နခခ (၅) တိုက်ပွဲဦးဆောင်သူတွေထဲက ဗိုလ်မှူးအောင်မြင့်စိုး

အာရက္ခတပ်တော်၊ ရခိုင်ပြည်နယ်

ဓာတ်ပုံ ရင်းမြစ်, AA youtube

ဓာတ်ပုံ ပုံစာ, စစ်တက္ကသိုလ် အပတ်စဥ် ၄၇ ဆင်း ဗိုလ်မှူးအောင်မြင့်စိုးဟာ ၂၀၁၈ ခုနှစ်မှာ အေအေထံ ဘက်ပြောင်းခိုလှုံခဲ့ပါတယ်။

မောင်တောမြို့က စစ်ကောင်စီရဲ့ တစ်ခုတည်းကျန်တော့တဲ့ အမှတ် ၅ နယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခခ-၅ ကိုရဖို့ အာရက္ခတပ်တော် အေအေဟာ ၅၅ ရက် ကြာ ထိုးစစ်ဆင်ခဲ့ရပါတယ်။

ရိုဟင်ဂျာတွေအများစုနေထိုင်ပြီး အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ တရားစွဲခံထားရတဲ့ အမှုအစပြုရာ ရခိုင်ဘင်္ဂလားဒေ့ရှ်နယ်စပ်မြို့နှစ်မြို့ထဲက ဘူးသီးတောင်မြို့ကို အေအေက မေလ ၁၈ ရက်မှာ ထိန်းချုပ်နိုင်ခဲ့ပါတယ်။

ကပ်လျက်ကမောင်တောကိုတော့ ဇွန်လ ၂ ရက်မှာ စတိုက်ခဲ့ပြီး ဩဂုတ်လကုန်ပိုင်းမှာ မောင်တောမြို့ပေါ်တစ်ခုလုံးနီးပါး ထိန်းချုပ်နိုင်ခဲ့ပေမဲ့ နောက်ဆုံးလက်ကျန် နခခ-၅ ကို လွယ်လွယ်နဲ့မရခဲ့ပါဘူး။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ရိုဟင်ဂျာလက်နက်ကိုင်တပ်တွေအပြင် စစ်သင်တန်းပေးထားတဲ့ မွတ်ဆလင်လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ ရာနဲ့ချီ ရှိနေတဲ့စခန်းဖြစ်သလို ခံစစ်တံတိုင်းတွေအထပ်ထပ်နဲ့ အခိုင်အမာ ပြင်ထားတဲ့ ဒီစခန်းအနားရောက်ဖို့ အေအေ လနဲ့ချီ ကြာခဲ့ပါတယ်။

လူသူလက်နက်အင်အားတောင့်တင်းပြီး မိုင်းထောင်ချီမြှုပ်ထားသလို ခံစစ်စည်းအထပ်ထပ်နဲ့ ဒီစခန်းကို 'ကြွက်မင်းစစ်ဆင်ရေးဗျူဟာ'သုံးပြီး ၅၅ ကြာထိုးစစ်နဲ့ ရခဲ့တဲ့အထဲ ဒီတိုက်ပွဲကို အနီးကပ်ကွပ်ကဲခဲ့တဲ့ အေအေတပ်မှူးတွေထဲ စစ်တပ်က ဗိုလ်မှူးအဆင့်နဲ့ အာရက္ခတပ်တော်ထံ ဘက်ပြောင်းခဲ့သူ ဗိုလ်မှူးအောင်မြင့်စိုးလည်း ပါဝင်ပါတယ်။

အေအေဘက်အစောဆုံးဘက်ပြောင်းသူဗိုလ်မှူး

ဗိုလ်မှူးအောင်မြင့်စိုး

ဓာတ်ပုံ ရင်းမြစ်, AA Army youtube

ရခိုင်တိုင်းရင်းသား ဗိုလ်မှူးအောင်မြင့်စိုး ဟာ အေအေရဲ့ ငယ်မွေးခြံပေါက် တပ်ဖွဲ့ဝင် မဟုတ်ခဲ့ပါဘူး။

၂၀၀၂ ကနေ ၂၀၀၄ အထိ စစ်တက္ကသိုလ်တက်ရောက်ခဲ့ပြီး ဗိုလ်လောင်းသင်တန်းအပတ်စဥ် ၄၇ ဆင်းတစ်ယောက်ဖြစ်ပါတယ်။

