ယာယီသမ္မတနဲ့ အခြေခံဥပဒေဆိုင်ရာမေးခွန်းများ

ယာယီသမ္မတတာဝန် နဲ့ အခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှု
ဓာတ်ပုံ ပုံစာ, အခြေခံဥပဒေမှာ ယာယီသမ္မတတာဝန်နဲ့ပတ်သက်လို့ ဘယ်လိုပြဋ္ဌာန်းထားလဲ

အာဏာသိမ်းစစ်ခေါင်းဆောင် ယာယီသမ္မတ လုပ်မယ့်သတင်းက စစ်ရေး၊ နိုင်ငံရေး အသိုင်းအဝိုင်းကို အငိုက်မိသွားစေပါတယ်။

နေပြည်တော်က ဒုတိယဗိုလ်ချုပ်ကြီး အများစုတောင် ဒီအကြောင်းကို ဇူလိုင် ၂၂ ရက် ည ၈ နာရီ သတင်းမှာပါလာမှ သိခဲ့ကြတယ်လို့ စစ်ရုံးသတင်းရင်းမြစ်ကပြောပါတယ်။

အခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုတွေတွေရှိခဲ့တဲ့ ဒီရာထူးလွှဲအပ်မှုအပေါ် စစ်ကောင်စီဘက်ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြဋ္ဌာန်းချက်တွေနဲ့အညီ ဆောင်ရွက်ခဲ့တာလို့ ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမဲ့ သမ္မတအိပ်မက်ရှိတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူဖြစ်ချင်တာကို လုပ်သွားတယ်လို့ပဲ အကဲခတ်တွေက ယုံကြည်နေကြပါတယ်။

ယာယီသမ္မတရဲ့ ကျန်းမာရေး

ဦးမြင့်ဆွေ ကျန်းမာရေးအခြေအနေကိုထုတ်ပြန်ပြီး လေးရက်အကြာမှာ ယာယီသမ္မတတာဝန်လွှဲပြောင်းယူ

ဓာတ်ပုံ ရင်းမြစ်, cincds

ဓာတ်ပုံ ပုံစာ, ဦးမြင့်ဆွေ ကျန်းမာရေးအခြေအနေကိုထုတ်ပြန်ပြီး လေးရက်အကြာမှာ ယာယီသမ္မတကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တာဝန်လွှဲပြောင်းယူ

အာဏာရှင်နိုင်ငံတချို့ နဲ့ ကွန်မြူနစ်နိုင်ငံတချို့မှာ ထိပ်တန်းခေါင်းဆောင်တွေရဲ့ ကျန်းမာရေးကို အထူးလျှို့ဝှက်ထားလေ့ရှိပါတယ်။

ဗီယက်နမ်မှာဆို ထိပ်တန်းခေါင်းဆောင်တွေရဲ့ ကျန်းမာရေးကို နိုင်ငံတော်လုံခြုံရေးအဖြစ်ပါ ဥပဒေ ပြဋ္ဌာန်းထားပါတယ်။

အာဏာသိမ်းတိုင်းပြည်တစ်ခုဖြစ်တဲ့ မြန်မာမှာဆိုရင်လည်း ထိပ်တန်းခေါင်းဆောင်တွေရဲ့ ကျန်းမာရေးကို အသေးစိတ်ထုတ်ပြန်လေ့မရှိပါဘူး။

ဒါပေမဲ့ ဇူလိုင်လ ၁၈ ရက်က ယာယီသမ္မတ ဦးမြင့်ဆွေရဲ့ ကျန်းမာရေးအခြေအနေကို တော့ အသေးစိတ်ထုတ်ပြန်ခဲ့ပါတယ်။ အဓိပ္ပာယ်ကတော့ ဦးမြင့်ဆွေရဲ့ ကျန်းမာရေးဟာ ယာယီသမ္မတတာဝန်တွေကို ဆက်ပြီးမထမ်းဆောင်နိုင်တော့ဘူး ဆိုတာပဲ ဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတက အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ) ကို ခေါ်ယူရတာဖြစ်ပါတယ်။

