စစ်ရေးရှုံးနိမ့်ချိန်မြန်မာစစ်တပ်ရဲ့ ဖိအားပေးလူဖမ်းမှု

ညပိုင်းစစ်ကားနဲ့ လှည့်လည်ဖမ်းဆီးမှုနဲ့ ပြည်သူ့ စစ်မှုထမ်းသင်တန်းဆင်းသရုပ်ဖော်မှု
ဓာတ်ပုံ ပုံစာ, ညပိုင်းစစ်ကားနဲ့ လှည့်လည်ဖမ်းဆီးမှုနဲ့ ပြည်သူ့ စစ်မှုထမ်းသင်တန်းဆင်းသရုပ်ဖော်မှု

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပေါ်တာဆွဲလို့ ငွေကျပ် သိန်းဆယ်နဲ့ချီပေးပြီးရွေးထုတ်ရတယ်လို့ ကိုယ်တွေ့ကြုံတဲ့မိသားစုတွေကပြောပါတယ်။ စစ်တပ်ထောက်ခံသူတွေကလည်း ဒေသအများစုမှာ ပေါ်တာဆွဲနေတဲ့ ဖြစ်စဥ်တွေကို ကြပ်မတ်ပေးဖို့ဆိုပြီး တောင်းဆိုနေပါတယ်။

လူသိများတဲ့ စစ်တပ်ထောက်ခံသူတွေရဲ့ TikTok နဲ့ တယ်လီဂရမ် အကောင့်တွေမှာလည်း ပေါ်တာဆွဲခံရသူတွေရဲ့ မိသားစုတွေက အကူအညီတောင်းနေကြတာတွေလည်းတွေ့ရပါတယ်။

ဘီဘီစီနဲ့ စကားပြောခွင့်ရသူတွေရဲ့အပြောအရ ရန်ကုန်၊ ကရင်၊မွန်၊ ပဲခူး၊ မန္တလေး၊ စစ်ကိုင်း၊ မိတ္ထီလာနဲ့ ညောင်ဦးမြို့နယ်တွေ အပါအဝင် မြို့နယ်တော်တော်များများမှာပေါ်တာဆွဲခံရတာနဲ့ စစ်မှုထမ်းဖို့ အတင်းအကျပ်လူသစ်စုဆောင်းတာတွေ နေ့စဥ်လိုလိုဖြစ်နေတယ်လို့ ဆိုပါတယ်။

အရပ်အခေါ် ပေါ်တာဆွဲခံရသူတွေကို ပြန်ရွေးယူတဲ့အခါ ကျပ် ၁၀ သိန်းကနေ သိန်း ၇၀ ကြားအထိ ငွေပေးရတယ်လို့ ပြောပြကြပါတယ်။

ရန်ကုန်မြို့မှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ရန်ကုန်မြို့မှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် (ပုံဟောင်း)

အရပ်အခေါ် ပေါ်တာဆွဲတယ်လို့ ပြောကြတဲ့ အရပ်သားတွေအကြောင်းမဲ့ဖမ်းဆီးခံရမှုတွေဟာ ရခိုင်နဲ့ ကချင်ပြည်နယ်တွေက စစ်တပ်စခန်းတွေ အများအပြားဆုံးရှုံးခဲ့ပြီး စစ်သားအများစုလက်နက်ချတာနဲ့စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရချိန်မှာ ပိုတိုးဖြစ်လာတယ်လို့ စစ်မှုထမ်းသင်တန်းတွေ ခေါ်ဆိုမှုကို သုတေသနပြုနေသူ အချို့က ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် အရပ်သားတွေ ဖမ်းဆီးခံရမှုဖြစ်စဥ်တွေ ရှိတယ်လို့ ပြောပေမဲ့ ၂၀၂၄ နိုဝင်ဘာနဲ့ ဒီဇင်ဘာလတွေမှာ အရင်ကထက်ပိုဆိုးလာတယ်လို့ ဘီဘီစီနဲ့စကားပြောခွင့်ရခဲ့တဲ့ ရန်ကုန်အပါအဝင် ဒေသ ၅ ခုထက်မနည်းက ကိုယ်တွေ့ကြုံနေရတဲ့ မိသားစုတွေက ပြောပါတယ်။

