ဘန်ဒေါင်း၊ လွတ်လပ်တက်ကြွတဲ့ ဘက်မလိုက် နိုင်ငံခြားရေးနဲ့ မြန်မာအစိုးရများ

- ရေးသားသူ, ဘိုဘို
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
မြန်မာနိုင်ငံဟာ စစ်တပ် အုပ်ချုပ်မှုအောက်မှာ အနှစ် ၅၀ ကျော် ကျရောက်ခဲ့လို့ တံခါးပိတ်ဝါဒ ကျင့်သုံးတဲ့ နိုင်ငံအဖြစ် သတ်မှတ်ခံရပါတယ်။
ဒါပေမဲ့လည်း လွတ်လပ်ပြီး တက်ကြွတယ်လို့ ကြေညာလေ့ရှိတဲ့ မြန်မာ့ နိုင်ငံခြားရေး ဝါဒကတော့ ၁၉၅၅ ခုနှစ်က ပေါ်ထွန်းခဲ့တဲ့ ဘန်ဒေါင်းမူကြီး ငါးချက်အပေါ်မှာ အမှီပြုပြီး ပေါက်ဖွားလာတာ ဖြစ်ပါတယ်။ အခုဆိုရင် ဘန်ဒေါင်းမူကြီးတွေ ချမှတ်ခဲ့တာ အနှစ် ၇၀ ရှိပါပြီ။
ဒီမူကြီးတွေကို အခြေခံပြီး နိုင်ငံတကာ အလယ်မှာ အမှီအခိုကင်းကင်းနဲ့ ရပ်တည်နိုင်ဖို့၊ ကမ္ဘာ့နိုင်ငံချင်း ချစ်ကြည်ရေးနဲ့ သာယာဝပြောရေးတွေမှာ ပါဝင်ကူညီဖို့ လွတ်လပ်ရေး ရစက မြန်မာခေါင်းဆောင်တွေ ရည်ရွယ်ခဲ့ပေမယ့် ပြည်တွင်းစစ်၊ ပထဝီနိုင်ငံရေး အနေအထားနဲ့ စစ်အာဏာသိမ်းမှုတွေကြောင့် ထင်တိုင်း မပေါက်ခဲ့ဘဲ အထီးကျန်နိုင်ငံအဖြစ် ဆယ်စုနှစ်တွေနဲ့ချီ ရပ်တည်ခဲ့ရပါတယ်။
မူကြီး ငါးချက်နဲ့ ဘက်မလိုက်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ငြိမ်းချမ်းရေးစွာအတူယှဉ်တွဲနေထိုင်ရေး အခြေခံမူ ငါးချက်လို့ သိကြတဲ့ ဘန်ဒေါင်းမူ ငါးချက်မှာ
-တနိုင်ငံ ပိုင်နက်နယ်ပယ် တည်တံ့ရေးနဲ့ အချုပ်အခြာအာဏာကို အခြားတနိုင်ငံက လေးစားရန်
-တနိုင်ငံနဲ့ တနိုင်ငံ မကျူးကျော် မတိုက်ခိုက်ရန်
-တနိုင်ငံနဲ့ တနိုင်ငံ ပြည်တွင်းရေးကိစ္စတွေမှာ ဝင်ရောက် မစွက်ဖက်ရန်
-တနိုင်ငံနဲ့ တနိုင်ငံ အဆင့်အတန်းချင်း တူညီမှု ရရှိရန် နဲ့ နှစ်ဦးနှစ်ဝ အကျိုးဖြစ်ထွန်းရန်
-နိုင်ငံရေးဝါဒအချင်းချင်း ကွဲလွဲစေကာမူ တနိုင်ငံနဲ့ တနိုင်ငံ ငြိမ်းချမ်းစွာ အတူတကွ ပေါင်းသင်းဆက်ဆံနိုင်စေရန် ဆိုပြီး ပါရှိပါတယ်။
အာရှ၊ အာဖရိက နိုင်ငံပေါင်း ၂၉ နိုင်ငံက အတည်ပြုခဲ့တဲ့ ဒီဘန်ဒေါင်းမူ ငါးချက်ကို စတင်ဖော်ဆောင်သူတွေထဲမှာ မြန်မာပြည်က ဝန်ကြီးချုပ် ဦးနုနဲ့ တရုတ် ဝန်ကြီးချုပ် ချူအင်လိုင်း၊ အိန္ဒိယ ဝန်ကြီးချုပ် နေရူးတို့ ပါဝင်ပါတယ်။
ဒီမူ ငါးချက်ကို ၁၉၅၄ က တရုတ်၊ အိန္ဒိယနဲ့ မြန်မာ သုံးနိုင်ငံ ပူးပေါင်း ချမှတ်ခဲ့တာဖြစ်ပြီး ၁၉၅၅ မှာ ဘန်ဒေါင်းမှာ အတည်ပြုခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အဲဒီကတဆင့် ဘက်မလိုက်နိုင်ငံများအဖွဲ့ဆိုပြီး ၁၉၆၁ ယူဂိုဆလားဗီးယားနိုင်ငံ ဘဲလ်ဂရိတ်မြို့မှာ ဖွဲ့စည်းခဲ့ပါတယ်။ ဒီအဖွဲ့မှာလည်း ဦးဆောင် ကမကထပြုတဲ့ အိန္ဒိယ၊ အင်ဒိုနီးရှား၊ အီဂျစ်၊ ဂါနာနဲ့ ယူဂိုဆလားဗီးယား နိုင်ငံတွေနဲ့အတူ မြန်မာက တက်တက်ကြွကြွ ပါဝင်ခဲ့ပြီး အနောက်အုပ်စုနဲ့ အရှေ့အုပ်စုကြား ဘယ်ဘက်မှ မလိုက်တဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများ အုပ်စုအဖြစ် ထင်ရှားခဲ့ပါတယ်။
အဲဒီနှစ်မှာပဲ မြန်မာပြည်က ကုလသမဂ္ဂ အမြဲတမ်း ကိုယ်စားလှယ် ဦးသန့်ကို ကုလသမဂ္ဂ အတွင်းဝန်ချုပ်အဖြစ် ခန့်အပ်ခံခဲ့ရပြီး နယူးဘားမားဦးတင်မောင်ကိုတော့ ကုလသမဂ္ဂ နိုင်ငံငယ်များ ထိန်းသိမ်းရေးအဖွဲ့ ဥက္ကဋ္ဌ အဖြစ် ခန့်အပ်ခံခဲ့ရကြောင်း ဦးအောင်သန့်ရဲ့ မြန်မာ့အရေး
