေခဲ့ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ လူမျိုးစု အရေး တကယ်တမ်း မဖြေရှင်းခဲ့တဲ့ အတွက် ဖြစ်ပါတယ်။ ကိုယ်တိုင် ပြဌာန်းစီမံ အုပ်ချုပ်ပိုင်ခွင့်နဲ့ အာဏာ ခွဲဝေမှု၊ သယံဇာတ ခွဲဝေမှုတွေကို တောင်းဆိုကြတဲ့ တိုင်းရင်းသား လူမျိုးစုတွေရဲ့ အသံကို တကယ်တမ်း နားမထောင်တဲ့ အတွက် ဖြစ်ပါတယ်။

လက်ရှိ ပေါ်ပေါက်လာတဲ့ NUG အနေနဲ့ကတော့ ဒီ အချင်းရာတွေမှာ ပိုပြီး အလေးစိုက်ဖို့ လိုကြောင်း သိလာပုံ ရပြီး၊ ပိုပြီး အားထုတ်လာတာ တွေ့ရပါတယ်။ အခု အခြေအနေတွေထက် ဆထက်တပိုး ပိုပြီး ကြိုးစားသွားဖို့ လိုပါတယ်။ ရေရှည် ငြိမ်းချမ်းရေး အတွက် ဆိုရင် တိုင်းရင်းသား လူမျိုးစုတွေ အရေးဟာ လက်နက်ကိုင် တော်လှန်ရေးနဲ့ တပါတည်း ယှဥ်တွဲ သွားရမှာ ဖြစ်တယ်လို့ ယုံကြည်ပါတယ်။

စစ်တပ်ကိုယ်တိုင် လူမျိုး အခြေပြု အမျိုးသားရေး ဝါဒ သွပ်သွင်းထားတဲ့ အဖွဲ့အစည်း ဖြစ်ပြီး၊ ဗမာကြီးစိုးရေး လူမျိုးကြီးနိုင်ငံ ထူထောင်ထားတာ ဖြစ်တယ်လို့ ဒေါက်တာ ဘရင်နာ ပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, စစ်တပ်ကိုယ်တိုင် လူမျိုး အခြေပြု အမျိုးသားရေး ဝါဒ သွပ်သွင်းထားတဲ့ အဖွဲ့အစည်း ဖြစ်ပြီး၊ ဗမာကြီးစိုးရေး လူမျိုးကြီးနိုင်ငံ ထူထောင်ထားတာ ဖြစ်တယ်လို့ ဒေါက်တာ ဘရင်နာ ပြော

လူမျိုးစု အရေးကို တပါတည်း မဖြေရှင်းဘူးဆိုရင် လက်နက်ကိုင် တော်လှန်ရေးကိုလည်း အတူတကွ ဟန်ချက်ချီ ယှဥ်တွဲလုပ်ဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ တိုင်းရင်းသား လူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်းတွေဘက်က ရှာဖွေ နေတာကလည်း federal provisions တွေလို့ ခေါ်တဲ့ ၊ ဗဟိုနဲ့ ပြည်နယ် အစိုးရတွေကြား တိကျတဲ့ ကတိကဝတ်တွေ၊ အပြန်အလှန် သဘောတူမှုတွေက ဘာလဲ ဆိုတာ ဖြစ်ပါတယ်။ ဒီတော့ ethnonationalism ကနေ တဆင့် ဖြစ်လာတဲ့ ပဋိပက္ခတွေ ကို ဖြေရှင်းပါမှ ခိုင်မာတဲ့ ငြိမ်းချမ်းရေး ရနိုင်မှာ ဖြစ်ပါတယ်။ တခါ၊ ethnonationalism ဆိုတာမှာ ဒိုင်ယာလက်တစ် “dialectic” ဆိုတဲ့ အနုပဋိလောမ သဘောသဘာဝ ရှိပါတယ်။ သူဟာ ကိုယ်စီ သက်ဆိုင်တဲ့ လူမျိုးစု တစ်ခုတည်း အပေါ် အာရုံစိုက်ပြီး၊ မတူတဲ့ အုပ်စုတွေနဲ့ကြား ပဋိပက္ခတွေကို ဖန်တီးပေးတာ မှန်ပါတယ်။