''ည ၇ နောက်ပိုင်း အပြင်မထွက်ရဲတော့ဘူး။ တွေ့တာနဲ့ အမေးအမြန်းမရှိဘူး။ ဖမ်းသွားတာ'' လို့ ပဲခူးတိုင်း၊ အုတ်ဖိုမြို့က ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီလို လမ်းပေါ် ဖမ်းဆီးမှုတင်မက စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ဒါနသုခလမ်း၊ ထန်း​တော​ အောင်ရတနာရပ်ကွက်က လက်ဘက်ရည်ဆိုင် တစ်ဆိုင်မှာဆိုရင် ဆိုင်ပိတ်ချိန် ဂိမ်းဆော့နေတဲ့ လူငယ်တွေ ဝင်ဖမ်းဆီးခံရတဲ့ဖြစ်စဥ်လည်းရှိခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာလည်း ခရီးသွား အယောက် ၄၀ ခန့်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒီဇင်ဘာပထမပတ်က ဖမ်းဆီးခဲ့ပြီး တစ်ယောက်ကို ကျပ် ၂ သိန်းနဲ့ရွေးခိုင်းပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ ချောင်းဦးမြို့ ဒေသခံက ပြောပါတယ်။

"စစ်တပ်က တိုက်ပွဲတိုင်းမှာ ရှုံးနေတယ်။ PDF နဲ့ တိုက်တဲ့ပွဲပဲဖြစ်ဖြစ်၊ တိုင်းရင်းသားလက်နက်ကိုင် ERO/EAO's တွေနဲ့ တိုက်တာပဲဖြစ်ဖြစ် ရှုံးနေတော့၊ သူတို့ အရှုံးကို ကာမိဖို့အတွက် စစ်မှုထမ်းဖို့ အတင်းလူ လိုက်ဆွဲနေတာလို့မြင်တယ်" လို့ မိတ္ထီလာမြို့ခံ တစ်ဦးက ပြောပါတယ်။

NUG တောင်ပိုင်းတိုင်းစစ်ဒေသက စစ်ဆင်ရေးတာဝန်ခံ ရဲဘော် ဒေဝ ကလည်း အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) လက်အောက်ခံ PDF တပ်ရင်းတပ်ဖွဲ့တွေက ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ၈၀ ရာခိုင်နှုန်းဟာ တပ်သားသစ်တွေဖြစ်တယ်လို့ ဒီဇင်ဘာ ၁၅ ရက်က ပြောထားပါတယ်။

အုတ်ဖို တာဆုံမှာ လူငယ် ၁၀ ဦးနီးပါးအဖမ်းခံရ

ကလေး ၁၀ ဦးနီးပါးကို ဖမ်းဆီးခံခဲ့ရတဲ့ အုတ်ဖို-တာဆုံလမ်းဆုံ

ဓာတ်ပုံ ရင်းမြစ်, ပေးပို့

ဓာတ်ပုံ ပုံစာ, အုတ်ဖို-တာဆုံလမ်းဆုံမှာတွေ့ရတဲ့ မြန်မာစစ်တပ်ဖွဲ့ဝင်တွေ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အတင်းအဓမ္မဖမ်းဆီးခံခဲ့ရတဲ့အထဲမှာ အသက်မပြည့်သေးတဲ့ ကလေး၊ လူငယ်အရွယ်ကနေ အသက် ၆၀ လူကြီးပိုင်း အထိပါဝင်နေတာကို ဘီဘီစီက စုံစမ်းသိရှိထားပါတယ်။

ဒီဇင်ဘာ ၁၄ ရက်နေ့ မနက်ပိုင်းက ပဲခူးတိုင်း သာယာဝတီ၊ သုံးဆယ်မြို့ကနေ ပြည်မြို့ဘက်ကို အလုပ်သွားလုပ်ဖို့ ဝါးကားပေါ်မှာလိုက်ပါလာတဲ့ လူငယ် ၁၀ ဦးနီးပါးဟာ ရန်ကုန်-ပြည်ကားလမ်းမပေါ်မှာရှိတဲ့ အုတ်ဖို-တာဆုံ စစ်ဆေးရေးဂိတ်မှာ အဖမ်းခံခဲ့ရပါတယ်။

ဖမ်းခံရတဲ့ သူတွေထဲမှာ အသက်မပြည့်သေးတဲ့ ကလေးတွေပါပြီး သူတို့ကို အုတ်ဖိုမြို့နယ်တရားရုံးထဲမှာ ထိန်းသိမ်းထားတယ်လို့ မြို့ခံတချို့က ပြောပါတယ်။

"ကားသမားက ပေါ်တာဆွဲခံရတယ်ဆိုတာကို မိသားစုဝင်တွေကို အကြောင်းကြားတယ်။ မိသားစုဝင်တွေ ကလည်း ကလေးတွေကိုလိုက်ပြီးထုတ်တာပေါ့။ အုတ်ဖိုတရားရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ အရာရှိက ငွေပေးနိုင်လားဆိုပြီး အရင်ဆုံးတန်းပြောတယ်"လို့ ဖမ်းဆီးခံထားရသူတွေအရေး မိသားစုဝင်တွေကို ကူညီပေးနေသူတစ်ဦးကပြောပါတယ်။

တဖက်မှာလည်း စစ်တပ်အရာရှိကို ပိုက်ဆံပေးလိုက်လို့ ပြန်လွှတ်လာတဲ့ ကလေးတချို့ ရှိတယ်လို့လည်း မြို့ခံတချို့ကပြောပါတယ်။

စစ်တပ်အရာရှိကို ပိုက်ဆံပေးရတယ်ဆိုတဲ့ ပြောဆိုချက်တွေကို ဘီဘီစီက သီးခြားအတည်ပြုနိုင်ဖို့ မိသားစုဝင်တချို့နဲ့တိုက်ရိုက်မေးမြန်းခွင့်ရဖို့ကြိုးစားနေပါတယ်။

"ဖမ်းခံရတာ ၁၀ ယောက်လောက်ဆိုတော့ သူ့မိသားစုကိုယ့်မိသားစုပေါ့။ တချို့ကကြတော့လည်း ပိုက်ဆံရှိလို့ မဟုတ်ဘူး အမြန်ချေးငှားပြီးပေးရတာ။ တစ်ယောက်ကို သိန်း ၇၀ လောက်ပေးခဲ့ရတယ်" လို့ လည်း သုံးဆယ်မြို့ခံတစ်ဦး က ပြောပါတယ်။

ကလေးတွေကို ဖမ်းဆီးထိန်းသိမ်းထားတဲ့ အုတ်ဖိုမြို့တရားရုံး

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, သုံးဆယ်မြို့ကနေ ဝါးကားပေါ်မှာလိုက်ပါလာတဲ့ ကလေး ၁၀ ဦးနီးပါး ဖမ်းခံရ

အုတ်ဖို တာဆုံမှာ လူငယ်တွေ ကို စစ်တပ်က ဖမ်းဆီးတဲ့ဖြစ်စဥ် တကယ်ရှိခဲ့သလို အလားတူသတင်းတွေကိုလည်း တခြားမြို့နယ်တွေက မြို့ခံလူထုကသတင်းပေးတာတွေရှိတယ်လို့ ပဲခူးတိုင်း၊ သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂ ပြန်ကြားရေးတာဝန်ခံက ဘီဘီစီ ကိုပြောပါတယ်။

"ကျွန်တော်တို့ဆီကို သတင်းတွေဝင်ပါတယ်။ အရင်ကဆို အသက်ကန့်သတ်ချက်ရှိတယ်။ အခု စစ်ကောင်စီ က ဘယ်လိုပေါ်တာဆွဲလာလဲ ဆိုတော့ အသက် ၁၄ ကနေ အသက် ၆၀ အထိဖမ်းတာ။ သူတို့မှာ စစ်မှုထမ်း အပတ်စဥ် ဘယ်လောက်အတွက် လူဘယ်လောက်ဖမ်းပေးရမယ်ဆိုတာ သတ်မှတ်ချက်ရှိနိုင်တယ်" လို့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး က ပြောပါတယ်။

သာယာဝတီခရိုင်အတွင်းက လက်ပန်းတန်း၊ အုတ်ဖို၊ မင်းလှ၊ မိုးညို စတဲ့ မြို့နယ် ၈ မြို့နယ်အတွင်း မှာ တစ်နေ့ကို လူ ၃၀ ထက်မနည်း နေ့စဥ် ပေါ်တာဆွဲခံနေရတယ်လို့ လည်း PDF တပ်ရင်း ၃၈၀၂ ကပြော ပါတယ်။