ကမ္ဘာ့အရေး၊ နိုင်ငံစုံ သံတမန်ဆက်ဆံရေး မိတ်ဆက် စာအုပ်မှာ ပါရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, United Nations
စစ်အေးမီးလျှံထဲက မြန်မာ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒီလို နိုင်ငံခြားရေးမှာ အောင်မြင်ခဲ့ပေမယ့် အဲဒီခေတ် မြန်မာပြည်မှာ ပြည်တွင်းစစ်မီး တောက်လောင်နေပြီး ကွန်မြူနစ် ပုန်ကန်မှုနဲ့ ကရင်၊ မွန်၊ မူဂျာဟစ်၊ ရခိုင်၊ ရှမ်းနဲ့ ကချင် စတဲ့ လူမျိုးစုလက်နက်ကိုင်တွေရဲ့ ခွဲထွက်ရေးလှုပ်ရှားမှုတွေ ရှိခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး အာရှတလွှား ကိုလိုနီနိုင်ငံတွေ လွတ်လပ်ရေးယူချိန်မှာ ပြောင်းလဲလာတဲ့ ကမ္ဘာ့နိုင်ငံရေးနဲ့ ပြည်တွင်းစိန်ခေါ်မှုတွေကြောင့် မြန်မာပြည်ဟာ နိုင်ငံရှင်သန်ရေးအတွက် ဘက်မလိုက်လှုပ်ရှားမှုမှာ ပါဝင်ပြီး ဘက်မလိုက်နိုင်ငံခြားရေးမူဝါဒကို ချမှတ်ခဲ့ရကြောင်း အောင်ကျော်မင်းရဲ့ ချူလာလောင်ကွန်တက္ကသိုလ် အရှေ့တောင်အာရှလေ့လာရေးပညာ မဟာဝိဇ္ဇာဘွဲ့ယူစာတမ်းမှာ ပါရှိပါတယ်။
၁၉၄၈ လွတ်လပ်ရေး ယူချိန်မှာ ဆိုဗီယက်နဲ့ အရှေ့အုပ်စုဝင်နိုင်ငံတွေဘက်ကရော အမေရိကန်နဲ့ အနောက်အုပ်စုဝင်နိုင်ငံတွေကပါ ကွန်မြူနစ်လည်းမဟုတ် အရင်းရှင်လည်း မစစ်လှတဲ့ မြန်မာပြည်ကို သူတို့ဘက်သားလို့ မမြင်သလို ဗြိတိသျှ ဓနသဟာယထဲ မဝင်တဲ့ မြန်မာပြည်နဲ့ ကိုလိုနီသခင်ဟောင်း ဗြိတိန်ကြား ဆက်ဆံရေးကလည်း မနွေးထွေးလှပါဘူး။ ၁၉၄၈ ကာလကတ္တား (ကိုလ်ကတ္တား) မှာ ကျင်းပတဲ့ အရှေ့တောင်အာရှ လူငယ်ညီလာခံရဲ့ ရိုက်ခတ်မှုကြောင့် ဒေသတွင်းနဲ့ မြန်မာပြည်မှာ ကွန်မြူနစ်ပုန်ကန်မှုတွေ ပေါ်ထွန်းလာသလို ၁၉၄၉ မှာ နိုင်ငံအရှေ့မြောက်က တရုတ်ပြည်ကြီး ကွန်မြူနစ်အောက် ကျရောက်ခဲ့လို့ မြန်မာက ကွန်မြူနစ်မဟုတ်တဲ့ နိုင်ငံတွေထဲမှာ တရုတ်ကို ပထမဆုံး အသိအမှတ်ပြုတဲ့ နိုင်ငံ ဖြစ်လာပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
တရုတ်ပြည်သစ်နဲ့ ဆက်ဆံရေးကောင်းအောင် ကြိုးစားချိန်မှာပဲ တရုတ်ပြည်မကြီးကနေ စစ်ရှုံးပြီး ထွက်ပြေးလာတဲ့ ကူမင်တန်ခေါ် တရုတ်ဖြူ လက်နက်ကိုင်တပ်တွေ မြန်မာပြည် အရှေ့ပိုင်းက ရှမ်း၊ ကယား၊ ကရင်နဲ့ တနင်္သာရီဒေသမှာ ဝင်ရောက် ကျူးကျော်လို့ ကုလသမဂ္ဂကို တိုင်ကြားခဲ့ရပါတယ်။ ဒါပေမဲ့လည်း ထိရောက်တဲ့ ကြားဝင် ဖြန်ဖြေမှု မရဘဲ စစ်တပ်အင်အားကို တိုးချဲ့ပြီး တိုက်ထုတ်ခဲ့ရပါတယ်။
ဒေသတွင်းမှာလည်း ကိုရီးယားစစ်၊ အင်ဒိုချိုင်းနားစစ်တွေကြောင့် အမေရိကန်၊ တရုတ်နဲ့ ပြင်သစ်တပ်တွေ အာရှမှာ စစ်ခင်းနေကြသလို အင်ဒိုနီးရှားမှာလည်း ဒတ်ချ်နဲ့ အင်ဒိုနီးရှားတပ်တွေ တိုက်ပွဲဖြစ်နေပါတယ်။ မလွတ်လပ်သေးတဲ့ မလေးယား (မလေးရှား) မှာ ကွန်မြူနစ်ပုန်ကန်မှုကို အရေးပေါ် အခြေအနေ ကြေညာပြီး ဗြိတိသျှတပ်တွေက နှိမ်နင်းနေပါတယ်။ ထိုင်းမှာတော့ စစ်ဗိုလ်ချုပ်တွေနဲ့ နန်းတော်ကြား အာဏာပြိုင်ပွဲကြောင့် ရှုပ်ထွေးနေပါတယ်။
