အေအေကို လက်နက်စွန့်ဖို့ စစ်ခေါင်းဆောင်ပြောချိန် တောင်ကုတ် စကခ ၅ အသိမ်းခံရ

ဓာတ်ပုံ ရင်းမြစ်, AA Info Desk
အာရက္ခတပ်တော်(အေအေ)ကို လက်နက်စွန့်ဖို့ စစ်ခေါင်းဆောင်က ပြောနေချိန်မှာပဲ ရခိုင်ပြည်နယ်တောင်ပိုင်းမှာ စစ်တပ်ရဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် နောက်တစ်ခုကို အေအေက သိမ်းလိုက်ပါတယ်။
တောင်ကုတ်အခြေစိုက် စစ်ကောင်စီတပ်ရဲ့ အမှတ် ၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ ၅) ကို အပြီးသတ် သိမ်းလိုက်ပြီလို့ အာရက္ခတပ်တော်(အေအေ)က ဘီဘီစီကို အတည်ပြုပါတယ်။
တောင်ကုတ်အခြေစိုက် စကခ ၅ ကို ဒီဇင်ဘာ ၁၄ ရက်ညနေပိုင်းမှာ သိမ်းလိုက်တာလို့ အေအေပြောခွင့်ရ ဦးခိုင်သုခက ပြောပါတယ်။
ရခိုင်ပြည်နယ်ထဲမှာ အေအေဟာ တောင်ကုတ်က စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ)ကို သိမ်းလိုက်ပြီဖြစ်လို့ ကျောက်တော်၊ ဘူးသီးတောင်နဲ့ တောင်ကုတ်တို့က စစ်ကောင်စီတပ်ရဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ) ၃ ခုစလုံး အေအေလက်အောက်ကို ရောက်သွားပြီဖြစ်ပါတယ်။
တောင်ကုတ်တက္ကသိုလ်အနီးကနေ စတင်တဲ့ စကခ ၅ ဌာနချုပ်သိမ်း တိုက်ပွဲ

စစ်ကောင်စီတပ်ဟာ သံတွဲ - တောင်ကုတ်လမ်းပိုင်းက ခမရ ၃၄၆ တပ်ရင်း၊ နောက် ရခိုင်ပြည်နယ်နဲ့ ပြည်မြို့အထိပေါက်တဲ့ ပန်းတောင်း - တောင်ကုတ်လမ်းပိုင်း၊ မအီ - တောင်ကုတ်လမ်းပိုင်းက တောင်ကုတ်တက္ကသိုလ်တို့မှာ ဂိတ်အဆင့်ဆင့်ချပြီး မြို့အဝင် အထွက်ကို ပိတ်ဆို့ ကာကွယ်ခဲ့ပါတယ်။
အေအေအေဟာ တောင်ကုတ်တက္ကသိုလ်အပါအဝင် မြို့အချက်အခြာကျတဲ့နေရာတွေက စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ စခန်းတွေကို အောက်တိုဘာလမှာ စတင်တိုက်ခိုက်ပြီး စကခ ၅ ကို သိမ်းပိုက်ဖို့ ရည်ရွယ်ချက် စတင်ပါတယ်။
တပ်ရင်းတစ်ခုပြီးတစ်ခု အဆင့်ဆင့်အခြေချ တပ်စွဲထားတဲ့ တောင်ကုတ်တပ်နယ်ထဲမှာ အေအေဟာ စကခ ၅ အထိ ထိုးပေါက်ဖို့ အပြင်းအထန်တိုက်ခဲ့ရတယ်ဆိုတာကို မြို့မရဲစခန်းကို ၁၇ ရက်ကြာအောင် တိုက်ခိုက်ခဲ့ရတဲ့အခြေအနေက သက်သေပြပါတယ်။
