"အချိန် မိနစ် ၂၀ ပေးမယ်၊ ... ထွက်မလာရင် လိုရင်းတိုရှင်းပဲ မင်းတို့ကို ငါတို့ လုပ်ရလိမ့်မယ်"

ဓာတ်ပုံ ရင်းမြစ်, AA Info Desk
"မင်းတို့ကို နောက်ဆုံးအချိန် မိနစ် ၂၀ ပေးမယ်" လို့ အာရက္ခတပ်တော်(အေအေ)တပ်ဖွဲ့ဝင် တစ်ယောက်က လက်ကိုင်အသံချဲ့စက်နဲ့ လှမ်းပြောရင်း လက်ပတ်နာရီကို ကြည့်လိုက်ပါတယ်။
"မိနစ် ၂၀ ပြည့်လို့မှ ထွက်မလာရင် လိုရင်းတိုရှင်းပဲ၊ မင်းတို့ကို ငါတို့ လုပ်ရလိမ့်မယ်" ဆိုတဲ့ အဲဒီတပ်ဖွဲ့ဝင်ရဲ့ တိုတိုပြတ်ပြတ် စကားပြောသံကိုလည်း ကြားရပါတယ်။
အဲဒီနောက်မှာတော့ အေအေက စစ်ကောင်စီတပ်စခန်းထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်ပါတော့တယ်။
အဝေးပစ် လက်နက်ကြီးတွေ ပစ်ခတ်လို့ ကျရောက်ပေါက်ကွဲတဲ့နေရာတွေ၊ အဆောက်အအုံတွေမှာလည်း မီးလောင်ပျက်စီးကုန်ပါတယ်။
လက်နက်ငယ်တွေနဲ့လည်း ဆက်တိုက် ပစ်ခတ်ကြချိန်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲပါတယ်။ အေအေဘက်ကလည်း စစ်တပ်လေယာဉ်ကို အောက်ဘက်က ပြန်ပစ်ခတ်သလို ဒရုန်းတွေနဲ့လည်း ဗုံးကြဲကြပါတယ်။
ဒါတွေက မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်၊ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ထဲက အမှတ် ၅ နယ်ခြားစောင့်တပ်ဖွဲ့ခွဲ (နခခ ၅)ကို အေအေက သိမ်းအပြီးမှာ ထုတ်ပြန်လာတဲ့တိုက်ပွဲအတွင်းက အခြေအနေ ရုပ်သံဖြစ်ပါတယ်။
ဒီရုပ်သံမှတ်တမ်းကို မောင်တောမြို့ အမှတ် (၅)၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ (နခခ) စခန်းသိမ်းတိုက်ပွဲလို့ အာရက္ခတပ်တော်က ခေါင်းစဉ်တပ်ထားပါတယ်။
စစ်တပ် ဗိုလ်မှူးချုပ်ကိုယ်တိုင် အဖမ်းခံလိုက်ရတဲ့တိုက်ပွဲ
နခခ ၅ မှာ မြန်မာစစ်တပ်ရဲ့ ဗိုလ်မှူးချုပ်အဆင့်ရှိသူ တစ်ဦး ကိုယ်တိုင်ကွပ်ကဲပြီး အေအေရဲ့ တိုက်ခိုက်မှုကို ခုခံခဲ့တာကြောင့် အေအေနဲ့ စစ်တပ်တိုက်ပွဲဟာ လနဲ့ချီကြာအောင် ပြင်းထန်ခဲ့ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းဟာ မောင်တောခရိုင် နယ်မြေခံ စစ်ဆင်ရေးမှူးဖြစ်ပြီး ဘူးသီးတောင်က အမှတ် ၁၅ စစ်ဆင်ရေးဌာနချုပ်(စကခ)ကို အေအေက မေလမှာ သိမ်းလိုက်တဲ့အခါ မောင်တောက နခခ (၅) ကို ရွှေ့ပြောင်းအခြေချခဲ့တာဖြစ်ပါတယ်။