ဇူလိုင်လကုန်မှာ အရေးပေါ်ကာလသက်တမ်းကုန်ဆုံးမှာဖြစ်လို့ ကာလုံအစည်းအဝေးကို ဘယ်လိုကျင်းပကြမလဲ၊ သမ္မတကို‌ရော အစားထိုးတင်မြှောက်ခွင့်ရှိလားဆိုတဲ့အကြောင်းတွေက နိုင်ငံရေးအကဲခတ်တွေကြားမှာ ဆွေးနွေးစရာဖြစ်ခဲ့ပါတယ်။

ဦးမြင့်ဆွေရဲ့ ကျန်းမာရေးအခြေအနေကိုထုတ်ပြန်ပြီး လေးရက်အကြာမှာပဲ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဆိုင်ရာကိစ္စရပ်တွေအတွက် ယာယီသမ္မတတာဝန်ဝတ္တရားတွေကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လွှဲပြောင်းယူလိုက်ကြောင်း ရုတ်တရက် ကြေညာပါတယ်။

ယာယီသမ္မတ ဦးမြင့်ဆွေကို အထူးဆေးကုသမှုအဖွဲ့နဲ့ ဂရုတစိုက် ကုသပေးနေပေမယ့် ကျန်းမာရေးအခြေအနေ တိုးတက်ကောင်းမွန်မှုမရှိသေးဘူးလို့ စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီကိုးကားတဲ့ ပုဒ်မ ၆ ခု

ယာယီသမ္မတတာဝန်တွေကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရယူလိုက်တာက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ညီတယ်လို့ စစ်ကောင်စီ ပြော

ဓာတ်ပုံ ရင်းမြစ်, cincds

ဓာတ်ပုံ ပုံစာ, ယာယီသမ္မတတာဝန်တွေကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရယူလိုက်တာက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ညီတယ်လို့ စစ်ကောင်စီ ပြော
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ယာယီသမ္မတတာဝန်တွေကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရယူလိုက်တာက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ညီတယ်လို့ စစ်ကောင်စီဘက်က ပုဒ်မ ၆ ခု ကို ကိုးကားပြီး ပြောဆိုပါတယ်။

အ‌ရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်တွေဖြစ်တဲ့ ပုဒ်မ ၄၁၂၊ ၄၁၇၊ ၄၁၈၊ ၄၁၉၊ ၄၂၄ နဲ့ ၄၃၁ တွေ ကို ကိုးကားခဲ့တာ ဖြစ်ပါတယ်။

အခြေခံဥပဒေထဲက ပြဋ္ဌာန်းချက်တွေအရ ပုဒ်မ ၄၁၂ နဲ့ ၄၁၇ က အရေးပေါ် အခြေအနေ ကြေညာခြင်းနဲ့ သက်ဆိုင်တဲ့ ပုဒ်မတွေ ဖြစ်ပါတယ်။

ပုဒ်မ ၄၁၈ ကတော့ အရေးပေါ် ကာလမှာကျင့်သုံးဖို့ နိုင်ငံတော်သမ္မတက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးအာဏာတွေကို လွှဲအပ်တဲ့ ပုဒ်မဖြစ်ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဥပဒေပြုရေး အာဏာ၊ အုပ်ချုပ်ရေးအာဏာနဲ့ တရားစီရင်ရေးအာဏာတွေကို ကျင့်သုံးခွင့်ရှိတဲ့ ပုဒ်မကတော့ ၄၁၉ ကတော့ ဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နဲ့ ဆိုင်တဲ့ ပုဒ်မတစ်ခုလည်းပါဝင်ပြီး ပုဒ်မ ၄၃၁ ဖြစ်ပါတယ်။

ယာယီသမ္မတတာဝန်တွေကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရယူလိုက်တာက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ညီတယ်လို့ စစ်ကောင်စီကိုးကားတဲ့ ပုဒ်မ ၆ ခုလုံးမှာ သမ္မတတာဝန်လွှဲအပ်ခြင်းနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ ပုဒ်မ တစ်ခုမှ ပါတာမတွေ့ရပါဘူး။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတ နဲ့ ဒုတိယသမ္မတတွေကို ပြည်ထောင်စုလွှတ်တော်ကပဲ ရွေးချယ်တင်မြှောက်ရပါတယ်။

