အမ်း နပခ - စစ်ကောင်စီလက်လွှတ်လိုက်ရပြန်တဲ့ ရခိုင်စစ်တိုင်း

ရခိုင်ပြည်နယ်ကတိုက်ပွဲတွေအတွင်း အာရက္ခတပ်တော် အေအေ သိမ်းပိုက်ခဲ့တဲ့ လက်နက်တွေ၊ စခန်းပုံနဲ့ အာရက္ခတပ်တော် တပ်ဖွဲ့ဝင်တစ်ဦးရဲ့ သရုပ်ဖော်ပုံ

ရခိုင်ပြည်နယ်၊ အမ်းမြို့ အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အာရက္ခတပ်တော် (အေအေ)က ဒီဇင်ဘာ ၂၀ ရက်မှာ သိမ်းပိုက်လိုက်တဲ့အတွက် မြန်မာစစ်တပ်ဟာ လေးလအတွင်းတိုင်းစစ်ဌာနချုပ် နှစ်ခု ဆုံးရှုံးလိုက်ရတဲ့ မှတ်တမ်းဆိုးကို ပိုင်ဆိုင်သွားပါတယ်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို သြဂုတ်လတုန်းက ကိုးကန့်တပ် MNDAA လက်ထဲ ဆုံးရှုံးခဲ့ရပြီးပါပြီ။

မြန်မာတစ်နိုင်ငံလုံးမှာ စစ်တိုင်း ၁၄ ခုရှိတဲ့အထဲ ဒီစစ်တိုင်းနှစ်ခုက တရုတ် နဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်တွေအတွက် အဓိက တာဝန်ရှိတဲ့ စစ်တိုင်းတွေ ဖြစ်ပါတယ်။

အမ်းကို ရလိုက်တာက အေအေအတွက် အရေးပါတဲ့အောင်ပွဲဖြစ်ခဲ့ပေမဲ့ ဆက်လက်ရင်ဆိုင်ရမယ့် စစ်ရေးမျက်နှာစာတွေ ရှိနေပါသေးတယ်။

ဗိုလ်ချုပ်ကြီးတွေနဲ့ မစိမ်းတဲ့ အမ်း

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တြိဂံတိုင်းစစ်ဌာနချုပ် တိုင်းမှူး အဖြစ်သာ ပိုပြီးသိကြပေမဲ့ သူ့ရဲ့ပထမဆုံးတိုင်းမှူး ရာထူးက အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, cincds

ဓာတ်ပုံ ပုံစာ, ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ပထမဆုံးတိုင်းမှူး ရာထူးက အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တာဝန်ယူခဲ့ဖူးတဲ့စစ်တိုင်း

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ဟာ အရင်က ပြည်နယ်မြို့တော် စစ်တွေမှာ အခြေစိုက်ခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ သာ စစ်ဖြစ်ခဲ့ရင် စစ်တွေကို တစ်ဖက်က တိုက်လေယာဉ်တွေ အချိန်တိုအတွင်းဝင်လာနိုင်တယ် ဆိုတဲ့ စစ်ရေးအမြင် နဲ့ အမ်း ကိုရွှေ့ခဲ့တာလို့ တပ်မှတ်တမ်းတွေ အရ သိရပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ၁၉၉၅ ခုနှစ် ရခိုင်ခရီးစဉ်မှာ ဒီအကြံအစည်ကို ရခဲ့ပြီး အမ်းမြို့သစ် စီမံကိန်းကို အကောင်အထည် စဖော်ခဲ့တာဖြစ်ပါတယ်။

အမ်းမြို့မှာ လေဆိပ်လည်းရှိပြီး စစ်သုံးအဖြစ်ရည်ရွယ်တည်ဆောက်ထားတာ ဖြစ်ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒါ့အပြင် ရဟတ်ယာဉ်ကွင်းကလည်း သုံးခုအထိရှိပါတယ်။

