လူမျိုးစုတို့ရဲ့ ကိုယ်ပိုင်အုပ်ချုပ်မှု Ethnic Autonomy အပေါ် ဆန်းစစ်ခြင်း

လူမျိုးစုတို့ရဲ့ ကိုယ်ပိုင်အုပ်ချုပ်မှု Ethnic Autonomy အပေါ် ဆန်းစစ်ခြင်း

ဓာတ်ပုံ ရင်းမြစ်, PSLF/TNLA

ဓာတ်ပုံ ပုံစာ, ၁၀၂၇ စစ်ဆင်ရေး ဖော်ဆောင်ခဲ့တဲ့ ညီနောင် ၃ ဖွဲ့ ရဲ့ ခေါင်းဆောင်တွေ

ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ မန္တလေးတိုင်းကြားက ဒေသတွေ တလွှား တိုက်ပွဲတွေ ပြင်းထန်လာပါတယ်။ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်နဲ့ မတ္တရာ နယ်တွေထဲ တအာင်းတပ် TNLA နဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PDF ပူးပေါင်း အဖွဲ့တွေဟာ စစ်ကောင်စီတပ်တွေ အပေါ် ထိုးစစ် ဆင်လာတာ ဖြစ်ပါတယ်။

TNLA ကတော့ ဒီ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကို ၁၀၂၇ စစ်ဆင်ရေးရဲ့ အပိုင်း (၂) အဖြစ် ရည်ညွှန်းသုံးစွဲပါတယ်။ ညီနောင် မဟာမိတ် ၃ ဖွဲ့ အဖြစ် ကိုးကန့်တပ် MNDAA ၊ အာရ်ကန်အာမီ အေအေ တို့နဲ့ ၂၀၂၃ နှစ်ကုန်ပိုင်းလ တွေမှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ တရုတ်ရဲ့ ကြားဝင်မှုနဲ့ စစ်ကောင်စီနဲ့ကြား ရှမ်းမြောက်ဒေသ အပစ်ရပ်မှု အကောင်အထည် ပေါ်လာပါတယ်။

အဲဒီ အချိန်မှာ ရှမ်းမြောက်တလွှား မြို့ပေါင်း ၁၆ မြို့ကို စစ်ကောင်စီ လက်လွှတ် ဆုံးရှုံးခဲ့ရပြီး ဖြစ်ပါတယ်။ တရုတ်ရဲ့ ကြားဝင်မှု ကနေ ရလာတဲ့ ဟိုင်ဂင် အပစ်ရပ် သဘောတူမှုဟာ အဲဒီ ၁၆ မြို့ပဲ အကျုံးဝင်တာလား ဆိုတဲ့ မေးခွန်း အမြဲပဲ ရှိခဲ့ပါတယ်။

အေအေ ဆိုရင်လည်း ရခိုင်တစ်ခုလုံးကို ထိန်းချုပ်ရေး ထိုးစစ်တွေ ဆက်လက် တိုက်ခိုက် နေခဲ့သလို၊ အခု TNLA ဟာလည်း ရှမ်းမြောက်ဒေသ ၁၆ မြို့ အပြင်ဘက်မှာ စစ်ရေး လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ မှာ သိမ်းဆည်းရမိတဲ့ စစ်လက်နက် ပစ္စည်းတွေ ဆိုပြီး TNLA ထုတ်ပြန်

ဓာတ်ပုံ ရင်းမြစ်, PSLF/TNLA

ဓာတ်ပုံ ပုံစာ, ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ မှာ သိမ်းဆည်းရမိတဲ့ စစ်လက်နက် ပစ္စည်းတွေ ဆိုပြီး TNLA ထုတ်ပြန်

ကျောက်မဲနဲ့ နောင်ချို မြို့တွေမှာ စစ်ဒဏ်ကို မြို့ပေါ်မှာ ခံစား တွေ့ကြုံ နေရပြီ ဖြစ်ပါတယ်။ ကျောက်မဲမှာ ဆိုရင် လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုတွေကြောင့် သေဆုံးသူ အယောက် ၂၀ ကျော် ရှိတယ်လို့ လူမှုကူညီရေး အသင်းတွေက ပြောပါတယ်။ နောင်ချိုမြို့ပေါ်မှာလည်း လေကြောင်းတိုက်ခိုက်မှုတွေ ရှိခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

တနိုင်ငံလုံးအနှံ့ (အထူးသဖြင့် ၂၀၂၃၊ အောက်တိုဘာနှောင်းပိုင်း ၁၀၂၇ စစ်ဆင်ရေး ပေါ်ပေါက်လာတဲ့နောက်ပိုင်း) စစ်ရေး အခြေအနေတွေကိုကြည့်ရင် မြန်မာ စစ်တပ်ဟာ စစ်မြေပြင်မှာ ရှုံးပွဲတွေ ဆက်တိုက် ကြုံလာရပြီး၊ တိုင်းပြည်နယ်နမိတ် ပတ်ချာလည် နယ်မြေ အတော်များများကို တိုတောင်းတဲ့ အချိန်ကာလ အတွင်းမှာပဲ လက်လွှတ် ဆုံးရှုံး သွားခဲ့ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဟာ သူတို့ရဲ့ သက်ဆိုင်ရာ နယ်မြေဒေသ အသီးသီးမှာ ကိုယ်စီ အပိုင်းလိုက် အပိုင်းလိုက် ထိန်းချုပ် စိုးမိုးလာကြပါတယ်။ အုပ်ချုပ်ရေး ယန္တရားတွေပါ ထူထောင်ကြပါတယ်။

အခုလိုမျိုး စစ်ရေးနည်းနာနဲ့ ရယူထားကြတဲ့ တိုင်းရင်းသား မျိုးနွယ်စုတွေ အလိုက် ကိုယ်ပိုင် စီမံ ခန့်ခွဲ အုပ်ချုပ်ကြတဲ့ နယ်မြေတွေ ကျယ်ပြန့် ပေါ်ထွန်းလာတဲ့ အခြေအနေအပေါ် ဘယ်လို အဓိပ္ပာယ်ဖွင့် နားလည်နိုင်ပါသလဲ ....

ဒါဟာ ပြည်ထောင်စု ပုံစံသစ်တစ်ခုဆီကို ဦးတည်နေတာလား ... ဒါမှမဟုတ် တိုင်းပြည် အစိတ်စိတ် အပိုင်းပိုင်း ဖြစ်လာတော့မယ့် ကနဦး အခြေအနေမျိုးလား .... ဆိုတဲ့ လေးနက်တဲ့ မေးခွန်းတွေလည်း ပေါ်ပေါက် လာစေပါတယ်။

ဒီ အကြောင်းရာတွေ အပေါ် နိုင်ငံတကာ ပဋိပက္ခတွေကို ဖြေရှင်းနိုင်ရေး နည်းလမ်းတွေ အကြံပြုဖို့ရာ ဖွဲ့စည်းထားတဲ့ ဘရပ်ဆဲလ်စ်မြို့ အခြေစိုက် International Crisis Group အဖွဲ့က မြန်မာ့အရေး အကြီးတန်း အကြံပေး ရစ်ချက်ဟော်ဆီကို ဘီဘီစီသတင်းထောက် ကိုဝေဖြိုး ဆက်သွယ် မေးမြန်း ဆွေးနွေးထားပါတယ်။