ဒီဇင်ဘာ ၈ ရက် မနက်ပိုင်းမှာ အေအေက နခခ (၅) ကို သိမ်းပါတယ်။ အဲဒီတိုက်ပွဲကနေ စစ်ကောင်စီတပ်ဖွဲ့တွေဟာ နတ်မြစ်ကို ကူးပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ခြမ်းကို ဖြတ်ကူးနိုင်တာကြောင့် နတ်မြစ်ရဲ့ ရခိုင်ရေပိုင်နက်ကို ပိတ်တယ်လို့ အဲဒီညနေနှောင်းပိုင်းမှာပဲ အေအေက ကြေညာပါတယ်။
ညပိုင်းရောက်တဲ့အခါမှာတော့ ဗိုလ်မှူးချုပ် သူရိန်ထွန်းနဲ့ အတူ ဆယ်နဲ့ချီတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မောင်တောမြို့ သီဟိုဠ်ခြံအနီး တိုက်ပွဲမှာ အေအေက ဖမ်းမိခဲ့တယ်လို့ ဘီဘီစီ သတင်းရင်းမြစ်တွေက ဒီဇင်ဘာလ ၉ ရက် မနက်ပိုင်းမှာပဲ ပြောပါတယ်။
ဗိုလ်မှူးချုပ်ကို ဘယ်နေရာမှာ ဖမ်းမိတယ်လို့ အေအေက သတင်းထုတ်ပြန်တာ မရှိပါဘူး။
တိုက်ပွဲ အပြီး အေအေ ထုတ်ပြန်လာတဲ့ ရုပ်သံဖိုင်မှာတော့ အာရက္ခတပ်တော် AA ရဲ့ အလံတိုင်ရှေ့မှာ စစ်ကောင်စီရဲ့ အရာရှိကြီးပိုင်းဖြစ်တဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၅) ၊စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းရဲ့ အနီးကပ်မျက်နှာ၊ လက်နောက်ပြန်တုတ်ချီခံထားရပြီး တန်းစီ ဒူးထောက်လျက်သား ထိုင်နေတဲ့ပုံနဲ့ စတင်ထားပါတယ်။
ဗိုလ်မှူးချုပ် သူရိန်ထွန်းဟာ တကျော့ပြန် ရခိုင်စစ်ပွဲမှာ အေအေ ဖမ်းဆီးတာခံရတဲ့ မြန်မာစစ်တပ်ရဲ့ အဆင့်အမြင့်ဆုံးအရာရှိ ဖြစ်ပါတယ်။
နခခ-၅ကို AA ဘယ်လို ချဉ်းကပ်ခဲ့ရလဲ

ဓာတ်ပုံ ရင်းမြစ်, AA Info Desk
ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မောင်တောမြို့ထဲကို အေအေက ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်ကစပြီး ချိန်ခါလီ၊ ဒုံးပိုက် စခန်းတွေကို ထိုးစစ်ဆင်ခဲ့တာပါ။
မောင်တောမြို့နယ်ထဲက မောရဝတီ ဗျူဟာ၊ နခေါင်းတို စခန်း၊ နခခ (၄) တပ်ရင်းဌာနချုပ်၊ အလယ်သံကျော်၊ တာဝါတိုင်စခန်း၊ ကျောက်ပန္ဒူစခန်း၊ ခွဆုံပြင်စခန်း၊ မြင်းလွှတ်စခန်း၊ နခခ (၆)၊ နခခ (၉) စတဲ့ စခန်းတွေကို ဆက်တိုက် သိမ်းယူခဲ့တာဖြစ်ပါတယ်။
မောင်တောမြို့ထဲက စစ်ကောင်စီတပ်စခန်းတွေကို တစ်ခုပြီးတစ်ခု ထိုးစစ်ဆင်သိမ်းပိုက်ပြီးခဲ့တဲ့နောက် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၈ ရက်မှာဆိုရင် နခခ (၅) စခန်း တစ်ခုတည်းသာ ကျန်ခဲ့ပါတယ်။
နခခ (၅) ဟာ မောင်တောမြို့၊ မြို့သူကြီးရပ်ကွက်မှာရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀၀ ကျော်နဲ့ တပ်စွဲထားတဲ့ စခန်းကြီးဖြစ်တယ်လို့ အေအေ က ထုတ်ပြန်ပါတယ်။