၂၀၀၀ ခုနှစ်မှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို စစ်တွေကနေ အမ်းကို ပြောင်းရွှေ့အခြေစိုက်ခဲ့ပါတယ်။

တောင်ရောသစ်တောပါ ထူထပ်တဲ့ အမ်းဟာ တပ်မြို့ပဲဖြစ်ပြီး စစ်တွေလို မစည်ကားပါဘူး။

ဒါကြောင့် လက်ရှိတိုင်းမှူးအပါအဝင် နပခ တိုင်းမှူးအဆက်ဆက်ဟာ အမ်းမှာအနေနည်းပြီး စစ်တွေမှာပဲ နေကြတာများပါတယ်။

အဲဒီထဲမှာ လက်ရှိ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လည်း အပါအဝင် ဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တြိဂံတိုင်းစစ်ဌာနချုပ် တိုင်းမှူး အဖြစ်သာ ပိုပြီးသိကြပေမဲ့ သူ့ရဲ့ပထမဆုံးတိုင်းမှူး ရာထူးက အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဖြစ်ပါတယ်။

ဒါပေမဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရခိုင်မှာ ခြောက်လလောက်ပဲကြာပြီး ၂၀၀၅ ခုနှစ်မှာ တြိဂံတိုင်းစစ်ဌာနချုပ်ရှိရာ ရှမ်းပြည်နယ်(အ‌ရှေ့ပိုင်း)က ကျိုင်းတုံကို ပြောင်းရွှေ့သွားခဲ့ပါတယ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ မြန်မာစစ်တပ်ကလူသိများတဲ့ စစ်ဗိုလ်ချုပ်တွေတာဝန်ထမ်းဆောင်ခဲ့ဖူးပြီး လက်ရှိစစ်ကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၊ ကြံ့ခိုင်ရေးပါတီ အတွင်းရေးမှူး အငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီးသောင်းအေး တို့လည်း တိုင်းမှူးလုပ်ခဲ့ဖူးပါတယ်။

အငြိမ်းစားထောက်လှမ်းရေးမှူးချုပ်ဗိုလ်ချုပ်ကြီးခင်ညွန့် က စစ်တွေက အမှတ်(၂၀) ခြေလျင်တပ်ရင်းမှာ တပ်ရင်းမှူး တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး လက်ရှိစစ်ကောင်စီဝင် ဗိုလ်ချုပ်ကြီးမြထွန်းဦးကလည်း ကျောက်ဖြူက အမှတ်(၃၄) ခြေလျင်တပ်ရင်းမှာ တပ်ရင်းမှူး ဖြစ်ခဲ့ဖူးပါတယ်။

လက်ရှိတိုင်းမှူးက ဗိုလ်ချုပ်ကျော်စွာဦးဖြစ်ပြီး စစ်ရေးရှုံးနိမ့်မှုတွေကြောင့် ဖယ်ရှားခံရတဲ့ ဗိုလ်ချုပ်ထင်လတ်ဦး နေရာကို အစားဝင်တာဖြစ်ပါတယ်။

အမ်းကိုဘယ်လိုတိုက်ခဲ့လဲ

လက်ရှိ အေအေရဲ့ အမ်း နပခနဲ့ပတ်သက်ပြီး ထုတ်ပြန်ချက်တွေအရ အမ်းမြို့သိမ်းတိုက်ပွဲတွေဟာ ၂၀၂၄ စက်တင်ဘာလ နောက်ဆုံးပတ်က အမ်းမြို့နယ်၊ ကျောက်စကွဲကျေးရွာအနီးကနေစခဲ့ပါတယ်။

အာရက္ခတပ်တော်က အဲဒီကျေးရွာနဲ့ ၁၀ မိုင်လောက်ပဲဝေးတဲ့ မဲတောင်ဗျူဟာကုန်းစခန်းကို စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