မြန်မာ့အရေး အကြီးတန်း အကြံပေး ရစ်ချက်ဟော်ဆီ၊ ICG

ဓာတ်ပုံ ရင်းမြစ်, ICG

ဓာတ်ပုံ ပုံစာ, မြန်မာ့အရေး အကြီးတန်း အကြံပေး ရစ်ချက်ဟော်ဆီ၊ ICG
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဘီဘီစီ။ ။ မြန်မာနိုင်ငံထဲက လက်ရှိ စစ်ပွဲတွေက ဘာကို ညွှန်ပြ နေတယ်လို့ ထင်လဲ ရစ်ချက်ရေ။ ပြီးခဲ့တဲ့ ရှမ်းမြောက် ဒေသ စစ်ပွဲတွေကို ကြည့်ရင် ဖြစ်ဖြစ်၊ ရခိုင်ထဲက စစ်ပွဲတွေကို ကြည့်ရင် ဖြစ်ဖြစ် အာဏာသိမ်း မြန်မာ စစ်တပ်ဟာ ရှုံးနိမ့်နေပြီ ... လွတ်လပ်ပြီး မြန်မာပြည် အဖြစ် ကျွန်တော်တို့ ဆယ်စုနှစ်များစွာ တွေ့မြင် နေခဲ့ရတဲ့ မြန်မာပြည် ဆိုတဲ့ နိုင်ငံတစ်ခုဟာ ပုံစံသစ် တစ်ခုခုဆီ မလွဲမသွေ ပြောင်းသွားလုဆဲဆဲ အခြေအနေကို ရောက်နေပြီလို့ ပြောနိုင်ပြီလား။

ရစ်ချက်ဟော်ဆီ။ ။ စစ်ပွဲ အခြေအနေတွေ အကြောင်း ခင်ဗျားပြောတာ အပြည့်အဝ မှန်ကန်ပါတယ်။ ခင်ဗျား ပြောသွားတဲ့ နယ်မြေ ဒေသတွေမှာရော ... ပြောရရင် ... တိုင်းပြည်ရဲ့ နေရာ အနှံ့အပြားမှာ တွေ့မြင်နေရတဲ့ မြန်မာစစ်တပ်ဟာ ပုံမှန် စွမ်းရည်နဲ့ လည်ပတ် လုပ်ဆောင်နိုင်တဲ့ စစ်တပ်၊ တိုက်ပွဲဝင် နိုင်တဲ့ စစ်တပ် ဆိုတဲ့ အခြေအနေမှာ ရှိမနေတော့ပါဘူး။ သူတို့ရဲ့ ပြိုင်ဘက် အဖွဲ့တွေကို အနိုင်ယူ တိုက်ခိုက် နိုင်တယ် ဆိုတာကို အသာထားဦး ... တစ်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်လာတာတွေကို ကြံ့ကြံ့ခံ ခုံခံနိုင်တဲ့ အနေအထားမှာတောင် ရှိမနေတာကို တွေ့မြင် နေခဲ့ရပါတယ်။

အခု မြန်မာ စစ်တပ် ကျရောက် နေတဲ့ အခြေအနေဟာ စစ်တပ်က သူတွေ၊ လက်ရှိ စစ်ခေါင်းဆောင်ဆောင်တွေ၊ စစ်အရာရှိဟောင်းတွေ အားလုံး အတွက် မကြုံစဖူး အခြေအနေသစ်ရယ်လို့တောင် ပြောနိုင်မယ်ထင်ပါတယ်။

မြန်မာစစ်တပ် အခုလောက် အားနည်း နေပါ့လား ဆိုတဲ့ အချက်ဟာ သူတို့ အားလုံးကို အံ့အားသင့် တုန်လှုပ်စေပါတယ်။ ဒီ အပိုင်းကတော့ အငြင်းပွားဖွယ် မရှိဘူးလို့ ထင်ပါတယ်။ ဒါပေမယ့်လည်း .... စစ်တပ်ဟာ တနိုင်ငံလုံး အတိုင်းအတာနဲ့ ရှုံးနိမ့်သွားပြီလား ... ရှုံးနိမ့် နေပြီလား ဆိုတဲ့ မေးခွန်းကိုတော့ ပိုပြီး သတိကြီးကြီးထား ကိုင်တွယ်ဖို့ လိုပါတယ်။

အဲဒီ မေးခွန်းကို အဓိပ္ပာယ် ဖွင့်ကြည့်မယ် ဆိုရင် စစ်ပွဲဟာ နေပြည်တော် ရှိရာဆီ ရောက်လာနေပြီလား ... ရောက်လာတော့မှာလား ဆိုတာနဲ့ အဓိက ချိန်ဆ ကြည့်ရမှာ ဖြစ်ပါတယ်။ ဘယ်တိုင်းရင်သား လက်နက်ကိုင်အဖွဲ့က နေပြည်တော်ဆီ ဦးတည် ချီတင်သွားမှာလဲ ... နေပြည်တော်ရဲ့ ဂိတ်ပေါက်ဝကို ဘယ်အဖွဲ့က စစ်ကို ခေါ်သွားမှာလဲ ဆိုတာဟာ အရေးကြီးတဲ့ မေးခွန်း ဖြစ်ပါတယ်။

စစ်တပ်အပေါ်၊ စစ်ကောင်စီအပေါ် စစ်မျက်နှာပြင်မှာ စစ်ရေးနည်းနာနဲ့ အဆုံးတိုင် အနိုင်ယူတယ် ဆိုတာဟာ နေပြည်တော် စစ်ပွဲနဲ့ပဲ ဆုံးဖြတ်နိုင်မှာ ဖြစ်ပါတယ်။ အခု ကျွန်တော် အဓိကထား မေးခွန်းထုတ်နေတာက နေပြည်တော် စစ်ပွဲကို ဆင်နွှဲဖို့ ဘယ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေမှာ စိတ်ဆန္ဒနဲ့ စွမ်းဆောင်နိုင်ရည် နှစ်မျိုးစလုံး ရှိနေသလဲ ဆိုတဲ့ အချက်ပါ။ တချို့ အဖွဲ့တွေဟာ စွမ်းဆောင်နိုင်ရည် ရှိကောင်း ရှိပါလိမ့်မယ် ... ဒါပေမယ့် သူတို့မှာ စိတ်ဆန္ဒရှိကြရဲ့လား ...။ ထိုနည်းတူပါပဲ ... စိတ်ဆန္ဒ ရှိကြတဲ့ အဖွဲ့တွေမှာရော တကယ်တမ်း နေပြည်တော်ထိ စစ်ကို အရောက် ခေါ်သွားနိုင်တဲ့ စွမ်းရည်မျိုး ရှိရဲ့လား ... ဒီလို ပိုင်းခြား ဆန်းစစ်ကြဖို့ လိုမယ် ထင်ပါတယ်။

ကဲ .... ကျွန်တော်တို့ အာရ်ကန်အာမီ အေအေ အဖွဲ့ကိုပဲ ဥပမာထား ပြောကြည့်ကြရအောင်ပါ။ သူတို့ဟာ နေပြည်တော်ထိ ချီတက်ပြီး စစ်ကောင်စီကို စစ်ရေး အရ အပြီးတိုင် အနိုင်ယူမယ်လို့ ဆုံးဖြတ်ထားလား ...။ ကျွန်တော်ကတော့ ဒီလို ရည်မှန်းချက်မျိုးထိ အေအေ ထားရှိထားမယ်လို့ မထင်ပါဘူး။ ရခိုင်ထဲမှာတင် သူတို့ ရင်ဆိုင်နေရတာ ကိုင်တွယ် နေရတာတွေ များလှပါတယ်။

