ကမ္ဘာတဖက်က ရုရှားမိတ်ဆွေများနဲ့ မြန်မာ့နိုင်ငံရေး

ဓာတ်ပုံ ရင်းမြစ်, Pictures from History
- ရေးသားသူ, ဘိုဘို
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
ရုရှားနဲ့မြန်မာ ဆက်ဆံရေးဟာ နောက်ဆုံးတခေါက် စစ်အာဏာသိမ်းပြီးနောက် အနီးကပ်ဆုံးအဆင့်ကို ရောက်လာပါတယ်။ ဒါပေမဲ့လည်း လွတ်လပ်ရေးရစ မြန်မာပြည်အစိုးရကို ရုရှားက ၂ နှစ်ကျော် သံတမန်အဆက်အသွယ်မလုပ်ဘဲ ထားခဲ့ပြီး ၁၉၅၅ နောက်ပိုင်းမှ နွေးထွေးတဲ့ ဆက်ဆံရေး ပေါ်လာခဲ့တာပါ။ ၁၉၆၂ နောက်ပိုင်း မြန်မာစစ်အစိုးရတွေနဲ့ ရုရှားကြားမှာ နီးကပ်တဲ့ ဆက်ဆံရေး ရှိခဲ့ပြီး ၂ဝ၂၁ နောက်ပိုင်းမှာ ဒီဆက်ဆံရေးက ပြန်လည် ပေါ်ထွန်းခဲ့ပါတယ်။
ဇာဘုရင်၊ ပဲရစ်နဲ့ ရတနာပုံ
ရုရှားနဲ့ မြန်မာအလှမ်းဝေးပေမယ့် ၁၉ ရာစု မတိုင်ခင်ကတည်းက အပြန်အလှန်စိတ်ဝင်စားမှုတချို့ ရှိခဲ့ပါတယ်။ ၁၅ ရာစု ရုရှားခရီးသွား အဖာနာ ဆီနီကီတင်ရဲ့ ပင်လယ်သုံးစင်း ခြေကျင်သွားခြင်း မှတ်တမ်းမှာ မြန်မာပြည်အောက်ပိုင်း ပဲခူးနယ်ကြီး အကြောင်း ပါတယ်လို့ မလှကျော့ရဲ့ ဇာဘုရင်ခေတ် ရုရှား မြန်မာဆက်ဆံရေး သမိုင်းအကျဉ်း ၁၉ ရာစု စာတမ်းမှာ ပါရှိပါတယ်။
၁၉ ရာစုမှာတော့ ဗြိတိသျှကျူးကျော်မှုကြောင့် ပင်လယ်ထွက်ပေါက်ပိတ်နေတဲ့ မြန်မာထီးနန်း အတွက် အားကိုးရာ မြက်တပင်အဖြစ် ရုရှားကို မြန်မာဘက်က လိုလား ပြီး ဗုဒ္ဓပိဋကတ်စာပေတွေ ထွန်းကားတဲ့ အာရှ နိုင်ငံအဖြစ် ရုရှားက အရှေ့တိုင်း ပညာရှင်တွေက မြန်မာကို စိတ်ဝင်စားကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Heritage Images
ဒါကြောင့် မင်းတုန်းမင်းလက်ထက် ၁၈၇၃ မှာ မြန်မာမင်းက ရုရှားခရီးသွားတယောက်ကတဆင့် သံတမန်ဆက်ဖို့ စာချွန်လွှာပို့ခဲ့သလို ၁၈၇၄ မှာ ပါးရှား (အီရန်)ကို မြန်မာသံအဖွဲ့ ရောက်လာပြီး ရုရှားနဲ့ ဆက်ဖို့ ကြိုးစားတယ်လို့ မလှကျော့က ရေးပါတယ်။ ၁၈၇၅ မှာတော့ ကင်းဝန်မင်းကြီးက ရုရှားနဲ့ ဆက်ဆံရေး ထူထောင်လိုကြောင်း စာချွန်ပို့ခဲ့ပြန်တယ်လို့ ရုရှားသံရုံးက ၂ဝ၁၈ က ရေးသားဖူးပါတယ်။ ၁၈၇၆ မှာတော့ ရုရှားက