အရေးပေါ်ကာလ မပြီးမြောက်သေးတဲ့ကာလမှာတော့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီမှာပါတဲ့ ပုဂ္ဂိုလ်အချို့လစ်လပ်သွားရင် ကျန်တဲ့ ပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးထားတဲ့တာဝန်တွေကို ဆက်လက်ဆောင်ရွက်ခွင့် ရှိပါတယ်။

ပုဒ်မ ၄၁၂ (ခ) အရ ကာလုံမှာ အဖွဲ့ဝင်တွေ စုံညီစွာ မတက်ရောက်နိုင်ရင် သမ္မတက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီးတို့နဲ့ ညှိနှိုင်းပြီး အရေးပေါ်အခြေအနေကို ထုတ်ပြန်ကြေညာနိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်တ

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ပုဒ်မ ၄၁၂ (ခ) အရ ကာလုံမှာ အဖွဲ့ဝင်တွေ စုံညီစွာ မတက်ရောက်နိုင်ရင် ညှိနှိုင်းပြီး အရေးပေါ်အခြေအနေကို ထုတ်ပြန်ကြေညာနိုင်တယ်လို့ဖော်ပြထားပါတယ်။

ယာယီသမ္မတရဲ့ ကျန်းမာရေးအခြေအနေအရ ကာလုံ အစည်းအဝေး မတက်ရောက်နိုင်ရင်ပဲဖြစ်ဖြစ်၊ အကြောင်းအမျိုးမျိုးကြောင့် ယာယီသမ္မတ လစ်လပ်သွားရင်ပဲဖြစ်ဖြစ် ပုဒ်မ ၄၁၂ (ခ) မှာပါတဲ့ အခြေခံဥပဒေရဲ့ သဘောတရားတွေအရ ကာလုံအစည်းအဝေးကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဦးဆောင်ရမှာ လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေးအာဏာကို နိုင်ငံတော်သမ္မတကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကျင့်သုံးဆောင်ရွက်နေလို့ ဦးဆောင်ရမှာ ဖြစ်တဲ့အကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

လွှတ်တော်အမတ်ဟောင်းတစ်ဦးကတော့ ပုဒ်မ ၄၁၂ (ခ) အရ သမ္မတက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဦးဆောင်တဲ့ ကာလုံထဲက စစ်ဘက်ကိုယ်စားလှယ်တွေ နဲ့ ညှိနှိုင်းပြီး အရေးပေါ်အခြေအနေကြေညာဖို့ပဲ ဖြစ်ပြီး ယာယီသမ္မတ တာဝန်ကို လွှဲပြောင်းပေးလို့ရတယ် ဆိုတဲ့ ဖော်ပြချက်မျိုးမတွေ့ရဘူး လို့ ထောက်ပြပါတယ်။

တပ်ထောက်ခံသူ ပညာရှင်တစ်ဦးကတော့ ပုဒ်မ ၄၁၉ အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အာဏာသုံးရပ်လုံး ချုပ်ကိုင်ထားတဲ့အတွက် ယာယီသမ္မတ တာဝန်လွှဲယူဖို့ အသင့်တော်ဆုံးလို့ ဆိုပါတယ်။

‘’ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ဖွင့်ဆိုပေးရင်တော့ အကောင်းဆုံးပေါ့ဗျာ။ အခုက ယာယီသမ္မတရုံးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးကို အကြောင်းကြားစာပေးပို့ပြီး လွှဲတော့ ပြောစရာဖြစ်တာပေါ့’’ လို့ သူက ပြောပါတယ်။

ဒုသမ္မတ နဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ပါဝါ ကို လျှော့ချခြင်းလား

ဦးဟင်နရီဗန်ထီးယူ နဲ့ ဦးတီခွန်မြတ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဦးဟင်နရီဗန်ထီးယူ နဲ့ ဦးတီခွန်မြတ်

