ရန်ကုန်မြို့လယ်ခေါင်မှာ ပစ်ခတ်ခံရတဲ့ ကိုဉာဏ်လွင်အောင်ဆိုတာဘယ်သူလဲ

ဓာတ်ပုံ ရင်းမြစ်, Urban Owls
စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီးဌာန အတွက် အမည်ခံပေးပြီး လက်နက်အပါအဝင် ပစ္စည်းတွေ ဝယ်ယူပေးနေတဲ့ လူငယ် စီးပွားရေးလုပ်ငန်းရှင် ကိုဉာဏ်လွင်အောင် ကို ရန်ကုန်မြို့လယ်ခေါင်မှာ အနီးကပ်ပစ်ခတ်ခဲ့တဲ့ အကြောင်း မြို့ပြပြောက်ကျားအဖွဲ့ တဖွဲ့ဖြစ်တဲ့ Urban Owls အဖွဲ့က ထုတ်ပြောလာပါတယ်။
အောက်တိုဘာ ၂ ရက် ၊ ည ၁၀ နာရီဝန်းကျင်တုန်းက စစ်ကောင်စီလုံခြုံရေးတင်းကျပ်ထားတဲ့ ရန်ကုန်မြို့၊ လသာမြို့နယ်၊ ၁၇ လမ်းထိပ် က နာမည်ကြီးထမင်းကြော်ဆိုင်မှာ ထိုင်နေတဲ့ အသက် ၃၅ နှစ်အရွယ် ကိုဉာဏ်လွင်အောင် ရဲ့ ဦးခေါင်း သေနတ်နဲ့ ပစ်ခတ် ခံခဲ့ရတာပါ။
“သေနတ်ဖောက်သံ တချက်ပဲ ကြားလိုက်ရတာ၊ ပြီးတော့ ထိုင်ခုံပေါ်ကနေ ပြုတ်ကျသွားတာပဲ။ နဖူးတည့်တည့် အပစ်ခံလိုက်ရတာ” လို့ မျက်မြင်မြို့ခံတစ်ဦးက ပြောပါတယ်။
သူ့ကို ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပြီး ဒီကနေ့ နေ့လယ်ပိုင်းမှာ ဆေးရုံမှာ ကွယ်လွန်ခဲ့တယ်လို့ နီးစပ်သူ အချို့ကပြောကြပေမဲ့ မိသားစုဘက်က တရားဝင်ထုတ်ပြောလာတာမတွေ့ရပါဘူး။
ပစ်ခတ်ခဲ့တဲ့ Urban Owls အဖွဲ့ကတော့ ကိုဉာဏ်လွင်အောင်ဟာ အာဏာသိမ်းစစ်ကောင်စီ ခေါင်းဆောင်ပိုင်းအချို့နဲ့ ရင်းနှီးသလို ခရိုနီလက်သစ်ဖြစ်အောင် ကြိုးစားနေသူလို့ သူတို့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာ ရေးသားထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Urban Owls
သိုသိုသိပ်သိပ်နေတဲ့ လူငယ်လုပ်ငန်းရှင် မီခေး
ရန်ကုန်မှာ ရုံးချုပ်ဖွင့်ထားပြီး စင်ကာပူ၊ ထိုင်း စတဲ့ နိုင်ငံတွေမှာ ရုံးခွဲတွေဖွင့်လှစ်ထားတဲ့ North Gate Engineering and Technology ကုမ္ပဏီကို ကိုဉာဏ်လွင်အောင် ဦးစီးလုပ်ကိုင်ပါတယ်။
ကုမ္ပဏီဟာ ၂၀၁၄ ခုနှစ်မှာ စတင်တည်ထောင်ထားတဲ့ လုပ်ငန်းဖြစ်ပြီး အစိုးရပရောဂျက်တွေကို လုပ်ကိုင်ပေးနေတယ်လို့ ကုမ္ပဏီရဲ့ တရားဝင် ဝဘ်ဆိုက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
“ကုမ္ပဏီဘက်က လက်ရှိမှာ ဘာမှမပြောနိုင်သေးပါဘူး”