ဒီလို ပြည်တွင်းပြည်ပ အကျပ်အတည်းတွေကြား ကမ္ဘာ့နိုင်ငံတွေနဲ့ သင့်တင့်ညီညွတ်ဖို့ ကြိုးစားတဲ့အနေနဲ့ လွတ်လပ်ပြီးခေတ် ပထမဆုံး ဝန်ကြီးချုပ် ဦးနုက အရှေ့ အနောက် နိုင်ငံစုံနဲ့ ချစ်ကြည်ရေး တည်ဆောက်ဖို့ ကြိုးစားရာကနေ ဘန်ဒေါင်း မူကြီးငါးချက်နဲ့ ဘက်မလိုက်လှုပ်ရှားမှုထိ ပါဝင်ခဲ့သလို ဗိုလ်ချုပ်ကြီးနေဝင်း အိမ်စောင့်အစိုးရနဲ့ ဦးနုရဲ့ ပထစအစိုးရခေတ်တွေမှာ တရုတ်-မြန်မာနယ်နိမိတ်စာချုပ် ချုပ်ဆိုရေးကို အောင်မြင်အောင် ဆောင်ရွက်ခဲ့ကြပါတယ်။ ၁၉၅၅ မှာ ဖွဲ့စည်းတဲ့ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ သြစတြေးလျ၊ နယူးဇီလန်နဲ့ ထိုင်း၊ ဖိလစ်ပိုင်၊ ပါကစ္စတန် နိုင်ငံတွေ ပါဝင်တဲ့ ဆီးတိုးအရှေ့တောင်အာရှ စစ်စာချုပ်အဖွဲ့မှာလည်း မြန်မာ မပါဝင်ဘဲ လက်ရှောင်ခဲ့ပါတယ်။ မြန်မာပြည်ဟာ ပုစွန်ဆိတ်ကလေး ဘယ်လိုငယ် ပင်လယ်ကူးတတ်တယ် ဆိုသလို အင်အားနည်းပေမယ့် ကမ္ဘာ့အရေးတွေမှာ ပါဝင်ဆောင်ရွက်ချင်ကြောင်း ဝန်ကြီးချုပ် ဦးနုရဲ့ ၁၉၅၂ က ပြည်တော်သာ မိန့်ခွန်းမှာ ပါရှိခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
စစ်တပ်ခေတ် အမှောင်နှစ်များ၊ တရုတ်သြဇာနဲ့ အမေရိကန် ပိတ်ဆို့မှု

ဓာတ်ပုံ ရင်းမြစ်, Getty Images
၁၉၆၂ အာဏာသိမ်းပြီးနောက် တပါတီ ဆိုရှယ်လစ်နိုင်ငံ ထူထောင်ဖို့ ကြိုးစားချိန်မှာတော့ မြန်မာ့နိုင်ငံခြားရေးဝါဒဟာ အရင်လောက် မတက်ကြွဘဲ ငြိမ်ကျသွားခဲ့ပါတယ်။ မြန်မာပြည် အရှေ့နယ်စပ် လာအိုနဲ့ ဗီယက်နမ်၊ ကမ္ဘောဒီးယားနိုင်ငံတွေမှာလည်း ဗီယက်နမ်စစ်နဲ့ ပြည်တွင်းစစ်မီးတွေက ၁၉၇၀ ပြည့်လွန်နှစ်တွေထိ လောင်မြိုက်ခဲ့ပြီး အင်ဒိုနီးရှားမှာလည်း ၁၉၆၅-၆၆ အာဏာသိမ်းပွဲတွေကြောင့် အရှေ့အုပ်စုနဲ့ နီးစပ်တဲ့ ဆူကာနို ပြုတ်ကျပြီး အမေရိကန်နဲ့ အလွမ်းသင့်တဲ့ ဗိုလ်ချုပ်ကြီး ဆူဟာတို တက်လာပြီး လူသိန်းချီ သတ်ဖြတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးချက်ကို မြန်မာနဲ့အတူ ချမှတ်ခဲ့တဲ့ တရုတ်နဲ့ အိန္ဒိယလည်း ၁၉၆၂ မှာပဲ နယ်စပ်အငြင်းပွားမှုကြောင့် စစ်ဖြစ်ခဲ့ကြပါတယ်။
ဒီလို စစ်အေးပြိုင်ဆိုင်မှုပြင်းထန်တဲ့ အရှေ့နဲ့ အနောက် အုပ်စုတိုက်ပွဲတွေကြား မပါဝင်ဘဲ နေခဲ့တဲ့ မြန်မာပြည်ဟာ ၁၉၆၇ မှာ အသစ်ပေါ်လာတဲ့ အာဆီယံအဖွဲ့ကိုတောင် နှစ် ၃၀ ကြာ မဝင်ဘဲ နေခဲ့ပါတယ်။ နောက်ဆုံး အရှေ့ အုပ်စုဘက်ကို လိုက်တယ်ဆိုပြီး ဘက်မလိုက် နိုင်ငံအဖွဲ့ကနေလည်း ၁၉၇၉ မှာ နုတ်ထွက်ခဲ့ပြီး ၁၉၉၂ မှ ပြန်ဝင်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒီလို သတိထားတဲ့ကြားက ၁၉၆၇ တရုတ်-ဗမာအရေးအခင်း ပြဿနာကြောင့် ၁၉၆၈ မှာ နိုင်ငံအရှေ့မြောက်ပိုင်းက ရှမ်းပြည်နယ်မှာ တရုတ်ထောက်ခံမှုရတဲ့ ဗမာပြည် ကွန်မြူနစ်ပါတီတပ်တွေ ဝင်လာခဲ့ပါတယ်။