လက်ရှိမှာရော ... နောင် အနာဂတ်မှာပါ သူတို့ရဲ့ အာရ်ကန်အိပ်မက်လို့ ခေါ်တဲ့ ရခိုင်မြေကို ထိန်းချုပ်ရေး ရည်မှန်းချက် ပြည့်မြောက်ဖို့ရာ ရခိုင် တစ်ခုတည်းမှာတင် သူတို့ ရင်ဆိုင် ကိုင်တွယ်ရမှာတွေ များလှပါတယ်။ သူတို့ဟာ တိုင်းပြည်တစ်ခုလုံးကို ခြုံလွှမ်းနိုင်တဲ့ “အာဏာ” အတွက် လုပ်ဆောင် နေကြတာ မဟုတ်ဘူးလို့ ကျွန်တော် သုံးသပ်မိပါတယ်။ တခြား အဖွဲ့တွေ ဆိုရင်လည်း အလားတူပါပဲ။ စစ်ကောင်စီ ကျရှုံးသွားမှာကို မြင်ချင်ကြမှာ မလွဲပါဘူး။ ဒါပေမယ့် စစ်ကောင်စီကို ဖယ်ရှားပြီး စစ်ကောင်စီနေရာမှာ အစားထိုး နေရာယူဖို့ ဆိုတာဟာ သူတို့ရဲ့ မူလ အခြေခံ ရည်မှန်းချက် မဟုတ်ဘူးလို့ မြင်ပါတယ်။

တိုင်းရင်းသား ဒေသနယ်မြေတွေမှာ အားနည်းနေပြီး၊ နေပြည်တော်ကို လက်မလွှတ်ရေးကိုပဲ စစ်ကောင်စီက ဦးစားပေးနေရတဲ့ အခြေအနေ အပေါ် ပိုပြီး သဘောကျ လိုလားနေမယ့် အဖွဲ့မျိုးတွေတောင် ရှိကောင်း ရှိနိုင်ပါတယ်။ ကျွန်တော်တို့ မမေ့သင့်တာက မြန်မာနိုင်ငံရဲ့ လက်နက်ကိုင် ပဋိပက္ခဟာ နှစ်ပေါင်း ၇၀ ကျော် ၈၀ နီးပါး ရှိနေပြီ ဖြစ်ပါတယ်။ သက်ဆိုင်ရာ တိုင်းရင်းသား နယ်မြေ ဒေသ တစ်ခုချင်းစီ အပေါ်မှာ ပိုပြီး အာရုံစိုက်ကြတဲ့ အခင်းအကျင်းဟာ လွယ်လွယ်နဲ့ ပြောင်းသွားမှာ မဟုတ်ပါဘူး။

PDF တပ်တွေကို ကြည့်မယ် ဆိုရင်တော့ .... အခု စစ်ကောင်စီ ဆိုပြီး ပေါ်ပေါက်လာတဲ့ လက်ရှိ အခြေအနေမှာ စစ်ကောင်စီကို ဖယ်ရှားရေး၊ မြန်မာ စစ်တပ်ကို အဆုံးတိုင် အနိုင်တိုက်ရေး ဆိုတာကို အခြေခံ ရည်မှန်းချက် အဖြစ် ချမှတ်ထားတဲ့ ပြည်သူ့ကာကွယ်ရေး PDF တပ်တွေလည်း ပေါ်ပေါက် လာပါတယ်။ လက်ရှိမှာ PDF တွေလည်း စစ်ရေး အတွေ့အကြုံတွေ ရသထက် ရလာပါတယ်။ ဒါပေမယ့် စစ်ကောင်စီရဲ့ နေပြည်တော် အပါအဝင် အခိုင်အမာ ခြေကုပ်နေရာတွေ၊ အချက်အခြာ နေရာတွေကို တိုက်ခိုက် သိမ်းပိုက်ပို့ အထိ ဆိုရင်တော့ လက်ရှိ အနေအထားကနေ အများကြီးပိုပြီး တည်ဆောက်ရဦးမယ်လို့ သုံးသပ်ရပါတယ်။

ထိန်းချုပ်ဒေသတွေမှာ အုပ်ချုပ်ရေး ယန္တရားတွေ ထူထောင်လာ

ဓာတ်ပုံ ရင်းမြစ်, PSLF/TNLA

ဓာတ်ပုံ ပုံစာ, ထိန်းချုပ်ဒေသတွေမှာ အုပ်ချုပ်ရေး ယန္တရားတွေ ထူထောင်လာ

ဘီဘီစီ။ ။ လက်ရှိ မြေပြင် အခြေအနေတွေကို ကြည့်ရင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဟာ အရင်နှစ် အပိုင်းခြားကနဲ့ နှိုင်းယှဥ်ရင်ကို သူတို့ရဲ့ နယ်မြေဒေသ အသီးသီးမှာ ထိန်းချုပ်နယ်မြေတွေ ပမာဏ ကြီးမားတဲ့ အတိုင်းအတာနဲ့ ကျယ်ပြန့်လာတာ အထင်းသားပါပဲ။ အဲဒီ နယ်မြေဒေသတွေမှာ သူတို့အနေနဲ့ စနစ်ကျတဲ့ အုပ်ချုပ်ရေး ယန္တရားတွေ ထူထောင်ပြီး အများပြည်သူ အတွက် လိုအပ်တဲ့ ကျန်းမာရေး၊ ပညာရေး စတဲ့ အခြေခံ ဝန်ဆောင်မှုတွေကို ပေးနိုင်တာမျိုး ရှိတာ တွေ့ရလား ရစ်ချက်ရေ ... ။

ရစ်ချက်ဟော်ဆီ။ ။ ဒီလို ကိစ္စမျိုးတွေဟာ အချိန်ယူရပါတယ်၊ မလွယ်ကူလှပါဘူး။ ဒီထဲက အဖွဲ့တချို့ဆိုရင် အုပ်ချုပ်ရေး အတွေ့အကြုံ ရှိတာ ဆယ်စုနှစ်များစွာ ရှိနေပြီ ဖြစ်ပါတယ်။ ဥပမာ ပြောရရင် ကချင် KIO နဲ့ ကရင် KNU တို့မှာ အတွေ့အကြုံတွေ ရှိနှင့်ပြီး ဖြစ်ပါတယ်။ တချို့ အဖွဲ့တွေ အတွက်တော့ အုပ်ချုပ်ရေး ကဏ္ဍ ထူထောင်ဖို့၊ အသက်သွင်း မောင်းနှင်လှုပ်ရှားဖို့ ဆိုတာတွေဟာ အသစ် ဖြစ်ကောင်း ဖြစ်နေပါလိမ့်မယ်။ တအာင်းတပ် TNLA နဲ့ အာရ်ကန်အာမီ AA တို့ရဲ့ အုပ်ချုပ်ရေး ကဏ္ဍ အတွေ့အကြုံဟာ ဆယ်စုနှစ်နဲ့ ချီလောက်တဲ့ အထိ မရှိသေးပါဘူး။

သူတို့ဟာ မြေပြင် စစ်ပွဲတွေ အောင်မြင်မှုကနေ နယ်မြေတွေ တိုးချဲ့ ရယူ လာနိုင်တာနဲ့ အမျှ၊ ခင်ဗျား ပြောတဲ့ အုပ်ချုပ်ရေး ကဏ္ဍကိုပါ တပါတည်း တွဲပြီး အကောင် အထည် ဖော် နေရတာမျိုး ဖြစ်ပါတယ်။ ဒီတော့ အုပ်ချုပ်ရေး အတွက် လိုအပ်တာတွေ တည်ဆောက် ထူထောင်ရတယ် ဆိုတာ သူတို့ အတွက် ရှေ့တန်း စစ်မျက်နှာပြင်နဲ့ ကပ်ရက် နေရာတွေ၊ စစ်ဆိုင်ထားရတဲ့ နေရာတွေနဲ့ တဆက်တည်း ဖြစ်နေတဲ့ နေရာတွေမှာ ထူထောင်ရတာမျိုး ဖြစ်ပါတယ်။ သူတို့ အတွက် စိန်ခေါ်မှုတွေဟာ ကြီးမားလှပါတယ်။