အရှေ့တိုင်းပညာရှင် ပီတာပါရှီနို မြန်မာပြည် လာပါတယ်။ သူ့ရဲ့ ရုရှားအစိုးရဆီ အစီရင်ခံစာမှာ မင်းတုန်းမင်းက မဟာပီတာဘုရင်အကြောင်း စိတ်ဝင်တစား လေ့လာ လိုတယ်လို့ ဆိုပါတယ်။ နောက် မြန်မာနန်းတွင်းက လူငယ်တွေကို ရုရှားမှာ စစ်ပညာသင် စေလွှတ်လိုကြောင်း ပါရှီနိုကတဆင့် ရုရှားအစိုးရ ဝန်ကြီးတွေ ပို့ခဲ့ပေမယ့် အကောင်အထည်မပေါ်ခဲ့ပါဘူး။
၁၈၇၇ နဲ့ ၁၈၇၈ ဥရောပကို မင်းတုန်းမင်း စေလွှတ်တဲ့ ခရီးစဉ်တွေမှာလည်း ရုရှားနဲ့ သံအဆက်အသွယ်ရဖို့ ထပ်မံကြိုးစားခဲ့ပါတယ်။ ပြင်သစ်ကို ရောက်နေတဲ့ ဖန်ချက်ဝန် ဦးရွှေအိုးနဲ့ ရုရှားဓာတုဗေဒပညာရှင် မင်ဒီလိတို့ ပဲရစ်မှာ တွေ့ဆုံပါတယ်။ အဲဒီနောက် ရုရှား အိမ်ရှေ့စံ နီကိုလိုင် အလက်ဇန္ဒားဆီကို မင်ဒီလိကိုယ်တိုင် စာရေးပြီး ဘုရင်ဆီ တင်ပြပေးဖို့ တောင်းဆိုခဲ့ကြောင်း ဒေါက်တာ မျိုးသန့်တင်က ကုန်းဘောင်ခေတ် မြန်မာ့သိပ္ပံပညာရှင်များ စာအုပ်မှာ ရေးပါတယ်။ မြန်မာပြည် ဗြိတိသျှအောက် မကျမီ ၁၈၈၅ ကလည်း ပဲရစ်မှာ မြန်မာသံအဖွဲ့နဲ့ ရုရှားသံအမတ် တွေ့ဆုံခဲ့ပြီး သံတမန်ဆက်သွယ်ဖို့ ကြိုးစားခဲ့ကြပါတယ်။
ဆိုဗီယက်မြန်မာ အဓွန့်ရှည်
ကိုလိုနီဘဝ ၁၉၂ဝ ကျော်မှာတော့ ရုရှားမှာ ဖြစ်ပွားနေတဲ့ ဗော်လရှီဗစ်တော်လှန်ရေးအကြောင်းက မြန်မာသတင်းစာဖတ်ပရိသတ်တွေကြား ရောက်လာ ပါတယ်။ အနောက်တိုင်းသတင်းစာတွေကနေ ပြန်ဆိုတာ ဖြစ်လို့ လူဆိုးဓားပြတွေဆိုတဲ့ အသုံးအနှုန်းတွေ ပါပါတယ်။ ၁၉၃ဝ ကျော်မှာပဲ ဗော်လရှီဗစ်တွေ တရုတ်ပြည်ထိ ပြန့်ပွားလာတဲ့အကြောင်းကိုလည်း မြန်မာတွေ သိလာကြပါတယ်။ လက်ဝဲဝါဒဖြစ်လာမယ့် ဆိုရှယ်လစ် ကွန်မြူနစ် ဘုံဝါဒတွေအကြောင်း မြန်မာလူငယ်တွေ လိုက်စားလာပြီး ရန်ကုန်တက္ကသိုလ်မှာ ဝတ်လုံတော်ရ ဒေါက်တာဘဟန်က ဟောပြောတာမျိုး ရှိလာပါတယ်။
၁၉၃၇ မှာ နဂါးနီစာအုပ်အသင်းကြီး ထူထောင်ပြီးနောက် ရုရှားအရေးတော်ပုံအကြောင်း ရေးသားဖြန့်ချိလာပါတယ်။ ကြီးပွားရေးတိုက်က ထုတ်တဲ့ ဦးလှရဲ့ ဆိုဗီယက်ရုရှား ဟာလည်း ဒုတိယကမ္ဘာစစ်မဖြစ်ခင်မှာ ထွက်ခဲ့ ပါတယ်။ အဲဒီခေတ်က လူငယ်တွေ ဆိုဗီယက်စိတ်ကူးယဉ်ကြတဲ့အတွက် ကဗျာ ဆရာကြီး ဒဂုန်တာရာဟာ ကျိုက်ထီးရိုးအသွား တောင်နံရံမှာ ဆိုဗီယက်မြန်မာပြည် အဓွန့်ရှည်ပါစေ လို့ စာရေးခဲ့ဖူးပါတယ်။ ၁၉၃၉ မှာတော့ နိုင်ငံတကာ ကွန်မြူနစ်လှုပ်ရှားမှုနဲ့ ဆက်စပ်ပြီး ဗမာပြည်ကွန်မြူနစ်ပါတီကို ဘင်္ဂါလီနဲ့ မြန်မာရဲဘော်တွေ တည်ထောင်ခဲ့ပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်ဖက်ဆစ်ဓားအောက်က မြန်မာနိုင်ငံမှာ ကွန်မြူနစ်လှုပ်ရှားမှု ပိုကြီးမားလာပြီး ဖက်ဆစ်တော်လှန်ရေးမှာလည်း လက်ဝဲပုံစံ နိုင်ငံရေးမှူးနဲ့ စစ်ရေးတာဝန်ခံတွေ ပူးတွဲခန့်ထားခဲ့ပါတယ်။ စစ်အပြီး ကွန်မြူနစ်ပါတီမြေပေါ်ရောက်လာခဲ့သလို အလုပ်သမား လယ်သမား သမဂ္ဂတွေ ပေါ်လာခဲ့ပါတယ်။ ဖက်ဆစ်ဆန့်ကျင်ရေးတပ်ပေါင်းစုဖြစ်တဲ့ ဖဆပလပြိုကွဲပြီးနောက် ကွန်မြူနစ်ပါတီ ထွက်သွားပေမယ့် ကျန်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း နဲ့ ဆိုရှယ်လစ်ခေါင်းဆောင်တွေဟာ ဆိုဗီယက်ပုံစံ ပြည်ထောင်စု စနစ်တည်ထောင်ဖို့ လုံးပန်းခဲ့ ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Embassy of Russia in Myanmar
စတာလင်နဲ့ ဗကပ
၁၉၄၈ လွတ်လပ်ရေးနဲ့အတူ ပေါ်လာတဲ့ မြန်မာအစိုးရကိုတော့ ဆိုဗီယက်ဘက်က အမေရိကန်ဗြိတိသျှလူလို့ သတ်မှတ်ပြီး သံသယနဲ့ စောင့်ကြည့်ခဲ့ပါ တယ်။ အဲဒီအချိန်က ဆိုဗီယက်မှာ စတာလင် အုပ်စိုးနေပြီး အရှေ့ ဥရောပမှာလည်း သံကန့်လန့်ကာလို့ ခေါ်တဲ့ ဆိုဗီယက်သြဇာခံ ကွန်မြူနစ်အစိုးရတွေ တက်လာချိန် ဖြစ်သလို တရုတ်ပြည် ကွန်မြူနစ်တော်လှန်ရေးကိုလည်း ဆိုဗီယက်က ထောက်ခံနေပါတယ်။
မြန်မာပြည်မှာလည်း ဗော်လဂါမြစ်ရေကို ဂင်္ဂါကတဆင့် ဧရာဝတီကို ကူးပြောင်းသွန်းလောင်းဖို့ ကြိုးစားကြပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ နီးစပ်တဲ့ အိန္ဒိယကွန်မြူနစ်ပါတီကတဆင့် မြန်မာပြည်တွင်းမှာ ကွန်မြူနစ် တော်လှန်ရေးပေါ်အောင် ရုရှားက နောက်ကတွန်းတယ်ဆိုသလို ဗကပခေါင်းဆောင် တယောက် ဖြစ်တဲ့ ဂိုရှယ်ရေးတယ်ဆိုတဲ့ သူပုန်ထရေးအားပေးတဲ့ စာတမ်းကြောင့် တောခိုကြတယ်လို့လည်း ဆိုပါတယ်။ မြန်မာပြည် လွတ်လပ်ရေးဟာ နယ်ချဲ့နဲ့ စေ့စပ်ယူလို့ စစ်တယ်မစစ်ဘူး လက်ဝဲသမားတွေကြားမှာ ငြင်းကြသလို နုအက်တလီနဲ့ တခြားစာချုပ်တွေကြောင့် ဗြိတိသျှလုပ်ငန်းတွေကို လျော်ကြေးပေး သိမ်းယူရတာနဲ့ ပြည်တွင်းမှာ ဗြိတိသျှ စစ်မစ်ရှင်အဖွဲ့ ထားရတာတွေကိုလည်း ကွန်မြူနစ်တွေက ကန့်ကွက်ပါတယ်။
