ပြည်သူ့စစ် မျိုးချစ်ကိုမင်း သတ်ဖြတ်ခံရပြီးနောက် တပ်ထောက်ခံသူတွေ စစ်တပ်ကို ဖိအားပေး

အသိပေးချက် - ဒီဆောင်းပါးမှာ စိတ်နှလုံးမချမ်းမြေ့စရာမြင်ကွင်းဖော်ပြချက်နဲ့ စကားလုံးဖော်ပြချက်တွေပါတယ်ဆိုတာကို ကြိုတင်အသိပေးပါတယ်။
စစ်ကောင်စီ အစိုးရအဖွဲ့ရုံးစိုက်ရာ နေပြည်တော်နယ်မြေနဲ့ဆက်နေတဲ့ နေပြည်တော်-မကွေး လမ်းပိုင်းတစ်နေရာမှာ ပြည်သူ့စစ်ခေါင်းဆောင်၊ အမျိုးသားရေးတက်ကြွလှုပ်ရှားသူ အဖြစ် လူသိများသူ မျိုးချစ်ကိုမင်း ဆိုသူ သတ်ဖြတ်ခံခဲ့ရပါတယ်။
ဒီသတင်းက စစ်တပ်ထောက်ခံသူအသိုင်းအဝိုင်းကို ဒေါသကြီးစေခဲ့သလို တုန်လှုပ်မှုလည်း ဖြစ်ခဲ့ကြပါတယ်။
စစ်တပ်ထောက်ခံသူတွေရဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ သတ်ဖြတ်သူတွေဟာဖြစ်စဥ်ကို ဗီဒီယိုရိုက်ခဲ့ပြီး အဲဒီဗီဒီယိုထဲမှာ အောင်ပွဲခံနေကြတယ်လို့ ဖြန့်ဝေဖော်ပြပါတယ်။
ဒါအပြင် ကိုမင်းမင်းဆိုသူ သတ်ဖြတ်ခံရတဲ့သတင်းနဲ့အတူ ခေါင်းနဲ့ ကိုယ်တခြားစီဖြစ်နေပြီး ကိုယ်ခန္ဓာပိုင်းက မြေပြင်မှာ ပက်လက်အနေအထားကျန်နေတဲ့ ရုပ်အလောင်းပါတဲ့ ဗီဒီယိုဖိုင်တစ်ခုကိုလည်း စစ်တပ်ထောက်ခံသူတချို့က တွဲလျက်ဖြန့်ဝေခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
အရပ်အခေါ် ပျူစောထီး (ပြည်သူ့စစ်) အဖွဲ့ဝင်ဖြစ်တဲ့ မျိုးချစ် ကိုမင်း ခေါ် ကိုမင်းမင်း ကို နိုဝင်ဘာ ၂၉ ရက် နေ့လယ်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ နေပြည်တော်(တောင်ညို)-မြို့သစ်-ကန်ပြား(မကွေး)လမ်းပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ် - PDF အဖွဲ့ က သတ်ဖြတ်ခဲ့တာလို့ ကာကွယ်ရေးတပ်တွေဘက်က အတည်ပြုပြောဆိုထားပါတယ်။
ဒီဖြစ်စဥ်က စစ်တပ်ထောက်ခံသူ၊ အမျိုးသားရေးတက်ကြွလှုပ်ရှားသူတွေကို ပေါက်ကွဲစေခဲ့သလို သူတို့ကြား လုံခြုံရေးစိုးရိမ်ချက်တွေလည်း ပိုတိုးသွားစေပါတယ်။
အမျိုးသားရေးတက်ကြွလှုပ်ရှားသူတွေနဲ့ စစ်တပ်ထောက်ခံသူတွေရဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ဒီသတ်ဖြတ်ခံရမှုကို အကြမ်းဖက်အပြုအမူလို့ သုံးနှုန်းပြီး အဲဒီနယ်ထဲက PDF တွေကို စစ်တပ်က ပြတ်ပြတ်သားသား ကိုင်တွယ်နှိမ်နင်းဖို့ လိုတယ်ဆိုပြီး