တခါ၊ အုပ်ချုပ်ရေး အတွေ့အကြုံ ဆယ်စုနှစ်တွေနဲ့ ချီ ရှိခဲ့ပြီလို့ ကျွန်တော် အစောပိုင်းက ရည်ညွှန်း ပြောခဲ့တဲ့ အဖွဲ့တွေ အပါအဝင်၊ စစ်ကောင်စီနဲ့ တိုက်ခိုက် နေကြတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အများစုဟာ မြို့ပြ ဒေသတွေကိုတော့ အရင်က မထိန်းချုပ် နိုင်ခဲ့ကြပါဘူး။ ဒီတော့ မြို့တွေကို သိမ်းလာနိုင်တာကလည်း အတွေ့အကြုံသစ် ဖြစ်ပါတယ်။ မြို့ပြ လူနေထူထပ်တဲ့ နေရာတွေကို စီမံခန့်ခွဲ အုပ်ချုပ်ဖို့ ဆိုတာကလည်း သူတို့ အတွက် စိန်ခေါ်မှု အသစ် ဖြစ်နေပါတယ်။ မြို့ပြ အင်္ဂါရပ်နဲ့ ကိုက်ညီတဲ့ အရာမှန်သမျှ လည်ပတ်လှုပ်ရှားနိုင်အောင် ဖြည့်ဆည်းရမှာ ဖြစ်ပါတယ်။ ဒီထဲမှာ ရေပေးဝေရေး၊ ရေဆိုးစနစ်နဲ့ လျှပ်စစ်မီးက စလို့ မြို့ပြမှာ ရှိရမယ့် အခြေခံ အဆောက်အအုံ အားလုံး ပါဝင်ပါတယ်။

ဒီလို အခြေခံ အချက်တွေသာမက၊ ကျွန်တော့်အမြင်မှာ အရေးကြီးဆုံးကတော့ လုံခြုံရေး ဖြစ်ပါတယ်။ မြို့တွေ၊ ရွာတွေ ... ကျေးလက်ဒေသတွေ ဘယ်လို နေရာမျိုးမှာ ဖြစ်စေ .... ကိုယ့်ထိန်းချုပ်မြေမှာ နေထိုင်ကြတဲ့ လူတွေရဲ့ လုံခြုံရေးကို တာဝန်ယူရမှာ ဖြစ်ပါတယ်။

ခင်ဗျားသိတဲ့ အတိုင်း စစ်ကောင်စီဟာ လေကြောင်း တိုက်ခိုက်တာကို အတော်လေး ကျယ်ကျယ်ပြန်ပြန့် ပြုမူနေဆဲ ဖြစ်ပါတယ်။ သူတို့ လက်လွှတ်ရတဲ့ မြို့ရွာတွေမှာ တစ်ဘက်က အပြိုင် အုပ်ချုပ်ရေးတွေ ထူထောင်ပြီး လည်ပတ် လှုပ်ရှားနေတာကို ဒီအတိုင်း လက်ပိုက် ကြည့်နေမယ်လို့ မမျှော်လင့် နိုင်ပါဘူး။ လေကြောင်းကနေ တိုက်ခိုက်တာ၊ ဗုံးကြဲတာတွေ တွင်တွင်ကျယ်ကျယ် ပြုလုပ်ပြီး မြို့ရွာတွေကို ဖျက်စီးတာ သူတို့ရဲ့ လုပ်နည်းလုပ်ဟန် အဖြစ် ကျွန်တော်တို့ တွေ့မြင် နေခဲ့ကြရပြီး ဖြစ်ပါတယ်။

စစ်ကောင်စီဟာ သူတို့ လက်လွှတ်ရတဲ့ နေရာတွေကို ... လူတွေ ရပ်တည် ရှင်သန် နေထိုင်လို့ ရတဲ့ ရပ်ရွာတွေ၊ သူတို့နဲ့ တိုက်ခိုက်နေတဲ့ အဖွဲ့တွေက အုပ်ချုပ်ရေး ထူထောင်လည်ပတ် နေတဲ့ နေရာတွေ အဖြစ် ရပ်တည် ရှင်သန်ခွင့် ပေးမယ့် အစား၊ အဲဒီကနေ လူတွေ အစုလိုက်အပြုံလိုက် ထွက်သွားရတဲ့ မြို့ပျက် ရွာပျက်တွေ အဖြစ် အသွင်ပြောင်းပစ်တာမျိုးကို ကျွန်တော်တို့ တွေ့မြင် နေခဲ့ကြရပါတယ်။ ဒီတော့ ပြန်ချုပ်ရရင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ မြို့ ရွာတွေ အပါအဝင် နယ်မြေတွေ တိုးချဲ့ ထိန်းချုပ် လာနိုင်သည် ဆိုဦး၊ တကယ်တမ်း အသက်ဝင် လှုပ်ရှားတဲ့ စီမံ အုပ်ချုပ်မှုတွေ အသက်သွင်း အကောင်အထည် ဖော်ဖို့ ကြီးမားတဲ့ စိန်ခေါ်မှုတွေ ရှိနေပါတယ်။

နောင်ချိုကို ပူးပေါင်းတပ်တွေ ထိန်းချုပ်န်ိုင်ပြီလို့ မန္တလေး PDF ကြေညာ

ဓာတ်ပုံ ရင်းမြစ်, MDY PDF

ဓာတ်ပုံ ပုံစာ, နောင်ချိုကို ပူးပေါင်းတပ်တွေ ထိန်းချုပ်န်ိုင်ပြီလို့ မန္တလေး PDF ကြေညာ

ဘီဘီစီ။ ။ ရစ်ချက် အစောပိုင်းမှာ ပြောခဲ့ပါတယ်။ နေပြည်တော်ကို ချီတက် တိုက်ခိုက် သိမ်းပိုက်ရေး ဆိုတာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ မူလပင်မ ရည်မှန်းချက် မဟုတ်ဘူး ... စိတ်ဆန္ဒရော စွမ်းရည်ပါ ပြည့်စုံနေတဲ့ အဖွဲ့ ရှိဖို့ ခက်တယ် ဆိုခဲ့ရင် သူတို့ လက်ရှိ တိုက်ခိုက် နေတာ၊ သူတို့ ကြိုးပမ်း နေတာတွေရဲ့ အဓိက ရည်မှန်းချက်က ဘာဖြစ်နိုင်လဲ။ ကိုယ်နဲ့ သက်ဆိုင်တဲ့ နယ်မြေဒေသတွေကို ကိုယ်ပိုင်ထိန်းချုပ် စီမံ ခန့်ခွဲ ဖို့ထက်ကျော်လွန်ပြီး၊ ပြည်ထောင်စု အသစ် တစ်ခုကို ပုံဖော် နေကြတာကို တွေ့မြင် နေရပါလား ...။

ရစ်ချက်ဟော်ဆီ။ ။ ပထမဆုံး ကျွန်တော် ထောက်ပြလိုတဲ့ အချက်ကတော့ ... မြန်မာပြည်ထောင်စု ဆိုပြီး ပြောကြတဲ့ အခါတိုင်း လက်တွေ့ တကယ် တင်းပြည့်ကျပ်ပြည့် ရှိနေတဲ့ ပြည်ထောင်စုမျိုးထက် စာရင် စိတ်ကူး သက်သက်အားဖြင့်သာ ပုံဖော်ထားတဲ့ အပိုင်းတွေ အမြဲလိုလိုပဲ ပါဝင် နေခဲ့ပါတယ်။