စစ်တက္ကသိုလ်ဆင်းပြီးတဲ့နောက် ၂၀၁၈ ခုနှစ်အထိ စစ်တပ်မှာ ၁၇ နှစ်တာဝန်ထမ်းဆောင်ခဲ့ပြီး သူ့ရဲ့ပြန်တမ်းဝင်အမှတ်က (ကြည်း-၄၀၇၉၉) ဖြစ်တယ်လို့ စစ်တပ်ကနေ စွန့်ခွာပြီး အေအေနဲ့ပူးပေါင်းလိုက်တဲ့အကြောင်း ၂၀၁၉ ခုနှစ်ကအေအေထုတ်ပြန်တဲ့ ရုပ်သံပြောကြားချက်မှာ ပါရှိပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

"ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးနိုင်ခွင့်ရှိတဲ့ ပြည်တစ်ပြည်ဖြစ်အောင် ကြိုးစားဆောင်ရွက်မှ ရမယ်ဆိုတဲ့ သန္နိဋ္ဌာန် ချပြီးတော့မှ ရက္ခိုင့်တပ်တော်ကို လာရောက်ပြီးတော့မှ တာဝန်ထမ်းဆောင်တာဖြစ်ပါတယ်" လို့ သူက ပြောခဲ့ပါတယ်။

အဲဒီအချိန်ကဆို ရခိုင်ပြည်နယ်မှာ စစ်တပ်၊ ရဲတပ်ဖွဲ့နဲ့ အစိုးရဌာနဆိုင်ရာတွေဘက်က အေအေဘက် ကူးပြောင်း တာဝန်ထမ်းဆာင်သူ မရှိသလောက်ဖြစ်ပြီး ဗိုလ်မှူးအောင်မြင့်စိုးဟာ စစ်တပ်ဘက်ကနေ ပထမဆုံးကူးပြောင်းလာခဲ့သူလို့ ဆိုနိုင်ပါတယ်။

သူ အေအေထံဘက်ပြောင်းလာတဲ့ ၂၀၁၈ ခုနှစ် မတ်လဟာ ရခိုင် ပြည်နယ်အတွင်း အေအေအခြေစိုက်နိုင်ဖို့ စတင်ရုန်းကန်ရတဲ့ကာလတွေဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာစစ်တပ်နဲ့ အေအေတို့ကြားမှာ တိုက်ပွဲတစ်ကြိမ် နှစ်ကြိမ်လောက်ပဲ ရှိသေးပြီး ရခိုင်ပြည်နယ်မှာ အေအေ အမြစ်မတွယ်နိုင်အောင် စစ်တပ်ဘက်က အခိုင်အမာ ကြိုးပမ်းနေချိန်ဖြစ်လို့ အေအေအတွက် အခက်အခဲဆုံးကာလတွေဖြစ်ပါတယ်။

ဗိုလ်မှူးအောင်မြင့်စိုးဟာ ၂ဝဝ၅ ကနေ ၂ဝ၁၈ ခုနှစ် မတ်လအထိ အမှတ် (၇ဝဝ၅) သံချပ်ကာ တိုက်ခိုက်ရေး တပ်ရင်း၊ အမှတ် (၇၃) သံချပ်ကာ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်၊ အမှတ် (၅၃၁) တင့်ကား တပ်ရင်းတွေမှာ တာဝန်ထမ်းဆောင်ခဲ့တာကြောင့် အေအေက သူ့ကိုရလိုက်တာဟာ လက်နက်ကြီးပစ်ခတ်မှုအပါအဝင် စစ်ရေးပရိယာယ်နဲ့ နည်းပညာတွေကိုပါ ရလိုက်တာလို့လည်း ဖြစ်ပါတယ်။

မောင်တောတိုက်ပွဲကိုအေအေစစ်သင်တန်းအပတ် ၂ က တပ်မမှူး ဗိုလ်မှူးကြီး ထွန်းဝေ က ဦးစီးပြီး ဗိုလ်မှူး အောင်မြင့်စိုးက လက်နက်ကြီးပစ်ခတ်မှုကို ဦးစီးတာလို့အေအေတပ်ဖွဲ့ဝင်ဟောင်းတစ်ဦးက ပြောပါတယ်။