အဲဒီစခန်းဝင်းဟာ ထောင့်မှန် စတုဂံပတ်လည်ပုံစံနဲ့ ဘန်ကာပေါင်း ၁၀၀ ကျော်ရှိပြီး ခိုင်မာတဲ့ အဆောက် အဦ ၃၀ ကျော်လည်း ရှိနေပါတယ်။
စခန်းပတ်လည်ကို သံဆူးကြိုး ၂ ထပ် ကာရံထားပြီး တချို့နေရာတွေမှာ ပေ(၂၀)ပတ်လည် ရေမြောင်းတွေ ဖောက်ထားပြီး စူးချွန်တွေ ထောင်ထားပါတယ်။
ဒီတံတိုင်းတွေကို ကျော်ဖြတ်ဖို့အတွက် အေအေ တပ်ဖွဲ့ဝင်တွေဟာ စခန်း ပတ်ပတ်လည်မှာ လူတစ်ယောက် ခေါင်းဖော်ရုံရတဲ့ ၅ ပေကျော် မြောင်းတွေ တူးကြသလို၊ မြေအောက်ထဲကိုလည်း လျှိုတွေဖောက်ပြီး တူးခဲ့ကြပါတယ်။
လျှိုထဲမှာ ရေတွေရှိနေပေမဲ့လည်း သူတို့တွေဆက်ပြီး တူးနေတဲ့ ဓာတ်ပုံတွေကို အေအေကထုတ်ပြန်တဲ့ ရုပ်သံထဲမှာ ဖော်ပြထားပါတယ်။
စခန်းရှေ့ပတ်ပတ်လည်မှာ ချောင်းတစ်ခုကာဆီးနေတာကိုလည်း အေအေတပ်ဖွဲ့ဝင်တွေက တစ်လက်မချင်းတိုးပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရတယ်လို့ ဆိုပါတယ်။
ဒီတိုက်ပွဲမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့အတူ အစ္စလာမ်မစ် လက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်တဲ့ RSO၊ ARSA၊ ARA အဖွဲ့တွေလည်း ပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်
နခခ (၅) စခန်းသိမ်း တိုက်ပွဲအတွင်းမှာ စစ်ကောင်စီက ထောင်ထားတဲ့ မိုင်းတွေကို ရှင်းလင်းရင်း တပ်ဖွဲ့ဝင် တချို့လည်း အသက်နဲ့ ကိုယ်လက်အင်္ဂါအစိတ်အပိုင်းတွေ စွန့်လွှတ်ခဲ့ကြရတယ်လို့ အေအေက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AA Info Desk
ဒီလို စနစ်တကျ ပြင်ဆင်မှုတွေနဲ့ ထိုးစစ်ဆင်လာတဲ့ အေအေ တပ်ဖွဲ့ဝင်တွေ စစ်ရေးအသာစီးရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လက်နက်ချ အဖမ်းခံဖို့ ပြောပြီးနောက်ပိုင်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တရစပ်ပစ်ခတ်ပြီးချိန်မှာတော့ လက်မြှောက်ပြီး တစ်ယောက်ပြီးတစ်ယောက် ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တွေ့ရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အေအေတပ်ဖွဲ့ဝင်တွေဆီ လက်နက်မပါလာဘဲ တချို့က အပြေးတပိုင်း၊ တချို့က ဒဏ်ရာရထားတဲ့ ခြေထောက်တွေ ထော့နင်း ထော့နင်းနဲ့ အဖြူရောင် ပိတ်စ၊ အင်္ကျီတို့ကို ဝှေ့ယမ်းကာတစ်မျိုး၊ ဖော့ပြားတွေကို လက်မြောက်ကိုင်လာတာ တသွယ် အလံဖြူထောင် "အရှုံးပေး"တဲ့ သင်္ကတတွေနဲ့ ထွက်လာကြပါတယ်။