" သူတို့က အသက်မရွယ်မရွေးဖမ်းလိုက်တယ်။ စစ်မှုထမ်းအပတ်စဥ်အတွက် လူ ၅ ယောက်လိုလည်း လူ ၅၀ ဖမ်းချင်ဖမ်းတာပဲ။ ပြီးတော့ တတ်နိုင်တဲ့သူက ငွေနဲ့လိုက်ထုတ်ရတယ်။ အဲဒီထဲမှာ ပိုက်ဆံလည်းမပေးနိုင်ဘူး စစ်မှုထမ်းဖို့ အသက်နဲ့ ကိုက်ညီတဲ့သူဆိုရင် ရွေးပြီးတော့ စစ်မှုထမ်းခိုင်းတာ" လို့ သူတို့သိထားတဲ့အချက်အလက်ကို ပြောပါတယ်။

အုတ်ဖိုမြို့ခံတစ်ဦးကတော့ လူဖမ်းပြီး ငွေနဲ့ရွေးရတာကို ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ပေါင်းပြီး လုပ်နေတာလို့ သူမြင်တွေ့နေရတဲ့အခြေအနေကိုပြောပါတယ်။

" ဒီဘက်ကိုတာဝန်ကျတဲ့သူတွေ ခဏလေးနဲ့ ကားအကောင်းစားတွေဝယ်နိုင်သွားတယ်။ သူတို့က စစ်မှုထမ်း အတွက် လူရှာပြီးသားဖြစ်သလို သူတို့အတွက်လည်း ငွေရနေတော့ အကုန်လိုက်ဖမ်းတော့တာပဲ" လို့ အုတ်ဖို မြို့ခံတစ်ဦး က ဘီဘီစီ ကိုပြောပါတယ်။

စစ်ကောင်စီကတော့ လူငယ်တွေကို ပစ်မှတ်ထားပြီးပေါ်တာဆွဲတာနဲ့ စစ်မှုထမ်းဖို့ပို့ဆောင်နေတယ်ဆိုတဲ့သတင်းတွေဟာ သတင်းတု၊ သတင်းမှားသာဖြစ်ကြောင်း ဆက်တိုက်ထုတ်ပြန်နေပါတယ်။

၂၀၂၄ နိုဝင်ဘာလကတော့ စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးတင်အောင်စန်းကပြည်သူစစ်မှုထမ်းဆင့်ခေါ်ရာမှာ ငွေကြေး မသမာမှုမရှိစေရေး သတ်မှတ်ချက်နဲ့အညီ ဆောင်ရွက်ကြဖို့ ပြောကြားထားပါတယ်။

ဒါပေမဲ့ အကြောင်းမဲ့ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တွေကတော့ ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်ကိုရော စစ်တပ်ထောက်ခံသူတွေကိုပါ အကူအညီတောင်းပြီး ပြောနေကြတာတွေ့ရပါတယ်။

ရန်ကုန်မြို့ပေါ်လည်းကြုံရ

အာဏာသိမ်းပြီးနောက် ဆန္ဒပြသူတွေကိုဖမ်းဆီးနေတဲ့ မြန်မာစစ်တပ်ဖွဲ့ဝင်တွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အာဏာသိမ်းပြီးနောက် ဆန္ဒပြသူတွေကိုဖမ်းဆီးနေတဲ့ မြန်မာစစ်တပ်ဖွဲ့ဝင်တွေ

၂၀၂၄ နိုဝင်ဘာနဲ့ ဒီဇင်ဘာလအတွင်း ရန်ကုန်မြို့ သာကေတနဲ့ လှိုင်မြို့နယ်တွေဘက်မှာ ပေါ်တာဆွဲခံရတဲ့ဖြစ်စဥ်တွေရှိတယ်လို့ သာကေတနဲ့ လှိုင်မြို့ခံ ၃ ဦးထက်မနည်းက ပြောပါတယ်။

ဒီဇင်ဘာ လဆန်းပိုင်းက လှိုင်မြို့နယ် ၁ ရပ်ကွက်မှာ ည ၈ နာရီကျော်ခန့်က စက်ဘီးနဲ့ အလုပ်ကပြန်လာတဲ့ လူငယ် ၂ နှစ်ယောက် ဖမ်းဆီးခံခဲ့ရပြီး သတင်းအစအနပျောက်နေတယ်လို့ ဒီဖြစ်စဥ်ကိုသိထားတဲ့ မြေပြင်သတင်းအရင်းအမြစ်က ပြောပါတယ်။

မိသားစုတွေနဲ့ ရပ်ကွက်ကတော့ ဖမ်းဆီးခံလူငယ် ၂ ယောက်ဟာ စစ်မှုထမ်းအတွက် ပါသွားတာဖြစ်နိုင်တယ်လို့ ယူဆနေကြပါတယ်။

