နေပြည်တော်မှာ ဗိုလ်ချုပ်ကြီး ၉ ဦး အထိရှိလာ

လက်ရှိမြန်မာစစ်တပ်မှာ ရာထူးစဉ်အရ အဆင့်အမြင့်ဆုံး ၁၁ ဦး ပေါ်ထွက်လာပြီး ဗိုလ်ချုပ်မှူးကြီး၊ ဒုတိယဗိုလ်ချုပ်မှူးကြီး နဲ့ ဗိုလ်ချုပ်ကြီး ကိုးဦး ဖြစ်ပါတယ်။
ဓာတ်ပုံ ပုံစာ, လက်ရှိမြန်မာစစ်တပ်မှာ ရာထူးစဉ်အရ အဆင့်အမြင့်ဆုံး ၁၁ ဦး ပေါ်ထွက်လာပြီး ဗိုလ်ချုပ်မှူးကြီး၊ ဒုတိယဗိုလ်ချုပ်မှူးကြီး နဲ့ ဗိုလ်ချုပ်ကြီး ကိုးဦး ဖြစ်ပါတယ်။

မြန်မာစစ်တပ်ရဲ့ ဖွဲ့စည်းပုံမှာ ဗိုလ်ချုပ်ကြီး ၉ ဦးအထိ ရှိလာနေပြီး မကြုံစဖူး အခြေအနေဖြစ်ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၊ ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး နဲ့ ဒုတိယဗိုလ်ချုပ်ကြီး ညိုစောတို့ကို တပြိုင်နက်ရာထူးတိုးပေးလိုက်တဲ့နောက် ဗိုလ်ချုပ်ကြီးတွေ ဖောင်းပွလာတာပါ။

သမိုင်းတလျှောက် မကြုံစဖူး ရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာစစ်တပ်အနေနဲ့ အခုလိုဗိုလ်ချုပ်ကြီးတွေ တိုးမြှင့်ခန့်ထားမှုက ဆုံးရှုံးသွားတဲ့ နယ်မြေတွေ ပြန်ရဖို့ အားထုတ်ကြိုးပမ်းတာလို့တောင် မဆိုနိုင်ဘူးလို့ စစ်ရေးအကဲခတ်တွေက သုံးသပ်ပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ယုံကြည်စိတ်ချရသူတွေကို ဝန်းရံပြီး အာဏာစက်ဝန်းအတွင်းစည်း ခိုင်မာအောင်လုပ်တာဆိုတဲ့ အမြင်တွေက ပိုအားကောင်းနေပါတယ်။

ဘယ်ဗိုလ်ချုပ်ကြီးတွေ ဘာတာဝန်ယူ

လက်ရှိမြန်မာစစ်တပ်မှာ ရာထူးစဉ်အရ အဆင့်အမြင့်ဆုံး ၁၁ ဦး ပေါ်ထွက်လာပြီး ဗိုလ်ချုပ်မှူးကြီး၊ ဒုတိယဗိုလ်ချုပ်မှူးကြီး နဲ့ ဗိုလ်ချုပ်ကြီး ကိုးဦး ဖြစ်ပါတယ်။

မြန်မာစစ်တပ်ရဲ့ ဖွဲ့စည်းပုံအရ ဗိုလ်ချုပ်မှူးကြီး နဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီး ပြီးရင် ဗိုလ်ချုပ်ကြီးအဆင့် ဖြစ်ပါတယ်။

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကာကွယ်ရေးဦးစီးချုပ် (ကြည်း) လည်းဖြစ်ပြီး အခုလက်ရှိမှာ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက တာဝန်ယူထားပါတယ်။

တပ်မှာ နံပါတ်သုံး အဆင့်ရှိတဲ့ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ)၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) နဲ့ ကာကွယ်ရေးဦးစီးချုပ် (လေ) တာဝန်တွေက ဗိုလ်ချုပ်ကြီးအဆင့်တွေဖြစ်ပြီး တပ်လက်ကိုင်ရှိကြပါတယ်။

အစဉ်အလာအရ ဖွဲ့စည်းပုံရာထူးကို ကျောထောက်နောက်ခံပြုပြီး တပ်မှာရာထူးတိုးပေးပေမယ့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်ထက်မှာတော့ အရင်လိုမဟုတ်တော့ပါဘူး။