"နခခ ၅ တိုက်ပွဲမှာ နက်လက်ကြီးကို မတ်တပ်ထောင်ပြီး ပစ်သွားတာတွေ့ရတယ်။ ဒါကိုကြည့်ရင် ဗိုလ်မှူးအောင်မြင့်စိုးက လက်နက်ကြီးကို ဦးစီးတာ။ သူ့ရဲ့သင်ကြားပေးမှုတွေပေါ့။ ပြီးတော့ အေအေက စစ်ရည်ဝနေကြပြီလေ"လို့ သူက ပြောပါတယ်။

ရခိုင်ထိုးစစ် အစပိုင်းကာလတုန်းက ပေါက်တောမြို့ကို သိမ်းပိုက်ဖို့ အေအေ ထိုးစစ်ဆင်ရာမှာ စစ်ကောင်စီရဲ့ တန်ပြန်တိုက်ခိုက်မှုကြောင့် အေအေ အထိနာခဲ့ပါတယ်။ ပေါက်တောတိုက်ပွဲဟာ အေအေအတွက် ရှေ့တိုးဖို့ခက်၊ နောက်ဆုတ်ဖို့ခက်တဲ့အခြေအနေဖြစ်ခဲ့ပြီး မြို့လူထု ပိတ်မိခဲ့တာကြောင့် မြို့ထဲကို တိုက်ပွဲဖော်ရကောင်းလားလို့ ပြစ်တင်တာတွေတောင်ရှိခဲ့ပါတယ်။

အဲဒီနောက် ပေါက်တောတိုက်ပွဲကို ဦးစီးခဲ့တဲ့ အေအေရဲ့တပ်မှူးကို ပြောင်းလိုက်ပြီး နောက်ဆုံးမြို့သိမ်းတိုက်ပွဲကို ဗိုလ်မှူးအောင်မြင့်စိုးက ဦးဆောင်ခဲ့တာလို့ အေအေစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဗိုလ်မှူးအောင်မြင့်စိုးကို မောင်တောတိုက်ပွဲအနီးကပ်ကြီးကြပ်ကွပ်ကဲမှုနဲ့ပတ်သက်လို့ အေအေပြောခွင့်ရ ဦးခိုင်သုခကတော့ စစ်ဘက်ဆိုင်ရာ လုံခြုံရေးဖြစ်လို့ ပြောဆိုနိုင်ခြင်းမရှိဘူးလို့ ဘီဘီစီကိုဖြေကြားပါတယ်။

ဒီတိုက်ပွဲရုပ်သံကိုအေအေထုတ်ပြန်တဲ့အထဲမှာ စစ်ကောင်စီတပ်တွေ ရှိတဲ့အဆောက်အဦဘက်ကို လက်နက်ကြီး ပစ်ခတ်မှုဟာ ထိရောက်ကျွမ်းကျင်တဲ့ အနေအထားလို့ စစ်ရေးကျွမ်းကျင်သူတွေက ပြောပါတယ်။

စစ်တပ်ရဲ့ လေကြောင်းကနေ တိုက်နေတဲ့ကြားက ပစ်ခတ်မှုအရှိန်လျော့ကျမသွားဘဲ ဗုံးလာကြဲတဲ့လေယာဉ်တွေကို လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်တာကိုတောင် တွေ့ရပါတယ်။

မောင်တော နခခ ၅ တိုက်ပွဲ။

ဓာတ်ပုံ ရင်းမြစ်, AA Info desk

ဓာတ်ပုံ ပုံစာ, စစ်တပ်လေယာဥ်ကို လက်နက်ကြီးနဲ့ပြန်လည်ပစ်ခတ်မှုမြင်ကွင်း

ဖခင် နိုင်ငံရေးသမား

ကျောက်ဖြူအမတ် ဦးဖိုးစံ၊ ရခိုင်အမျိုးသားပါတီ

ဓာတ်ပုံ ရင်းမြစ်, U Phoe San

ဓာတ်ပုံ ပုံစာ, ကျောက်ဖြူအမတ်ဦးဖိုးစံရဲ့ ၂၀၂၀ ရွေးကောက်ပွဲလျှောက်လွှာကို ပြည်ထဲရေးက ကန့်ကွက်ခဲ့။