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး Facial Recognition မျက်နှာမှတ်တမ်း တင်နိုင် တဲ့ CCTV တွေတင်သွင်းတာအပါအဝင် လက်နက်ဝယ်ယူပေးနေတယ်ဆိုတဲ့ ပြောဆိုချက်နဲ့ ပတ်သက်လို့ ကုမ္ပဏီကို ဘီဘီစီက တိုက်ရိုက်ဆက်သွယ်မေးမြန်းရာမှာ အဲဒီလိုတုံ့ပြန်ပါတယ်။
ဒါအပြင် ကိုဉာဏ်လွင်အောင် သေဆုံးမှုရှိ၊ မရှိ ဆိုတဲ့ မေးခွန်းကိုလည်း ဖြေကြားဖို့ ငြင်းဆန်ခဲ့ပါတယ်။
ကိုဉာဏ်လွင်အောင်မှာ အင်ဂျင်နီယာ၊ နည်းပညာပိုင်းဆိုင်ရာ လုပ်ငန်းခွဲတွေ ဒါဇင်ဝက် ကျော်ရှိသလို ခရီးသွားကုမ္ပဏီအသစ်လည်း ဖွင့်လှစ်ထားတယ်လို့ နီးစပ်သူတွေဆီက ဘီဘီစီ စုံစမ်းသိရှိထားရပါတယ်။
Urban Owls ရဲ့ ထုတ်ပြန်ချက်မှာတော့ Well and Fair လို့ အမည်ရတဲ့ ပြည်ပခရီးသွားကုမ္ပဏီ ထူထောင်ထားပြီး ငွေကြေးခဝါချမှုလုပ်ငန်းတွေ လုပ်ကိုင်နေတယ်လို့ ဆိုပါတယ်။
Well and Fair ကုမ္ပဏီကို စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်မှာ တည်ထောင်ခဲ့တာဖြစ်ကြောင်းကို သူတို့ရဲ့ ဝက်ဘ်ဆိုက် စာမျက်နှာမှာ ဖော်ပြထားချက်အရသိရပါတယ်။
ဒါပေမဲ့ ဒီလုပ်ငန်းကိုအသုံးပြုပြီး ငွေကြေးခဝါချမှုလုပ်တယ်ဆိုတာနဲ့ပတ်သက်လို့ ဘီဘီစီအနေ နဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, North Gate Company
ဒီလူငယ်စီးပွားရေးလုပ်ငန်းရှင် ဟာ စစ်ကောင်စီတာဝန်ရှိသူတွေနဲ့ ရုရှား၊ ထိုင်းခရီးစဉ်တွေ လိုက်ပါလေ့ရှိတယ်လို့ နီးစပ်သူတွေဆီကသိထားရပြီး Urban Owls ကလည်း သူဟာ စစ်တပ်ကိုယ်စားလှယ်တွေ နဲ့ အတူ ခရီးသွားလေ့ရှိသလို ရုရှားကာကွယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးနဲ့ ရင်းနှီးသူလို့ ဖော်ပြပါတယ်။
“သူက သိုသိုသိပ်သိပ်နေတယ်။ သာမန်လူလိုပဲ၊ ဒါပေမဲ့ သူလုပ်နေတာတွေက အများကြီးရှိတယ်။ သူ့ကို စုံစမ်းနေတာကိုလည်း သူသိပြီးသားပဲ” လို့ ကိုဉာဏ်လွင်အောင်အကြောင်း သိရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
သူဟာ စစ်ကောင်စီအစိုးရအဖွဲ့ရုံးတွေကို ဝင်ထွက်သွားလာလေ့ရှိပေမဲ့ သိုသိုသိပ်သိပ်နေတတ်တဲ့ ပုံစံကြောင့် ပြည်သူအများစု မသိရှိတဲ့ သူဋ္ဌေးတစ်ဦးဖြစ်ခဲ့ရာကနေ အခုလိုလုပ်ကြံခံရပြီး နောက် သူ့အကြောင်းတွေကို လူအများစိတ်ဝင်စားလာကြတာလည်းဖြစ်ပါတယ်။