နောက်ဆုံးရာထူးတိုးပေးလိုက်တဲ့ ဗိုလ်ချုပ်ကြီးသုံးဦးမှာ ဗိုလ်ချုပ်ကြီးရဲဝင်းဦးတစ်ယောက်ပဲ စစ်ဖက်ရေးရာလုံခြုံရေးအရာရှိချုပ်အဖြစ် လက်အောက်ခံတပ် ရှိနေတာဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီးအောင်လင်းဒွေးက စစ်ကောင်စီအတွင်းရေးမှူးဖြစ်ပြီး လက်အောက်ခံတပ်မရှိပါဘူး။ အလားတူ ဗိုလ်ချုပ်ကြီးညိုစောကလည်း စစ်ကောင်စီဝင်ဖြစ်ပြီး လက်အောက်ခံတပ်မရှိပါဘူး။

ဒါကြောင့် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) (ဒုတိယ) ဗိုလ်ချုပ်ကြီး ထိန်ဝင်း နဲ့ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်၊ စစ်ဖက်ရေးရာလုံခြုံရေးအရာရှိချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးတို့ပဲ လက်အောက်ခံတပ် ရှိတဲ့ ဗိုလ်ချုပ်ကြီးတွေ ဖြစ်ပါတယ်။

ကျန်တဲ့ ဗိုလ်ချုပ်ကြီးတွေဖြစ်တဲ့ ဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၊ ဗိုလ်ချုပ်ကြီး ညိုစော၊ ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း နဲ့ စစ်ကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၁) ဗိုလ်ချုပ်ကြီး မိုးအောင်တို့က လက်အောက်ခံတပ် မရှိတဲ့ ဗိုလ်ချုပ်ကြီးတွေ ဖြစ်လာပါတယ်။

တပ်ချုပ်ဖြစ်မယ်လို့ ရေပန်းစားပြီးမှ အရန်အင်အားရောက်တဲ့ ဗိုလ်ချုပ်ကြီးမြထွန်းဦး

ဓာတ်ပုံ ရင်းမြစ်, cincds

ဓာတ်ပုံ ပုံစာ, တပ်ချုပ်ဖြစ်မယ်လို့ ရေပန်းစားပြီးမှ အရန်အင်အားရောက်တဲ့ ဗိုလ်ချုပ်ကြီးမြထွန်းဦး

စစ်တက္ကသိုလ်အပတ်စဉ် (၂၅) ဆင်း ဗိုလ်ချုပ်ကြီးမြထွန်းဦးက ညှိ/ကွပ် ရာထူးကနေ ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း အရန်အင်အားလို့ ဆိုနိုင်တဲ့ ကာကွယ်ရေးဝန်ကြီး နေရာကိုအရွှေ့ခံရပြီး နောက်ပိုင်းမှာ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးနေရာအထိ ပြောင်းရွှေ့ခံခဲ့ရတာ ဖြစ်ပါတယ်။

ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းကလည်း ရေချုပ်ကနေ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးနေရာကို အရွှေ့ခံရပြီး နောက်ပိုင်းမှာ ကာကွယ်ရေးဝန်ကြီး ပြန်ဖြစ်လာပါတယ်။

ဗိုလ်ချုပ်ကြီးတင်အောင်စန်း နေရာကို ဆက်ခံတဲ့ ဗိုလ်ချုပ်ကြီး မိုးအောင်က ၂၀၂၄ ဇန်နဝါရီ မှာ ရေချုပ်ရာထူးကနေ ဖယ်ရှားခံရပြီး စစ်ကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၁) နေရာကို အပို့ခံရပါတယ်။

သူတို့ကို တပ်လက်ကိုင်မရှိတော့ပေမယ့် ဗိုလ်ချုပ်ကြီး ရာထူးနဲ့ပဲ ဆက်ထားခဲ့တဲ့အတွက် မြန်မာစစ်တပ်မှာ ဗိုလ်ချုပ်ကြီး ကိုးဦးအထိ မကြုံစဖူးများပြားလာတာ ဖြစ်ပါတယ်။