နခခ (၅) စခန်းတိုက်ပွဲကနေ ထွက်ပြေးသွားတဲ့ ဘူးသီးတောင်မြို့အခြေစိုက်၊ အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ၁၅) ၊ စကခမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်း၊ ကိုယ်ရေးအရာရှိ ဗိုလ်ကြီးဝေလင်းအောင် အပါအဝင် အစ္စလာမ်မစ် လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်း အေအေက ဖမ်းဆီးရမိခဲ့ပါတယ်။
အေအေစာရင်းအရ သေဆုံးသူတွေကတော့ အယောက် ၄၅၀ ကျော်ရှိတယ်လို့ဆိုပါတယ်။
ဒါ့အပြင် နခခ ကို ရှင်းလင်းရေး လုပ်တဲ့အချိန်မှာ မြေအောက်အချုပ်ခန်းထဲမှာ အရပ်သား ၄၀ ဝန်းကျင်ကျော်ကိုလည်း အေအေက ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
သူတို့တွေဟာ အေအေ နဲ့ ဆက်စပ်တယ်ဆိုပြီး သံသယနဲ့ဖမ်းဆီးခံထားရသူတွေဖြစ်တယ်လို့ ရခိုင် စစ်ရေးအရင်းအမြစ်တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။
"မောင်တောမြို့ထဲက ပြည်သူလူထုတွေပေါ့နော် အရပ်သားတွေပေါ့။ လူတော့ တော်တော်များပါတယ်။ နခခ (၅) ထဲမှာ မြေအောက်ခန်းတွေ အဲ့ဒါတွေထဲမှာသူတို့ကိုထိန်းသိမ်းထားတာ။ အဲဒီလူတွေကိုကျွန်တော်တို့ ကယ်တင်နိုင်ခဲ့တယ်။ သူတို့ဖမ်းဆီးရမိတဲ့လူတွေကိုတော့ သတ်ပုတ်ရိုက်နှက်တာတွေ ရှိတယ်ပေါ့နော်။ သူတို့တွေကတော့ အစာရေစာ ငတ်ပြတ်နေတာ ကြာပြီလို့တော့ ပြောပါတယ်။"
ဒါ့အပြင် နခခ (၅) ကနေ သိမ်းမိတဲ့ စစ်လက်နက်ပစ္စည်းတွေကိုလည်း ဘတ်စကတ်ဘော ကစားကွင်း တစ်ကွင်းစာဝန်းကျင် အကျယ်အဝန်းနဲ့ ဖြန့်ခင်းပြထားတာကို တွေ့ရပါတယ်။
စစ်ကောင်စီ စစ်ရှုံးရတဲ့ အဓိက အကြောင်းအရင်းတွေထဲမှာ စစ်ကူမပို့နိုင်တာတွေကြောင့်လို့ စစ်ရေးသုံးသပ်သူတွေက မှတ်ချက်ပေးပါတယ်။
အေအေက မောင်တောမြို့ ဝင်လမ်းထွက်လမ်းတွေကို ပိတ်ဆို့ထားနိုင်သလို၊ စစ်တွေမြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ ရေကြောင်းပစ်ကူတွေလည်း မလာနိုင်အောင် ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။
လေကြောင်းကနေလည်း ရိက္ခာနဲ့ လက်နက်ကိုသာ အဓိကပို့နိုင်ခဲ့ပါတယ်။