အဲဒီနောက် နိုဝင်ဘာလ ဆန်းပိုင်းမှာပဲ အေအေဟာ တောင်ကုတ်က စကခ ၅ ရဲ့ ရှေ့တန်း စခန်းလို့ မှတ်ယူနိုင်တဲ့ မြို့နဲ့ ၇ မိုင်အကွာက ပန်းမြောက်တောင် အမြောက်ကုန်း အထိုင်စခန်းကို တိုက်ခိုက်ပါတယ်။ အဲဒီတိုက်ပွဲဟာ ရက်နဲ့ချီကြာမြင့်ခဲ့ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
''စစ်တပ်ရဲ့ စကခ ၅ တပ်မနဲ့ ခမရ ၅၄၄၊ ခမရ ၃၄၆ တပ်ရင်းတွေက မြေပြင်လက်နက်ကြီးတွေနဲ့ ပစ်ကူတယ်။ တောင်ကုတ်မြို့ ကောင်းကင်မှာလည်း ဂျက်တိုက်လေယာဥ် အနိမ့်ဆုံးအဆင့် ပျံသန်းပြီး ဗုံးအလုံးပေါင်း ၄၀ ကျော်ထိ ပစ်ခတ် တိုက်ခိုက်နေပါတယ်'' အမြောက်ကုန်းတိုက်ပွဲ ပြင်းထန်ချိန်တုန်းက စစ်ရေးအခြေအနေသိသူက ဘီဘီစီကို ပြောခဲ့ပါတယ်။
အဲဒီနောက် နိုဝင်ဘာလကုန်ပိုင်းမှာပဲ တောင်ကုတ်မြို့ကို ထိန်းချုပ်နိုင်ပြီလို့ အေအေက ကြေညာပါတယ်။
အဲဒီကတည်းက တောင်ကုတ်မှာရှိတဲ့ စစ်တပ်ရဲ့ စကခ ၅ ကို ဦးတည်တဲ့တိုက်ခိုက်မှုတွေ ဆက်လုပ်ခဲ့တာဖြစ်ပါတယ်။
စကခ ၅ ကိုရောက်ဖို့ မြေမြန်တပ်ရင်းတွေဖြစ်တဲ့ ခမရ ၅၄၄ နဲ့ ခမရ ၃၄၆ တို့အနီးနားမှာရှိနေလို့ တိုက်ပွဲဟာ ဒီဇင်ဘာလ ၁၄ ရက်မှာ ပိုပြင်းထန်ခဲ့ပါတယ်။
ခြေမြန်တပ်ရင်းတွေက တပ်ဖွဲ့တွေဟာ စကခ ၅ ကို သွားရောက်ပူးပေါင်းခဲ့တာကြောင့် တိုက်ပွဲ ပိုပြင်းထန်ခဲ့တာလို့ ဒေသတွင်းသတင်းတွေက ဖော်ပြပါတယ်။
''မနေ့(ဒီဇင်ဘာ ၁၄ ရက်) ညနေ ၄ နာရီ၊ ၁၀ မိနစ်လောက်မှာ စကခ ၅ ဌာနချုပ်ကို အပြီးသတ်သိမ်းနိုင်ပါတယ်။ လွတ်မြောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်းပဲ လိုက်လံ ရှင်းလင်း ဖမ်းဆီးလျက် ရှိပါတယ်'' လို့ အေအေပြောခွင့်ရ ဦးခိုင်သုခက ပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ တောင်ကုတ် စကခ ၅ ဌာနချုပ်နဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
ဒါပေမဲ့ စစ်ကောင်စီတပ်ဘက်က သတင်းတွေကို ဖော်ပြနေတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ တပ်မ ဌာနချုပ်အနီးက ၅၄၄ တပ် အိမ်ထောင်သည်လိုင်းခန်းနဲ့ ကာကင်းနေရာတွေ၊ နောက် ၉၁၉ တပ်ခွဲ ၂ နေရာ ၊ တောင်ကုတ် ရိက္ခာဝေစခန်း၊ ဆက်သွယ်ရေးတပ်ခွဲဌာနချုပ်တို့မှာ တိုက်ပွဲဖြစ်ခဲ့တဲ့အကြောင်း ပြီးခဲ့တဲ့ရက်ပိုင်း တွေမှာ ရေးသားဖော်ပြပါတယ်။