လက်အောက်ခံတပ်မရှိတဲ့ အနေအထားကို အရန်အင်အားလို့ သတ်မှတ်လို့ရသလို ကာကွယ်ရေး၊ ပြည်ထဲရေး နဲ့ နယ်စပ်ရေးရာ အပါအဝင် ဝန်ကြီးဌာနတွေကို ပို့ဆောင်တာကိုလည်း အရန်အင်အားလို့ တပ်မှာသုံးနှုန်းပါတယ်။

အရင် ဗိုလ်ချုပ်ကြီးတွေ နဲ့ အခု ဗိုလ်ချုပ်ကြီးတွေ

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒု ဗိုလ်ချုပ်မှူးကြီးမောင်အေး နဲ့ ဗိုလ်ချုပ်ကြီး ခင်ညွန့်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒု ဗိုလ်ချုပ်မှူးကြီးမောင်အေး နဲ့ ဗိုလ်ချုပ်ကြီး ခင်ညွန့်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဗိုလ်ချုပ်မှူးကြီးအဆင့် မပေါ်ခင်တုန်းက မြန်မာစစ်တပ်မှာ ဗိုလ်ချုပ်ကြီး အဆင့်က အမြင့်ဆုံးဖြစ်ပြီး ဗိုလ်ချုပ်ကြီးနေဝင်းက အထင်ရှားဆုံးဖြစ်ပါတယ်။

၁၉၈၈ အာဏာသိမ်းမှုပြီးတဲ့နောက် ဗိုလ်ချုပ်မှူးကြီး ရာထူးစတင်ပေါ်ပေါက်လာပြီး ဗိုလ်ချုပ်မှူးကြီး စောမောင်က ဒီအဆင့်ကိုပထမဆုံးရယူပါတယ်။

ဗိုလ်ချုပ်မှူးကြီးစောမောင် ပြီးတဲ့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ခေတ်မှာလည်း ထင်ရှားတဲ့ ဗိုလ်ချုပ်ကြီးတွေ ပေါ်ပေါက်လာပြီး ဗိုလ်ချုပ်ကြီး ခင်ညွန့်က အထင်ရှားဆုံးဖြစ်ပါတယ်။

နိုင်ငံတော်ဝန်ကြီးချုပ်အထိ တာဝန်ပေးချင်တဲ့အတွက် ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ကနေ ဗိုလ်ချုပ်ကြီးအဆင့်တိုးပေးခဲ့တာဖြစ်ပါတယ်။

၂၀၀၄ ခုနှစ်မှာ ဗိုလ်ချုပ်ကြီးခင်ညွန့် ထိန်းသိမ်းခံရပြီးတဲ့နောက် ဝန်ကြီးချုပ်အသစ်အဖြစ် ဗိုလ်ချုပ်ကြီးစိုးဝင်းကို ခန့်အပ်ခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီးစိုးဝင်း ကွယ်လွန်ပြီးတဲ့နောက် ဗိုလ်ချုပ်ကြီး သိန်းစိန် (နောင်မှာ သမ္မတဖြစ်လာသူ) က ဝန်ကြီးချုပ်အသစ် ဖြစ်လာပါတယ်။

အဲဒီကာလအပိုင်းအခြားမှာပဲ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ရာထူးအသစ် ပေါ်ပေါက်လာပြီး ဗိုလ်ချုပ်ကြီးသူရရွှေမန်း အဲဒီနေရာမှာ ခန့်အပ်ခံခဲ့ရပါတယ်။

‘’အရင်တုန်းက ဗိုလ်ချုပ်ကြီးဆိုတာ တကယ့်ကို တစ်ယောက် နှစ်ယောက်ပဲ ရှိတာ။ တစ်ယောက်နားမှ နောက်တစ်ယောက်က ရာထူးတက်တာ။ အခုလို ပေးချင်တိုင်းပေးတာ မဟုတ်ဘူး’’ လို့ အငြိမ်းစားတပ်အရာရှိကြီးတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