လှုံ့ဆော်တောင်းဆိုနေကြပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဖြစ်စဥ်ဖြစ်ပြီးနောက် မျိုးချစ်ကိုမင်းရဲ့ ရုပ်အလောင်းနဲ့ ခေါင်းကို ပြန်လည်ရရှိရေး ကြိုးစားရှာဖွေနေတယ်လို့ အမျိုးသားရေးလှုပ်ရှားသူတွေက ပြောကြပြီး ဒီဇင်ဘာ ၃ ရက် မှာတော့ ခေါင်းမပါတဲ့ ကိုယ်ခန္ဓာပိုင်းကိုပြန်ရပြီး တောင်တွင်းကြီးမှာမီးသင်္ဂြိုဟ်ခဲ့တယ်ဆိုတဲ့သတင်းတွေလည်း စစ်တပ်ထောက်ခံသူတွေရဲ့တယ်လီဂရမ်ချန်နယ်တွေမှာ ရေးသားကြပါတယ်။
''အမျိုးသားရေးသမားတွေ အသက်ပေးနေရတယ်။ အကြမ်းဖက်အဖွဲ့တွေကို ကောင်းကောင်းမွန်မွန် မသုတ်သင်နိုင်ဘူးဆိုရင် ပြတ်ပြတ်သားသားမလုပ်နိုင်ဘူးဆိုရင် ဒီလိုပဲ ကျွန်တော်တို့ အသက်ပေးနေရလိမ့်မယ်'' လို့ အမျိုးသားရေးတက်ကြွလှုပ်ရှားသူ မောင်စိုးဆိုသူက တယ်လီဂရမ်မှာ ပြောဆိုထားပါတယ်။
အွန်လိုင်းပေါ် ပျံ့နှံ့ခဲ့တဲ့ ရုပ်သံဖိုင်ကိုကြည့်ထားတဲ့ စစ်တပ်ထောက်ခံသူ တော်တော်များများကတော့ ''တိုင်းပြည်အတွက် အသက်အသေခံပြီးလုပ်နေတဲ့ တပ်မတော်ချစ်သူတွေအတွက် လုံခြုံရေးအာမခံချက် ဘာမှမရှိဘူး'' လို့ တယ်လီဂရမ်နဲ့ TikTok မှာ ဝေဖန်ပြောဆိုနေကြပါတယ်။
မျိုးချစ်ကိုမင်း အသတ်ခံရတဲ့အပေါ် “လက်တုံ့ပြန်ကြဖို့” စစ်တပ်ထောက်ခံသူတွေရဲ့ တယ်လီဂရမ်ချန်နယ်တွေကနေ တိုက်တွန်းလှုံ့ဆော်နေသလို လုံခြုံရေးသတိနဲ့ သွားလာလှုပ်ရှားကြဖို့လည်း သတိပေးနေကြပါတယ်။
စစ်တပ်ထောက်ခံသူလည်းဖြစ် အမျိုးသားရေးဝါဒထောက်ခံသူတစ်ယောက် လည်းဖြစ်တဲ့ အဆိုတော်လီလီနိုင်ကျော် ၂၀၂၃ ခုနှစ်၊ ဇွန်လက ရန်ကုန်မြို့က သူ့နေအိမ်အနီးမှာ ပစ်ခတ်သတ်ဖြတ်ခံရပြီးတဲ့နောက် မျိုးချစ် ကိုမင်းဖြစ်စဥ်က အမျိုးသားရေးလှုပ်ရှားသူတွေကို စိုးရိမ်စိတ်တိုးစေတဲ့ နောက်ထပ်ဖြစ်ရပ်တစ်ခု ဖြစ်လာပါတယ်။
စစ်တပ်ထောက်ခံသူတွေက ကိုမင်းမင်း သတ်ဖြတ်ခံရမှုကို ဗိဿနိုး PDF အဖွဲ့လက်အောက်ခံ ကြိုးကြာနီတပ်ရင်းက လုပ်တာလို့ ပြောထားပြီး PDF တပ်ဖွဲ့ဝင်တချို့ကိုလည်း ဓာတ်ပုံတွေနဲ့ဖော်ပြထားပြီး ရအောင်ဖမ်းဆီးဖို့ လှုံ့ဆော်နေပါတယ်။
ကြိုးကြာနီတပ်ရင်း (၇) ကလည်း ဒီသတ်ဖြတ်မှုကို သူတို့လုပ်ခဲ့တာလို့ နိုဝင်ဘာ ၃၀ ရက်မှာ မီဒီယာအချို့ကို အတည်ပြုဖြေကြားထားသလို မျိုးချစ်ကိုမင်းဟာ စစ်တပ်ကို သတင်းပေးတာ၊ ရွာတွေကို မီးရှို့တာ၊ ပြည်သူတွေကို ရိုက်နှက်တာနဲ့ သတ်ဖြတ်တာတွေရှိလို့ ရှင်းလင်းခဲ့တာဆိုပြီး ပြောပါတယ်။