ဒါပေမဲ့လည်း ရိက္ခာနဲ့ လူအင်အားနဲ့ မမျှတတဲ့ အခြေအနေတွေ ရှိခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကဆိုရင် နခခ (၅) ထဲမှာ ပိတ်မိနေပြီး ရိက္ခာတွေပြတ်တောက်နေလို့ အကူအညီတောင်းနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဗီဒီယိုဖိုင်လည်း ရခိုင်အခြေစိုက် မီဒီယာတွေကနေ ထွက်ပေါ်လာခဲ့ပါတယ်။
"ထိရင် အဓိကက စိတ်ဓာတ်ကျတယ်။ အဲဒီအထဲမှာက ဆေးမှူးနဲ့ ဆေးလက်ထောက်တွေလောက်ပဲ ရှိတယ်ပေါ့နော်။ သူတို့မှာ ဆေးရုံ၊ ဆေးခန်းမရှိဘူး။ ဒီတော့ ထိသွားပြီဆိုတာနဲ့ တုံးလုံးလဲတယ်၊ စိတ်ဓာတ်ကျသွားတယ်။ စစ်ကူ၊ ပစ်ကူတောင် လေကြောင်းကပဲ ပေးနိုင်တယ်။ လုံလောက်တဲ့ ထောက်ပံ့မှုမရဘူး။ စစ်ကူမပို့နိုင်ဘူး။ တိုက်လို ခိုက်လိုစိတ်ပါ ပျက်သွားတယ်။ နောက်ဆုံး ခံစစ်ပြင်နေတဲ့ ခေါင်းဆောင်ကိုယ်တိုင်တောင် ဗိုလ်မှူးချုပ် သူရိန်ထွန်းကိုယ်တိုင် ပြေးတဲ့အချိန်မှာ ပိုပြီး အခြေပျက်သွားတာပေါ့ " လို့ CDM လုပ်ထားတဲ့ ဗိုလ်ကြီးဇင်ယော်က မှတ်ချက်ပေးပါတယ်။
ဒါ့အပြင် နခခ (၅) က ထောက်ပံ့ပေးနေတဲ့ မောင်တောမြို့မှာ ရှိနေတဲ့ အစ္စလာမ်မစ် အဖွဲ့တွေ၊ စစ်ကောင်စီက သင်တန်းပေးထားတဲ့ အစ္စလာမ်မစ်အဖွဲ့တွေကလည်း နခခ (၅) ကျသွားပြီဖြစ်တဲ့အတွက် သူတို့ကို အေအေက ထိန်းချုပ်နိုင်တဲ့ အနေထားရှိလာနိုင်တယ်လို့ တယ်လို့ စစ်ရေးစောင့်ကြည့်သူတွေက သုံးသပ်ကြပါတယ်။။
"နခခ (၅) ကို လည်းရပြီဆိုတော့ ဒီအဖွဲ့တွေကို ရှင်းနိုင်တဲ့ အနေအထား ဖြစ်လာတဲ့အတွက် အချိန်ကာလတော့ အများကြီး မကြာတော့ဘူးလို့ မှန်းဆရပါတယ်"လို့ ဗိုလ်ကြီးဇင်ယော်က သုံးသပ်ပါတယ်။
မောင်တောကို ရပြီဆိုရင်

ဓာတ်ပုံ ရင်းမြစ်, AA Info Desk
မောင်တောကို ထိန်းချုပ်သွားနိုင်ပြီဆိုရင် အေအေ အနေနဲ့ ရခိုင်နဲ့ ချင်းတောင်ပိုင်း၊ အိန္ဒိယဘက်ဆိုရင် မီဇိုရမ်၊ ဘင်္ဂလားဒေ့ရှ်မှာလည်း နယ်စပ်ကုန်သွယ်ရေးတွေ လုပ်နိုင်တဲ့ အခြေအနေ ဖြစ်လာနိုင်တယ်လို့ အကဲခတ်တွေက သုံးသပ်ပါတယ်။
မောင်တောဟာ ရခိုင်ပြည်နယ်ထဲမှာ တစ်လကို အမေရိကန်ဒေါ်လာ သိန်းဆယ်ချီဝင်တဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းတွေရှိတဲ့နေရာလည်း ဖြစ်ပါတယ်။
၂၀၂၁ စစ်အာဏာသိမ်းမှုမတိုင်ခင်တုန်းကဆိုရင် တစ်လကို အမေရိကန်ဒေါ်လာ သိန်းဆယ်ချီဝင်တဲ့ မောတော်နယ်စပ် ကုန်သွယ်ရေးစခန်းနဲ့ ကညင်ချောင်းစီးပွားရေးဇုန်တို့ ရှိနေပါတယ်။