အဲဒီနောက် ဒီဇင်ဘာလ ၁၃ ရက်မှာ ညနက်ချိန်အထိ စကခ ၅ တပ်မဌာနချုပ်၊ ၅၄၄ တပ်၊ ၃၄၆ တပ် တို့မှာ နှစ်ဖက် တိုက်ပွဲ ပြင်းထန်နေခဲ့တယ်လို့ ပြောထားတာတွေ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Western News
အေအေအတွက် စခန်းသိမ်းနိုင်တဲ့အောင်မြင်မှုလို့ဆိုနိုင်ပေမဲ့ တိုက်ပွဲကြောင့် လူ့အသက် သေဆုံးရမှုတွေလည်း ရှိနေပါတယ်။
ဘီဘီစီက ဖော်ပြခဲ့တဲ့သတင်းတွေအရဆိုရင် တောင်ကုတ်တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းအသုံးပြုတိုက်ခိုက်တာတွေကြောင့် စစ်ရှောင် ဆယ်ချီသေဆုံးခဲ့ပါတယ်။
နောက်ပြီး စစ်ကောင်စီတပ်က မြို့တွင်းက နေရာတွေကို ဗုံးကြဲတာတွေပြုလုပ်ခဲ့တာကြောင့် တောင်ကုတ်မြို့မစျေးနဲ့ညစျေးက ဆိုင်တန်းတွေ မီးလောင် ပျက်စီးခဲ့သလို အပျက်အစီးတွေလည်းရှိနေပါတယ်။
''တောင်ကုတ်ကို ဒီနေ့လည်းဗုံးကြဲတယ်။ မနေ့ကလည်း ဗုံးကြဲတာပဲ'' လို့ အေအေနဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ရခိုင်က စစ်တပ်ရဲ့ စကခ ၃ ခုစလုံး အေအေလက်ထဲရောက်

စစ်ကောင်စီတပ်မှာ နိုင်ငံတဝန်း စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ၂၁ ခုအထိ ရှိပြီး အဲဒီထဲက ၃ ခုဟာ ရခိုင်ပြည်နယ်ထဲမှာ အခြေစိုက် တပ်စွဲပါတယ်။
စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် တစ်ခုချင်းစီဟာ ခြေလျင်နဲ့ခြေမြန် တပ်ရင်း ၁၀ ရင်း၊ နောက် အမြောက်တပ်၊ ဆက်သွယ်ရေး၊ မိုင်းနဲ့ စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်းတို့လည်း တွဲဖက်လက်ရုံးတပ် တွေအဖြစ်ပါဝင် ဖွဲ့စည်းပါတယ်။
စကခ ဌာနချုပ်တွေကိုတော့ ဗိုလ်မှူးချုပ်အဆင့်ရှိသူတွေက ဦးဆောင်ပြီး စကခမှူးလို့ အတိုကောက် သိကြပါတယ်။
အခုတော့ အေအေဟာ စကခ ၉ (ကျောက်တော်)၊ စကခ ၁၅ (ဘူးသီးတောင်)နဲ့ အခုနောက်ဆုံး စကခ ၅(တောင်ကုတ်) တို့ကို သိမ်းလိုက်တာဖြစ်ပါတယ်။
စကခ ဘူးသီးတောင်တိုက်ပွဲမှာ စစ်ကောင်စီတပ်သား အလံဖြူတောင် လက်နက်ချပြီး လပိုင်းအကြာ အဲဒီဌာနချုပ်ရဲ့ ဗိုလ်မှူးချုပ် သူရိန်ထွန်းကိုတော့ ပြီးခဲ့တဲ့ရက်ပိုင်း မောင်တောမြို့နယ်က နယ်ခြားစောင့်တပ်စခန်းသိမ်းတိုက်ပွဲ မှာ အေအေက ဖမ်းမိထားပါတယ်။