ဒီလိုအခြေအနေမှာ မြန်မာက ရုရှားကို သံတမန်ဆက်သွယ်လိုကြောင်း လန်ဒန်သံရုံးက မြန်မာသံအမတ် ဆာမောင်ကြီးကတဆင့် ဆက်သွယ်လာပေမယ့် ၁၉၅ဝ ကျမှ တရားဝင် သံရုံးဖွင့်နိုင်ခဲ့ပါတယ်။ ဆိုဗီယက်ကို လွှတ်တဲ့ ပထမဆုံး မြန်မာသံအမတ်ကတော့ ဦးနုအကြံပေး ဖြစ်လာမယ့် ဦးအုန်းဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Bettmann
ခရူးရှက်နဲ့ ဆိုဗီယက်သူလျှို
ခပ်တန်းတန်း ဖြစ်နေတဲ့ ဆိုဗီယက် မြန်မာဆက်ဆံရေးဟာ စတာလင်ခေတ်လွန်မှာ ပြောင်းလဲလာပါတယ်။ ကွန်မြူနစ်အောက်ရောက်သွားတဲ့ တရုတ် ပြည်ကတဆင့် မြန်မာကွန်မြူနစ်တွေကို မော်စကိုနဲ့ ပရက် စတဲ့ ဆိုဗီယက်နဲ့ သြဇာခံနယ်မြေတွေမှာ ခေါ်ယူ ပညာသင်ပေးတာတွေ ရှိပေမယ့် ဘက်မလိုက် အုပ်စုဖွဲ့ဖို့ တာစူနေတဲ့ မြန်မာ၊ အိန္ဒိယ၊ အီဂျစ် စတဲ့ နိုင်ငံတွေကိုလည်း ဆိုဗီယက်က စတင်စည်းရုံးနေပါတယ်။ ဒီနိုင်ငံတွေဟာ ကွန်မြူနစ်မဟုတ်ပေမယ့် အရင်းရှင်နိုင်ငံလည်း လုံးလုံးမဟုတ်တဲ့အတွက် ဆိုရှယ်လစ်မဟာမိတ်တွေအဖြစ် ဆိုဗီယက်နဲ့ ယူဂိုဆလားဗီးယားတို့က မိတ်ဖွဲ့ အကူအညီတွေ ပေးကြတာ ဖြစ်ပါတယ်။
ဒါကြောင့် ၁၉၅၅ မှာ မြန်မာနဲ့ ဆိုဗီယက်ခေါင်းဆောင်တွေရဲ့ အပြန်အလှန် ခရီးစဉ်တွေ ပေါ်လာပြီး ဆိုဗီယက်အကူအညီတွေလည်း မြန်မာပြည်က ရခဲ့ပါတယ်။ အင်းယားလိပ်ဟိုတယ်၊ ဗမာ့စက်မှုတက္ကသိုလ်ခေါ် ရန်ကုန် စက်မှုတက္ကသိုလ်နဲ့ စဝ်စံထွန်းဆေးရုံကြီးတွေဟာ ဖဆပလခေတ်က ဆိုဗီယက် အကူအညီနဲ့ ဆောက်တဲ့ လုပ်ငန်းကြီးတွေ ဖြစ်သလို ကျောက်ပန်းတောင်းနားက ကြက်မောက်တောင်ဆည်ကြီးကိုလည်း ဆိုဗီယက်က တည်ဆောက် ပေးခဲ့ပါတယ်။ မြန်မာဘက်ကတော့ ဆန်နဲ့ ပြန်ပေးချေခဲ့ပါတယ်။ ၁၉၅ဝ နှောင်းပိုင်းမှာ ဆန်စျေးကျလို့ အခက်ကြုံနေတဲ့ မြန်မာအစိုးရကို ဆိုဗီယက်နဲ့ တရုတ်နိုင်ငံတွေက ဆန်ဝယ်ပြီး စည်းရုံးခဲ့ကြောင်း အမေရိကန် သမိုင်းပါမောက္ခ ကေဒီက ရေးခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Keystone