စစ်ခေါင်းဆောင်နဲ့ တစ်ကိုယ်တော်ရှိုး

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

လက်ရှိမြန်မာစစ်တပ်မှာ ရာထူးစဉ်အရ အဆင့်အမြင့်ဆုံး ၁၁ ဦး ပေါ်ထွက်လာပြီး ဗိုလ်ချုပ်မှူးကြီး၊ ဒုတိယဗိုလ်ချုပ်မှူးကြီး နဲ့ ဗိုလ်ချုပ်ကြီး ကိုးဦး ဖြစ်ပါတယ်။

ဒါပေမဲ့ စစ်ခေါင်းဆောင်က ဒုချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းထက် သူ နောက်ဆုံးရာထူးတိုးပေးလိုက်တဲ့ ဗိုလ်ချုပ်ကြီး သုံးဦး ကို ပိုပြီးအားကိုးယုံကြည်တယ်လို့ စစ်ရုံးနဲ့ နီးစပ်တဲ့ အကဲခတ်တွေက သုံးသပ်ကြပါတယ်။

သမ္မတဦးသိန်းစိန်လက်ထက်က ဒုတိယသမ္မတတွေထက် ဦးစိုသိန်း နဲ့ ဦးအောင်မင်းတို့လို သမ္မတရုံးဝန်ကြီးတွေကို ပိုအားကိုးခဲ့တဲ့ပုံစံကို အမှတ်ရစေတယ်လို့ အကဲခတ်တစ်ဦးက ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်က ဒုချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးကို အာဏာခွဲဝေသလိုမျိုး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူ့ရဲ့ ဒုချုပ်ကို အာဏာမခွဲပေးဘူး လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပါတယ်။

‘’ဦးအေးက တပ်မှာ တစုံတရာ လုပ်ပိုင်ခွင့်ရှိတယ်။ စီးပွားရေးကောင်စီမှာ လုပ်ပိုင်ခွင့်တော်တော်ရှိတယ်။ ဦးစိုးဝင်းက ဦးအေးလောက် လုပ်ပိုင်ခွင့်မရှိဘူး’’ လို့ နိုင်ငံရေးအကဲခတ်တစ်ဦးက ပြောပါတယ်။

အနီးစပ်ဆုံး ရာထူးအပြောင်းအရွှေ့တွေကို ကြည့်မယ်ဆိုရင်တောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အရင် စစ်ခေါင်းဆောင်တွေလို မူတသမတ်တည်းမရှိတာကို တွေ့ရတယ် လို့ စစ်ရေးအကဲခတ်တွေက ပြောပါတယ်။

‘’အရင်ကဆို အရန်အင်အားရောက်သွားရင် ရာထူးတက်ဖို့မရှိတော့ဘူး။ အခုက အရန်ရောက်သွားလည်း ရာထူးပြန်တိုးလိုတိုး၊ ဗိုလ်ချုပ်ကြီးတွေလည်း ဝန်ကြီးဌာနပို့လိုပို့၊ သံအမတ်ပို့ထားတဲ့ လူတွေလည်း တိုင်းမှူးပြန်ခန့်လိုခန့်နဲ့ လုပ်ချင်တာတွေ လုပ်နေသလိုပဲ’’ လို့ နိုင်ငံရေးအကဲခတ်တစ်ဦးက သုံးသပ်ပါတယ်။

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု ISP Myanmar က သြဂုတ်လထဲမှာထုတ်တဲ့ နေပြည်တော်လိုဂျီ (၅) မှာ ‘’စစ်ခေါင်းဆောင်နဲ့ တစ်ကိုယ်တော်ရှိုး’’ ဆိုပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အာဏာချုပ်ကိုင်မှုတွေကို ထည့်ရေးပါတယ်။

‘’ခုချိန်ထိတော့ စစ်ခေါင်းဆောင်ဟာ စနစ်လည်းသူ၊ အစိုးရလည်းသူ၊ အင်စတီကျူးရှင်းလည်းသူ၊ တစ်ကိုယ်တော် ထင်တိုင်းကြဲနေတယ်’’ လို့ ISP Myanmar က ရေးပါတယ်။

စစ်ခေါင်းဆောင် နဲ့ ရင်းနှီးတဲ့ ဗိုလ်ချုပ်ကြီးတွေ

စစ်ခေါင်းဆောင်ဘေးမှာ အမြဲတွေ့ရတဲ့ စစ်ဖက်ရေးရာလုံခြုံရေးအရာရှိချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး

ဓာတ်ပုံ ရင်းမြစ်, cincds

ဓာတ်ပုံ ပုံစာ, စစ်ခေါင်းဆောင်ဘေးမှာ အမြဲတွေ့ရတဲ့ စစ်ဖက်ရေးရာလုံခြုံရေးအရာရှိချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး

ဗိုလ်ချုပ်ကြီးသုံးဦကို တပြိုင်တည်း အပွင့်တင်ပေးလိုက်တဲ့အတွက် ဒုတိယဗိုလ်ချုပ်မှူးကြီး နဲ့ တစ်ဆင့်ပဲကွာတော့သလို အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ဝင်တွေ ဖြစ်တဲ့ ပြည်ထဲရေး နဲ့ နယ်စပ်ရေးရာဝန်ကြီးတွေထက် တစ်ဆင့်မြင့်သွားပြီဖြစ်ပါတယ်။

ဒါ့အပြင် ဒုတိယဗိုလ်ချုပ်ကြီး အဆင့်ဖြစ်တဲ့တပ်မတော်အရာရှိချုပ်တွေနဲ့ တိုင်းမှူးတွေရဲ့အထက်မှာရှိနေတဲ့ အထူးစစ်ဆင်ရေးအဖွဲ့မှူးတွေထက် တစ်ဆင့်မြင့်သွားတာလည်း ဖြစ်ပါတယ်။

တပ်ဖွဲ့စည်းပုံအရ အရာရှိချုပ် ၈ ဦးအထိရှိပြီး တပ်မတော်စစ်ဆေးရေးအရာရှိချုပ်၊ စစ်ရာထူးခန့်ချုပ်၊ စစ်ဥပဒေချုပ်၊တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်၊ လေကြောင်းရန်ကာကွယ်ရေးအရာရှိချုပ်၊ စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်၊ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်၊ တပ်မတော်စစ်ဆေးရေး နဲ့ စာရင်းစစ်ချုပ် တို့ ဖြစ်ပါတယ်။

စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး က အရာရှိချုပ်တွေထဲက ပထမဆုံးဗိုလ်ချုပ်ကြီးဖြစ်လာသူဖြစ်ပါတယ်။

နောက်ဆုံး ရာထူးတိုးပေးလိုက်တဲ့ ဗိုလ်ချုပ်ကြီး သုံးဦးကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ အကြံပေးပုဂ္ဂိုလ်ဆိုတဲ့ တာဝန် နဲ့ ရာထူးတိုးခန့်အပ်လိုက်တာလို့ စစ်ရုံးနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေက ဘီဘီစီကို ပြောပါတယ်။

ဒါပေမဲ့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်တွေမှာတော့ ဗိုလ်ချုပ်ကြီး သုံးဦးရဲ့ မူလတာဝန်တွေကိုပဲ ဖော်ပြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့အကြံပေး ဆိုတဲ့ တာဝန်ကို သုံးတာမတွေ့ရပါဘူး။

ဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၊ ဗိုလ်ချုပ်ကြီးရဲဝင်းဦး နဲ့ ဗိုလ်ချုပ်ကြီး ညိုစောတို့ ဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ယုံကြည်ခြင်းခံရသူတွေ ဖြစ်ပါတယ်။

စစ်ခေါင်းဆောင်နဲ့အတူတွေ့ရတဲ့ စစ်ကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီးအောင်လင်းဒွေးနဲ့ တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး

ဓာတ်ပုံ ရင်းမြစ်, cincds

ဓာတ်ပုံ ပုံစာ, စစ်ခေါင်းဆောင်နဲ့အတူတွေ့ရတဲ့ စစ်ကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီးအောင်လင်းဒွေးနဲ့ တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး

စစ်တက္ကသိုလ်အပတ်စဉ် (၂၅) ဆင်း ဗိုလ်ချုပ်ကြီးအောင်လင်းဒွေးက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တက္ကသိုလ်ကျောင်းအုပ်ကြီးဘဝကတည်းက ပြင်ဦးလွင်မှာ တာဝန်အတူထမ်းဆောင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။