လွတ်လပ်ပြီးခေတ် တောက်လျှောက်မှာ ဘယ်ကာလ အပိုင်းအခြားကို ကြည့်ကြည့် ... ပြည်ထောင်စု အသွင် တင်းပြည့်ကျပ်ပြည့်နဲ့ တကယ်တမ်း လည်ပတ် လှုပ်ရှား သက်ဝင် နိုင်ခဲ့တာမျိုး မရှိပါဘူး။ စစ်အစိုးရတွေ အပါအဝင် ဘယ်လို ဗဟို အစိုးရမျိုးနဲ့မှ ဆက်စပ် ပတ်သက်မှု မရှိပဲ နေခဲ့တဲ့ နယ်မြေ ဒေသ အမြောက်အများ ရှိပါတယ်။ ပြီးပြည့်စုံပြီး အဓိပ္ပာယ် တိကျတဲ့ ပြည်ထောင်စု တစ်ခုကို ထူထောင်လာခဲ့တယ် ဆိုတာထက် စာရင် .... ပြည်ထောင်စု ပုံစံ တစ်ခုခုဆီ ဦးတည်သွားနေတဲ့ ခေတ်သစ် မြန်မာပြည်ကို တည်ဆောက်ဆဲ အခြေအနေ ဆိုတာမျိုးမှာပဲ အမြဲ ရှိနေခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ အနေအထားဟာ ကျွန်တော် ပြောခဲ့တဲ့ သမိုင်းစဥ်ဆက် ရှိခဲ့တဲ့ အနေအထားထက် အခြေခံကနေ စပြီး ပြောင်းလဲ သွားပြီ ... အများကြီး ပြောင်းလဲ လာပြီ ဆိုတာမျိုး မဟုတ်ပါဘူး။ လက်နက်ကိုင် အဖွဲ့တွေရဲ့ ထိန်းချုပ်မှုအောက် ရောက်ရှိသွားတဲ့ နယ်မြေ ဒေသတွေ ပိုလို့တောင်မှ များလာပါတယ်။ တခါ ... အခု ပေါ်ပေါက်နေတဲ့ အခြေအနေတွေ ... ဦးတည်သွားနေတဲ့ လမ်းကြောင်းတွေဟာ ဘာကို ညွှန်ပြနေသလဲ ဆိုရင် မြန်မာ စစ်တပ်အနေနဲ့ သူတို့ အခု လက်လွှတ် ဆုံးရှုံး သွားရတဲ့ နေရာတွေကို ပြန်လည် ရယူ နိုင်ဖို့ ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။

မြန်မာ စစ်တပ်ဟာ အခိုက်အတန့် ကာလ တစ်ခုအတွက် အကျပ်အတည်း တွေ့နေတာမျိုး မဟုတ်ပါဘူး။ တစ်နည်း ပြောရရင် သူတို့ ကြုံနေရတဲ့ ရှုံးပွဲတွေဟာ“temporary setback" လို့ ခေါ်တဲ့ သူတို့အတွက် ယာယီသဘော အနှောင့်အယှက် အဟန့်အတားတွေ မဟုတ်ပါဘူး။ မြန်မာ စစ်တပ် အနေနဲ့ အခု အခြေအနေကို ပြောင်းပြန်လှန်လို့ အရင် ရှိခဲ့တဲ့ အနေအထားမျိုးထိ မဟုတ်သည့်တိုင်၊ ဆုံးရှုံးနယ်မြေတွေထဲက လောက်လောက်လားလား ပမာဏ အထိ ပြန်ရအောင် လုပ်လာနိုင်သည် ဆိုဦး .... အချိန်တို ကာလ အပိုင်းအခြား အတွင်းမှာ မစွမ်းဆောင်နိုင်ဖို့က သေချာသလောက် ရှိနေပါတယ်။ မျိုးဆက်နဲ့ချီ ကြာမြင့်နိုင်ပါတယ်။

ဒီ အရာတွေ အားလုံးကို ပြန်ပြီး ချုပ်ကြည့်လိုက်မယ် ဆိုရင် .... လက်နက်ကိုင် အဖွဲ့အမျိုးမျိုး၊ တိုင်းရင်သား အုပ်စု အမျိုးမျိုးဟာ သူတို့ရဲ့ သက်ဆိုင်ရာ နယ်မြေတွေကို autonomous control လို့ ခေါ်တဲ့ ကိုယ်တိုင် စီမံခန့်ခွဲ အုပ်ချုပ်လိုတဲ့ စိတ်ဆန္ဒမျိုး၊ ရည်မှန်းချက်မျိုး အမြဲပဲ ရှိနေခဲ့ပါတယ်။ အဲဒီ စိတ်ဆန္ဒ အပေါ်မှာ အခြေခံပြီး သူတို့ စကားပြောကြတဲ့ အခါ ကိုယ်ပိုင် အုပ်ချုပ်ခွင့် automy ဆိုတဲ့ စကားလုံးကို သုံးပြီး ပြောတဲ့ အခါမျိုးတွေလည်း ရှိသလို၊ ဖက်ဒရယ် ဆိုတဲ့ ဝေါဟာရကို သုံးပြီး ပြောတာမျိုးလည်း ရှိပါလိမ့်မယ်။

ခင်ဗျား သူတို့နယ်မြေတွေထဲက သာမန် လူတွေနဲ့ စကားပြောကြည့်တဲ့ အခါ အဲ့သလို အော်တိုနမီတွေ၊ ဖက်ဒရယ်တွေ ဆိုတဲ့ ဝေါဟာရတွေ သုံးကောင်းမှလည်း သုံးမယ် ... သာမန်လူတွေကတော့ ငါတို့ဘာသာ အေးအေးပဲ နေချင်တယ်လို့ ပြောတာကို ကြားရမှာ ဖြစ်ပါတယ်။ အနှစ်သာရကတော့ တခြားနေရာက သူတွေ သူတို့ အပေါ် လာပြီး မချုပ်ကိုင်နဲ့ မချယ်လှယ်ကြနဲ့ ... ကိုယ့်ဘာသာ နေပါရစေ ဆိုတဲ့ အပေါ် အခြေခံတာပဲ ဖြစ်ပါတယ်။ သူတို့ အပေါ်မှာ မြန်မာစစ်တပ်တို့ မြန်မာနိုင်ငံတို့ ဆိုတာ ရှိနေပြီး ထိန်းချုပ် စိုးမိုး ချယ်လှယ်နေတာကို မလိုချင်တာပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မျိုးဆက်ကအထိ သူတို့လိုချင်တဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ဆိုတာကို စစ်မြေပြင်ကနေ တဆင့် ဖန်တီး ယူနိုင်ဖို့ ဆိုတာ မဖြစ်နိုင်ဘူးလို့ ယူဆခဲ့ကြပါတယ်။ တိုက်ပွဲနဲ့ ဆွေးနွေးညှိနှိုင်းမှု နှစ်ခု ပေါင်းစပ်ခြင်း အားဖြင့်သာ ကိုယ်ပိုင် စီမံ ပြဌာန်းခွင့် ရနိုင်မယ်လို့ ယုံကြည်ခဲ့ကြပါတယ်။