ဒီလို အင်အားကြီး စွက်ဖက်မှုနဲ့ ကြုံရပေမယ့်လည်း ဗိုလ်ချုပ်ကြီး နေဝင်းအစိုးရက တရုတ်နဲ့ ဆက်ဆံရေးကို ပြန်ကောင်းအောင် ကြိုးစားခဲ့ပြီး တရုတ်ကလည်း သူ့နယ်စပ်က ဗမာကွန်မြူနစ်တပ်တွေနဲ့ ရန်ကုန်က ဆိုရှယ်လစ် စစ်အစိုးရကို ညှိနှိုင်းဖို့ ၁၉၈၀-၈၁ မှာ ကြိုးစား ပေးခဲ့ပါတယ်။ ဒီညှိနှိုင်းမှု မအောင်မြင်ပေမယ့် ၁၉၈၉ မှာ ဗကပ ပြိုကွဲပြီး နောက်ပိုင်း ကျန်ခဲ့တဲ့ ဝ နဲ့ ကိုးကန့်တပ်တွေဟာ စစ်အစိုးရသစ်နဲ့ အပစ်ရပ်စဲရေး ရခဲ့သလို တရုတ်နဲ့ မြန်မာအစိုးရတွေကြား နီးစပ်မှု ပြန်ကြီးလာပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကမ္ဘာမှာ စစ်အေး အဆုံးသတ်သွားပေမယ့် တရုတ်နဲ့ အမေရိကန်ကြား အင်အားပြိုင်မှုက ဆက်ရှိနေသလို ၁၉၈၈ အရေးအခင်းမှာ လူထောင်ချီ သတ်ဖြတ်နှိမ်နင်းမှုတွေကြောင့် နာမည်ပျက်ခဲ့တဲ့ နဝတ စစ်အစိုးရအနေနဲ့လည်း အနောက်အုပ်စုနိုင်ငံတွေနဲ့ ဆက်ဆံရေး မပြေလည်ခဲ့ဘဲ အနှစ် ၂၀ ကျော် ဖြတ်သန်းခဲ့ရပါတယ်။
စီးပွားရေးအရ တံခါးဖွင့်ပေမယ့် နိုင်ငံရေး ဖိနှိပ်မှုတွေ ဆက်ရှိတဲ့ မြန်မာပြည်မှာ ပြည်တွင်းစစ်မီးကလည်း နိုင်ငံအရှေ့တောင်ပိုင်းမှာ ဆက်ပြီး တောက်လောင်ခဲ့ပါတယ်။ ၁၉၉ဝ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စစ်တပ်က အာဏာလွှဲမပေးဘဲ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဆယ်စုနှစ်နဲ့ချီပြီး အကျယ်ချုပ်ချခဲ့ပါတယ်။
၁၉၉၁ မှာ ငြိမ်းချမ်းရေး နိုဘယ်ဆုရပြီးနောက် နိုင်ငံတကာမှာ ပုံရိပ်ပိုကြီးလာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်နဲ့ အနောက်အုပ်စုနိုင်ငံတွေက ထောက်ခံပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ စစ်အစိုးရကိုတော့ တရုတ်၊ ထိုင်းနဲ့ အာဆီယံနိုင်ငံတွေက ကူညီခဲ့ကြပါတယ်။
အနောက်အုပ်စုရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ ရင်ဆိုင်ရတဲ့ နဝတ-နအဖ စစ်အစိုးရနဲ့ ရုရှား၊ မြောက်ကိုရီးယား နိုင်ငံတွေ ပိုနီးစပ်လာသလို တရုတ်ရဲ့ စစ်ရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးမှု အကူအညီတွေလည်း မြန်မာပြည်က ရရှိခဲ့ပါတယ်။ ဒီအတွက်လည်း မြန်မာပြည်က သယံဇာတတူးဖော်မှုတွေမှာ တရုတ်က အခွင့်အလမ်း ပိုရလာပါတယ်။
ဒီမိုကရေစီ ပျားရည်ဆမ်း ဆယ်နှစ်နဲ့ အိုင်စီဂျေ ခြောက်အိပ်မက်

ဓာတ်ပုံ ရင်းမြစ်, Getty Images
၂၀၁၁ နောက်ပိုင်း ကြံ့ခိုင်ရေးသမ္မတ ဦးသိန်းစိန်လက်ထက် နိုင်ငံရေး ဖြေလျှော့မှုတွေ လုပ်ချိန်မှာတော့ အနောက်နိုင်ငံတွေက ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဖျက်သိမ်းပြီး မြန်မာပြည်ကို ရွှေလမ်းငွေလမ်း ဖောက်ခဲ့ကြပါတယ်။ ၂၀၁၂ မှာ အမေရိကန် သမ္မတ အိုဘားမားနဲ့ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်တို့ မြန်မာပြည်ကို အရောက်လှမ်းပြီး အသွင်ပြောင်း စစ်ခေါင်းဆောင်နဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦးလုံးနဲ့ တွေ့ဆုံခဲ့သလို ၁၉၈၈ နောက်ပိုင်း ဝါရှင်တန်ကို မြန်မာခေါင်းဆောင်တွေ အရောက်လှမ်းဖို့လည်း ဖြစ်လာပါတယ်။