အခုလပိုင်းအတွင်းမှာ လှိုင်မြို့နယ်အတွင်းမှာရှိတဲ့ ရပ်ကွက်ရုံးတွေမှာ စစ်မှုထမ်းအသက်နဲ့ကိုက်ညီတဲ့ လူစာရင်းတွေကို ရပ်ကွက်ရုံးမှာကပ်ထားတာတွေလည်းရှိပါတယ်။

"အရင်က စာရင်းထုတ် မကပ်ဘူး။ အခုရုံးတွေမှာ ထုတ်ကပ်ထားတာ။ ဧည့်စာရင်းစစ်ပြီး စစ်မှုထမ်းစာရင်းပါတဲ့သူ ရှိ မရှိ လိုက်ကြည့်မယ်ဆိုပြီး သတင်းထွက်နေလို့ ကျွန်မ သူငယ်ချင်း ယောင်္ကျားလေးတွေဆို နေပြည်တော်ကို ရှောင်ဖို့ထွက်သွားကြတယ်" လို့ လှိုင်မြို့နယ်မှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦး က ပြောပါတယ်။

NUG တောင်ပိုင်းစစ်ဒေသ တာဝန်ခံရဲဘော် ဒေဝ ကတော့ "ရန်ကုန်မှာရှိကြတဲ့ လူငယ်လူရွယ်တွေ သတိရှိကြပါ။ အတင်းအဓမ္မ လူသစ်စုဆောင်းတာတွေ ပေါ်တာဆွဲတာများလာပါတယ်" လို့ သူရဲ့ လူမှုကွန်ရက် စာမျက်နှာ ပေါ်ကနေ သတိပေးထားပါတယ်။

ရန်ကုန်မြို့က တချို့မြို့နယ်တွေမှာ စစ်မှုထမ်းထဲမပါဖို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို ငွေပေးပြီး စစ်မှုထမ်းရှောင်ရှားတာမျိုးတွေလည်းရှိပါတယ်။ ဒါပေမယ့်လည်း နောက်ပိုင်းမှာတော့ ငွေပေးလို့မရတော့ပဲ မဖြစ်မနေစစ်မှုထမ်းဖို့ မြို့နယ်ထွေ/အုပ်တွေက ဖိအားပေးလာတယ်လို့ မြို့ခံတွေကပြောပါတယ်။

ရန်ကုန်မြို့ ၊ သာကေတနဲ့ ဒေါပုံ မြို့ခံ ၃ ဦးထက်မနည်းကလည်း သူတို့မြို့နယ်အတွင်းမှာ ပေါ်တာဆွဲခံရသူတွေရှိတယ်လို့ ပြောပြကြပါတယ်။

'' ရန်အောင်ရပ်ကွက်ထိပ်မှာဆိုရင် စစ်တပ်ကလာဖမ်းပြီး တချို့ကို ပြန်လွှတ်တယ်။ တချို့ ကို ရပ်ကွက်ရုံးထဲဖမ်းထည့်ထားတာ။ အသိ ကလေး ၂ ယောက်လည်းပါတယ်'' လို့ ဒေါပုံမြို့နယ် ရန်အောင်ရပ်ကွက်မှာနေထိုင်သူတစ်ဦးက ပြောပါတယ်။

လူအင်အားစုဆောင်းရမှုရှားပါးလာတာကြောင့် စစ်မှုထမ်း‌‌ရှောင်ဖို့ ငွေကြေးထည့်ဝင်တာမျိုး လုပ်လို့မရတော့ပဲ ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်းစစ်မှုထမ်းဖို့ အကျုံးဝင်သူအမျိုးသားတွေဆိုရင် အုပ်ချုပ်ရေးရုံးကို သတင်းပို့ဖို့ ပြောဆိုတာတွေရှိနေပါတယ်။

ကော့မှူးမြို့နယ် ထန်းမနိုင်ကျေးရွာမှာဆိုရင် စစ်မှုထမ်းအတွက် အုပ်ချုပ်ရေးရုံးက အစည်းအဝေးခေါ်ယူပြီး ဒီတကြိမ်သာ ငွေကြေးစုထည့်ပြီး လူအစားရှာနိုင်မှာဖြစ်ပြီး နောက်အပတ်စဥ်တွေကစပြီး စာရင်းပေါက်သူ ကိုယ်တိုင်လိုက်ရမယ်လို့ ပြောဆိုသွားတယ်လို့ အဲဒီကျေးရွာမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