KIO ကို ဦးဆောင်ခဲ့တဲ့ ဘရန်ဆိုင်း ဆိုရင် အင်မတန် ခိုင်မာတဲ့ တော်လှန်ရေး သမားကြီး တစ်ဦး ဆိုတာ အားလုံး အသိပါ။ သူပြောလေ့ ရှိတာက .... ငါတို့ တောထဲတောင်ထဲ တိုက်ခိုက်နေတာ မှန်ပေမယ့်၊ တကယ့် အောင်ပွဲ ဆိုတာက မြို့ပေါ်မှာ စကားပြောပြီး သဘောတူမှုတွေ ယူနိုင်မှ ရလိမ့်မယ် လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ တော်လှန်ရေး မျိုးဆက် အားလုံးလည်း ဒီ အတိုင်းပဲ မြော်မြင် စဥ်းစား ခဲ့ကြပါတယ်။

ဒါပေမယ့် ဒီကနေ့ မျိုးဆက်ဟာ သူတို့ လိုချင်တဲ့ အရာတွေ၊ မျှော်မှန်းချက်တွေ အားလုံး မဟုတ်သေးရင်တောင်မှာ များလှတဲ့ ပမာဏ အတိုင်းအတာအထိ စစ်မြေပြင် တိုက်ပွဲတွေကနေ ရလာပါတယ်။ သူတို့ နယ်မြေတွေရလာပြီး အုပ်ချုပ်ရေးတွေ ထူထောင်လာပါတယ်။ ကျွန်တော် ပြောခဲ့သလို လွယ်ကူလှတဲ့ တာဝန် မဟုတ်ပေမယ့်၊ လက်တွေ့မှာ နယ်မြေတွေ ရလာတဲ့ အချက်က ထင်ရှားပါတယ်။ ဒီတော့ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ဆိုတာကို နေပြည်တော်ဆီက သူတို့ တောင်းနေစရာ မလိုတော့ပါဘူး ... သူတို့က တိုက်ယူလိုက်တာ ဖြစ်ပါတယ်။

သူတို့ရဲ့ အခြေခံ ရည်မှန်းချက် primary goal ဖြစ်တဲ့ ကိုယ်ပိုင် အုပ်ချုပ်နိုင်တဲ့ နေရာတွေကို ရဖို့ ဆိုတာ ပြည့်မြောက်လာခဲ့ပြီးတဲ့နောက်မှာတော့ အဲဒီ နေရာတွေကို ဆက်ပြီး ဘေးကင်းလုံခြုံစွာနဲ့ ထိန်းချုပ်ထားနိုင်ဖို့က သူတို့အတွက် အဓိက ဦးစားပေး ဖြစ်နေပါလိမ့်မယ်။ နေပြည်တော်မှာ ဘယ်လို အစိုးရမျိုး ပေါ်ပေါက် လာရမယ် ဆိုတာထက် စာရင်၊ သူတို့ရဲ့ ကိုယ်ပိုင် အုပ်ချုပ်စီရင်မှုကို အခု ရထားတဲ့ နယ်မြေတွေမှာ ခိုင်မြဲစေဖို့က သူတို့ အတွက် ပိုပြီး အရေးကြီးပါတယ်။ ဒါဟာ ဖက်ဒရယ်ဝါဒ အခြေခံ မဟုတ်ပါဘူး။ ဖက်ဒရယ်ဝါဒနဲ့ ကွဲပြားပါတယ်။

၁၀၂၇ အပိုင်း ၂ ဆိုပြီး TNLA ပြောတဲ့ တိုက်ပွဲတွေ ပေါ်ပေါက်လာတဲ့ နေရာတွေ
ဓာတ်ပုံ ပုံစာ, ၁၀၂၇ အပိုင်း ၂ ဆိုပြီး TNLA ပြောတဲ့ တိုက်ပွဲတွေ ပေါ်ပေါက်လာတဲ့ နေရာတွေ

ဘီဘီစီ။ ။ အခုလိုမျိုး စစ်မြေပြင်တွေကနေ ရထားတဲ့ အောင်မြင်မှုတွေ၊ နယ်မြေတွေဟာ ဘယ်လို ခိုင်မြဲ တည်တံ့ နိုင်မလဲ ရစ်ချက်ရေ။ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးတွေ စီမံ ခန့်ခွဲမှုတွေ ဖော်ဆောင်နိုင်ဖို့ ဆိုတာ အသိအမှတ် ပြုမှုတွေ၊ ပြင်ပ အကူအညီတွေလည်း လိုအပ်တယ် မဟုတ်လား။ သူတို့ အဲဒီ အရာတွေကိုရော တစ်နယ်ချင်းစီ တစ်အုပ်စုချင်းစီ အနေနဲ့ ဘယ်လို ရနိုင်ကြမလဲ။

ရစ်ချက်ဟော်ဆီ။ ။ သူတို့ဟာ ကိုယ့်နယ်ကိုယ် ကိုယ်တိုင် စီမံ အုပ်ချုပ်ရေးဆီ ဦးတည် နေတာ ဖြစ်ပြီး၊ လုံးဝ လွတ်လပ်ရေး ဆိုတာမျိုးဆီ သွားနေတာ မဟုတ်ဘူးလို့ နားလည်ရပါတယ်။ ဒီတော့ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုကို ရယူဖို့ သူတို့အတွက် မလိုအပ်လှပါဘူး။ နိုင်ငံတကာကလည်း အဖွဲ့အမျိုးစုံနဲ့ကြား ထိတွေ့ဆက်ဆံတာတွေ၊ စကားပြောတာတွေ၊ အတူတွဲပြီး အလုပ်လုပ်တာတွေ အရင်ကတည်းက ပြုလုပ်နေသလို နောင်လည်း ပြုလုပ်မှာ ဖြစ်ပါတယ်။ နိုင်ငံသစ်တွေ အဖြစ် အသိအမှတ် ပြုရေးလိုမျိုး အင်မတန် အထိမခံ သိမ်မွေ့လွန်းတဲ့ အရာမျိုး၊ နိုင်ငံရေး ပြဿနာမျိုး မဟုတ်ပါဘူး။ ဒါပေမယ့် လက်တွေ့ ကိစ္စရပ်တွေမှာ ဘယ်လို မူဝါဒတွေ ချမှတ် ရမလဲ ဆိုတဲ့ technical ပိုင်း ပြဿနာတွေတော့ ရှိလာနိုင်ပါတယ်။ အထူးသဖြင့် ကပ်ရက် အိမ်နီးချင်း နိုင်ငံတွေ အတွက်ပါ။

ဆိုကြပါစို့ ... KNU က ထိုင်းနဲ့ နယ်စပ် တလျှောက် နေရာ အများစုကို ထိန်းချုပ်လိုက်ပြီ ဆိုရင် နှစ်နိုင်ငံကြား တရားဝင် လူ ဝင် လူထွက် ကူးသန်းသွားလာမှုတွေ၊ ကုန်သွယ်ရေးတွေကို KNU တရားဝင် ဆက်ဆံရေး ထူထောင်ပြီး အသိအမှတ်ပြုမှာလား ဆိုတာကို ထိုင်းအာဏာပိုင်တွေ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ ဥပမာ နယ်စပ်ဖြတ်ကျော်ခွင့် လက်မှတ်မှာ စစ်တပ်ဖြစ်ဖြစ်၊ ဘယ်လို ဗဟို အစိုးရမျိုး ဖြစ်ဖြစ် နေပြည်တော် အာဏာပိုင်တွေက မဟုတ်ပဲ KNU က တံဆိပ်တုန်းထုထားရင် လက်ခံမလား ဆိုတဲ့ မေးခွန်းမျိုး ပေါ်ပေါက်လာနိုင်ပါတယ်။