၂၀၁၁ ကလည်း တရုတ်ရဲ့ မြစ်ဆုံဆည် စီမံကိန်းကို ရပ်ဆိုင်းဖို့ အရပ်ဘက် အဖွဲ့အစည်းတွေ တောင်းဆိုခဲ့ကြပြီး သမ္မတဦးသိန်းစိန်က လိုက်လျောပေးခဲ့ပါတယ်။ ဒါကြောင့် အနှစ် ထောင်ကျော် မြန်မာနဲ့ သံတမန်အဆက်မပြတ်ခဲ့တဲ့ တရုတ်ပြည်၊ ၁၉၅၀ ကျော်ကတည်းက ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးအသွင်ရှိခဲ့တဲ့ တရုတ်ပြည်၊ ၁၉၈၈ နောက်ပိုင်း နဝတ-နအဖစစ်အစိုးရနဲ့ ရင်းနှီးခဲ့တဲ့ တရုတ်ပြည်နဲ့ မြန်မာကြား ဆက်ဆံရေးမှာ အနောက်နိုင်ငံတွေရဲ့ သြဇာဝင်လာတာလား တွက်ဆလာကြပါတယ်။
တရုတ်ဘက်ကလည်း အရင်လို စစ်တပ် တဖက်တည်းသာ မဟုတ်ဘဲ NLD နဲ့ လူမျိုးစုပါတီတွေ၊ အရပ်ဘက်အဖွဲ့တွေ၊ စာပေအနုပညာရှင်တွေကို တရုတ်ပြည်ကို ဖိတ်ခေါ်ပြီး ချစ်ကြည်ရေး တည်ဆောက်လာပါတယ်။ တိန့်ရှောင်ဖိန်ခေတ် ၁၉၇၉ ကတည်းက လေးမျိုးခေတ်မီပြုပြင်ရေးနဲ့ စျေးကွက်စီးပွားရေးကို ဖော်ဆောင်ကျင့်သုံးခဲ့တဲ့ တရုတ်ပြည်ရဲ့ ဥစ္စာဓနအင်အားကို ကမ္ဘာကို ဖြန့်ကျက်ဖို့အတွက် ရပ်ဝန်းနဲ့ လမ်းမ စီမံကိန်းကို ၂၀၁၃ တည်းက စတင်ခဲ့ရာမှာ အိမ်နီးချင်း မြန်မာပြည်ကို လွှမ်းခြုံဖို့လည်း ကြိုးစားလာပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြန်မာပြည်မမှာ ဒီမိုကရေစီသံတွေ မြည်လာချိန်မှာပဲ တောင်ပေါ်နဲ့ ကမ်းမြောင်ဒေသတွေမှာတော့ ပြည်တွင်းစစ်နဲ့ ဆူပူမှုတွေ တကျော့ပြန်လာခဲ့ပါတယ်။ နယ်ခြားစောင့် အသွင်ကူးပြောင်းရေး ပဋိပက္ခတွေကြောင့် ကိုးကန့်နဲ့ ကချင်မှာ စစ်ပြန်ဖြစ်ပြီး ပလောင်ခေါ် တအာင်းလူမျိုးတွေရဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နဲ့ ရခိုင်တွေရဲ့ အာရက္ခတပ်တော် (AA) လည်း ပေါ်လာပါတယ်။ ဒီလေးဖွဲ့ပေါင်းပြီး ၂၀၁၆ မှာ မြန်မာပြည်မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့ပေါ်လာသလို ကချင်မပါဘဲ ကျန်တဲ့ သုံးဖွဲ့နဲ့ ၂၀၁၉ မှာ ညီနောင်မဟာမိတ်သုံးဖွဲ့ဆိုပြီး ပေါ်ထွန်းလာပါတယ်။ ဒီအဖွဲ့တွေ ဘယ်လိုအင်အားကြီးလာသလဲနဲ့ လက်နက်ရင်းမြစ် ဘယ်က ရသလဲ ဆိုတာမှာလည်း တရုတ်နဲ့ မကင်းတဲ့ ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ကို ယိုးမယ်ဖွဲ့ကြသလို ကိုးကန့်နဲ့ တိုက်ပွဲတွေမှာ တရုတ်ကြေးစားတပ်တွေ ပါတယ်၊ တရုတ်အရာရှိတွေက ကူညီတယ်ဆိုပြီး စစ်တပ်ဘက်က စွပ်စွဲပါတယ်။
ရခိုင်မှာတော့ ၂၀၁၂၊ ၂၀၁၅ နဲ့ ၂၀၁၆-၂၀၁၈ ကာလတွေမှာ ရိုဟင်ဂျာနဲ့ ရခိုင်တွေကြား အဓိကရုဏ်းဖြစ်လို့ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်ကို သိန်းချီထွက်ပြေးရပြီး မြန်မာအစိုးရတပ်ရဲ့ အပြင်းအထန် နှိမ်နင်းမှုကြောင့် ၂၀၁၉ မှာ အပြည်ပြည်ဆိုင်ရာတရားရုံး (အိုင်စီဂျေ)မှာ တရားစွဲခံရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ အေအေနဲ့ အစိုးရတိုက်ပွဲတွေလည်း ပြင်းထန်ပြီး ပြည်နယ်အနှံ့ အင်တာနက် ဖြတ်တောက်တာတွေ NLD နဲ့ စစ်တပ် ပူးတွဲအုပ်ချုပ်တဲ့ခေတ်မှာ ဖြစ်ပွားခဲ့ပါတယ်။ နိုင်ငံကို တရားစွဲတာ ဖြစ်လို့ သွားရောက် ကာကွယ်မယ်ဆိုတဲ့ အဲဒီအချိန်က အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရပ်တည်ချက်ကို အနောက်နိုင်ငံ အများအပြားက ရှုတ်ချခဲ့တဲ့အတွက် မြန်မာနဲ့ တရုတ်ဆက်ဆံရေး ပိုနီးစပ်သွားခဲ့ပါတယ်။