ရပ်/ကျေးအုပ်ချုပ်ရေးမှူးတချို့ဆီက သတင်းအရ စစ်မှုထမ်း အပတ်စဉ် ၈ အတွက် လိုအပ်တဲ့ တပ် သားသစ်အရေအတွက် မရသေးတာကြောင့် ဒီဇင်ဘာလလယ်အထိ စစ်မှုထမ်း သင်တန်း မစနိုင်သေးတာလို့ ပြောပါတယ်။

ပုံမှန်ဆိုရင် လတစ်လရဲ့ ပထမ အပတ်မှာ စစ်မှုထမ်းသင်တန်းသစ်တွေစတင်တာဖြစ်ပေမဲ့ ဒီဇင်ဘာလမှာတော့ ၁၅ ရက်အထိ လိုအပ်တဲ့တပ်သားသစ်မရသေးတာလို့ပြောပါတယ်။

ဒီဇင်ဘာ ၁၁ ရက် ကလည်း ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်ထဲက ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ဒေသအာဏာပိုင်တွေဘက်က ခေါ်ယူတွေ့ဆုံပြီး စစ်မှုထမ်းအပတ်စဥ် (၈) အတွက် တပ်သားသစ်တွေ မဖြစ်မနေ ပို့ဆောင်ပေးဖို့ ဖိအားပေးပြောကြားခဲ့တယ်လို့ ကရင်အမျိုးအသားအစည်းအရုံး ကေအဲန်ယူက ထုတ်ပြန်ထားပါတယ်။

မွန်ပြည်နယ်ထဲက ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ပေါင်နဲ့ ရေးမြို့နယ်တွေမှာ ည ၁၀ နာရီကျော်တာနဲ့ သွားလာသူတွေ ဖမ်းဆီးခံရတာတွေ ရှိနေတယ်လို့ ဒီဇင်ဘာလ ပထမ သီတင်းပတ်ကတင် ဒေသခံအချို့ကပြောပါတယ်။

ဒါ့အပြင် အဲ့ဒီဒေသတွေမှာ အမျိုးသားနှစ်ယောက် ဆိုင်ကယ်မစီးဖို့ သတ်မှတ်ချက် ဖောက်ဖျက်သူတွေကို ဖမ်းဆီးတဲ့အခါ ပြန်မရွေးထုတ်နိုင်သူတွေကို စစ်မှုထမ်းဖို့ ပို့ဆောင်တာတွေ ရှိနေတယ်လို့ ပေါင် ဒေသခံတဦးက သူသိထားတဲ့အချက်ကိုပြောပါတယ်။

''အများစု ပစ်မှတ်က စစ်မှုထမ်းပဲ။ သက်ဆိုင်ရာအာဏာပိုင်နဲ့ ရင်းနှီးတယ်ဆို ပိုက်ဆံပေးပြီးတော့ အကုန်ပြန်လွှတ်တာပေါ့။ ရွာတွေဘက်က လာတဲ့ကလေးတွေတော့ အကုန်ကောက်တင်သွားပဲ။ ညဘက်ဆို ပိုဆိုးတယ်။ အကုန်ဖမ်းပြီး ခေါ်ထည့်တဲ့သဘောပဲ။ ပိုက်ဆံနဲ့ ပြန်ရွေးလို့ရတာလည်းရှိတယ်'' လို့ ပေါင်ဒေသခံကပြောပါတယ်။

တပ်မြို့ မိတ္တီလာနဲ့ ပုဂံမှာလည်း ပေါ်တာဆွဲခံရတာရှိနေ

အာဏာသိမ်းပြီးနောက် ပုဂံဒေသမှာတွေ့ရတဲ့ မြန်မာစစ်တပ်ဖွဲ့ဝင်တွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အာဏာသိမ်းပြီးနောက် ပုဂံဒေသမှာတွေ့ရတဲ့ မြန်မာစစ်တပ်ဖွဲ့ဝင်တွေ

တပ်မြို့လို့ ခေါ်ကြတဲ့ မိတ္တီလာမြို့ပေါ်မှာလည်း ပေါ်တာဆွဲခံရတာတွေရှိနေပါတယ်။ ပေါ်တာအဆွဲခံရတဲ့ သူဟာ တပ်မိသားစုဖြစ်ပေမယ့် လိုက်ထုတ်လို့မရဘူးလို့ မိသားစုဝင်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