၁၉၅၉ မှာတော့ ရန်ကုန် ဆိုဗီယက်သံရုံးက ဝန်ထမ်းတယောက် အမေရိကန်ဘက်ကို ဘက်ကူးပြောင်း ခိုလှုံခဲ့ပါတယ်။ အလက်ဇန္ဒား ကာဇနိုချေယက်ဗ် ရေးတဲ့ ဆိုဗီယက်သံရုံးတရုံးထဲမှာ စာအုပ်အရ ရန်ကုန်က လက်ဝဲ နိုင်ငံရေးသမားတွေကို ဆိုဗီယက်သံရုံးက ကား၊ နို့ကန်ထရိုက် စတဲ့ မက်လုံးတွေနဲ့ စည်းရုံးထားသလို တောထဲက ကွန်မြူနစ်တွေကို ဆေးဝါးနဲ့ တခြား အကူအညီတွေပေးဖို့ ရေဘဝဲ ဆိုတဲ့ မြန်မာနိုင်ငံရေးသမားကို သုံးကြောင်း ပါရှိပါတယ်။ အဲဒီနှစ်မှာပဲ ဆိုဗီယက်စစ်သံမှူး မစ်ခေးလ် စထရေးဂျန် က အမေရိကန်ဘက်ကို ပြောင်းဖို့ ကြိုးစား ရာမှာတော့ ဆိုဗီယက်သံရုံးက အလစ်မပေးဘဲ ဆေးတိုက်ချုပ်နှောင်ပြီး မင်္ဂလာဒုံလေဆိပ် ကနေ လေယာဉ်နဲ့ ပြန်ပို့ လိုက်ပါတယ်။ ဒီဖြစ်ရပ်မှာ သံရုံးရဲ့ ရိုင်းရိုင်းပြပြဆက်ဆံမှုကြောင့် မြန်မာ သတင်းထောက်တွေက ဆိုဗီယက်သံရုံးကို ကန့်ကွက် ဆန္ဒပြကြပါတယ်။
ဗရက်ဇညက်နဲ့ လမ်းစဉ်ပါတီ
၁၉၆၂ အာဏာသိမ်းပွဲအပြီး ပေါ်လာတဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို ကိုင်စွဲတဲ့ စစ်ခေါင်းဆောင်တွေနဲ့ မော်စကို ဆက်ဆံရေး ကောင်းခဲ့ပြန်ပါတယ်။ အဲဒီအချိန်က အရှေ့အုပ်စုမှာ တော်လှန်ရေးနဲ့ ပြုပြင်ရေးလိုင်းကွဲပြီး ဆိုဗီယက်နဲ့ တရုတ်အကွဲအပြဲဖြစ်ချိန်မှာ မြေပေါ်က အတိုက်အခံ ပမညတနဲ့ လက်ဝဲသမားတချို့က ဆိုဗီယက်ကို ထောက်ခံချိန်မှာ တောထဲက ဗကပက တရုတ်ဘက်လိုက်ပါတယ်။ ပမညတထဲက ဦးသိန်းဖေမြင့်၊ ဝိဓူရ သခင်ချစ်မောင် စတဲ့ နိုင်ငံရေးသမားတချို့ လမ်းစဉ်ပါတီကို ထောက်ခံတာတွေ ရှိလာပြီး ပူးပေါင်းတာတွေ ဖြစ်လာခဲ့ပါတယ်။ နောက် တောထဲက ပြန်လာတဲ့ ဗကပဟောင်းတချို့လည်း မဆလထဲ ဝင်လာပါတယ်။ ၁၉၆၄ က ဆိုဗီယက်မှာ ခရူးရှက်ပြုတ်ပြီး ဗရက်ဇညက်တက်လာပေမယ့် မြန်မာနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ဆက်ရှိခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Dick Loek