မဲတောင်ဗျူဟာကုန်းဟာ အမ်းမြို့ အခြေစိုက် နပခကို ကာကွယ်ပေးနိုင်တဲ့ ဒုတိယမြောက်အကြီးဆုံး စစ်ဗျူဟာကုန်းဖြစ်ပါတယ်။

မဲတောင်ဗျူဟာကုန်း မှာ စစ်ကိုင်းတိုင်း၊ ကလေး၊ မော်လိုက်၊ ဟုမ္မလင်းအခြေစိုက် စကခ(၁၀) လက်အောက်ခံ တပ်ရင်းတွေဖြစ်ကြတဲ့ ခမရ(၃၆၂၊ ၃၆၅၊ ၃၆၉) တပ်ရင်းတွေ၊ အမ်း(နပခ) ဌာနချုပ်လက်အောက်ခံ တပ်ရင်းအချို့ နဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ ၅)လက်အောက်ခံ ခမရ (၃၄၆၊ ၃၇၃၊ ၃၇၂) တပ်ရင်းတွေ စုပေါင်းထားတဲ့ တပ်ရင်းတွေရှိပါတယ်။

အဲဒီဗျူဟာကုန်းကို ၂၀၂၄ အောက်တိုဘာ ၅ ရက်မှာ အေအေက သိမ်းပိုက်ခဲ့ပါတယ်။ အဲဒီကနေ ၄ လ ကျော်ကြာ အမ်းကို တရစ်ချင်းတိုက်ယူခဲ့ရတာကို အေအေရဲ့ သတင်းထုတ်ပြန်ချက်တွေမှာမြင်ရပါတယ်။

မကြာသေးခင်ကထုတ်ခဲ့တဲ့ အမ်း(နပခ) နဲ့ပတ်သက်တဲ့ ရုပ်သံဖိုင်မှာဆိုရင် လက်နက်ချတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ရာနဲ့ချီတွေ့ရပါတယ်။ အနောက်ပိုင်းစစ်ဌာနချုပ်ထဲကို အေအေတပ်တွေရောက်နေပြီး တပ်အဆောက်အဦတွေ မီးလောင်နေပါတယ်။

လက်နက်ချ စစ်ကောင်စီ တပ်သားတွေက အလံဖြူထောင်ကာ စီတန်းထွက်လာကြပြီး ပိန်လှီအားပြတ်နေတဲ့ပုံမျိုးတွေ့ရပါတယ်။

အမ်းမြို့မှာ လေယာဉ်ကွင်းကို ဗဟိုပြုပြီးတော့ နပခရုံးချုပ် ပတ်ပတ်လည်ကို တည်ပြီးတော့ တခြားစစ်တပ်တွေနဲ့ ဝိုင်းရံထားတာမျိုးဖြစ်ပါတယ်။

အမ်းအခြေစိုက် စစ်တပ်ရဲ့ ခြေမြန်တပ်ရင်း၊ထောက်ပို့တပ် နဲ့ ဆက်သွယ်ရေးတပ်တွေအပါအဝင် အမ်း လေဆိပ်နဲ့ အစိုးရရုံးတွေမှာ အထိုင်ချထားတဲ့ တပ်စခန်းပေါင်း ၃၀ ကျော်ရှိပါတယ်။

လေဆိပ်နဲ့ မြို့နယ်တစ်ခုလုံးနီးပါးကို ထိန်းချုပ်လိုက်နိုင်တာကြောင့် သံတွဲနဲ့ဆိုရင် အေအေက သိမ်းပိုက်နိုင်တဲ့လေဆိပ်အခြေစိုက် မြို့နှစ်ခု ရှိလာပြီဖြစ်ပါတယ်။

အမ်း ရရင် ရခိုင်ရပြီလား

နပခ ရဲ့ ကာကင်း မဲတောင်ဗျူဟာကို အေအေ က အောက်တိုဘာ ၇ ရက်မှာသိမ်းပိုက်

ဓာတ်ပုံ ရင်းမြစ်, AA Info Desk

ဓာတ်ပုံ ပုံစာ, နပခ ရဲ့ ကာကင်း မဲတောင်ဗျူဟာကို အေအေ က အောက်တိုဘာ ၇ ရက်မှာသိမ်းပိုက်