တရုတ်ရပ်ဝန်းနဲ့ လမ်းမ စီမံကိန်းအစည်းအဝေးတွေအပါအဝင် တရုတ်ပြည်ကို အာဏာမရမီနဲ့ ရပြီးနောက် လေးကြိမ်ထိ ဒေါ်အောင်ဆန်းစုကြည် ရောက်ခဲ့သလို သူ့လက်ထက်မှာလည်း တရုတ်သမ္မတနဲ့ ခေါင်းဆောင်တွေ နေပြည်တော်ကို လာပြီး တရုတ်ရင်းနှီးမြှုပ်နှံမှုတွေမှာ လက်မှတ်ထိုးဖို့ ဆွေးနွေးခဲ့ကြပါတယ်။ ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ ကူမင်း-ကျောက်ဖြူ ရထားလမ်း၊ နယ်စပ်အထူးစီးပွားရေးဇုန်နဲ့ ရန်ကုန်မြို့သစ် စီမံကိန်းတွေ ပါဝင်တဲ့ တရုတ်-မြန်မာ စီးပွားရေး စင်္ကြံက ဒီဆက်ဆံရေးရဲ့ အသီးအပွင့် ဖြစ်ပါတယ်။
နွေဦးတော်လှန်ရေးလှိုင်းနဲ့ မြန်မာအချုပ်အခြာ

ဓာတ်ပုံ ရင်းမြစ်, Getty Images
၂၀၂၁ အာဏာသိမ်းပွဲအပြီး စစ်ကောင်စီနဲ့ ရုရှား၊ ဘယ်လာရုစ်တို့ ပိုနီးစပ်လာသလို အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကလည်း တကျော့ပြန်လာပါတယ်။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ရခိုင်နဲ့ အညာမှာ ပြည်တွင်းစစ် တကျော့လည်လာပြီး အာဏာသိမ်းအပြီး နယ်စပ်နဲ့ ပြည်ပကိုထွက်ပြေးသွားကြသူတွေစုပေါင်းဖွဲ့စည်းခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ အန်ယူဂျီ သစ္စာခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ ပေါ်လာပါတယ်။ မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ဆိုတာကလည်း အာဏာသိမ်းခါစတည်းက ထုတ်ပြန်ထားပေမယ့် ခုထိ ရေလည်အောင် အကောင်အထည်မဖော်နိုင်သေးတာကို တွေ့ရပါတယ်။ နိုင်ငံရေးအကျပ်အတည်း နှစ်ရှည်လာတာနဲ့အမျှ ပြည်တွင်းပြည်ပ နေရပ်စွန့်ခွာရတဲ့ ဒုက္ခသည်နဲ့ ရွှေ့ပြောင်း လူဦးရေလည်း ပိုများလာပြီး အိမ်နီးချင်းနိုင်ငံတွေအတွက် ခေါင်းခဲစေပါတယ်။
၂၀၂၃ မှာတော့ ရှမ်းပြည်မြောက်ပိုင်းမှာ ကျားဖြန့်ခေါ် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ နှိမ်နင်းရေးအတွက် ၁၀၂၇ စစ်ဆင်ရေး စတင်တယ်ဆိုပြီး မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ စစ်ဆင်ရေးကြီး စခဲ့ပါတယ်။ မိုးကုတ်၊ ကျောက်မဲ၊ လားရှိုး၊ သိန္နီကနေ လောက်ကိုင်ထိ ဖြန့်ကြက် သိမ်းပိုက်ခဲ့ပြီး စစ်တက္ကသိုလ်တွေ ရှိတဲ့ ပြင်ဦးလွင် (မေမြို့) နဲ့ မြန်မာပြည်မှာ ဒုတိယအကြီးဆုံး မန္တလေးနားထိ ရောက်လာတဲ့ ဒီစစ်ဆင်ရေးဟာ စစ်ကောင်စီအတွက် အလွန်အထိနာသလို ဒရုန်းနဲ့ လက်နက်ခဲယမ်းပိုင်းမှာ တရုတ်အကူအညီ ပါဝင်မှုနဲ့ ပတ်သက်ပြီး စိုးရိမ်စရာ ဖြစ်ခဲ့ပါတယ်။ လောက်ကိုင်က တရုတ်အလိုရှိတဲ့ မြီမိသားစုနဲ့ ပြည်သူ့စစ် ခေါင်းဆောင်တွေကို တရုတ်ဘက် လွှဲပေးခဲ့ရလို့ ရှမ်းအရှေ့ပိုင်းမှာ မြန်မာစစ်တပ်ရဲ့ အာဏာပိုင်စိုးမှုကို မေးခွန်းထုတ်စရာ ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်း တရုတ်ရဲ့ ကြားဝင်ဖြန်ဖြေမှုနဲ့ စစ်ကောင်စီနဲ့ ကိုးကန့်တပ်တွေကြား စစ်ပြေငြိမ်းရေးယူပြီး လားရှိုးကို ပြန်ပေးခဲ့ရသလို မိုးကုတ်နဲ့ စဉ့်ကူးဘက်မှာလည်း TNLA နဲ့ မန္တလေးပီဒီအက်ဖ်တွေ အရေးနိမ့်ခဲ့ပါတယ်။ ရခိုင်မှာတော့ အေအေက တပြည်နယ်လုံးနီးပါး သိမ်းပိုက်ခဲ့ပြီး အာဆာ လက်နက်ကိုင်တွေကို စစ်ကောင်စီက ထုတ်သုံးတာတွေ ဖြစ်လာခဲ့လို့ ရိုဟင်ဂျာနဲ့ ရခိုင်ကြား တင်းမာမှုတွေ ပြန်ဖြစ်လာပြီး ဒုက္ခသည် တသိန်းကျော် ဘင်္ဂလားဒေ့ရှ်ကို ထပ်ပြီး ထွက်ပြေးခဲ့ကြပါတယ်။
