အေအေရဲ့ စိတ်ဓာတ်စစ်ဆင်ရေးလက်နက်

အေအေ ဟာ စစ်ရေးလက်နက်သာမကဘဲ ဝါဒဖြန့်ချိရေးလက်နက်ကိုပါ တပြိုင်နက် ထိထိရောက်ရောက် အသုံးပြုခဲ့တာတွေ့ရပါတယ်။
ဓာတ်ပုံ ပုံစာ, အေအေ ဟာ စစ်ရေးလက်နက်သာမကဘဲ ဝါဒဖြန့်ချိရေးလက်နက်ကိုပါ တပြိုင်နက် ထိထိရောက်ရောက် အသုံးပြုခဲ့

ပလက်ဝ နဲ့ ရခိုင်ပြည်နယ်ထဲမှာ မြို့နယ်ပေါင်း ၁၅ မြို့အထိ ထိန်ချုပ်ထားနိုင်ခဲ့တဲ့ အာရက္ခတပ်တော် (အေအေ) ဟာ စစ်ရေးလက်နက်သာမကဘဲ ဝါဒဖြန့်ချိရေးလက်နက်ကိုပါ တပြိုင်နက် ထိထိရောက်ရောက် အသုံးပြုခဲ့တာတွေ့ရပါတယ်။

မြန်မာစစ်တပ်ရဲ့စစ်ရေးရှုံးနိမ့်မှုတွေကို နေပြည်တော်က ဗိုလ်ချုပ်ကြီးတွေရဲ့ ပွဲလမ်းသဘင်ပြက္ခဒိန် နဲ့ အချိန်ကိုက်ထုတ်ပြန်ခဲ့တာတွေ့ရပါတယ်။

''ဒီလောက်စစ်ရှုံးနေတာတောင် ပွဲတက်မပျက်ဘူးဆိုတဲ့ သတင်းစကားကိုပေးပြီး လက်ကျန်တပ်တွေက နေပြည်တော်က ဗိုလ်ချုပ်တွေအတွက် အသေခံမတိုက်ပေးချင်အောင်လုပ်တာ'' လို့ ဝါဒဖြန့်ချိရေးကျွမ်းကျင်သူ တပ်အရာရှိဟောင်းတစ်ဦးက ရှင်းပြပါတယ်။

ဂွမြို့ကို သိမ်းပိုက်ပြီးတဲ့နောက် မြန်မာ၊ တရုတ်၊အင်္ဂလိပ် ဘာသာသုံးမျိုးနဲ့ အေအေရဲ့ထုတ်ပြန်ချက်ကလည်း စစ်ကောင်စီကိုသာမက တရုတ်၊ အိန္ဒိယ နဲ့ ဘင်္ဂလားဒေ့ရှ်တို့ကိုပါ သတင်းစကားရှင်းရှင်းလင်းလင်း ပါးခဲ့တာလို့ အကဲခတ်တွေ က သုံးသပ်ကြပါတယ်။

ULA/AA ရဲ့ ကြေညာချက်ထဲမှာ နိုင်ငံရေးအရဆွေးနွေးဖို့ အပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကိုပါ ကြိုဆိုတယ်လို့ ပြောခဲ့ပါတယ်။

ဒုတိယစစ်ခေါင်းဆောင်ရဲ့ ပုသိမ်ခရီးစဥ်အပြီး ဂွကို သိမ်းကြောင်း အေအေ ကြေညာ

ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း

ဓာတ်ပုံ ရင်းမြစ်, Cincds

ဓာတ်ပုံ ပုံစာ, ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း

အေအေရဲ့ နိုင်ငံရေးဦးဆောင်အဖွဲ့ ဖြစ်တဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) က နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး ရပ်တည်ချက်တွေကို ဒီဇင်ဘာ ၂၉ ရက်က ထုတ်ပြန်ခဲ့ပြီး နာရီပိုင်းအကြာမှာပဲ ဂွမြို့ကိုသိမ်းပိုက်လိုက်တဲ့အကြောင်း အေအေက ထုတ်ပြန်ခဲ့ပါတယ်။

ဒါဟာ ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ဗိုလ်ချုပ်ကြီး ၃ ဦးကို ခေါ်ပြီး အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) ရှိတဲ့ ပုသိမ်မြို့ကိုသွားခဲ့တဲ့ ခရီးစဥ်အပြီး ၂ ရက်အကြာမှာ ဧရာဝတီတိုင်းအစပ်က ဂွမြို့ကိုတိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း အေအေက ကြေညာလိုက်တာဖြစ်ပါတယ်။