တချိန်တည်းမှာပဲ တော်လှန်ရေးအင်အားစုတွေဘက်ကလည်း မျိုးချစ်ကိုမင်းရဲ့ NUG/PDF တွေကို နှိမ်နင်းဖို့ ပြောကြားချက်တွေနဲ့ စစ်တပ်ရဲ့လေကြောင်းပစ်ခတ်မှုတွေကို အားရကျေနပ်ကြောင်းပြောထားတဲ့ရုပ်သံဖိုင်တွေကို သူသေဆုံးချိန်မှာ ပြန်လည်မျှဝေပြီး သူဟာ စစ်တပ်ရဲ့ အကြီးစား ထောက်တိုင် တစ်ယောက်လို့ ပြောဆိုနေကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
မျိုးချစ်ကိုမင်း ဆိုသူဟာ မလေးရှားနိုင်ငံ၊ ကင်မရွန်း ဟိုက်လန်းမြို့ မှာ ၂၀၂၁ အာဏာမသိမ်းခင်အထိ နေထိုင်အလုပ်လုပ်ခဲ့သူလို့ မလေးရှားက မြန်မာအသိုင်းအဝိုင်းက ပြောပါတယ်။
အစောပိုင်းကတည်းက မဘသ လို့ ခေါ်ကြတဲ့ အမျိုးဘာသာသာသနာအရေး လှုပ်ရှားသူဖြစ်ပြီး အာဏာသိမ်းတဲ့နောက် မလေးရှားမှာရှိနေချိန်မှာ စစ်အာဏာသိမ်းဆန့်ကျင်တဲ့ မလေးရှားရောက် မြန်မာအသိုင်းအဝိုင်းကို ဝေဖန်တာတွေ ဆက်တိုက်လုပ်ခဲ့သူလို့ ဆိုပါတယ်။
မလေးရှားနိုင်ငံမှာရှိချိန်ကတည်းက လင်းယုန်ပရဟိတအဖွဲ့ဆိုတာကို ထူထောင်ပြီး မဘသနဲ့ ပျူစောထီးအဖွဲ့တွေကို ထောက်ပံ့တယ်လို့ မလေးရှားက မြန်မာအဖွဲ့တွေက ပြောပါတယ်။
'' သူက အစောပိုင်းကတည်းက မဘသပဲ။ ၂၀၂၂ လောက်မှာ မလေးရှားကနေ ပြန်လာတော့ ထိုင်းထဲ ဝင်လာသေးတယ်။ ထိုင်းမှာ သူက စိန်ခေါ်လို့ ကိုမိုက်ကယ်တို့ အဖွဲ့က လိုက်ရှာတော့ သူ မြန်မာပြည် ပြန်ဝင်လာပြီး ပျူစောထီး လုပ်တာ။ မကွေး သွေးသောက်အဖွဲ့က ဆိုလည်း ဟုတ်တယ်'' လို့ မျိုးချစ်ကိုမင်း အကြောင်းသိရှိသူတစ်ဦးက ပြောပါတယ်။
မကွေးတိုင်းထဲမှာ လှုပ်ရှားနေတဲ့ Beikthano People’s Defense Army - ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ ဥက္ကဋ္ဌ ကိုကျီးကန်းကတော့ ပြည်သူ့စစ်မင်းမင်းနဲ့ အဖွဲ့ဟာ ဗိဿနိုးနယ်မြေ ဖြစ်တဲ့ တောင်တွင်း၊ မြို့သစ်နဲ့ နတ်မောက်မှာ အများဆုံးလှုပ်ရှားတယ်လို့ ပြောပါတယ်။
''သူက အရေးကြီးတဲ့သူပဲ။ လေနဲ့လုပ်တဲ့သူမဟုတ်ဘဲ စစ်ကောင်စီ တကယ်အားကိုးရတဲ့ သူတစ်ယောက်ဗျ။ နေပြည်တော်နဲ့ မကွေးကို ချိတ်ဆက်လုပ်ကိုင်နေတဲ့ ပြည်သူ့စစ်ခေါင်းဆောင် ဆိုရင်လည်း မမှားပါဘူးဗျ။''