ဗိုလ်မှူးအောင်မြင့်စိုးရဲ့ ဖခင် ဦးဖိုးစံဟာ ရခိုင်ပြည်နယ်ရဲ့ အင်အားကြီးပါတီတစ်ခုဖြစ်တဲ့ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ - RNDP မှာ ၂၀၁၀ ရွေးကောက်ပွဲ ဝင်ပြိုင်ပြီး ကျောက်ဖြူမြို့နယ်ရဲ့ အမှတ် ၂ မဲဆန္ဒနယ်က လွှတ်တော်အမတ်ဖြစ်လာခဲ့ပါတယ်။

RNDP ကို ရခိုင်အမျိုးသားပါတီ ANP အဖြစ် ပြောင်းလဲခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲမှာလည်း ထပ်ပြိုင်လို့ ဒုတိယအကြိမ် အမတ်ဖြစ်ခဲ့ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ ထပ်ပြိုင်ဖို့ ရွေးကောက်ပွဲကော်မရှင်မှာ လျှောက်လွှာတင်တဲ့အခါမှာ ပြည်နယ်နဲ့ ခရိုင်အဆင့်က လက်ခံခဲ့ပေမဲ့ ပြည်ထောင်စုအဆင့်မှာ ပြည်ထဲရေးဝန်ကြီးဌာနက ကန့်ကွက်တဲ့အတွက် လျှောက်လွှာပယ်ချခံခဲ့ရပါတယ်။

သားဖြစ်သူ စစ်တပ်အရာရှိဟာ အေအေတပ်တော်ကို ဘက်ပြောင်းသွားတဲ့အတွက်ကြောင့် ဦးဖိုးစံကို အမတ်ဝင်ပြိုင်ခွင့်မပြုဖို့ ပြည်ထဲရေးက ကန့်ကွက်ခဲ့တာဖြစ်ပါတယ်။

ဦးဖိုးစံကို စစ်တပ်က ဆင့်ခေါ်တာမျိုးရှိခဲ့ပေမဲ့ သွားရောက်တွေ့ဆုံခဲ့ခြင်းမရှိပါဘူး။

"ဗိုလ်မှူးအောင်မြင့်စိုးဟာ ကျွန်တော့်သားဖြစ်ပေမဲ့ စစ်တပ်လက်ထဲကပဲ အေအေဘက်ကို ကူးပြောင်း သွားတာဖြစ်တယ်။ ကျွန်တော့်အိမ်က သွားတာမဟုတ်ဘူး။ သူ့ကို စစ်တပ်က ပိုင်သွားတာ နှစ်နှစ်ဆယ်နီးပါး ရှိနေပြီ။ ဒါကြောင့် ကျွန်တော်နဲ့ မသက်ဆိုင်တဲ့အတွက် တပ်ရင်းမှူးတို့ဆီကို လာမတွေ့နိုင်ဘူးလို့ပြောလိုက်တယ်"လို့ ဦးဖိုးစံက ဘီဘီစီကို ပြောကြားဖူးပါတယ်။

ထိုစဉ်က တပ်မတော်ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဗိုလ်မှူးအောင်မြင့်စိုးဟာ သာ့သနာဘောင် ဝင်ရောက်မယ်လို့ အကြောင်းပြပြီး ခွင့်မဲ့ ထွက်သွားတာလို့ပြောခဲ့ပါတယ်။

အေအေရဲ့လက်နက်ကြီးပစ်ခတ်မှုစွမ်းရည်

ဗီဒီယို ပုံစာ, နခခ ၅ ကို သိမ်းယူခဲ့တဲ့ အာရက္ခတပ်တော်ရဲ့ စစ်ရေးဗျူဟာ

ဗိုလ်မှူးအောင်မြင့်စိုးဟာ ရခိုင်ပြည်နယ်တောင်ပိုင်းဒေသ ကျောက်ဖြူမြို့ဇာတိဖြစ်ပါတယ်။ အေအေရဲ့ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ညိုထွန်းအောင် (ခ) ဒေါက်တာဇော်မျိုးသက်နဲ့ တစ်မြို့တည်းသားချင်း ဖြစ်ပါတယ်။

၂၀၀၁ ခုနှစ်မှာ ကျောက်ဖြူမြို့ အထက ၂ ကနေ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင် ခဲ့ပါတယ်။ တက္ကသိုလ်ဝင်တန်းအောင်၊ စစ်တက္ကသိုလ်သုံးနှစ်တက်၊ သင်တန်းဆင်းပြီးနောက် တပ်ထဲ ၁၇ နှစ်လောက် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