ဘီဘီစီမေးမြန်းကြည့်ချက်အရ ကိုဉာဏ်လွင်အောင် မှာ ကိုမီခေး ဒါမှမဟုတ် Mikel Van De Jong ဆိုတဲ့အမည်တွေ ရှိသေးပြီး ကိုမီခေးအဖြစ် စီးပွားရေးနဲ့ တပ်အသိုင်းအဝိုင်းမှာ သိကြပါတယ်။
သူ့ရဲ့ နောက်ထပ်စာမျက်နှာ တဖက်ကတော့ DJ Mike Cash ဆိုတဲ့ အမည်နဲ့ ကလပ်အချို့မှာ ဖျော်ဖြေ လေ့ရှိသူပါ။
အခုနှစ် ဧပြီ ၁၇ ရက် မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ ကျရောက်တဲ့ ကိုမီခေးရဲ့ မွေးနေ့ပွဲ ကို သီးသန့်ပါတီ ပွဲအဖြစ် ကျင်းပခဲ့ပြီး ဝါရင့်အနုပညာရှင်အချို့ ပွဲတက်ရောက်ခဲ့ကြပါတယ်။
မြို့ပြဇီးကွက်များ အဖွဲ့က ဘာတွေလုပ်လဲ

ဓာတ်ပုံ ရင်းမြစ်, Urban Owls
Urban Owls တနည်းအားဖြင့် မြို့ပြဇီးကွက် လို့ ခေါ်ကြတဲ့ ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့ဟာ ၂၀၂၂ ခုနှစ် မေလ ၂၅ ရက်တုန်းကမှ လူမှုကွန်ရက်စာမျက်နှာဖြစ်တဲ့ ဖေ့စ်ဘွတ်ခ်ပေါ်မှာ အဖွဲ့အကြောင်း တရားဝင် ကြေညာခဲ့ပါတယ်။
သူတို့ရဲ့ လှုပ်ရှားမှုတွေကို အခု ၂၀၂၃ ခုနှစ်ကျမှ တွေ့ရှိခဲ့ရပြီး စစ်ကောင်စီ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ နီးစပ်သူနှစ်ဦးကို မတ်လ နဲ့ ဇွန်လ တွေအတွင်းမှာ ပစ်ခတ်ခဲ့ပါတယ်။
ပထမတစ်ဦးက နည်းပညာဆိုင်ရာ နဲ့ ဥပဒေပိုင်းဆိုင်ရာကျွမ်းကျင်သူ အဖြစ်လူသိများတဲ့ ဦးမင်းတေဇညွန့်တင်ဖြစ်ပြီး သူဟာ မတ်လ ၂၄ ရက်နေ့က သန်လျင်မြို့နယ်က သူ့နေအိမ်ရှေ့မှာသေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါတယ်။
အဲဒီတုန်းက Urban Owls အဖွဲ့ရဲ့ အပြောအရ ဦးမင်းတေဇညွန့်တင်ဟာ စစ်ကောင်စီ ကို ထောက်ခံသူလို့ ဆိုထားပြီး စစ်ကောင်စီ နဲ့ အကျိုးတူစီးပွားရေးတွေ လုပ်ကိုင်ဆောင်ရွက်နေသလို စစ်တပ်အရာရှိကြီးတွေရဲ့ ပိုင်ဆိုင်မှုတွေကို နိုင်ငံရပ်ခြားကို ပြောင်းရွှေ့ပေးသူလို့ ဆိုပါတယ်။
သုံးလအကြာ ဇွန်လ ၁၉ ရက်နေ့ မှာ တော့ အကြမ်းမဖက်အာဏာဖီဆန်ရေး CDM လှုပ်ရှားသူတွေကို ပြည်ပ ထွက်ခွာခွင့် ပိတ်ပင်တာအပြင် ဖမ်းဆီးမှုတွေမှာ ပါဝင်သူလို့ ဆိုပြီး အငြိမ်းစားစစ်တပ်အရာရှိလည်းဖြစ်၊ ရန်ကုန်လေဆိပ်ရဲ့ Operation Director နဲ့ လေဆိပ်လုံခြုံရေးဌာနအကြီး အကဲလည်းဖြစ်တဲ့ ဦးရဲခိုင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပြန်ပါတယ်။