''သူ့ရဲ့ တာဝန်က ကျွန်တော်တို့ထိန်းချုပ်ထားတဲ့ မြို့သစ်၊ နတ်မောက်၊ တောင်တွင်း အတွင်းကိုဝင်ရောက်ပြီးထိုးစစ်ဆင်ဖို့ လုပ်နေတာဖြစ်တယ်။ သူအသတ်ခံရတော့ ကျွန်တော်တို့နယ်မြေအတွင်းမှာ ထဲထဲဝင်ဝင်ဝင် ထောက်လှမ်းထားတဲ့ သူ့ ကွင်းဆက်တွေ အတော်များများ ပြတ်တောက်သွားတယ်'' လို့ ကိုကျီးကန်းက ပြောပါတယ်။
မျိုးချစ်ကိုမင်းရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ သူကိုယ်တိုင်ရေးသားခဲ့တဲ့အချက်အလက်တွေအရ မကွေးပြည်သူ့စစ်အပြင် ပုဂံမျှော် ပြည်သူ့စစ်အဖွဲ့ကိုလည်း ဖွဲ့စည်းထားပါတယ်။
စစ်တပ်ထောက်ခံသူတစ်ဦးရဲ့ အပြောအရ သတ်ဖြတ်ခံရသူ ကိုမင်းမင်းဟာ မကွေးတိုင်းနဲ့ နေပြည်တော်ကြား ဧရိယာမှာ ပြည်သူ့စစ်အသွင်နဲ့ တပ်ဖွဲ့တပ်စုနဲ့ လှုပ်ရှားလေ့ရှိတယ်လို့ ဆိုပါတယ်။
သူ့ရဲ့ကိုယ်ပိုင်လူမှုကွန်ရက်မှာ တင်ထားတဲ့ ရုပ်သံဖိုင်တွေနဲ့ ဓာတ်ပုံတွေအရဆိုရင် စစ်တပ်ထိန်းချုပ်မှု မလုပ်နိုင်တဲ့ ရွာတွေမှာ ကိုမင်းမင်း ဦးဆောင်ပြီး ဧည့်စာရင်းစစ်တာမျိုးနဲ့ စစ်ဆေးရေးဂိတ်တွေမှာ လက်နက်ကိုင်စစ်ဆေးတာမျိုးတွေ လုပ်တာကို တွေ့ရပါတယ်။
သူဟာ ပြည်သူ့စစ်အဖွဲ့တင်မက ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးသင်တန်းတွေ တက်ရောက်ထားသူဖြစ်တယ်လို့ သူကိုယ်တိုင် ထုတ်ပြောထားပါတယ်။
အသက် ၄၀ ကျော်အရွယ်ရှိတဲ့ မျိုးချစ်ကိုမင်း က NLD/ PDF နဲ့ တော်လှန်ရေးအင်အားစုတွေကို နှိမ်နင်းဖို့ ပြည်သူ့စစ်ထဲဝင်ခဲ့တာလို့ သူ့ရဲ့လူမှုကွန်ရက်တွေမှာ မကြာခဏရေးသားပြောဆိုပါတယ်။
မြန်မာစစ်တပ်ယူနီဖောင်းကို ဝတ်စုံပြည့်ဝတ်ဆင်ပြီး ဓာတ်ပုံရိုက်တာနဲ့ TikTok ဆော့တာတွေကို မကြာခဏ အွန်လိုင်းပေါ်တင်ပါတယ်။
သူသတ်ဖြတ်မခံရင် သူ့ကိုယ်ပိုင် TikTok အကောင့်မှာ နောက်ဆုံးတင်ခဲ့တဲ့ ဗီဒီယိုဖိုင်မှာဆိုရင် သူ နေပြည်တော်မှာ ရောက်နေကြောင်းပြောထားပြီး ''ပြည်သူတွေနဲ့ တွေ့တဲ့အချိန် အရပ်သားတစ်ယောက်ပါ။ အကြမ်းဖက်တွေနဲ့တွေ့ရင် စစ်သားတစ်ယောက်ပါ။ ဂရုစိုက်နေကြပါ'' လို့ ပြောထားပါတယ်။
မျိုးချစ်ကိုမင်း သတ်ဖြတ်ခံရမှုကြောင့် စစ်တပ်ထောက်ခံသူတွေကတော့ စစ်တပ်ကို ဖိအားပေးမှုတွေ ရှိနေပါတယ်။ ဒါအပြင် ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီးအမျိုးသားရေးတက်ကြွလှုပ်ရှားသူတွေက စစ်တပ်သတင်းထုတ်ပြန်ရေးအဖွဲ့ကို မေးခွန်းထုတ်မှုတွေရှိပေမဲ့ တပ်ဘက်ကတော့ ပြန်လည်ဖြေကြားထုတ်ပြန်ပြောဆိုတာ မတွေ့ရသေးပါဘူး။