နောက်တစ်ခုကတော့ ... အခု တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ နယ်ပယ်ဒေသတစ်ခုကို ပိုင်ပိုင်နိုင်နိုင်နဲ့ ကိုယ့်လက်ကိုယ့်ခြေ အုပ်ချုပ်ရေး ထူထောင်ကြတဲ့ အခါမယ် ဘဏ္ဍာငွေကြေး လိုအပ်ပါတယ်။ ကျယ်ပြန့်လှတဲ့ နယ်မြေဒေသတွေမှာ အုပ်ချုပ်ရေးထူထောင်ဖို့ ဆိုရင် ဘတ်ဂျက် အသုံးစားရိတ် မနည်းမနော လိုအပ်မှာ ဖြစ်ပါတယ်။ သူတို့ နယ်မြေတွေမှာ အသုံးစားရိတ် ရရာ ရကြောင်း ရင်းမြစ် သယံဇာတတွေ ရှိကောင်း ရှိပါလိမ့်မယ်။ ဒါပေမယ့် သူတို့ လက်ထဲမှာ ငွေတွေ အပုံလိုက် သုံးမကုန်အောင် ရှိနေတယ် ဆိုတာမျိုး မဟုတ်ပါဘူး။

ဒီတော့ ဝင်ငွေရရာရကြောင်း စီမံကိန်းတွေကိုလည်း ဖန်တီးဖော်ဆောင်ရမယ့် အလုပ်လည်း ရှိနေပါတယ်။ ဒါတွေကတော့ သူတို့ ရထားတဲ့ နယ်မြေတွေကို ရေရှည်ထိန်းထားနိုင်မလား ဆိုတဲ့ မေးခွန်းနဲ့ စပ်လျဥ်းပြီး သူတို့ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေထဲက တချို့ကို ဥပမာပေး ပြောတာ ဖြစ်ပါတယ်။ တခြား စိန်ခေါ်မှုတွေလည်း အများအပြား ရှိနေမှာ သေချာပါတယ်။ ဒါပေမယ့် လက်ရှိ အချိန်မှာ တခြား လျှောက်ရမယ့် လမ်းကြောင်းမျိုးလည်း မရှိပါဘူး။

အခုအချိန်ဟာ နေပြည်တော်က စစ်ကောင်စီနဲ့ကြား တွေ့ဆုံ စကားပြောတာတွေ၊ ဆွေးနွေး ညှိနှိုင်းတာတွေ လုပ်ဖို့ မလိုအပ်တဲ့ အနေအထား ဖြစ်ပါတယ်။ စစ်ကောင်စီ အားနည်းနေတာ ပေါ်လွင်လေလေ၊ စကားပြောဖို့ အကြောင်း မရှိလေလေ ဆိုတာမျိုး ဖြစ်ပါတယ်။ ထွက်ပေါက် ရှာဖို့က စစ်ကောင်စီဘက်က လုပ်ရမယ့် အခြေအနေ ဖြစ်ပါတယ်။ လက်ရှိ စစ်ကောင်စီ နာမည်နဲ့ ဖြစ်စေ၊ လက်ရှိ စစ်ခေါင်းဆောင်ရဲ့ ဦးဆောင်မှု ဖြစ်စေ သိပ်ပြီး ကြာကြာ တည်မြဲနိုင်မယ့် အနေအထား မဟုတ်တဲ့ အတွက်၊ နေပြည်တော်က သူတွေပဲ ရွေးကောက်ပွဲ လမ်းကြောင်းကနေ ဖြစ်ဖြစ် ထွက်ပေါက် ရှာဖို့ လိုနေတာ ဖြစ်ပါတယ်။

Skip YouTube post
Google YouTube ၏အကြောင်းအရာများကို ပြခွင့်ပြုမှာလား။

ယခုဆောင်းပါးတွင် Google YouTube မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် Google YouTube ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။

သတိပေးချက်- ပြင်ပဝက်ဆိုက်များတွင်ပါဝင်သောအကြောင်းအရာများအတွက် ဘီဘီစီကတာဝန်မယူပါ။ YouTube တွင်ကြော်ငြာများပါဝင်နိုင်ပါသည်။

End of YouTube post

ဘီဘီစီ။ ။ မတူတဲ့ တိုင်းရင်းသား လက်နက်ကိုင် အုပ်စုတွေကြားမှာရော စည်းလုံးညီညွတ်မှု အတိုင်းအတာ တစ်ခုအထိ ဖော်ထားနိုင်မယ်လို့ မြင်ရလား။ ပြည်ထောင်စု ဘယ်လို တည်ဆောက်ကြမလဲ ဆိုတဲ့ ကိစ္စမျိုး မဟုတ်ပဲ၊ တကယ့် လက်တွေ့ မြေပြင်မှာ ထိတွေ့ တိုက်ခိုက်တာတွေ၊ အကြမ်းပတမ်း သွေးထွက်သံယို ကိစ္စမျိုးတွေ မပေါ်ပေါက်အောင်လို့ပေါ့။ ဥပမာ TNLA နဲ့ KIA ကြားမှာ တင်းမာမှု ပွတ်တိုက်မှုတွေ ရှိနေတယ် ဆိုတာမျိုး၊ ပလက်ဝမြို့ကို AA ထိန်းချုပ်ထားနဲ့ ပတ်သက်ပြီး ပလက်ဝဟာ ချင်းရဲ့ နေရာလား ရခိုင်ရဲ့ နေရာလား စသဖြင့် မတူတဲ့ အမြင်မျိုးတွေ ရှိနေကြတာကရော ... နောက်ထပ် လက်နက်ကိုင် ပဋိပက္ခ အသစ်အသစ်တွေ ဖြစ်လာစေနိုင်လား။

ရစ်ချက်ဟော်ဆီ။ ။ ခင်ဗျားသိတဲ့ အတိုင်း မတူတဲ့ အုပ်စု နှစ်ခုကြား၊ အဖွဲ့ နှစ်ခုကြား ပိုင်နက် နယ်မြေတွေ ထိစပ်နေပြီ၊ ရောယှက်နေပြီ ဆိုရင် ပြဿနာ စင်းလုံးချော ကင်းနေဖို့ကတော့ မမျှော်လင့် နိုင်ပါဘူး။ နယ်မြေ ပိုင်ဆိုင်မှု အငြင်းပွားတာက အစ၊ သယံဇာတ ရင်းမြစ်တွေကို ထိန်းချုပ်နိုင်ဖို့ အပြိုင်ပြုမူကြတာတွေ အပါအဝင် ပြဿနာ အမျိုးမျိုး၊ ထိတွေ့ ပွတ်တိုက်မှု အမျိုးမျိုး ရှိနေနိုင်ပါတယ်။ ဒီ အထဲမှာ သမိုင်း အစဥ်အဆက် မကျေလည်ခဲ့တဲ့ ပြဿနာတွေလည်း ရှိနှင့်ပြီး ဖြစ်တဲ့ အတွက်၊ လက်နက်ကိုင် အဖွဲ့တွေကြားမှာရော ... ဒေသခံ နယ်ခံ မတူတဲ့ အသိုင်းအဝိုင်း တွေကြားမှာပါ ပွတ်တိုက် ထိတွေ့မှုတွေကတော့ ရှိနေမှာ အမှန်ပါပဲ။