ဒီဖြစ်စဉ်အပြီး ရက်ပေါင်း ၁၀၀ ကျော်အကြာမှာ တတိယမြောက်လှုပ်ရှားမှုအဖြစ် ကိုဉာဏ်လွင်အောင် သေနတ်နဲ့ ပစ်ခတ်ခဲ့တာဖြစ်ပါ တယ်။
အခုသေဆုံးခဲ့တဲ့ ကိုဉာဏ်လွင်အောင်ရဲ့ လုပ်ငန်းတွေကနေ စစ်ကောင်စီအတွက် လက်နက်တွေ ဝယ်ပေးနေတဲ့အကြောင်း အချက်အလက်အတိအကျရထားပြီး အချိန်တခုကြာအောင် စုံစမ်းထောက် လှမ်းထားခဲ့တယ်လို့ Urban Owls အဖွဲ့က ထုတ်ပြန်ထားပါတယ်။
“ဘယ်သူမှ မသိပါဘူးဆိုပြီးတော့ နောက်ကွယ်ကနေ လုပ်နေသူတွေရှိပါတယ်။ ကျွန်တော်တို့မှာ ထောက်လှမ်းရေးအချက်အလက်ရရှိထားတာတွေရှိတယ်” လို့ Urban Owls အဖွဲ့က သူတို့ရဲ့ လှုပ်ရှားမှု တွေအကြောင်း ပြောပါတယ်။
စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးလှုပ်ရှားသူတွေကို စစ်ကောင်စီက ခပ်စိပ်စိပ်ဖမ်းဆီးတာတွေ၊ ဧည့်စာရင်း လို ရပ်ကွက်အုပ်ချုပ်ရေးယန္တရားလို ပြန်လည်ပတ်ပြီး စစ်ဆေးမှုတွေကြောင့် ရန်ကုန်မြို့ပေါ်မှာ ပစ်ခတ်မှု တွေဟာ လပိုင်းလောက် လျော့နည်းခဲ့ပါတယ်။
စက်တင်ဘာလ အစတုန်းက ရန်ကုန်မှာ မြို့ပြလှုပ်ရှားမှုတွေ ပြန်စတင်မယ့်အကြောင်း နောက်ထပ်မြို့ပြ ပြောက်ကျားအဖွဲ့တဖွဲ့ဖြစ်တဲ့ Urban Special Operation (U.S.O) က စက်တင်ဘာ ၁၅ ရက်နေ့မှာ ထုတ်ပြန်ကြေညာ ခဲ့ပါတယ်။ အဲဒီနောက် အောက်တိုဘာ ၁ ရက် ညပိုင်း ၉ နာရီခွဲကျော် မှာ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဝဏ္ဏမောင်လွင်ရဲ့ သားဖြစ်သူ နေအိမ် ကို ဗုံးပစ် တိုက်ခိုက်မှုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲဒီနောက် အောက်တိုဘာ ၂ ရက်နေ့မှာ Urban Owls အဖွဲ့ရဲ့ အခုလှုပ်ရှားမှု ပေါ်ပေါက်လာတာပဲ ဖြစ်ပါတယ်။
နောက်ဆက်တွဲ အပြန်အလှန်ဖမ်းဆီးသတ်ဖြတ်မှုတွေအကြောင်း

ဓာတ်ပုံ ရင်းမြစ်, LILY NAING KYAW/FACEBOOK
တော်လှန်ရေးအင်အားစုတွေဘက်ကနေ စစ်ကောင်စီထောက်ခံသူလို့ သတ်မှတ်သူတွေကို ပစ်ခတ်သတ်ဖြတ် တဲ့ ဖြစ်စဉ်တွေပြီးရင် အပြန်အလှန်ဖမ်းဆီးသတ်ဖြတ်မှုတွေ ဆက်တိုက်ဖြစ်လေ့ရှိတာကို ဖြစ်ရပ်တွေကနေ ထင်သာမြင်သာရှိပါတယ်။