၂၀၂၅ မှာတော့ ကချင်မှာ ထွက်တဲ့ မြေရှားသတ္တုကြောင့် မြန်မာပြည်ကို စိတ်ဝင်စားမှု ရှိလာကြသလို အမေရိကန်ရောက် မြန်မာဒုက္ခသည် နှစ်သိန်းကျော်ရဲ့ မှတ်တမ်းတွေ ပြန်လည် ဆန်းစစ်တာနဲ့ အင်တာဗျူးပြန်ဖြေခိုင်းဖို့ ထရမ့်အစိုးရ စီစဥ်မှုတွေကြောင့်လည်း စစ်ကောင်စီနဲ့ အမေရိကန်ကြား ပြန်နီးစပ်လာမှာကို အတိုက်အခံတွေဘက်က စိုးရိမ်လာကြပါတယ်။ ရွေးကောက်ပွဲနီးလာချိန်မှာပဲ ဦးသိန်းစိန်ခေတ်မှာ ရပ်ဆိုင်းခဲ့တဲ့ မြစ်ဆုံဆည် ပြန်စဖို့ အသံတွေ ထွက်လာပါတယ်။
မြန်မာနိုင်ငံဟာ လွတ်လပ်ပြီး ခေတ်အဆက်ဆက်မှာ ဖြောင့်မတ်သော ကြားနေရေးဝါဒ၊ တိကျမှန်ကန်သော ကြားနေရေးဝါဒ၊ လွတ်လပ်သော နိုင်ငံခြားရေးဝါဒ၊ လွတ်လပ်၍ တက်ကြွသော နိုင်ငံခြားရေးဝါဒ၊ လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးဝါဒဆိုတဲ့ နိုင်ငံခြား ဆက်ဆံရေးမူတွေကို နာမည်အမျိုးမျိုးနဲ့ ကျင့်သုံးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ် ၂၀၂၂ က ရေးတဲ့ မြန်မာ့နိုင်ငံခြားရေးဝါဒ နဲ့ ယူကရိန်းစစ်ပွဲ ဆောင်းပါးမှာ ပါရှိပါတယ်။
လွတ်လပ်ရေးရကတည်းက ကြုံခဲ့ရတဲ့ ပြည်တွင်းစစ်နဲ့ ပြည်ပကျူးကျော်မှုတွေကြောင့် မြန်မာ့နိုင်ငံခြားရေးဟာ ထင်သလောက် မလွတ်လပ်နိုင်ဘဲ တုံ့နှေးခဲ့တာတွေ ရှိပါတယ်။ စစ်တပ်ရဲ့ အာဏာချုပ်ကိုင်မှု ရှည်ကြာတာနဲ့ နိုင်ငံရေးလွတ်လပ်မှု အားနည်းတာတွေကြောင့်လည်း နိုင်ငံမှာ စည်းလုံးမှု လျော့ရဲပြီး လူမျိုးစု စစ်တပ်တွေနဲ့ စစ်ကောင်စီကြား အာဏာပြိုင်မှုက ပိုပြင်းထန်လာခဲ့ပါတယ်။ လက်ရှိ အမေရိကန်၊ ရုရှားနဲ့ တရုတ်ကြားက ကမ္ဘာ့နိုင်ငံရေးလွန်ဆွဲပွဲတွေထဲမှာလည်း မြန်မာအရေးက ယူကရိန်း၊ ဂါဇာ အရေးတွေလောက် မထင်ပေါ်ဘဲ ရှိခဲ့ပါတယ်။
အင်အားကြီး တရုတ်နိုင်ငံနဲ့ အိမ်နီးချင်း ဖြစ်ရတဲ့အတွက် ကောင်းကျိုးဆိုးကွက်တွေ မြန်မာမှာ ခံစားရပြီး မြန်မာ့နိုင်ငံရေးထွက်ပေါက်အတွက် တရုတ်၊ အာဆီယံ၊ ကုလသမဂ္ဂနဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့ ကြိုးပမ်းမှုကလည်း အရာမထင်ဘဲ ရှိခဲ့ပါတယ်။ ဒါကြောင့် တချိန်က ကိုရီးယားအရေး၊ ဟန်ဂေရီအရေး၊ နမ်မီးဘီးယား လွတ်မြောက်ရေး၊ အယ်လ်ဂျီးရီးယား လွတ်လပ်ရေး ၊ ကွန်ဂိုဝန်ကြီးချုပ် လူမွန်ဘား သတ်ခံရမှု စုံစမ်းရေး၊ လာအိုအရေး၊ အာရှနဲ့ အရှေ့ဖျား စီးပွားရေး ကော်မရှင်၊ ငြိမ်းချမ်းရေး ထိန်းသိမ်းရေးအဖွဲ့ စတဲ့ ကမ္ဘာ့အရေးတွေမှာ တက်ကြွစွာ ပါဝင်ဖြေရှင်းဖို့ ကြိုးစားခဲ့ပြီး အင်ဒိုနီးရှားနဲ့ ဗီယက်နမ်လွတ်မြောက်ရေးတွေမှာ ကူညီခဲ့တဲ့ မြန်မာပြည်ဟာ ကိုယ်တိုင်ရဲ့ ပြည်တွင်းရေးကိုတော့ ပြေလည်အောင် မြန်မာခေါင်းဆောင်တွေ မရှင်းနိုင်ဘဲ အမယ်ဘုတ်ရဲ့ ချည်ခင်လိုပဲ ရှုပ်ထွေးခဲ့တာက နှစ် ၈၀ နီးပါး ရှိခဲ့ပါတယ်။