ဒါပေမဲ့ ဒီဖြစ်စဥ်ကြောင့် မျိုးချစ်ကိုမင်း သတ်ဖြတ်ခံရတဲ့ မြို့သစ်နဲ့ ကန်ပြားနယ်ထဲမှာ စစ်တပ်ရဲ့ စစ်ကြောင်းထိုးတာနဲ့ လေကြောင်းပစ်ခတ်တာလို အကြမ်းဖက်တုံ့ပြန်မှုတွေ ပိုတိုးလာနိုင်တယ်လို့ တော်လှန်ရေးအင်အားစုတွေက သုံးသပ်ကြပါတယ်။
Beikthano People’s Defense Army - ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ ဥက္ကဋ္ဌ ကိုကျီးကန်းရဲ့ ပြောဆိုချက်အရ မျိုးချစ်ကိုမင်းသတ်ဖြတ်မခံရခင်ကတည်းက စစ်တပ်ရဲ့ စစ်ကြောင်းထိုးမှုတွေရှိသလို သတ်ဖြတ်ခံရပြီးနောက်လည်း ဆက်ရှိနေတယ်လို့ ဆိုပါတယ်။
'' ကျွန်တော်တို့နယ်မြေမှာ ကျားသစ်နက်၊ ကြိုးကြာနီ BO1 နဲ့နယ်မြေခံ ပကဖ နဲ့ ဂဠုန်တပ်ဖွဲ့ တို့က နယ်မြေအတွင်းမှာ စည်းစည်းလုံးလုံးနဲ့ ခုခံကာကွယ်ပြီး ထိန်းချုပ်ထားပါတယ်'' လို့ ကိုကျီးကန်း ကဖြေပါတယ်။
မျိုးချစ်ကိုမင်း သတ်ဖြတ်ခံရပြီးတဲ့နောက် မြန်မာရဲ့ TikTok ပလက်ဖောင်း မှာ စစ်တပ်ထောက်ခံသူတွေရော တော်လှန်ရေးအင်အားစုတွေဘက်ကပါ အဲဒီ သတ်ဖြတ်မှုဖြစ်စဥ်အပေါ် မတူညီတဲ့ နှစ်ဖက်အမြင်တွေနဲ့ အမုန်းစကားဖြန့်ဝေမှုတွေ လုပ်နေကြတာကိုလည်း တွေ့ရပါတယ်။
နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့(AAPP) ရဲ့ သုတေသနအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၀၂၄ ဒီဇင်ဘာလ ၂ ရက် အထိ "စစ်တပ်နဲ့သူ့ရဲ့ လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူနဲ့ ပြည်သူစုစုပေါင်း ၆,၀၀၀ ရှိပြီ" လို့ ထုတ်ပြန်ထားပါတယ်။
တစ်ဖက်မှာလည်း စစ်ကောင်စီရဲ့ ဖော်ပြချက်အရ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၄ စက်တင်ဘာအထိ အကြမ်းဖက်သတ်ဖြတ်ခံရလို့ ရဟန်းသံဃာ၊ နိုင်ငံ့ဝန်ထမ်း၊ အုပ်ချုပ်ရေးမှူးများအပါအဝင် အရပ်သားပြည်သူဦးရေ ၈,၀၀၀ ကျော် သေဆုံးထားတယ်လို့ ဆိုပါတယ်။
မျိုးချစ်ကိုမင်းဖြစ်စဥ် အပြီးမှာတော့ အာဏာသိမ်းစစ်တပ်နဲ့သူ့ရဲ့ထောက်ခံသူတွေ၊ အာဏာသိမ်းမှုကို တော်လှန်နေကြတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေအကြား ပစ်ခတ်သတ်ဖြတ်မှုတွေကို နှစ်ဖက်လုံးကအထိန်းအကွပ်မဲ့ ကျူးလွန်ကြတာတွေဖြစ်လာပြီလို့ နိုင်ငံရေးအကဲခတ်တချို့က ထောက်ပြကြပါတယ်။