၁၉၆ဝ ပြည့်လွန်နှစ် စစ်တပ်ရဲ့ ခေတ်ပြောင်းတော်လှန်ရေးအောက်မှာ အညမည၊ ပါတီယူနစ်၊ ပြည်သူပိုင်၊ လူတန်းစား စတဲ့ စကားလုံးတွေ မြန်မာလူထုကြား နေ့စဉ်ကြားလာရပါတယ်။ ဆိုဗီယက်နဲ့ အရှေ့အုပ်စုထဲက အရှေ့ဂျာမနီ၊ ပိုလန်၊ ချက်ကို ဆလိုဗက်ကီးယား စတဲ့ နိုင်ငံတွေကို မြန်မာကျောင်းသား အများအပြား စေလွှတ်ပြီး ပညာ သင်စေသလို ရုရှားဆရာတွေ မြန်မာကျောင်းတွေမှာ လာသင်တာလည်း ပိုများလာပါတယ်။ ဒေါက်တာမြသန်း၊ ဒေါက်တာ မတင်ဝင်း၊ မောင်ကောင်းထိုက် (နှီးပဒေါ) စတဲ့ ပညာရှင်တွေဟာ ဆိုဗီယက်အုပ်စုက မွေးထုတ်လိုက်သူတွေ ဖြစ်ပါတယ်။
ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ မော်စကို ခရီးတွေ ပေါ်လာပြီး လမ်းစဉ်ပါတီထဲမှာလည်း ဗိုလ်မှူးချုပ်စန်းယုနဲ့ ဗိုလ်မှူးချုပ်တင်ဖေ စသူတို့ရဲ့ ဆိုဗီယက်အုပ်စု ပေါ်လာခဲ့ပါတယ်။ ဆိုဗီယက်မှာ ခရူးရှက်ခေတ်ကစပြီး ထီဖွင့်တာလို လူမှုစီးပွာရေးပိုင်း ဖြေလျှော့မှုတွေ လုပ်နေချိန်မှာ မြန်မာပြည်က ဆိုဗီယက်အုပ်စု ကတော့ ပြည်သူပိုင် သိမ်းတာနဲ့ လက်ဝဲအလွန်အကျွံတွေ လုပ်ပြီး နိုင်ငံစီးပွားရေးကို ဇောက်ထိုးကျစေခဲ့ပါတယ်။
အာဖရိက၊ လက်တင်အမေရိကနဲ့ အာရှက စစ်ဗိုလ်ချုပ်တွေနဲ့ ကွန်မြူနစ်တွေရဲ့ ဆိုရှယ်လစ်နိုင်ငံ ထူထောင်ရေး အိပ်မက်တွေမှာ ဆိုဗီယက်နဲ့ တရုတ် အပြိုင်စည်းရုံးခဲ့ကြပြီး မြန်မာပြည် ဆိုဗီယက်သံရုံးက သုံးတဲ့ ထောက်လှမ်းရေး စရိတ်က ထိုင်းနဲ့ စင်္ကာပူမှာ သုံးတဲ့ စရိတ်ထက် ပိုများကြောင်း ၂ဝဝ၆ က ဧရာဝတီ အင်္ဂလိပ်ပိုင်းမှာ ပါတဲ့ ဘားတီးလ်လစ်တနာရဲ့ မြန်မာနဲ့ ကေဂျီဘီ ဆောင်းပါးမှာ ပါရှိပါတယ်။ ၁၉၇၅ က ဆိုဗီယက်နဲ့ မြန်မာအစိုးရက တရုတ်နဲ့ ကနေဒါကို ထောက်လှမ်းခိုင်းတယ်ဆိုပြီး ဒယ်နီရယ်ဂေး ဆိုတဲ့ မြန်မာ ရွှေ့ပြောင်းဝင်လာသူတယောက်က တိုရွန်တိုကြယ် သတင်းစာကို ပြောကြားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Pictures from History
နိုင်ငံခြားရေးမှာတော့ ဆိုဗီယက်နဲ့ နီးစပ်တဲ့ အိန္ဒိယနဲ့ ဆိုဗီယက်ရန်သူဖြစ်နေတဲ့ တရုတ်တို့ နယ်နိမိတ်အငြင်းပွားပြီး စစ်ဖြစ်ချိန်မှာ ