အာဏာသိမ်းပြီး တစ်နှစ်ခွဲအကြာမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ အခြေအနေ ဘယ်လိုရှိနေသလဲ

ရန်ကုန်မြို့ မြို့နယ်အချို့မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ သေနတ်ပစ်ခတ်ခံရမှု၊ အခုရက်ပိုင်း ဆက်လက်ပြီးဖြစ်ပွားလာနေပါတယ်။
စစ်ကောင်စီ အာဏာသိမ်းပြီးကာစကတော့ အုပ်ချုပ်ရေးမှူးတွေ ဓားနဲ့ထိုးပြီး သတ်ဖြတ်ခံရတာတွေများခဲ့ပြီးတော့ အာဏာသိမ်းပြီး တစ်နှစ်ကျော်ကာလမှာ သေနတ်နဲ့ အပစ်ခံရတာတွေ များလာခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲတဲ့ တစ်လခန့် ၊ ဇူလိုင်လ ၁၈ ရက် ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ အမှတ် ၆ ရပ်ကွက်၊ ကျန်စစ်သားအိမ်ရာ ဈေးလေးမှတ်တိုင်အနီးမှာ ည ၉ နာရီခွဲ အချိန် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးနဲ့ ၎င်းရဲ့နောက်လိုက်ဖြစ်သူတို့ သေနတ်နဲ့ပစ်ခတ်ခံလိုက်ရပြီး သေဆုံးသွားခဲ့ပါတယ်။
သေနတ်နဲ့ ပစ်ခတ်ခံရသူဟာ လှိုင်သာယာမြို့နယ် အမှတ် ၆ ရပ်ကွက်က ရွှေဆိုင်ပိုင်ရှင်လည်းဖြစ် အုပ်ချုပ်ရေးမှူးလည်းဖြစ်သူ ဦးကျော်စိုးထွန်း နဲ့ သူ့ရဲ့ နောက်လိုက်ဖြစ်သူ ဖိုးထူး ဆိုသူတို့ ဖြစ်တယ်လို့ သိရပါတယ်။
" ပစ်ခံရတဲ့ ရပ်ကွက်က သူ အုပ်ကြီးလုပ်နေတဲ့ ရပ်ကွက်ပါပဲ၊ အရင်က သူက ကျူးကျော်မှာနေတာ၊နောက် မိတ္တူဆိုင်လေးဖွင့်ထားတယ်၊ နောက်အုပ်ကြီးဖြစ်မှ ရွှေဆိုင်ပိုင်ရှင်ပါဖြစ်သွားတာ လို့ " လှိုင်သာယာ ၆ ရပ်ကွက်ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်တွေ ရောက်ရှိလာခဲ့ပြီး လှိုင်သာယာမြို့အနှံ့ ပိတ်ဆို့ စစ်ဆေးခဲ့ကာ သေနတ်ပစ်ဖောက်သံတွေနဲ့ လှိုင်သာယာမြို့အနှံ့ အစစ်အဆေး တင်းကျပ်တာတွေ ရှိခဲ့ပါတယ်။
လှိုင်သာယာ အပါအဝင် မြန်မာနိုင်ငံက မြို့နယ်ကျေးရွာတွေမှာ စစ်ကောင်စီ သတင်းပေးဒလန်ဆိုပြီး လုပ်ကြံသတ်ဖြတ်ခံရသူတွေထဲမှာ အရပ်သားတွေပြီးရင် အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ က အများဆုံးဖြစ်တယ်လို့ ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောခဲ့ပါတယ်။
အခုလို ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေ လုပ်ကြံသတ်ဖြတ်ခံရတာ ရှိပေမယ့် စစ်ကောင်စီဘက်က အုပ်ချုပ်ရေးယန္တရားမှာ ဝင်ပြီးလုပ်ကိုင်လိုသူတွေက ရှိနေဆဲဖြစ်နေပါတယ်။
လှိုင်သာယာ ၆ ရပ်ကွက်မှာ သေနတ်ပစ်ခံရလို့ သေသွားတဲ့ အုပ်ချုပ်ရေးမှူးနေရာ ဝင်လုပ်ချင်တဲ့သူတွေက အများကြီးရှိတယ်လို့ လှိုင်သာယာ ၆ ရပ်ကွက်နေသူတစ်ဦးကပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေ ပစ်မှတ်ထားတိုက်ခိုက်ခံရတာမှုတွေ သြဂုတ်လ အတွင်း ရန်ကုန်မြို့အပါအဝင်နယ်တွေမှာ ဆက်လက်ဖြစ်ပွားနေပါတယ်။
စစ်ကောင်စီအာဏာသိမ်းပြီး တစ်နှစ်နဲ့ ၆ လကျော် ကာလအတွင်း PDFတွေ သတ်ဖြတ်မှုကြောင့် သေဆုံးသူ ၃၄၈၃ ဦး ရှိသွားပြီလို့ စစ်ကောင်စီဘက်က ပြောခဲ့ပါတယ်။
စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် ကနေ ၂၀၂၂ ဇူလိုင် ၂၃ ရက်နေ့အထိ သေဆုံးခဲ့သူတွေစာရင်းဖြစ်ပြီး သေဆုံးသူတွေထဲမှာ ၂၆၉၀ ဟာ အရပ်သားတွေဖြစ်တယ်လို့ ဆိုပါတယ်။