"အောင်မင်္ဂလာ ရပ်ကွက်ထဲက ကလေး ၂ ယောက် က နေမကောင်းတဲ့သူကို ဆန်ပြုတ်သွားပို့တာကို လမ်းမှာ ဖမ်းပြီးခေါ်ထားပြီး အိမ်ကိုဖုန်းဆက်တာ။ ဖမ်းခံလိုက်ရတဲ့သူရဲ့ ယောက်ဖကလည်း တပ်ထဲကပဲ။ ပိုက်ဆံ သိန်း ၅၀ နဲ့ လှမ်းရွေးခိုင်းတာ။ သိန်း ၅၀ တော့မပေးနိုင်ဘူး၊ ယောက်ဖကလည်း တပ်ထဲကပဲဆိုတော့ သူ့အသိုင်းအဝိုင်းနဲ့ လိုက်တာပေါ့။ အဲဒါလည်းမရဘူး" လို ဆွေမျိုးတော်စပ်သူကပြောပါတယ်။

မိတ္ထီလာမြို့မှာ အကြောင်းမဲ့ဖမ်းဆီးခံရမှုဖြစ်စဥ်တွေကြောင့် ည ၇ နာရီနောက်ပိုင်း အပြင်ထွက်သူ မရှိသလောက်ဖြစ်သွားပြီလို့ မြို့ခံတွေကပြောပါတယ်။

'' ဆိုင်ကယ်နဲ့ အမျိုးသား ၂ ယောက်ဆိုလည်းဖမ်းတယ်။ အမျိုးသမီးကမောင်းပြီး အမျိုးသားကနောက်ကလိုက်စီးရင်လည်း စစ်မေးပြီးဖမ်းတာရှိတယ်။ ဘာတွေကြောင့် ဒီလိုဖမ်းလဲမသိပေမဲ့ ပုံစံမျိုးစုံနဲ့ဖမ်းတာပဲ'' လို့ မိတ္ထီလာမြို့ခံတစ်ဦးက သူတို့မြင်တွေ့ကြုံနေရတာကိုပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးထားတဲ့အထဲမှာ တပ်မိသားစုဝင်တွေ၊တပ်ထောက်ခံသူတွေနဲ့ အမျိုးသားရေးတက်ကြွလှုပ်ရှားသူတွေရဲ့ မိသားစုဝင်တွေပါ ပါဝင်တာကြောင့် ထိန်းထိန်းသိမ်းသိမ်းလုပ်ကြဖို့ စစ်တပ်ထောက်ခံသူ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က ပြောထားခဲ့တာရှိပါတယ်။

ဒါအပြင် စစ်တပ်ထောက်ခံသူ အဖြစ်လူသိများတဲ့ သဇင်ဦး ရဲ့ TikTok နဲ့ တယ်လီဂရမ်အကောင့်မှာလည်း စစ်တပ်က ပြန်ပေးဆွဲဖမ်းဆီးတဲ့လုပ်ရပ်တွေကို လုပ်နေတယ်လို့ ဒီဇင်ဘာ ၁၅ ရက်က ဝေဖန်ထားပြီး ဒါကိုတာဝန်ရှိသူတွေက ကြပ်မတ်ပေးဖို့ဆိုပြီး ရုပ်သံနဲ့တောင်းဆိုထားပါတယ်။

စစ်မှုထမ်းဥပဒေကိုအကြောင်းပြပြီး သူ့ဒေသ ကျောက်ဆည်မှာဆိုရင် ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့ရာအိမ်မှူးတွေ ဦးဆောင်ပြီး ကိုယ်ကျိုးရှာနေတယ်လို့ သဇင်ဦးက ပြောထားပါတယ်။

'' ကျောက်ဆည်မြို့ပေါ်မှာဆိုရင် ရွာတွေကနေ မြို့တက်ပြီးစျေးဝယ်တဲ့ စျေးကားတွေဆိုရင် စျေးတက်မဝယ်ရဲတော့ဘူး။ စျေးကားတွေဖမ်းဆီးတာတွေ ပေါ်ပေါ် တင်တင်လုပ်လာတယ်။ ခေါ်ဆောင်သွားတော့လည်း တကယ်ပဲစစ်မှုထမ်းဖို့အတွက်ကို လူလိုလို့ခေါ်တာလားဆိုတော့ မဟုတ်ပြန်ဘူး''