အေအေက ရခိုင်စစ်မျက်နှာပြင်မှာ ဘူးသီးတောင်မြို့ အခြေစိုက် အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နဲ့ ကျောက်တော်အခြေစိုက် အမှတ် (၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တို့ကို အမ်း မတိုင်ခင် သိမ်းပိုက်ခဲ့ပြီးပါပြီ။

ဒါအပြင် ဒီဇင်ဘာ ပထမပတ်ကတည်းက မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်၊ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ထဲက အမှတ် ၅ နယ်ခြားစောင့်တပ်ဖွဲ့ခွဲ (နခခ - ၅)ကို အေအေက သိမ်းပိုက်ခဲ့တာကြောင့် မောင်တောမြို့ကိုလည်း အေအေက အလုံးစုံသိမ်းပိုက်ခဲ့ပြီးဖြစ်ပါတယ်။

မောင်တော (နခခ - ၅) ကို အပြီးသတ်သိမ်းပိုက်ချိန်မှာ စစ်ကောင်စီရဲ့ ဗိုလ်မှူးချုပ်အဆင့်ရှိတဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၅) ၊စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်မှူးချုပ်သူရိန်ထွန်းနဲ့ အဖွဲ့ကိုလည်း အေအေကဖမ်းဆီးထားပါတယ်။

တောင်ကုတ်အခြေစိုက် စစ်ကောင်စီတပ်ရဲ့ အမှတ်(၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၅) ကို အပြီးသတ်သိမ်းပိုက်ခဲ့ပြီဖြစ်တာကြောင့် ဒီဇင်ဘာလအတွင်းမှာ အေအေက အမ်းကိုရော တောင်ကုတ်ကိုပါ ရရှိသွားတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ အေအေဟာ တောင်ကုတ်က စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ)ကို သိမ်းလိုက်ပြီဖြစ်လို့ ကျောက်တော်၊ ဘူးသီးတောင်နဲ့ တောင်ကုတ်တို့က စစ်ကောင်စီတပ်ရဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ) ၃ ခုစလုံး အေအေလက်အောက်ကို ရောက်သွားပြီဖြစ်ပါတယ်။

ဒါအပြင် အမ်း နပခ ကိုသိမ်းပိုက်ချိန်မှာ ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းနဲ့ ဗိုလ်မှူးချုပ်ကျော်ကျော်သန်းတို့ကို ဖမ်းဆီးရရှိထားတယ်ဆိုတာကြောင့် အေအေဖမ်းဆီးထားတဲ့ အထဲ ဗိုလ်မှူးချုပ် အဆင့် ၃ ဦးရှိနေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အားရာနဲ့ချီက လက်နက်ချထားသလို ဖမ်းဆီးခံထားရသူလည်းဆယ်နဲ့ချီရှိနေပါတယ်။

အခု အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (အမ်း)ကိုပါ သိမ်းပိုက်နိုင်ခဲ့ပေမဲ့ ရခိုင်တပြည်နယ်လုံးကို ထိန်းချုပ်နိုင်ပြီလို့ ပြောလို့မရသေးပါဘူး။

ဒေသကွပ်ကဲမှုဌာနချုပ်(စစ်တွေ)ရှိနေသေးလို့ ဖြစ်ပါတယ်။ စစ်တွေမှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးရှိနေပြီး ပြည်နယ်အစိုးရအဖွဲ့လည်းရှိနေပါတယ်။

ဒါ့အပြင် ကျောက်ဖြူလည်း ရှိနေပါတယ်။ ဒီတပ်ရင်းဌာနချုပ်တွေကို ဆက်တိုက်ရဦးမှာဖြစ်ပါတယ်။