သူ အေအေကိုဘက်ပြောင်းလိုက်ချိန်မှာ အေအေဟာ အင်အားအတော်အသင့်ရှိလာပြီဖြစ်ပေမဲ့ ကချင်ပြည်နယ်ကနေ ရခိုင်ဒေသတွင်းအခြေစိုက်ဖို့ ကြိုးစားနေတာ သုံးနှစ်လောက်သာရှိသေးလို့စိန်ခေါ်မှု အမြောက်အမြားရှိနေချိန်ပါ။ အဲဒီတုန်းကနေပြည်တော်မှာလုပ်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကိုလည်း တက်ရောက်ခွင့်မရှိဘဲ​ချန်လှပ်ခံထားရပါတယ်။

တပ်မတော်မှာ ဗိုလ်မှူးအဆင့်နဲ့ နေခဲ့တာကြောင့် ရာထူးနဲ့ လျော်ညီတဲ့ လစာ၊ ခံစားခွင့်တွေရရှိခဲ့ပေမဲ့ အေအေတပ်ထဲနေချိန်မှာ ဘာခံစားခွင့်မှ မရရှိခဲ့ဘူးလို့ ဗိုလ်မှူးအောင်မြင့်စိုးက ပြောခဲ့ပါတယ်။

"သို့သော် ရခိုင်နဲ့ ရခိုင်မျိုးနွယ်စုတွေ ခံစားနေရတဲ့ ဒုက္ခတွေနဲ့နှိုင်းစာရင် ဒါတွေဟာ ဘာမှ နှိုင်းယှဉ်စရာမရှိဘူး။ မက်မောစရာမရှိပါဘူး။ ကိုယ့်လူမျိုးတွေရဲ့ထာဝရအကျိုးစီးပွားကိုပဲ​ဦးတည်ဆုံးဖြတ်ဖို့လိုပါလိမ့်မယ်" လို့ သူက ရုပ်သံကနေ ပြောခဲ့ပါတယ်။

အေအေရဲ့ အင်အားတောင့်တင်းမှု၊ မဟာမိတ်ဆက်ဆံရေးကျယ်ပြန့်မှု၊ မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်နယ်မြေတွေထဲ တပ်ဖွဲ့ဝင်တွေဖြန့်ကြက်ထားနိုင်မှုတွေက တိုက်ခိုက်ရေးနည်းစနစ်တွေ၊ လက်နက်ကြီးအသုံးပြုပုံတွေအပါအဝင် စစ်ရေးနည်းဗျူဟာပိုင်းမှာ ဗိုလ်မှူးအောင်မြင့်စိုးဟာ အေအေနဲ့မဟာမိတ်တွေကြားမှာ အပြန်အလှန် အထောက်အကူ ဖြစ်ခဲ့တယ်လို့ အေအေနီးစပ်သူတွေကပြောပါတယ်။

၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ တစ်ကျော့ပြန် ရခိုင်ထိုးစစ် အစပိုင်းကာလတွေမှာ နယ်မြေအားသာချက်နဲ့ စိတ်ပိုင်းဆိုင်ရာ အားသာချက် ရှိခဲ့ပေမဲ့ အေအေဟာ စစ်တပ်နဲ့ အပြိုင် တိုက်ခိုက်နိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။

ဒါပေမဲ့ ပလက်ဝနဲ့ ကျောက်တော်မြို့တွေကိုသိမ်းပြီးနောက် စစ်တပ်ထံက သိမ်းဆည်းရမိတဲ့ လက်နက်ကြီးတွေ၊ တင့်ကားတွေလို တိုက်ခိုက်ရေးယန္တရားတွေကို ပြန်အသုံးချနိုင်တာတွေ့လာရပြီး ဒါဟာ ဗိုလ်မှူး အောင်မြင့်စိုးရဲ့ ညွှန်ကြားမှုတွေမပါမဖြစ် လို့ ပြောနိုင်ကြောင်း အေအေနဲ့နီးစပ်သူတွေကပြောပါတယ်။

လက်ရှိပြင်းထန်နေတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိတဲ့ အမ်းတိုက်ပွဲမှာလည်း အေအေဟာ တိုင်းစစ်ဌာနချုပ်တစ်ခုနဲ့ အပြန်အလှန် လက်နက်ကြီးပစ်ခတ်နိုင်တဲ့ အခြေအနေရှိပါတယ်။