ဒါပေမယ့် ဒီ အဓိပ္ပာယ်ဟာ ပြဿနာတွေ ရှင်းမရလောက်အောင် ပိုမို ရှုပ်ထွေးလာမယ် .... အဖွဲ့ပေါင်းစုံကြား အပြန်အလှန် တိုက်ခိုက်ကြတဲ့ ဘက်နှစ်ဘက်မက စစ်ပွဲတွေ ကျိန်းသေပေါက် ပေါ်ပေါက်လာမယ် ဆိုတာမျိုး မဆိုလိုပါဘူး။ ခုနက ကျွန်တော်တို့ ပြောခဲ့ကြတဲ့ အငြင်းပွားမှု၊ မကျေလည်မှု၊ ပွတ်တိုက်မှု ဆိုတာတွေဟာ အခုလို စစ်ကောင်စီနဲ့ကြား တိုက်ပွဲတွေမှာ အသာစီးရပြီး၊ ကိုယ်စီ နယ်မြေ တိုးချဲ့ ထိန်းချုပ် လာနိုင်တဲ့ အခါမှ ပေါ်ပေါက်လာတာမျိုး မဟုတ်ပါဘူး။ ပြဿနာ အများစုဟာ အရင် ရှိနှင့်ခဲ့ပြီး ပြဿနာတွေ ဖြစ်ပါတယ်။

အခုလို အစိတ်စိတ်အမွှာမွှာနဲ့ အုပ်စုကွဲ အမျိုးမျိုးကြား ပြဿနာတွေ ရှိနေခဲ့ကြတယ် ဆိုတာ မြန်မာပြည် အတွက် အနှစ် ၈၀ အတွေ့အကြုံ ရှိပြီး ဖြစ်ပါတယ်။ ဒီတော့ ပြဿနာ အားလုံးကို မဟုတ်ရင်တောင် အများစုနဲ့ ပတ်သက်ပြီး အခြေအနေတွေ အဆုံးစွန် အနေအထားမျိုးထိ ပေါက်ကွဲ မထွက်အောင် လက်တွေ့မြေပြင်မှာ ဘာတွေ လုပ်ဆောင်ကြမယ် ... သူ့စည်း ကိုယ့်စည်း ဘယ်လို ပိုင်းခြားကြမယ် ဆိုတာမျိုးတွေကို သူတို့ အဖွဲ့တွေကြား ဆွေးနွေးမှု နားလည်မှုတွေ ရှိနှင့် နေကြပြီး ဖြစ်ပါတယ်။

ခင်ဗျားပြောသလို ရှမ်းမြောက် ဒေသ တချို့ နေရာမှာ ဖြစ်စေ၊ ပလက်ဝမှာ ဖြစ်စေ၊ မွန်ပြည်နယ်ထဲက တချို့ နေရာတွေမှာ မွန်အဖွဲ့နဲ့ KNU ကြား ဖြစ်စေ စိုးရိမ်စရာ ကောင်းတဲ့ ကွဲပြားမှုတွေ၊ တင်းမာမှုတွေ ရှိတာ မှန်ပါတယ်။ အကြမ်းဖက် သွေးထွက်သံယို ကိစ္စမျိုးတွေ အဆုံးစွန်သော ပမာဏမျိုးနဲ့ ပေါက်ကွဲ ထွက်လာဖွယ် ရှိသလား ဆိုရင်တော့ သူတို့ ခေါင်းဆောင်ပိုင်း အသီးသီး အနေနဲ့ ဘယ်လောက် ဥာဏ်ကြီးပြီး၊ မလိုလားအပ်တာတွေ ဖြစ်မလာအောင် ဘယ်လောက် ကိုင်တွယ်နိုင်ကြမလဲ ဆိုတဲ့ အပေါ် မူတည်ပါလိမ့်မယ်။

သူတို့ ခေါင်းဆောင်ပိုင်းတွေကြား ဆက်ဆံရေး လမ်းကြောင်းတွေ ရှိနေပြီး ဖြစ်သလို၊ ဒီလို ပြဿနာမျိုးတွေကို ကိုင်တွယ်ခဲ့ကြတဲ့ အတွေ့အကြုံမျိုးတွေလည်း ရှိနှင့် နေကြပြီ ဖြစ်တဲ့ အတွက် တိုင်းရင်းသား အဖွဲ့တွေကြားမှာ လက်နက်ကိုင် ပဋိပက္ခတွေ ကြီးကြီးမားမား ပေါက်ကွဲထွက်မလာအောင် သူတို့ ထိန်းချုပ် နိုင်ကြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

ကျွန်တော့် အနေနဲ့ အကြံပြုလိုတာကတော့ ငါတို့မှာ စစ်အင်အား လူအင်အား တွေ ရှိနေတာပဲ ဆိုပြီး နယ်မြေတွေကို ချဲ့ထွင် ထိန်းချုပ်တာကို အတိုင်းအဆ မရှိ မလုပ်မိစေဖို့က အရေးကြီးဆုံး ဖြစ်ပါတယ်။ အထူးသဖြင့် မတူတဲ့ တိုင်းရင်းသား လူမျိုးစုတွေလည်း ရောထွေးနေကြတဲ့ နေရာမျိုးတွေ၊ တခါ အဲဒီ လူမျိုးစုဝင် လက်နက်ကိုင် အဖွဲ့တွေလည်း လှုပ်ရှားသွားလာနေတဲ့ နေရာမျိုးတွေမှာ ဆိုရင် အင်မတန် တွက်ဆပြီး လုပ်ဆောင်သင့်ပါတယ်။ နောက်ပြီး မတူတဲ့ မျိုးနွယ်စုဝင် အရပ်သားတွေ အပေါ် ဘယ်လို ပြုမူ ဆက်ဆံသလဲ ဆိုတာကလည်း အတော်လေး အရေးကြီးတဲ့ အချက် ဖြစ်ပါတယ်။ အမုန်းတရားနဲ့ အဃာတ တရားတွေ မြစ်ဖျားခံတာက အရပ်သားတွေ အပေါ် ဘယ်လို ဆက်ဆံသလဲ ဆိုတာ အပေါ် အများကြီး မူတည်ပါတယ်။

ကမ္ဘာကလည်း ကိုယ့်ကို ကြည့်နေမှာ ဖြစ်ပါတယ်။ ကိုယ့်နယ်မြေထဲမှာ အုပ်ချုပ်ရေး တူတူတန်တန် ထူထောင်နိုင်ဖို့ ၊ ဖွံ့ဖြိုးရေးတွေ လုပ်နိုင်ဖို့ရာ နိုင်ငံတကာရဲ့ ကူညီ ထောက်ပံ့မှုတွေကို ရယူလိုတယ် ဆိုရင် နိုင်ငံတကာ အသိုင်းအဝိုင်းက ကိုယ့်အဖွဲ့အစည်း အပေါ် ဘယ်လို သဘောထားသလဲ ဆိုတာဟာ ကိုယ်က သာမန် အရပ်သားတွေကို ဘယ်လို ဆက်ဆံသလဲ ဆိုတဲ့ အပေါ် အများကြီး မူတည်ပါလိမ့်မယ်။ ကိုယ်ဟာ ရက်စက်ကြမ်းကြုတ်တဲ့၊ အဆင်ခြင်မဲ့တဲ့၊ အရပ်သားအပေါ် ပစ်မှတ်ထားတဲ့၊ အားနည်းသူ အပေါ် ဖိနှိပ်တဲ့ အဖွဲ့ အစည်း အဖြစ် ရှုမြင်ခံရတာမျိုး မရှိမှာသာ အိမ်နီးချင်း နိုင်ငံတွေက အစိုးရတွေ၊ နိုင်ငံတကာ ကူညီ ထောက်ပံ့ရေး အဖွဲ့တွေက ကိုယ့် အပေါ် ဂုဏ် သိက္ခာရှိတဲ့ အဖွဲ့ အနေနဲ့ အလေးထား ဆက်ဆံကြမှာ ဖြစ်ပါတယ်။