အေအေက ရှေ့မှာလည်း အလားတူ လုပ်ရပ်တွေအကြိမ်ကြိမ်လုပ်ခဲ့ပြီး ဖြစ်ပါတယ်။

အဲဒီထဲမှာ သတိထားမိစရာဖြစ်ခဲ့တာက အမျိုးသားအားကစားပွဲတော်ပဲ ဖြစ်ပါတယ်။

အေအေ သိမ်းပိုက်လိုက်တဲ့ ဂွမြို့

ဓာတ်ပုံ ရင်းမြစ်, AA

ဓာတ်ပုံ ပုံစာ, အေအေ သိမ်းပိုက်လိုက်တဲ့ ဂွမြို့

အမျိုးသားအားကစားပွဲတော်နဲ့ ချိန်ကိုက်လုပ်ခဲ့သလား

၂၀၂၄ အမျိုးသားအားကစားပွဲတော် ပိတ်ပွဲအခမ်းနားမှာ တွေ့ရတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဇနီးဒေါ််ကြူကြူလှ

ဓာတ်ပုံ ရင်းမြစ်, Cincds

ဓာတ်ပုံ ပုံစာ, စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဇနီးဒေါ််ကြူကြူလှ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဆယ်စုနှစ်တစ်ခုနီးပါးကြာ မကျင်းပဖြစ်ခဲ့တဲ့ အမျိုးသားအားကစားပွဲတော်ကို နိုင်ငံတော်အဆင့် အခမ်းအနားတစ်ခုအနေနဲ့ စစ်ကောင်စီက ဒီဇင်ဘာ ၉ ရက်မှာ ဖွင့်ပွဲပြုလုပ်ခဲ့ပါတယ်။

ဒီဇင်ဘာ ၈ ရက်ညမှာပဲ မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ်က နောက်ဆုံးလက်ကျန်စခန်း အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ-၅) ကို သိမ်းပိုက်လိုက်ပြီလို့ အေအေ က ထုတ်ပြန်ခဲ့ပါတယ်။

အမျိုးသားအားကစားပွဲတော် ကျင်းပနိုင်တာဟာ နိုင်ငံရဲ့တည်ငြိမ်မှုကို ပြသတာဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ မိန့်ခွန်းကို အေအေထုတ်ပြန်ချက်က မေးခွန်းထုတ်လိုက်သလို ဖြစ်ခဲ့ပါတယ်။

မောင်တော နခခ (၅) စခန်းကို ဘယ်လိုသိမ်းပိုက်ခဲ့ရတယ်ဆိုတဲ့ အသေးစိတ်အချက်အလက်တွေကို အေအေက ဆက်တိုက်ထုတ်ပြန်ခဲ့ပြီး အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ်သူရိန်ထွန်းကို လက်ပြန်ကြိုးတုပ်ထားတဲ့ ပုံကို ထုတ်ပြန်ခဲ့ပါတယ်။

ဒီဇင်ဘာလ ၂၀ ရက်နေ့က နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းမှာလုပ်တဲ့ အမျိုးသား အားကစားပွဲတော် ပိတ်ပွဲအခမ်းအနားကို စစ်ခေါင်းဆောင်မတက်ခင် နာရီပိုင်းအလိုမှာ အေအေ က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နမခ ကို အပြီးသိမ်းပိုက်လိုက်ပြီလို့ သတင်းထုတ်ပြန်ခဲ့ပြန်ပါတယ်။

နမခ ကို သိမ်းလိုက်ကြောင်း အေအေ ထုတ်ပြန်ပြီးနောက် အမျိုးသားအားကစားပွဲတော် ပိတ်ပွဲအခမ်းအနားကို တက်ရောက်လာတဲ့ စစ်ခေါင်းဆောင်ဟာ မိန့်ခွန်းပြောချိန်ကလွဲပြီး အချိန် ၄ နာရီကျော်ကြာကျင်းပခဲ့တဲ့ ပိတ်ပွဲမှာ ဘယ်သူ့ကိုမှ စကားမပြောခဲ့ဘဲ ထိုင်နေခဲ့တယ်လို့ အခမ်းအနားကို တက်ရောက်ခဲ့သူတွေက ပြောပါတယ်။

မြန်မာနိုင်ငံဟာ ပြည်တွင်း၊ ပြည်ပဝင်ရောက်စွက်ဖက်တဲ့ အန္တရာယ်နဲ့ ကြုံတွေ့နေရပြီး အမျိုးသား အားကစားပွဲတော်ကြီး ကျင်းပနိုင်တာဟာ နိုင်ငံကိုလုံခြုံအောင်ကာကွယ်ပေးနေတဲ့ သူရဲကောင်းတွေရှိနေလို့ဖြစ်တယ်လို့ စစ်ခေါင်းဆောင်က မိန့်ခွန်းထဲမှာ ပြောခဲ့ပါတယ်။