နောက်ဆုံးသိမ်းထားတဲ့ စကခ ၅ (တောင်ကုတ်) တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ရာချီ အလံဖြူထောင် လက်နက်ချတယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြပေမဲ့ ဘီဘီစီ အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
တဖက်မှာလည်း အေအေဟာ ရခိုင်ပြည်နယ် နေရာအနှံ့မှာ စစ်ကောင်စီတပ်စခန်းတွေ၊ ခြေလျင်နဲ့ခြေမြန်တပ်ရင်း၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တွေကို ပြီးခဲ့တဲ့အောက်တိုဘာလကစလို့ တနှစ်အတွင်း တိုက်ခိုက်သိမ်းယူပါတယ်။
''အမ်းအခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ပဲ ကျန်တော့တဲ့အခြေအနေပေါ့။ အရင်တုန်းကတော့ ဟိုတပ်ရင်းက ခံတိုက်နေသေးတယ်၊ ဒီတပ်ရင်းကျန် နေသေးတယ်ဆိုပြီး စိတ်ဓာတ်အားဖြင့် အားယူလို့ ရတဲ့အခြေအနေပေါ့။ အခုတော့ စကခ နောက်တစ်ခုပါသွားပြီဆိုတော့ အမ်းက စစ်ကောင်စီ တပ်သားတွေအတွက် နေရာလှမ်းလို့ စစ်ရေးအရ ရိုက်ခတ်မှုဆိုတာမျိုးထက် စိတ်ဓာတ်ကျစရာ အခြေအနေ ဦးတည်သွားတယ်'' လို့ စစ်တပ် CDM အသိုင်းအဝိုင်းက သုံးသပ်ပါတယ်။
မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်နက်စွန့်ပြီး ငြိမ်းချမ်းရေးစကားပြောဖို့ အေအေ အပါအဝင် ကိုးကန့်တပ်(MNDAA)နဲ့ တအာင်းတပ်(TNLA)တို့ကို စကခ အသိမ်းခံရပြီး မကြာခင်မှာပဲ တိုက်တွန်းပါတယ်။
ဒီဇင်ဘာ ၁၅ ရက်မှာ ကျရောက်တဲ့ နှစ် ၅၀ ပြည့် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ်ကို ပေးပို့တဲ့ သဝဏ်လွှာမှာ သူက အခုလို ထုတ်ပြောပြီး အေအေအပါအဝင် မြောက်ပိုင်းညီနောင်မဟာမိတ် သုံးဖွဲ့ရဲ့ နိုင်ငံရေးရည်မှန်းချက်တွေကြောင့် လူထု ဒုက္ခရောက်ရတယ်လို့လည်း အပြစ်ဖို့ပါတယ်။
ဒါပေမဲ့ ရခိုင်ပြည်နယ်ထဲမှာတော့ အေအေဟာ စစ်ကောင်စီတပ်ကို တိုက်ခိုက်ပြီး နေရာထိန်းချုပ်မှု တွေဆက်လုပ်နေပါတယ်။
လက်ရှိ ရခိုင်ပြည်နယ်ထဲမှာ တိုက်ပွဲ မဖြစ်တဲ့နေရာဆိုလို့ မြို့တော် စစ်တွေနဲ့ တရုတ်ရေနက်ဆိပ်ကမ်းစီမံကိန်း ရှိရာ ကျောက်ဖြူမြို့တွေသာ ကျန်တော့တဲ့အနေအထား ဖြစ်ပါတယ်။
ဒါပေမဲ့ စစ်တွေနဲ့ ကျောက်ဖြူမှာ ထိတွေ့တိုက်ပွဲ ဖြစ်တာ အနည်းငယ် ရှိနေသလို နှစ်ဖက်စစ်ဆိုင်ထားတဲ့အနေအထားဖြစ်ပြီး နှစ်ဖက်တိုက်ပွဲ အချိန်မရွေးဖြစ်နိုင်တယ်လို့ သုံးသပ်တာတွေလည်းရှိနေပါတယ်။