'' ငွေကြေးနဲ့ရွေးခိုင်းဖို့အတွက် ဒီလိုခေါ်ဆောင်တာတွေလုပ်လာတယ်။ ဒါကိုလည်းတာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေအနေနဲ့လည်း ဒီလိုတွေ လွှတ်ထားတာကို တော်တော်လေးအံ့သြမိတယ်'' လို့ သဇင်ဦးကပြောထားပါတယ်။

ဒါအပြင် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံဒေသက ရွာတွေမှာလည်း စစ်မှုထမ်းဖို့ အတင်းအဓမ္မဖမ်းဆီး ခံရတာတွေလည်း ရှိနေတယ်လို့ ကိုယ်တွေ့ကြုံနေရသူတွေကပြောပါတယ်။

ဒီဇင်ဘာ ပထမပတ်အတွင်း ပုဂံ၊ ညောင်ဦးမြို့နယ်ထဲက ရွာတွေမှာ လူ ၃၀ ထက်မနည်း ပေါ်တာဆွဲခံ ခဲ့ရတယ်လို့ ဆိုပါတယ်။

"ကျောက်ပြင်ကန်၊ ခင်ဦး ရွာတွေဘက်မှာ ပေါ်တာဆွဲခံရတာ။ နယ်ခံတွေနဲ့လည်း စကားပြောပြီးပြီ။ တချို့မြို့ပေါ်က ကလေးတွေတောင်ပါတယ်ပြောတယ်။ ဖမ်းပြီး မိတ္တီလာမှာရှိတဲ့ အမြောက်တပ်ကိုခေါ်သွားတာ" လို့ အခြေအနေကိုသိထားတဲ့ ညောင်ဦး ဒေသခံက ပြောပါတယ်။

လက်ရှိအချိန်မှာ ပုဂံဒေသတစ်ခုလုံးကို ပြည်သူ့စစ်(အရပ်အခေါ် ပျူစောထီး)တွေ ကင်းပုန်းဝတ်ပြီး လုံခြုံရေးယူထားတယ်လို့လည်း ဆိုပါတယ်။

"ကျွန်တော် ပုဂံကနေ ၁ နှစ်ထွက်သွားပြီး အခု ကိုယ့်မြို့ကိုယ်ပြန်လာနေတာ ည ၇ နာရီဆို အပြင်မထွက် ရဲတော့ဘူး ဘယ်သူ့မှကို လမ်းပေါ်မှာ မရှိတော့တာ" လို့သူကပြောပါတယ်။

အကြောင်းပြချက်မဲ့ဖမ်းဆီးခံရမှုတွေရှိလာတာနဲ့ စစ်မှုထမ်းဥပဒေကိုကိုင်ပြီး ဖိအားပေးမှုတွေရှိလာတာကြောင့် ငွေကြေးတတ်နိုင်သူတွေက တရားဝင်လမ်းကြောင်းကတဆင့် အနီးစပ်ဆုံးထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေကို ပြေးရှောင်ကြသလို ငွေကြေးမတတ်နိုင်သူတွေက ထိုင်းနိုင်ငံကို တရားမဝင် လမ်းကြောင်းကနေ ဝင်ရောက်နေကြပါတယ်။

ဒါကြောင့်လည်း စစ်မှုထမ်းဆင့်ခေါ်ရမှာ အကြောင်းမဲ့ပျက်ကွက်သူ၊ စာရင်းသွင်းပြီးမှ ပျက်ကွက်သူ၊ ဆေးအောင်ပြီးမှ ပျက်ကွက်သူ၊ သင်တန်းကျောင်းရောက်မှ ထွက်ပြေးသူတွေကို အရေးယူဖို့လိုကြောင်း ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ပြောကြားထားပါတယ်။

''ဘယ်အချိန်ပေါ်တာဆွဲခံရမလဲဆိုပြီး နေရတာလည်း စိတ်မလုံခြုံဘူး။ နိုင်ငံထဲမှာနေရတဲ့ဘဝက ထောင်ထဲမှာ မနေရပေမဲ့ ထောင်ထဲမှာ ပိတ်ခံထားရသလိုပဲ။ထွက်ပေါက်ပိတ်နေပြီ '' လို့ ပဲခူးတိုင်း၊ နတ်တလင်းမြို့က လူငယ်တစ်ဦးက ရင်ဖွင့်ပါတယ်။