မူကြီးငါးချက်နဲ့ ၂၁ ရာစုမြန်မာ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပထမနိုင်ငံခြားရေးဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်းခေတ်ကနေ ဦးတင်ထွဋ်၊ စဝ်ခွန်ချို၊ ဦးသီဟန်ခေတ်ကို ကျော်ပြီး ဦးချစ်လှိုင်၊ ဦးအုန်းဂျော်၊ ဦးဝင်းအောင်ခေတ်တွေကို လွန်ပြီး ဦးဝဏ္ဏမောင်လွင်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါ်ဇင်မာအောင်ခေတ်ထိ မြန်မာနိုင်ငံခြားရေးဝန်ကြီးအဆက်ဆက် အိမ်နီးချင်းနိုင်ငံတွေနဲ့ ချစ်ကြည်ရေး၊ ပြည်တွင်းမှာ ပြည်ပတပ်စခန်းချခွင့်မပြုရေး၊ နိုင်ငံခြားစစ်အုပ်စုတွေမှာ မပါဝင်ရေး၊ ပြည်တွင်းရေးမှာ ပြည်ပစွက်ဖက်ခွင့် မပြုရေး စတဲ့ မူတွေနဲ့ နိုင်ငံခြားဆက်ဆံရေးကို ထိန်းကျောင်းဖို့ ကြိုးစားခဲ့ကြပါတယ်။ လက်တွေ့မှာတော့ ပြည်တွင်းစစ်၊ ပြည်ပကျူးကျော်မှု၊ စစ်အေးတိုက်ပွဲနဲ့ ပြည်တွင်းဖိနှိပ်အုပ်ချုပ်မှု၊ လူ့အခွင့်အရေးပြဿနာ၊ လူအစုအပြုံလိုက် ထွက်ပြေးမှုနဲ့ လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက် စတဲ့ ပြဿနာတွေ တလှေကြီးနဲ့ ခယောင်းတောကို ဖြတ်ခဲ့ရတဲ့ခရီးဖြစ်ပါတယ်။
ဒါကြောင့် တချိန်က မြန်မာနဲ့ အာရှ-အာဖရိကနိုင်ငံတွေ ကမကထပြု ဖော်ဆောင်ခဲ့တဲ့ ဘန်ဒေါင်းမူကြီးငါးချက်ဟာ လက်ရှိမြန်မာအကျပ်အတည်း ဖြေရှင်းရေးမှာ ဘယ်လောက်အသုံးဝင်သေးသလဲ ဆိုတာကို မေးစရာဖြစ်လာပါတယ်။ တနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်မစွက်ဖက်ရေးဆိုတဲ့ ဘန်ဒေါင်းမူတချက်ကို ခေတ်အဆက်ဆက် မြန်မာစစ်ခေါင်းဆောင်တွေသာမက နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ခေတ်၊ စစ်ကော်မရှင်ခေတ်ထိ ကိုင်စွဲပြီး လူမျိုးစုတွေအပေါ် ဖိနှိပ်မှုတွေကို ဖုံးကွယ်ဖို့ ကြိုးစားတယ်ဆိုပြီး စွပ်စွဲမှုတွေကလည်း များလာပါတယ်။ နောက်ပြီး တနိုင်ငံနဲ့ တနိုင်ငံ မကျူးကျော်ရေး၊ အချုပ်အချာအာဏာကို လေးစားရေးဆိုတဲ့ စကားတွေကိုလည်း လက်တွေ့နိုင်ငံရေးမှာ ဘယ်လောက်ထိ ရိုးသားစွာ ကျင့်သုံးနိုင်ကြသလဲ၊ မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ ဆက်ဆံရေးက ပြနေပါတယ်။
ဒါပေမဲ့လည်း အာရှ ပစိဖိတ်ဒေသမှာ တရုတ်နဲ့ အမေရိကန်ပြိုင်ဆိုင်မှု ပြင်းထန်လာချိန်မှာ မြန်မာပြည်လို အင်အားနည်းတဲ့ နိုင်ငံတွေအဖို့ ဘက်မလိုက်မူဝါဒကိုင်စွဲတာက ကျိုးကြောင်းကျတဲ့ ရွေးချယ်မှု ဖြစ်ကြောင်း ၂၀၂၁ ထုတ် အရှေ့တောင်အာရှ မျက်မှောက်ရေးရာဂျာနယ်ပါ ဆင့်ဆင့်မြတ်ရဲ့ မြန်မာ့ဘက်မလိုက်မူဝါဒကို ရှင်းပြခြင်း၊ ဘက်ပေါင်းစုံမှ ချဉ်းကပ်သုံးသပ်ချက် စာတမ်းမှာ ပါရှိပါတယ်။ ပထဝီနိုင်ငံရေးနဲ့ သဘောတရားရေးအရလည်း အစွန်းနှစ်ဘက်က လွတ်အောင်ရှောင်ပြီး ပြည်ပနဲ့ စစ်မက်ဖြစ်တာကို ရှောင်ကြဉ်တဲ့ ဘက်မလိုက်မူဝါဒဟာ မြန်မာ့လက္ခဏာလို ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။ ပြည်ပစစ်မက်ကို လက်ယပ်ခေါ်နေသလိုဖြစ်တဲ့ ကမ္ဘာ့စံချိန်တင် အရှည်ဆုံး ပြည်တွင်းစစ်ကို ငြှိမ်းသတ်ဖို့ကလည်း မြန်မာအစိုးရအဆက်ဆက် မအောင်မြင်သေးတဲ့ တာဝန်ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images