ဒါပေမယ့် တပြိုင်တည်းမှာပဲ ... အထူးသဖြင့် မြန်မာနိုင်ငံလို ကိုလိုနီအောက်ကနေ အမျိုးသားရေး လွတ်မြောက်ဖို့ ကြိုးစားခဲ့ကြတဲ့ အာရှနိုင်ငံတွေမှာ .... “ethnonationalism “ ဆိုတာဟာ “လွတ်မြောက်မှု” ... “Liberty” အတွက် အရင်းခံ အကြောင်းတစ်ခုလည်း ဖြစ်နေပါတယ်။ အမျိုးသားရေး စရိုက်လက္ခဏာတွေ ပြန်လည် တည်ဆောက်ရေး၊ အဓိပ္ပာယ် ဖွင့်ဆို သတ်မှတ်နိုင်ရေး အတွက်လည်း အခြေခံလည်းပဲ ဖြစ်ပါတယ်။

ဒီတော့ မြန်မာနိုင်ငံလို လူမျိုးစု အသီးသီး စုရုံးကြမယ့် ပြည်ထောင်စု နိုင်ငံတစ်ခုမှာ ... အမျိုးသားရေး စရိုက်လက္ခဏာ ဆိုတာကို တခြားလူမျိုးစု အသီးသီးရဲ့ လိုလား တောင်းဆိုမှုတွေ အပြင်ဘက် တည်ဆောက်မယ် ဆိုရင် ဘယ်လိုမှ ငြိမ်းချမ်းရေး ရနိုင်မှာ မဟုတ်ပါဘူး။ ဒီတော့ ငြိမ်းချမ်းရေး တည်ဆောက်မှု ဆိုတာ ဘယ်လို အရာတွေကို ထည့်သွင်း အသိအမှတ်ပြု ပါဝင် စေရမလဲ ဆိုတာကို လူမျိုးစု အသီးသီးရဲ့ ethnonationalism အပေါ် နားလည် နိုင်မှ ဖြစ်ပါလိမ့်မယ်။ သူတို့ရဲ့ လိုလားချက်၊ တောင်းဆိုချက်တွေကို အဖြေရှာ ပေးနိုင်မှ ဖြစ်နိုင်ပါလိမ့်မယ်။

ဒီအချက်ဟာ ခင်ဗျားမေးတဲ့ စစ်တပ်ရဲ့ အခန်းကဏ္ဍ အကြောင်းကိုပါ ဖြေဆိုနေတယ်လို့ ထင်ပါတယ်။ လက်ရှိ မြန်မာစစ်တပ်ရဲ့ အပြုအမူဟာ အသစ်အဆန်း မဟုတ်ပါဘူး။ ၆၂ ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းတုန်းကလည်း စစ်တပ်ဟာ အခုလိုမျိုး အခြေခံ အတွေးအခေါ် တည်ဆောက်ထားပြီး ဖြစ်ပါတယ်။ တကယ်တော့ ... ၆၂ မတိုင်ခင်ကတည်းက စစ်တပ်ကို လူမျိုးအခြေပြု အမျိုးသားရေး ဝါဒ သွပ်သွင်းထားတဲ့ အဖွဲ့အစည်း အဖြစ် တည်ဆောက် ထားခဲ့ပြီး ဖြစ်ပါတယ်။ ဒီတော့ ... တခြား လူမျိုးစုတွေကို ဆုံးရှုံး နစ်နာစေပြီးမှ လူမျိုး တစ်ခုရဲ့ အကျိုးကျေးဇူးကို ဖော်ဆောင်ဖို့ရာ တည်ဆောက်ထားတဲ့ အဖွဲ့အစည်းဟာ အနာဂတ် ငြိမ်းချမ်းရေး ဖြစ်စဥ်ထဲမှာ ဘယ်လိုမှ ကောင်းရာကောင်းကျိုး ဖြစ်စေနိုင်မှာ မဟုတ်ပါဘူး။ သူတို့ရဲ့ ထည့်ဝင်မှုတွေ လုပ်လို့ ရနိုင်မှာ မဟုတ်ပါဘူး။