"ကျွန်တော်တို့အမ်းတိုက်ပွဲက အစပိုင်းမှာ လက်နက်ကြီးတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ပြောနိုင်ပါတယ်။ စစ်ကောင်စီဘက်ကရော အေအေဘက်ကပါ လက်နက်ကြီးတွေနဲ့အပြန်အလှန်ပစ်ခတ်တာတွေရှိခဲ့တယ်။ အေအေက စစ်တပ်ကို မီအောင်ပစ်ခတ်နိုင်တဲ့အခြေအနေရှိတယ်"လို့ အေအေနဲ့နီးစပ်တဲ့သတင်းရင်းမြစ်က ပြောပါတယ်။

အမ်းတိုက်ပွဲကာလအစပိုင်းမှာပဲ စစ်တပ်အတွက် အရေးပါတဲ့ အမ်းလေဆိပ်ကို အသုံးမပြုနိုင်တော့ပါဘူး။ အေအေရဲ့ တပ်စခန်းတွေကနေ အမ်းလေဆိပ်ကိုကျော်ပြီး လက်နက်ကြီးတွေ ပစ်ခတ်နေတဲ့အတွက်ကြောင့်ဖြစ်ပြီး​ အမ်နဲ့မောင်တော တိုက်ပွဲထိုးစစ်တွေကိုကြည့်ရင် အေအေဟာ စစ်ရေး၊ တိုက်ခိုက်ရေးစွမ်းရည်တွေအပြင် လက်နက်ကြီးစွမ်းရည်လည်း အတိုင်းတာတစ်ခုထိ ရောက်ရှိနေပြီလို့ စစ်ရေးအကဲခတ်တွေကပြောပါတယ်။

ကြွက်မင်းစစ်ဆင်ရေး

နခခ (၅) တိုက်ပွဲ။ မောင်တော

ဓာတ်ပုံ ရင်းမြစ်, AA Info Desk

ဓာတ်ပုံ ပုံစာ, မြေအောက်ကနေ တွင်းတူးပြီး နခခ ၅ စခန်းအတွင်းထဲ ဝင်ရောက်ဖို့ ကြိုတင်ပြင်ဆင်နေတဲ့မြင်ကွင်းကို အေအေက ထုတ်ပြန်ထားပါတယ်။

မောင်တော နခခ (၅) စခန်းကို အေအေ ဘယ်လိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရလဲဆိုတာ တိုက်ပွဲတွေအတွင်း ရိုက်ကူးထားတဲ့ မှတ်တမ်းဗီဒီယိုဖိုင်တွေနဲ့ အေအေက ဒီဇင်ဘာ ၁၁ ရက်မှာထုတ်ပြန်ခဲ့ပါတယ်။

နခခ - ၅ ကို သံဆူးကြိုးတွေနဲ့ ခြံစည်းရိုး နှစ်ထပ် ကာရံထားပြီး ဒီစည်းရိုးကိုကျော်နိုင်ရင်တောင် စခန်းအနားမကပ်နိုင်အောင် ထောင်ချီတဲ့ မိုင်းတွေ မြုပ်ထားတဲ့မိုင်းကွင်းကြီးရှိပါသေးတယ်။

ဘန်ကာပေါင်း ၂၀ ကျော်ရှိပြီး တိုက်ခိုက်ရေးတွေမှာ ပုံမှန် အသုံးပြုနေကျ ဆက်သွယ်ရေးမြောင်းတွေထက် အရွယ်အစားပိုကြီးတဲ့ မြောင်းတွေကိုလည်း ရုပ်သံထဲမှာ တွေ့မြင်ရပါတယ်။

စခန်းပရဝုဏ်အတွင်း အဆောက်အဦပေါင်း ၃၀ ကျော်ရှိပြီး တိုက်ခိုက်ရေးစစ်သားအင်အားပေါင်း ၇၀၀ ကျော်ရှိတယ်လို့ အေအေရဲ့ထုတ်ပြန်ချက်မှာ ရေးထားပါတယ်။

ခံစစ်အစီအမံတွေကို နည်းမျိုးစုံနဲ့ပြင်ဆင်တည်ဆောက်ထားတဲ့ နခခ ၅ ကိုထိုးဖောက်နိုင်ဖို့ အေအေတပ်ဖွဲ့ ဝင်တွေဟာ မီတာ ၃၀၀ လောက်ဝေးတဲ့နေရာကနေ မြေအောက်လိုဏ်ခေါင်း တူးပြီး နခခ ၅ စခန်း အတွင်း ဝင်ရောက်ခဲ့ကြတာ လို့ အဲဒီတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ အေအေတပ်ဖွဲ့ဝင်တွေက ဘီဘီစီကို ပြောပါတယ်။