NLD အစိုးရရဲ့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူကို ကျန်းမာရေးအရဆိုပြီး ဧပြီ ၂၂ ရက်မှာ အနားယူခွင့်ပြုလိုက်ပါတယ်။

ဒါပေမဲ့ ဦးမြင့်ဆွေရဲ့ ကျန်းမာရေးလိုတော့ စစ်ကောင်စီက အသေးစိတ်မထုတ်ပြန်ပါဘူး။

ဦးမြင့်ဆွေဟာ ဧပြီ ၁၅ ကနေ ဧပြီ ၁၉ ရက်အထိ စင်ကာပူနိုင်ငံ Mount Elizabeth Medical Centre မှာ ဆေးသွားကုခဲ့ရပါတယ်။

မြန်မာနိုင်ငံပြန်ရောက်ချိန်မှာလည်း မေ ၅ ရက်ကနေ ဇွန် ၁၈ ရက်အထိ နေပြည်တော် အမှတ် (၂) တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀) မှာ ဆေးကုသမှု ခံယူခဲ့ရပါတယ်။

ယာယီသမ္မတ ဦးမြင့်ဆွေ ဆေးရုံတက်နေရတဲ့အချိန်ကာလမှာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ မှာ သမ္မတပြီးရင် အင်္ဂါစဉ်အမြင့်ဆုံးဖြစ်တဲ့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူကို အနားပေးခဲ့တာ တွေ့ရ ပါတယ်။

ကာလုံမှာ သမ္မတ နဲ့ ဒုတိယသမ္မတ နှစ်ဦးပြီးရင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အင်္ဂါစဉ်အမြင့်ဆုံးဖြစ်ပါတယ်။

သမ္မတ ကျန်းမာရေးမကောင်းရင် ကာလုံအစည်းအဝေးကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ဦးဆောင်သင့်တယ် ဆိုတဲ့ သုံးသပ်ချက်တွေလည်း ပေါ်ထွက်လာပါတယ်။

စစ်ကောင်စီဘက်ကတော့ ဒီသုံးသပ်ချက်တွေကို လက်မခံပါဘူး။

"ဒီလိုအခြေအနေမျိုးမှာ လွှတ်တော်ဥက္ကဋ္ဌပဲရှိပြီး လွှတ်တော်ကြီးမရှိတော့ဘူး’’ လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

လွှတ်တော်ဥက္ကဋ္ဌ ဆက်လက်တည်ရှိနေတာကလည်း ပုဒ်မ ၄၂၄ အရ လွှတ်တော်ဥက္ကဋ္ဌအသစ်တွေ ရွေးကောက်တင်မြှောက်ပြီးရင် တာဝန်လွှဲပြောင်းပေးဖို့အတွက်ပဲလို့ သူကပြောပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ရုံး ပုံမှန်တက်နေပေမယ့် အပြင်ကိုတော့ထွက်ခဲတယ် လို့ ပြည်သူ့လွှတ်တော်ရုံးက ဘီဘီစီသတင်းအရင်းအမြစ်က ပြောပါတယ်။

‘’ဥက္ကဋ္ဌကြီးက ဘုရားကျောင်းတောင် သွားမတက်တာ ကြာပြီ’’ လို့ သူက ပြောပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်ဟာ NLD အစိုးရလက်ထက်က ပျဉ်းမနားမြို့ထဲက ဘုရားကျောင်းတစ်ခုကို တနင်္ဂနွေနေ့တိုင်း သွားရောက်တတ်ပါတယ်။

ပုံစံသစ် နဲ့ ကာလုံ

လာမယ့်ကာလုံအစည်းအဝေးမှာ သမ္မတဦးမြင့်ဆွေကို တွေ့ရဖို့မရှိတော့

ဓာတ်ပုံ ရင်းမြစ်, cincds

ဓာတ်ပုံ ပုံစာ, လာမယ့်ကာလုံအစည်းအဝေးမှာ သမ္မတဦးမြင့်ဆွေကို တွေ့ရဖို့မရှိတော့

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ ယာယီသမ္မတတာဝန်ကို အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီဆိုင်ရာ ကိစ္စရပ်တွေအတွက်ပဲ ဆောင်ရွက်မှာဖြစ်ပြီး အာဏာသုံးရပ်ကိုတော့ လက်ရှိအတိုင်း စစ်ကောင်စီနဲ့ အစိုးရအဖွဲ့တို့ကပဲ ကျင့်သုံးမယ် လို့ စစ်ကောင်စီကထုတ်ပြန်ပါတယ်။