စစ်ခေါင်းဆောင်ဘေးမှာ အမြဲတွေ့ရတဲ့ စစ်ဖက်ရေးရာလုံခြုံရေးအရာရှိချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးက ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၇၇) (OTS) ဆင်း ဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တြိဂံတိုင်းစစ်ဌာနချုပ်တိုင်းမှူး တာဝန်ယူတုန်းက ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦးနဲ့ ဆုံခဲ့ကြတာဖြစ်ပြီး မိသားစုချင်းပါ ရင်းနှီးသူတွေဖြစ်ပါတယ်။

သူက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရဲ့ အယုံကြည်ရဆုံးလူလို့ ဆိုနိုင်ပြီး ညှိ/ကွပ် နဲ့ အထူးစစ်ဆင်ရေးအဖွဲ့မှူးတွေရဲ့ တင်ပြချက်တွေကိုတောင် ဗိုလ်ချုပ်ကြီးရဲဝင်းဦးဆီက ရတဲ့ သတင်းအချက်အလက်နဲ့ စစ်ခေါင်းဆောင်က တိုက်ဆိုင်စစ်ဆေးတယ်လို့ စစ်ရုံးမှာနာမည်ကြီးပါတယ်။

ဗိုလ်ချုပ်ကြီးရဲဝင်းဦးက စစ်တက္ကသိုလ်အပတ်စဉ် (၂၅) ဆင်းဖြစ်သူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေးနဲ့ ခမည်းခမက်လည်း ဖြစ်ပါတယ်။

စစ်ခေါင်းဆောင်ရဲ့ အကြံပေး ဗိုလ်ချုပ်ကြီး ညိုစော(လယ်)

ဓာတ်ပုံ ရင်းမြစ်, cincds

ဓာတ်ပုံ ပုံစာ, စစ်ခေါင်းဆောင်ရဲ့ အကြံပေး ဗိုလ်ချုပ်ကြီး ညိုစော(လယ်)

စစ်တက္ကသိုလ်အပတ်စဉ် (၂၃) ဆင်း ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးညိုစော ကလည်း စစ်ခေါင်းဆောင်ရဲ့ ယုံကြည်မှုကိုခံရသူဖြစ်ပြီး အကြံပေးအဖြစ်ရော စစ်ကောင်စီဝင်အဖြစ်ပါ တာဝန်ပေးထားတာဖြစ်ပါတယ်။

မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးညိုစောက စီးပွားရေးကို စိတ်ဝင်စားတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နဲ့ အထူးရင်းနှီးသူဖြစ်ပါတယ်။

နိုင်ငံရေးအကဲခတ်တချို့နဲ့ သုတေသနအဖွဲ့အစည်းတချို့ကတော့ စစ်ခေါင်းဆောင်ဟာ အဖွဲ့အစည်း (အင်စတီကျူးရှင်း) ပုံစံ ချဉ်းကပ်မှုထက် သူယုံကြည်စိတ်ချသူတွေကိုပဲ ဝန်းရံချဉ်းကပ်တတ်တဲ့အကြောင်း ထောက်ပြကြပါတယ်။

သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ISP Myanmar က ‘’တစ်ကိုယ်တော်ရှိုး အုပ်ချုပ်မှုစနစ်နဲ့ အုပ်ချုပ်တဲ့ ခေါင်းဆောင်တွေက အဖွဲ့အစည်းစနစ်တွေကို အားကိုးအားထားပြုလေ့မရှိဘူးလို့ ‘’ "စစ်ခေါင်းဆောင်နဲ့ တစ်ကိုယ်တော်ရှိုး’’ စာတမ်းမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို ရည်ညွှန်းပြီး ရေးပါတယ်။

‘’ သစ္စာခံသူတွေကိုပဲ အာဏာရဲ့အရေးပါတဲ့နေရာတွေမှာ နေရာချထားလေ့ရှိတယ်။ ဆရာမွေး တပည့်မွေးစနစ်၊ နီးစပ်ရာတပည့်လက်သားတွေကို အုပ်ချုပ်ရေးစနစ်အတွင်းမှာ ပိုလို့ အားကိုးတတ်ကြတယ်’’ လို့ ‘ISP Myanmar က ရေးပါတယ်။