ထင်ရှားတဲ့ဖြစ်စဉ်ကတော့ အခုနှစ်မေလနှောင်းပိုင်းမှာ အာဏာသိမ်း စစ်ဗိုလ်ချုပ်တွေနဲ့ နီးနီးကပ်ကပ် ဆက်ဆံရေး ရှိခဲ့သူ အဆိုတော်ဒေါ်လီလီနိုင်ကျော်ကို သတ်ဖြတ်ခဲ့တယ်ဆိုပြီး စစ်ကောင်စီက စွပ်စွဲဖမ်းဆီးခဲ့ သူ နှစ်ဦးရဲ့ မိသားစုဝင်တွေ နေ့တွင်းချင်းသတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်ဖြစ်ပါတယ်။
ဒေါ်လီလီနိုင်ကျော် ကွယ်လွန်ခဲ့တဲ့ ဇွန်လ ၆ ရက်နေ့ မှာပဲ မြို့ပြပြောက်ကျားအဖွဲ့ တဖွဲ့ ဖြစ်တဲ့ Special Task Force- STF အဖွဲ့ဝင် နှစ်ဦး ကိုဖမ်းထားကြောင်း စစ်ကောင်စီက ကြေညာခဲ့သလို ဒီလို ကြေညာပြီး နာရီပိုင်းအတွင်းမှာပဲ စွပ်စွဲခံရသူထဲက တယောက်ဖြစ်တဲ့ ကိုကောင်းဇာနည်ဟိန်းရဲ့ မိခင်နဲ့ အမ တဝမ်းကွဲ တို့ကို လူတစ်စု က သတ်ဖြတ်သွားခဲ့ပါတယ်။
နောက်တရက် ဇွန်လ ၇ ရက် ညပိုင်းမှာတော့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့် အရေးဆိုင်ရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးရဲ့အစ်ကို ဖြစ်သူဟာ ရန်ကုန်က သူ့နေအိမ် အတွင်းမှာပဲ လုပ်ကြံ သတ်ဖြတ်တာ ခံလိုက်ရပါတယ်။
အောက်တိုဘာ ၂ ရက် ညပိုင်း ကိုဉာဏ်လွင်အောင် သတ်ဖြတ်ခံရမှုမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ဆေးမေးမြန်းတာတွေ လုပ်နေတယ်လို့ ကနဦးသိထားရပြီး ဖမ်းဆီးရမိသူ ရှိမရှိကိုတော့ ၃ ရက်နေ့ ညနေပိုင်းအထိ ထုတ်ပြန်ကြေညာတာမရှိသေးပါဘူး။
“ရုတ်တရက်ကြီး သေနတ်တချက်ဖောက်သံအကြား အဲဒီလူက စားနေတုန်း လဲကျသွားတာလေ။ အကုန် ထ ပြီး ထွက်ပြေးကြတာ” လို့ မျက်မြင်မြို့ခံတစ်ဦးက ဘီဘီစီကို ပြောပြပါတယ်။
လူမှုကွန်ရက်စာမျက်နှာပေါ်မှာတော့ သေဆုံးသူရဲ့ သက်တော်စောင့်ပါ သေဆုံးတယ်လို့ ရေးသားနေကြပေမဲ့ မျက်မြင်အချို့ကို မေးမြန်းကြည့်ချက်အရ သေဆုံးသူ အနီးမှာ အမျိုးသမီးတစ်ဦးရှိနေခဲ့ပြီး ထိခိုက်ဒဏ်ရာရ တာမရှိဘူးလို့ ဖြေကြပါတယ်။
“ကျွန်တော်တို့ အခုထိ လန့်နေတုန်းပဲ” လို့ မျက်မြင်မြို့ခံက သူ့ခံစားချက်ကို ပြောပါတယ်။
စစ်ကောင်စီနဲ့ နီးစပ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအကြောင်း ဖော်ထုတ်နေတဲ့ Justice For Myanmar မှာ ဖော်ပြခံရတာမျိုးမရှိတဲ့ လူငယ်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးရဲ့ အကြောင်းကို အခုလိုပစ်ခတ်ခံရပြီးမှသာ လူသိများလာခဲ့ကြပြီး ပြည်သူတွေ စိတ်ဝင်စားတဲ့ အကြောင်းအရာတခုဖြစ်လာပါတယ်။