ဒါကြောင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ထုတ်ပြန်ချက်မှာပဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယာယီသမ္မတအမည်နဲ့ တွေ့ရမှာဖြစ်ပြီး ဒါက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၁ အရ ကျင့်သုံးတာဖြစ်တယ်လို့ ဆိုပါတယ်။

ပုံမှန်ကာလုံအစည်းအဝေးတွေမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယာယီသမ္မတဦးမြင့်ဆွေကို အစီရင်ခံရတာ ဖြစ်ပြီး လာမယ့်ကာလုံအစည်းအဝေးမှာတော့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကပဲ သူ့ဆီကို အစီရင်ခံရလိမ့်မယ် လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပါတယ်။

အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတ နှစ်ဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ နဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးတို့နဲ့ ဖွဲ့စည်းထားပါတယ်။

လက်ရှိ ကာ/လုံမှာ တော့ သမ္မတ၊ ဒုတိယသမ္မတ နှစ်ဦး နဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာ လစ်လပ်နေတယ်လို့ ဆိုရမှာပါ။

တပ်ချုပ်က ယာယီသမ္မတ လုပ်မှာဖြစ်လို့ လူ ၁၁ ဦးရှိရမယ့် ကာလုံမှာ ၇ ဦးပဲရှိတော့မှာ ဖြစ်ပါတယ်။

လာမယ့် ဇူလိုင် ၃၁ ရက်နေ့ ကာလုံအစည်းအဝေးမတိုင်ခင်မှာ ဒုတိယသမ္မတ နှစ်ဦး ခန့်အပ်ဖို့ ရှိတယ်လို့ သတင်းတွေထွက်ခဲ့ပေမယ့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယာယီသမ္မတ လုပ်လိုက်လို့ ဒုတိယသမ္မတ နှစ်ဦး ထပ်ခန့်ဖို့ ရှိမရှိ မသေချာတော့ပါဘူး။

ဒုတိယသမ္မတ နှစ်ဦး အဖြစ် စစ်ခေါင်းဆောင်ရဲ့အကြံပေး ဒုတိယဗိုလ်ချုပ်ကြီး ညိုစော နဲ့ ရေတပ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးမိုးအောင်တို့ ဖြစ်မယ်လို့ သတင်းထွက်ခဲ့ကြတာ ဖြစ်ပါတယ်။

လက်ရှိအခြေအနေအတိုင်းသာ ကာလုံအစည်းအဝေးကို ကျင်းပမယ်ဆိုရင် တပ်ချုပ် (ယာယီသမ္မတ)၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးတို့ပဲ ကာလုံအဖွဲ့ဝင်အနေနဲ့ ပါဝင်ကြမှာ ဖြစ်ပါတယ်။

ကာလုံအစည်းအဝေးက ခါတိုင်းအစည်းအဝေးတွေလို အရေးပေါ်အခြေအနေကာလကို ပုံမှန်သက်တမ်းတိုးတာမျိုးပဲလုပ်ပြီး အပြောင်းအလဲကြီးကြီးမားမားရှိမှာမဟုတ်ဘူး လို့ စစ်ရုံးနဲ့ နီးစပ်တဲ့ ဘီဘီစီသတင်းအရင်းအမြစ်က ပြောပါတယ်။

‘’တပ်ချုပ်က (ယာယီ) သမ္မတ ထိုင်ခုံ ပြောင်းလိုက်တာကလွဲလို့ ဘာမှထူးထူးခြားခြားရှိမယ် မမျှော်လင့်ပါဘူး’’ လို့ သူက ပြောပါတယ်။