ဒါပေမဲ့ အမ်း ကိုတောင် ရလိုက်တဲ့အတွက် ကျန်တဲ့ ဒီတပ်ရင်းဌာနချုပ်တွေကိုလည်း အေအေက သိမ်းပိုက်ဖို့ မခက်တော့ဘူးလို့ စစ်ရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။

ကျောက်ဖြူပါ အမ်းမြို့နယ်နဲ့ ထိစပ်နေလို့ အေအေ ထိုးစစ်နဲ့ လက်တကမ်းအကွာကို ရောက်သွားပါပြီ။

အမ်း ကို ရပြီးတဲ့အတွက် တောင်ဘက်မှာလည်း သံတွဲနဲ့ တောင်ကုတ်ကိုလည်း သိမ်းထားတာဖြစ်ပါတယ်။

အေအေ ဘာဆက်လုပ်မလဲ

ဗိုလ်ချုပ်ထွန်းမြတ်နိုင်

ဓာတ်ပုံ ရင်းမြစ်, AA Info Desk

ဓာတ်ပုံ ပုံစာ, ဗိုလ်ချုပ်ထွန်းမြတ်နိုင်

အမ်းကို သိမ်းပိုက်လိုက်နိုင်တဲ့အတွက် ရန်ကုန်-စစ်တွေ ကားလမ်းပိုင်းကို အေအေက ထိန်းချုပ်နိုင်သွားပါတယ်။

ဒါ့အပြင် အမ်း-မင်းဘူး လမ်းပိုင်းကနေ ပုသိမ်-မုံရွာ ကားလမ်းပိုင်းအထိပါ အေအေ က စစ်ရေးလက်တံ ချဲ့လာနိုင်တယ်လို့ အကဲခတ်တွေကသုံးသပ်ပါတယ်။

ဒါမှ စစ်ကောင်စီက ဖြတ်လေးဖြတ် လုပ်ထားတာကို အာရက္ခတပ်တော် အနေနဲ့ ဖြေရှင်းနိုင်မယ် လို့ အကဲခတ်တွေက သုံးသပ်ကြတာပါ။

ရခိုင်ပြည်နယ်ဟာ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်တို့နဲ့ ထိစပ်နေတဲ့အတွက် အေအေအနေနဲ့ ပြည်ပဆက်ဆံရေးအတွက်ပါ စဉ်းစားနေရပြီး မြို့တွေသိမ်းယူရာမှာတောင် ဒီအချက်ကိုထည့်သွင်းစဉ်းစားတဲ့အကြောင်း အေအေ နဲ့ နီးစပ်သူ နိုင်ငံရေးသမားတစ်ဦးက ပြောပါတယ်။

‘’အေအေရဲ့ စစ်ရေးအစီအစဉ်မှာ ဘယ်မြို့ကို သိမ်းပြီးမှ ဘယ်မြို့ကို သိမ်းမယ်ဆိုတာ တိတိကျကျရှိနေတယ်။ ဥပမာ ကျောက်ဖြူကို သိမ်းဖို့ မခက်ပေမဲ့ မသိမ်းသေးတာမျိုးပေါ့ ’’ လို့ သူက ပြောပါတယ်။

တရုတ်စီမံကိန်းရှိတဲ့ ကျောက်ဖြူ မှာ စစ်ကောင်စီရဲ့တပ်အင်အား မကောင်းလှပေမဲ့ အေအေက နောက်ဆုံးမှ သိမ်းယူလိမ့်မယ်လို့ယူဆတဲ့အကြောင်း သူက သုံးသပ်ပါတယ်။

‘’ကျောက်ဖြူကိုအရင်မသိမ်းတာက တခြားမြို့တွေမရသေးခင် တရုတ်နဲ့ပြဿနာမတက်အောင် အေအေ က ရှောင်တာလို့မြင်တယ်’’ လို့ သူက ပြောပါတယ်။