ဒီလို မြေအောက်လိုဏ်ဏ်ခေါင်း တူးပြီး တိုက်ခိုက်ခဲ့ကြလို့ စစ်ရေးနားလည်သူတွေက "ကြွက်မင်းစစ်ဆင်ရေး"လို့ ပြောနေကြပါတယ်။

အေအေတပ်မမှူးဗိုလ်မှူးကြီးထွန်းဝေက စစ်ရေးဗျူဟာကို ဦးဆောင်ကွပ်ကဲပြီး ဗိုလ်မှူးအောင်မြင့်စိုးက စစ်တပ်ဘက်က သိမ်းဆည်းရမိိတဲ့ လက်နက်ကြီးတွေကို ပြန်သုံးပြီးပစ်နိုင်ဖို့ အနီးကပ်ကြီးကြပ်ညွှန်ကြားခဲ့တယ်လို့သိရပါတယ်။

မောင်တော နခခ (၅) တိုက်ပွဲ

ဓာတ်ပုံ ရင်းမြစ်, AA Info Desk

ဓာတ်ပုံ ပုံစာ, နခခ (၅​) မှာ လက်နက်ချ အလံဖြူထောင်ရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့

စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်တို့ကံကြမ္မာ

တောင်ကုတ်မြို့အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ ၅ ကို ဒီဇင်ဘာ ၁၄ ရက်မှာ အပြီးသတ်ရှင်းလင်းသိမ်းပိုက်ပြီး လွတ်မြောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလိုက်လံရှင်းလင်းနေကြောင်းနဲ့ တောင်ကုတ်တစ်မြို့လုံးကို အေအေက ထိန်းချုပ်လိုက်ပြီလို့ အေအေပြောခွင့်ရ ဦးခိုင်သုခက ဘီဘီစီကိုပြောပါတယ်။

ရခိုင်ပြည်နယ်မှာ နောက်ထပ် စစ်တပ်အတွက် အရေးပါတဲ့ အမ်းအခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ထဲကို ပြီးခဲ့တဲ့ရက်ပိုင်းတည်းက အေအေတပ်တွေ ထိုးဖောက်ရောက်ရှိသွားပြီလို့ သိထားရပြီး နပခ အခြေအနေကိုတော့ အေအဘက်က ဒီဇင်ဘာ ၁၅ ရက်ညနေပိုင်းထိ ဘီဘီစီကို ဖြေကြားတာမရှိသေးပါဘူး။

ဂွမြို့နယ်မှာလည်း စစ်ကောင်စီတပ်နဲ့ အေအေပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲပြင်းထန်နေပြီး မြို့ခံအများစုကတော့ ပြီးခဲ့တဲ့ လတွေကတည်းက နေရပ်စွန့်ခွာသွားကြပါပြီ။

လက်ရှိမှာတော့ ရခိုင်မှာ မြို့တော်စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်တို့သာ စစ်တပ်ထိန်းချုပ်ထားနိုင်ပြီး စစ်တွေမှာတော့ ဒေသစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တစ်ခု ရှိပါသေးတယ်။ တောင်ကုတ်စခက ၅ ကျပြီးနောက် စစ်တွေမှာ စစ်တပ်က လုံခြုံရေးအင်အား အရင်ထက်ပိုတိုးချထားသလို ရပ်ကွက်တချို့မှာ တစ်အိမ်တက်ဆင်းလိုက်လံစစ်ဆေးတာတွေပါရှိနေတယ်လို့ သိရပါတယ်။

အဲဒီမြို့တွေကို ၂၀၂၅နှစ်ဆန်းပိုင်းမှာ အေအေဘက်က စစ်ရေးဖော်ဆောင်လာနိုင်တယ်လို့ စစ်ရေးးအကဲဖြတ်တွေက ပြောပါတယ်။

ရခိုင်ဘက်က အခြေအနေတွေကို စစ်တပ်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းထံ​ဘီဘီစီက ဆက်သွယ်မေးမြန်းပေမဲ့ ဆက်သွယ်လို့မရခဲ့သလို စစ်တပ်ဘက်က ဒီဇင်ဘာ ၁၅ ရက်နေ့ထိ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။