မောင်တောမြို့ဟာ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနဲ့ ထိစပ်သလို ချင်းပြည်နယ် ပလက်ဝမြို့နယ်နဲ့ နယ်နိမိတ်ချင်း ဆက်စပ်နေပါတယ်။
တောင်ဘက်မှာဆို စစ်တွေခရိုင်၊ အနောက်ဘက်မှာဆိုရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇား၊ မြောက်ဘက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘန်ဒါဘင်ခရိုင်တို့နဲ့ ထိစပ်နေတာဖြစ်တာအပြင် ဘင်္ဂလားပင်လယ်အော်မှာ တည်ရှိနေတဲ့အတွက် နယ်စပ်ကုန်သွယ်ရေးသာမက နိုင်ငံတကာရေလမ်းကြောင်း အတွက်လည်း အရေးပါတဲ့နေရာဖြစ်နေတာပါ။
စစ်ကောင်စီတပ်အခိုင်အမာခြေကုတ်ယူထားတဲ့ ပြည်နယ်မြို့တော် စစ်တွေကို ရောက်ဖို့ ကြားထဲမှာ ရသေ့တောင်မြို့နယ်ရှိနေပါတယ်။ ရသေ့တောင်က စစ်ကောင်စီတပ်ရဲ့ခြေမြန်တပ်ရင်း ၃ ကို အေအေက မတ်လကတည်းက ထိုးစစ်ဆင်နေသလို စစ်ကောင်စီတပ်ကလည်း ကြည်း၊ ရေ၊ လေ ပစ်ကူတွေနဲ့ ခုခံခဲ့ပါတယ်။
မောင်တောကနေ ကမ်းခြေ တကြောတည်းမှာ ရှိနေတဲ့ စစ်တွေမြို့မှာလည်း စစ်ကောင်စီက အကာအကွယ်တွေ ပြင်ဆင်နေပါတယ်။
"မြို့အပြင်က ကျေးရွာတွေကို စစ်တပ်စခန်းအထိုင်ချတာတွေ လုပ်လာနေတယ်။ အဲဒီရွာတွေက လူတွေကို အကုန်လုံးမြို့ထဲကို ပို့ထားတာ" လို့ စစ်တွေ ဒေသခံတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။
လတ်တလောအခြေအနေမှာတော့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဟာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မြစ်ဖြစ်တဲ့ နတ်မြစ်တလျှောက်မှာ ကင်းလှည့်နေပါတယ်။
မြန်မာဘက်ကနေ တရားမဝင် ဖြတ်ကျော်ဝင်ရောက်တာတွေ မရှိအောင် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်တွေက စောင့်ကြပ်နေသလို ငါးဖမ်းစက်လှေတွေ၊ သင်္ဘောတွေအနေနဲ့လည်း မြန်မာ့ရေပိုင်နက်နားကို မသွားဖို့ ညွှန်ကြားချက်တွေ ထုတ်ပြန်နေတယ်လို့ ဘင်္ဂလားဒေ့ရှ်သတင်းဌာနတွေက ရေးသားနေပါတယ်။
အရင် တိုက်ပွဲတွေတုန်းကလည်း တိုက်ပွဲမှာ အရေးနိမ့်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နတ်မြစ်ကို ဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးတာတွေ ရှိခဲ့ဖူးပါတယ်။
အေအေကတော့ နခခ (၅) ထဲကနေ ထွက်ပြေး လွတ်မြောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရှိနေသေးတာကြောင့် လိုက်လံရှာဖွေနေပါတယ်။