ထုတ်ပြန်ချက်အရ အုပ်ချုပ်ရေးပိုင်းက သေဆုံးခဲ့သူ ၅၇၇ ဦး ရှိပြီး ဒုတိယ အများဆုံးဖြစ်ပါတယ်။ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ သေဆုံးမှုရှိပေမယ့် ဒီစာရင်းမှာ ဖော်ပြထားတာ မတွေ့ရပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Cj
ရန်ကုန်မြို့က ရွှေပြည်သာ၊ အင်းစိန်၊ မြောက်ဥက္ကလာမြို့နယ်တွေမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးရုံးတွေ တိုက်ခိုက်ခံရတာနဲ့ ရာအိမ်မှူးတွေကို ပစ်ခတ်သတ်ဖြတ်ခံရတာ ဒီရက်သတ္တပတ်အတွင်းမှာပဲ ဆက်တိုက်ဆိုသလို ဖြစ်နေပါတယ်။
ဒီထဲက အုပ်ချုပ်ရေးမှူးရုံးနဲ့ ရာအိမ်မှူးတွေ ရက်ပိုင်းအတွင်း ဆက်တိုက်ပစ်ခတ်ခံရပြီး သေဆုံးမှုဖြစ်ခဲ့တဲ့ ရွှေပြည်သာမြို့နယ်မှာတော့ ညပိုင်းတွေမှာ ကင်းလှည့်စစ်ဆေးတာတွေလုပ်နေပြီး စစ်သားတွေနဲ့ ရပ်ကွက်ထဲ လှည့်လည် စစ်ဆေးတာတွေရှိနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
တစ်ဖက်မှာလည်း စစ်ကောင်စီရဲ့ လုံခြုံရေးတင်းကျပ်မှုတွေကြားက စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ သပိတ်တွေ ဆက်ရှိနေသလို သပိတ်အဖွဲ့တွေနဲ့ မြို့ပြပြောက်ကျား လူငယ်တွေ ဖမ်းဆီးခံရတာ သေဆုံးတာတွေ ရှိနေတယ်လို့ မြို့ပြပြောက်ကျားတွေက ပြောပါတယ်။
ရန်ကုန်အပါအဝင် မြို့နယ်အချို့မှာ စစ်ကောင်စီကို ဆန့်ကျင်တဲ့မြေပေါ် ၊ မြေအောက်လှုပ်ရှားမှုတွေ ဆက်ရှိနေတာကြောင့် စစ်ကောင်စီဘက်က မြို့ပေါ်ရပ်ကွက်တွေကို စစ်ဆေးတင်းကျပ်မှုတွေ ဆက်တိုက်လုပ်နေပြီး သပိတ်အဖွဲ့တွေ၊ မြို့ပြပြောက်ကျား အဖွဲ့တွေကို ဆက်တိုက် ဖမ်းဆီးခံနေရတယ်လို့ ဆိုပါတယ်။
သြဂုတ်လ ၂၁ ရက်ညပိုင်းမှာလည်း မရမ်းကုန်းမြို့နယ်မှာရှိတဲ့ သပိတ်အဖွဲ့က လူငယ်တွေ တစ်ပြိုင်နက် ဖမ်းဆီးခံလိုက်ရပါသေးတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်ထဲမှာ ရန်ကုန်မြို့ပြ ပြောက်ကျားအဖွဲ့တွေ ရဲ့ နေထိုင်တဲ့ တည်းခိုခန်းတစ်ခု စီးနင်းခံလိုက်ရပြီး မြို့ပြပြောက်ကျားအဖွဲ့ဝင် ၆ ဦးဖမ်းဆီးခံလိုက်ရသလို အဲဒီထဲက ၂ ဦးကတော့ စစ်ကြောရေးမှာ သေဆုံးသွားတယ်လို့ မြိုပြပြောက်ကျားအဖွဲ့တစ်ခုဖြစ်တဲ့ Burmese Rangers Army က သတင်းထုတ်ပြန်ထားပါတယ်။
ဒီသတင်းနဲ့ပတ်သက်လို့ ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုနိုင်တာတော့မရှိသေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, CJ
စစ်ကောင်စီ အာဏာသိမ်းပြီး တစ်နှစ်နဲ့ ၆ လကျော်ကာလ အတွင်းတစ်ဖက်မှာလည်း စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၂၂၀၀ ကျော် သေဆုံးခဲ့တဲ့ အကြောင်း နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း အေအေပီပီက ထုတ်ပြန်ထားပါတယ် ။
လှိုင်သာယာ ၆ ရပ်ကွက်က အုပ်ကြီးနေရာဆိုရင် သူ့နေရာ အစမ်းခန့်ဝင်လုပ်နေတဲ့သူ ဒီကနေ့ဆိုရင်အစမ်းခန့် တစ်လပြည့်သွားပြီလို့ လှိုင်သာယာ ၆ ရပ်ကွက် ဒေသခံတစ်ဦးကပြောပါတယ်။
"လှိုင်သာယာ ဆိုတော့ လုပ်စားတတ်ရင် လုပ်စားစရာတွေအများကြီးဆိုတော့ အသက်နဲ့ ရင်းရတဲ့ နေရာတောင်လုပ်ချင်သူက အများကြီး"လို့ လှိုင်သာယာ ၆ ရပ်ကွက် တစ်ဦးက ပြောပါတယ်။