နမခ ကို အေအေက သိမ်းပိုက်လိုက်တဲ့အတွက် စစ်ခေါင်းဆောင် လက်ထက်မှာ မြန်မာစစ်တပ်ရဲ့ ဒုတိယမြောက် လက်လွှတ်လိုက်ရတဲ့ တိုင်းစစ်ဌာနချုပ်ကြီး အနေနဲ့ မှတ်တမ်းဝင်သွားခဲ့တာဖြစ်ပါတယ်။

ရခိုင်ပြည်နယ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းနဲ့ နမခ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်း တို့နှစ်ဦးကို လက်ရဖမ်းဆီးထားတယ်လို့လည်း ဓာတ်ပုံတွေနဲ့ အေအေက ထုတ်ပြန်ခဲ့ပါတယ်။

"သုံးရာသီ" သီချင်းဆိုခဲ့တဲ့ စစ်ခေါင်းဆောင်

အမျိုးသားအားကစားပွဲတော်ဖွင့်ပွဲအထိမ်းအမှတ် ကံ့ကော်ပင် စိုက်ပျိုးနေတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဇနီး ဒေါ်ကြူကြူလှ

ဓာတ်ပုံ ရင်းမြစ်, Cincds

ဓာတ်ပုံ ပုံစာ, အမျိုးသားအားကစားပွဲတော်ဖွင့်ပွဲအထိမ်းအမှတ် ကံ့ကော်ပင် စိုက်ပျိုးနေတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဇနီး ဒေါ်ကြူကြူလှ

အာရက္ခတပ်တော် (အေအေ) ရဲ့ မြို့သိမ်းတိုက်ပွဲတွေနဲ့ မြန်မာစစ်တပ်ရဲ့ အရေးကြီးစစ်စခန်းဌာနချုပ်ကြီးတွေကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း သတင်းထုတ်ပြန်တဲ့အခါမှာ စစ်ခေါင်းဆောင် ပွဲတက်နေချိန်နဲ့ ၅ ကြိမ်ထက်မနည်း တိုက်ဆိုင်နေတာ တွေ့ရပါတယ်။

အေအေဘက်က သူတို့ရဲ့ ဝါဒဖြန့်ချိရေးမူဝါဒနဲ့ပတ်သက်ပြီး ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တယ်လို့ ထုတ်မပြောပေမဲ့ သက်ရောက်မှုတွေတော့ ရှိခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ရခိုင်ပြည်နယ်ထဲက မြန်မာစစ်တပ်ရဲ့အရေးကြီးတဲ့ စခန်းကြီးတွေ လက်လွှတ်လိုက်ရချိန်မှာ ပွဲလမ်းသဘင်တွေတက်နေတယ် ဆိုပြီး စစ်တပ်ထောက်ခံသူတွေကပါ စစ်ခေါင်းဆောင်ကို ဝေဖန်လာကြတာမျိုး ဖြစ်လာပါတယ်။

ဒီဇင်ဘာလ ၂၃ ရက်နေ့ ညပိုင်းက ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ကုန်းမြင့်သာ၊ ဇေယျာသီရိဗိမာန်မှာလုပ်ခဲ့တဲ့ စစ်တက္ကသိုလ် (DSA) အပတ်စဥ် (၁၉) ရဲ့ ၄၇ နှစ်မြောက်နှစ်ပတ်လည်တွေ့ဆုံပွဲမှာ သီချင်းဆိုနေတဲ့ စစ်ခေါင်းဆောင်ရဲ့ ဗီဒီယိုရုပ်သံဟာ ဒီဇင်ဘာ ၂၆ ရက်နေ့ညနေပိုင်းမှာ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပျံ့နှံခဲ့ပါတယ်။

DSA အပတ်စဥ် (၁၉) ကျောင်းဆင်းခဲ့တဲ့ စစ်ခေါင်းဆောင်ဟာ တေးရေး မန္တလေးဦးဘသိန်းရေးစပ်ပြီး အဆိုတော်ကိုအံ့ကြီးသီဆိုခဲ့တဲ့ "သုံးရာသီ" သီချင်းကို သီဆိုခဲ့တာဖြစ်ပါတယ်။

သုံးရာသီ သီချင်းဟာ အသက် ၆၀ ကျော်တန်းတွေ ငယ်စဉ်က ကျော်ကြားလူကြိုက်များခဲ့တဲ့ သီချင်းဖြစ်ပြီး ဝေးကွာနေတဲ့ချစ်သူကို သုံးရာသီလုံး လွမ်းဆွတ်နေတဲ့ အကြောင်းရေးဖွဲ့ထားတာ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၂၆ ရက်နေ့ ညပိုင်းမှာပဲ အာရက္ခတပ်တော်(အေအေ) ဟာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နမခ) ကို တိုက်ခိုက်သိမ်းပိုက်ချိန်တုန်းကရိုက်ကူးထားတဲ့ ရုပ်သံမှတ်တမ်းအသေးစိတ်ကို ထုတ်ပြန်ခဲ့ပါတယ်။

နမခကို သိမ်းပိုက်ချိန်တုန်းက ဖမ်းဆီးရမိထားတဲ့ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်း ကိုမေးမြန်းထားတဲ့ ရုပ်သံဗီဒီယိုကိုပါ အေအေက ထုတ်ပြန်ခဲ့ပါတယ်။

နမခကို ဝင်တိုက်ခဲ့ပြီး ဖမ်းဆီးထားတဲ့ မြန်မာစစ်တပ် တပ်ဖွဲ့ဝင် တစ်ရာကျော်ကိုလည်း ကောင်းမွန်စွာကျွေးမွေးစောင့်ရှောက်ထားတယ်လို့ အေအေက ထုတ်ပြန်ပါတယ်။

ဖမ်းဆီးထားတဲ့ သုံ့ပန်းရာချီကို ဝတ်ဆင်ပေးထားတဲ့ လိမ္မော်ရောင်ဝတ်စုံတွေကိုကြည့်ရင် အေအေရဲ့ ကြိုတင်ပြင်ဆင်မှုကို မြင်သာတယ် လို့ အကဲခတ်တွေက ပြောပါတယ်။

အေအေ ဖမ်းဆီးထားတဲ့ နပခ လက်အောက်ခံ တပ်ဖွဲ့ဝင်များ

ဓာတ်ပုံ ရင်းမြစ်, AA

ဓာတ်ပုံ ပုံစာ, အေအေ ဖမ်းဆီးထားတဲ့ နပခ လက်အောက်ခံ တပ်ဖွဲ့ဝင်များ

သုံ့ပန်းအရာရှိကြီးတွေကို ထုတ်ပြတဲ့ စိတ်ဓာတ်စစ်ဆင်ရေး

အေအေ ဖမ်းဆီးထားတဲ့ ရခိုင်ပြည်နယ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းနဲ့ နပခ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်း

ဓာတ်ပုံ ရင်းမြစ်, AA

ဓာတ်ပုံ ပုံစာ, အေအေ ဖမ်းဆီးထားတဲ့ ရခိုင်ပြည်နယ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းနဲ့ နပခ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်း

အေအေရဲ့ ထုတ်ပြန်မှုတွေမှာ ဖမ်းမိထားတဲ့ အရာရှိကြီးတွေကို ဒူးထောက်ခိုင်းပြီး လက်ပြန်ကြိုးတုတ်ထားတဲ့ပုံတွေ ပါဝင်လာပါတယ်။

၁၀၂၇ စစ်ဆင်ရေးမတိုင်ခင် ပလက်ဝတိုက်ပွဲတုန်းက အရာရှိအဆင့်နဲ့ အရာခံဗိုလ်တွေကို အေအေက ဖမ်းမိခဲ့စဉ်က မြန်မာစစ်တပ်တွင်းမှာပဲ သတင်းထုတ်ခဲ့တာလို့ CDM အရာရှိတွေက ပြောပါတယ်။

အွန်လိုင်းပေါ်ကပဲ ဖြစ်ဖြစ်၊ တန်ပြန်ထောက်လှမ်းရေးကပဲ ဖြစ်ဖြစ် ပြန်ရတဲ့ သုံ့ပန်းရုပ်သံတွေကို အရာရှိအဆင့်တွေပဲ ကြည့်ခိုင်းပြီး အောက်ခြေ အဆင့်တွေကို ပေးမပြဘူး လို့ CDM ဗိုလ်ကြီးဇင်ယော်က ဘီဘီစီ ကိုပြောပါတယ်။

''အေအေရဲ့ သုံ့ပန်းအရာရှိကြီးတွေကို ထုတ်ပြန်မှုက တိုက်လက်စ ထိပ်တိုက်ရင်ဆိုင်နေရတဲ့ စခန်းတွေကို ဆက်မတိုက်ဘဲ လက်နက်ချလိုစိတ် ဖြစ်စေတယ်'' လို့ CDM ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်တကြောက စစ်တပ်စခန်းတွေအားလုံးကို အာရက္ခတပ်တော် (အေအေ) က သိမ်းလိုက်ပြီးနောက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပေါ် စစ်တပ်ထောက်ခံသူတွေရဲ့ ဝေဖန်ပြောဆိုချက်တွေ ပြန်များလာတာကို လူမှုကွန်ရက်စာမျက်နှာတွေမှာ တွေ့ရပါတယ်။

စွန့်လွှတ်ရတဲ့နယ်မြေတွေ များလာတဲ့အပေါ် လက်ရှိအုပ်ချုပ်သူတွေ စဉ်းစားဖို့လိုနေပြီဆိုပြီး စစ်တပ်ထောက်ခံသူတွေရဲ့ တယ်လီဂရန်ချန်နယ်တွေမှာ ပြောဆိုနေကြတာပါ။

ပြီးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း စဉ့်ကူး၊ မိုးကုတ်၊ နောင်ချို၊ မိုးမိတ် စတဲ့ မြို့ ၄ မြို့ ကို လက်လွှတ်ခဲ့ရသလို အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ပါ ဆုံးရှုံးခဲ့ရတာကြောင့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပေါ် တပ်တွင်း ဝေဖန်မှုတွေများလာတယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

အ‌ရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) တိုက်ခိုက်ခံနေရချိန် ပြုလုပ်တဲ့အစည်းအဝေးတွေမှာ စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ စစ်ရေးအကြောင်း မပါဝင်ဘဲ ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲ နဲ့ အမျိုးသားအားကစားပြိုင်ပွဲ ကျင်းပဖို့ အဓိကပြောဆိုခဲ့တဲ့အပေါ် တပ်ထောက်ခံသူအများစု အသုံးပြုကြတဲ့ တစ်တော့ခ် ( TikTok) နဲ့ တယ်လီဂရမ် စာမျက်နှာပေါ်ကနေ ဝေဖန်ခဲ့ကြတာဖြစ်ပါတယ်။

အေအေ ကလည်း သူတို့ရဲ့ နိုင်ငံရေး၊ စစ်ရေးနဲ့ပတ်သက်တဲ့ သတင်းထုတ်ပြန်ချက်တွေကို မြန်မာစစ်တပ် ထောက်ခံသူတွေ အများစုသုံးတဲ့ တယ်လီဂရမ်စာမျက်နှာပေါ်ကနေ အဓိကထုတ်ပြန်နေတာဖြစ်ပါတယ်။

အလံဖြူထောင်သော သူတိုင်းရဲ့ အသက်ကို အာရက္ခတပ်တော်က အာမခံတယ်လို့လည်း ပြောခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, screen grab

ဓာတ်ပုံ ပုံစာ, အလံဖြူထောင်သူတိုင်းရဲ့ အသက်ကို အာမခံတယ်လို့လည်း အာရက္ခတပ်တော်က ပြောခဲ့ပါတယ်။

ဒီဇင်ဘာ ဒုတိယပတ်ကစလို့ နပခ ကွပ်ကဲမှုအောက်က မြန်မာစစ်သားတွေ အလံဖြူထောင်ပြီး အေအေ ဆီကို လက်နက်ချခဲ့တဲ့ ဗီဒီယိုဖိုင်ကို အေအေက ဆက်တိုက်ထုတ်ပြန်ခဲ့ပါတယ်။

ဒီဇင်ဘာ ၁၈ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ထားတဲ့ နပခ မကျခင် မြေပြင်ပကတိအခြေအနေဆိုတဲ့ ရုပ်သံဗီဒီယိုကို အေအေရဲ့ တရားဝင်အင်တာနက်စာမျက်နှာတွေပေါ်ကနေ ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ ဖြန့်ဝေခဲ့ပါတယ်။

"စောစော အလံဖြူထောင်လျှင်၊ စောစော အသက်ရှင်ကျန်ရစ်စေမယ်။ မိသားစု၊ ဆွေမျိုးတို့နှင့် စောစော တွေ့ဆုံရလိမ့်မယ်" လို့ လည်း အေအေက ရေးသားခဲ့ပါတယ်။

လက်နက်ချ အညံ့ခံ အလံဖြူထောင်သော သူတိုင်းရဲ့ အသက်ကို အာရက္ခတပ်တော်က အာမခံတယ်လို့လည်း ပြောခဲ့ပါတယ်။

အေအေက စာသားနဲ့ ရုပ်သံဗီဒီယို ထုတ်ပြန်တဲ့နေ့ဟာ စစ်ခေါင်းဆောင်က ရန်ကုန်မြို့ တပ်မတော် ဆေးတက္ကသိုလ် စစ်ရေးပြကွင်းမှာလုပ်တဲ့ ဆေးတပ်ဗိုလ်လောင်းသင်တန်း အပတ်စဥ် (၂၅) ကို တက်ရောက်နေတဲ့ နေ့ ဖြစ်ပါတယ်။

တိုက်ပွဲဝင်စစ်သည်တိုင်း တိုက်စွမ်းရည်မြင့်မားဖို့အတွက် ရုပ်ပိုင်း စိတ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်ရေး ကောင်းအောင် နေရာဒေသမရွေး၊ အချိန်အခါမရွေး လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးမယ်လို့ စစ်ခေါင်းဆောင်က ပြောခဲ့ပါတယ်။

စစ်ဆရာဝန်တွေအနေနဲ့ လိုအပ်ရင် ခြေလျင်တပ်ဖွဲ့ဝင်တွေလိုမျိုး စစ်ဆင်ရေးတာဝန်တွေထမ်းဆောင်ရမယ်လို့လည်း စစ်ခေါင်းဆောင်က စစ်ဆရာဝန် ဗိုလ်သင်တန်းဆင်းတွေကို ပြောခဲ့ပါတယ်။

ဝါဒဖြန့်ချိရေး တိုက်ပွဲ

မီးပုံးပျံလွှတ်နေတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ဇနီးဒေါ်ကြူကြူလှ

ဓာတ်ပုံ ရင်းမြစ်, Cincds

ဓာတ်ပုံ ပုံစာ, မီးပုံးပျံလွှတ်နေတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ဇနီးဒေါ်ကြူကြူလှ

နိုင်ငံရေးအကဲခတ်တွေကတော့ အေအေရဲ့ သတင်းထုတ်ပြန်ချက်တွေဟာ စစ်ခေါင်းဆောင် ဖုံးကွယ်ဖို့ကြိုးစားနေတဲ့ စစ်ပွဲအရှုံးတွေကို ကွက်ကွက်ကွင်းကွင်းပြနိုင်ခဲ့တယ်လို့ ထောက်ပြကြပါတယ်။

"ရခိုင်က စစ်ကောင်စီတပ်စခန်းတွေပေးလိုက်ရချိန်မှာ နိုင်ငံတကာ မီဒီယာတွေက စစ်ခေါင်းဆောင်ကို ပွဲတက်မင်းသားအဖြစ် သရော်လှောင်ပြောင်နေကြတယ်လို့ စစ်သတင်းထုတ်ပြန်ရေးအကြောင်း နားလည်တဲ့ စစ်ရေးအကဲခတ်တစ်ဦးက ပြောပါတယ်။

အေအေကတော့ သူ့ရည်မှန်းချက်နဲ့ သူဆက်သွားနေပြီး "သူ့ရဲ့ထုတ်ပြန်ချက်တွေက စစ်တပ်ရဲ့ တိုက်ရည်ခိုက်ရည်ကို စိတ်ဓာတ်ရေးရာအရ ကျဆင်းစေတယ်" လို့ သူက ပြောပါတယ်။

တစ်ဖက်မှာ မြန်မာစစ်တပ်ဘက်ကလည်း အာဏာမသိမ်းခင်ကတည်းက တပ်မတော်သတင်းမှန်ပြန်ကြားရေးဌာန ကိုဖွဲ့စည်းခဲ့ပြီး နိုင်ငံရေး၊ စစ်ရေးသဘောထားတွေကို ထုတ်ပြန်ခဲ့ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲအပြီးကနေ တကျော့ပြန် စစ်အာဏာမသိမ်းခင်အထိ သတင်းစာရှင်းလင်းပွဲပေါင်းများစွာ လုပ်ခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း စစ်ကောင်စီရဲ့ ‌ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း ဦးဆောင်ပြီး သတင်းစာရှင်းလင်းပွဲတွေလုပ်ခဲ့ပါတယ်။ ဒါပေမယ့် သတင်းထောက်တစ်ဦးက "အမေစု" လို့သုံးနှုန်းခဲ့တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုအပြီးမှာတော့ စစ်ကောင်စီက သတင်းစာရှင်းလင်းပွဲတွေ ဆက်မလုပ်တော့ပါဘူး။

ဒါပေမယ့်လည်း စစ်ကောင်စီထိန်းချုပ်ထားတဲ့ သတင်းမီဒီယာတွေ၊ အင်တာနက် လူမှုကွန်ရက် စာမျက်နှာနဲ့ တယ်လီဂရမ်တွေပေါ်ကနေ မြန်မာစစ်တပ်ကို ထောက်ခံသူတွေက ဆက်လက်ဝါဒဖြန့်ချိနေကြပါတယ်။

CDM ဗိုလ်ကြီးဇင်ယော်ကတော့ စစ်တပ်ရဲ့တန်ပြန် ဝါဒဖြန့်နည်းက လက်ရှိအချိန်မှာ အသုံးမဝင်တော့ဘူးလို့ ပြောပါတယ်။

"သူ့လော်ဘီတွေကလည်း ထင်ရာမြင်ရာ ပြောနေတာ။ သူတို့က နိုင်နေတဲ့ဟာကိုပဲ လွှင့်တယ်။ အခုရှုံးနေတဲ့ဟာကို တစ်ခွန်းမှ မပြောဘူး။ စိတ်ဓာတ်စစ်ဆင်ရေးပိုင်းမှာတော့ လုံးဝရှုံးသွားတဲ့ အဆင့်ဖြစ်သွားတယ်လို့" သူက သုံးသပ်ပြပါတယ်။

အေအေ နောက်ဆုတ်သွားသလား

ဒီဇင်ဘာ ၂၉ ရက်နေ့က ထုတ်ပြန်တဲ့ ရက္ခိုင်အမျိုးသား အဖွဲ့ချုပ် (ULA/AA) ကြေညာချက်

ဓာတ်ပုံ ရင်းမြစ်, AA

ဓာတ်ပုံ ပုံစာ, ဒီဇင်ဘာ ၂၉ ရက်နေ့က ထုတ်ပြန်တဲ့ ရက္ခိုင်အမျိုးသား အဖွဲ့ချုပ် (ULA/AA) ကြေညာချက်

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်ထားပေမယ့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့က မျက်ကွယ်ပြုထားတယ်လို့ ပြောခဲ့ပြီးတဲ့နောက် အေအေရဲ့ ထုတ်ပြန်ချက် အချိန်ကိုက် ထွက်လာတာဖြစ်ပါတယ်။

အေအေရဲ့ နိုင်ငံရေးအရဆွေးနွေးဖို့ ကမ်းလှမ်းချက်ဟာ သူတို့ရဲ့ ဦးတည်ချက်တွေကို နောက် ဆုတ်သွားတာမဟုတ်ဘဲ အချိန်အခါနဲ့ ကိုက်ညီအောင် နည်းပရိယာယ်ကြွယ်ကြွယ်နဲ့ ပါးပါးနပ်နပ် ထုတ်ပြန်လိုက်တာဖြစ်တယ်လို့ နိုင်ငံရေး၊ စစ်ရေးလေ့လာသုံးသပ်သူတွေက မှတ်ချက်ပေးပါတယ်။

တရုတ်က ဖိအားပေးတိုက်တွန်းနေတဲ့ နိုင်ငံရေးအရတွေ့ဆုံဆွေး‌နွေးပွဲတွေ တက်ရောက်ဖို့ မငြင်းပယ်ဘူးဆိုတာဖော်ပြဖို့အတွက် ဒီလိုကြေညာချက်ထုတ်လိုက်တာလို့ စစ်ရေး၊ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

ဒါပေမယ့်လည်း ဆွေးနွေးပွဲတွေ ဖြစ်လာရင်တောင် လက်တွေ့မှာ အောင်မြင်နိုင်စရာမရှိဘူးလို့လည်း ရှမ်းမြောက်မှာ ကိုးကန့်တပ် (MNDAA) နဲ့ စစ်ကောင်စီ တို့ရဲ့ ဆွေးနွေးပွဲကို ဥပမာပေးပြီး ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။

ကိုးကန့်တပ် MNDAA နဲ့ ဆွေးနွေးတဲ့အခါ လားရှိုးကနေပြန်ဆုတ်ပေးဖို့ စစ်ကောင်စီက တောင်းဆိုတဲ့အတွက် မအောင်မြင်ခဲ့တာကို သူက ဥပမာပေးပါတယ်။

တကယ်လို့ အေအေ နဲ့ ဆွေးနွေးတဲ့အခါ သူတို့သိမ်းထားတဲ့ အမ်းမြို့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကနေ ဆုတ်ပေးဖို့ ချဥ်းကပ်လာရင် ဆွေးနွေးပွဲက အောင်မြင်မှာမဟုတ်ပါဘူးလို့ ဦးသန်းစိုးနိုင်က ပြောပါတယ်။

တရုတ်နိုင်ငံရဲ့ ဦး‌ဆောင်မှုအောက်မှာ တရုတ်-မြန်မာ ချစ်ကြည်ရေး၊ အကြမ်းဖက်မှုတွေ ပပျောက်ရေး၊ အွန်လိုင်းလောင်းကစား တိုက်ဖျက်ရေး ကဏ္ဍတွေမှာလည်း မဟာမိတ်ညီနောင်အဖွဲ့တွေနဲ့အတူ ပူးပေါင်းပါဝင်ခဲ့တယ်လို့ အေအေက ထုတ်ပြန်ထားပါတယ်။

ဒေသတွင်းမှာရှိနေတဲ့ စီမံကိန်းနဲ့ ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေကြတဲ့ သူတွေရဲ့ လုံခြုံရေးနဲ့ အသက်အန္တရာယ် ကို အထူးဂရုစိုက်ကာကွယ်စောင့်ရှောက်သွားမှာဖြစ်သလို စီမံကိန်းတွေဆက်လက်လည်ပတ်နိုင်ရေးအတွက် ကုမ္ပဏီတွေနဲ့ ဆွေးနွေးသွားမယ်လို့လည်း ULA/AA က ပြောပါတယ်။

ဒါအပြင် ရခိုင်ပြည်နယ်ထဲမှာ အသစ်လာပြီး ရင်းနှီးမြှုပ်နှံမယ့်သူတွေနဲ့လည်း အကျိုးတူပူးပေါင်းလုပ်ကိုင်ဖို့ လိုလားတယ်လို့လည်း ULA/AA က ထုတ်ပြောခဲ့ပါတယ်။

မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar)ရဲ့ အချက်အလက်တွေအရ ရခိုင်ပြည်နယ်မှာ တရုတ်ရင်းနှီးမြှုပ်နှံမှု စီမံကိန်း ၁၁ ခုရှိပြီး ၁၀ ခုကို အေအေ က ထိန်းချုပ်ထားပါတယ်။

တစ်ဖက်မှာလည်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA) ဟာ မြန်မာလူထုလိုလားတောင့်တတဲ့ နိုင်ငံရေးမျှော်မှန်းချက်တွေရရှိဖို့ မားမားမတ်မတ် ထောက်ခံရပ်တည်ပြီး မြန်မာပြည်အတွင်းက တိုင်းရင်းသားတွေနဲ့ ညီအစ်ကိုမိတ်ဆွေ ဆက်ဆံရေး ဆက်လုပ်သွားမယ်လို့လည်းပြောပါတယ်။

"ကြေညာချက်တွေရဲ့ အတွင်းသားကို သေသေချာချာလေး ဂရုစိုက်ပြီး လေ့လာ၊ ပြီးတော့ လက်တွေ့ မြေပြင်မှာ ဘယ်လိုဆက်သွားနေသလဲ ဆိုတာကိုသာ ပကတိတရား (realistically)၊ စိတ်တည်တည်ငြိမ်ငြိမ်နဲ့ တော်လှန်ရေးကို အရှိန်အဟုန်မပျက် အဆုံးသတ်တိုက်ပွဲအထိ နည်းနာအစုံသုံးပြီး သွားကြဖို့ နဲ့ မဟာမိတ်များအပေါ် နားလည်ယုံကြည်ကြဖို့ပါပဲ"လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြား‌ရေးဝန်ကြီး ဒေါ်ဇင်မာအောင် က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးခဲ့ပါတယ်။

ULA/AA ရဲ့ သဘောထား ကြေညာချက်ထွက်ပြီးနောက် "ပထဝီနိုင်ငံရေးဖိအားတွေအောက်မှာ တည့်ကြီး ပြောဖို့ ခက်ခဲတာတွေ ရှိကြပါတယ်" လို့ ဒေါ်ဇင်မာအောင်က ပြောခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အေအေရဲ့ ကြေညာချက်နဲ့ ပတ်သက်ပြီး ရေးတယ်လို့တော့ ဒေါ်ဇင်မာအောင် က မသုံးနှုန်းထားပါဘူး။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင် က '' အေအေက စာထုတ်လိုက်တာဟာ အေအေ ရဲ့ တခြားသော နိုင်ငံရေးနဲ့စစ်ရေးဦးတည်ချက် တာဝန်တွေကို ရှောင်လွှဲပစ်တာ၊ ဖျက်သိမ်းလိုက်တဲ့သဘောလို့ ကျွန်တော် မယူဆဘူး'' လို့ ဘီဘီစီကို ပြောပါတယ်။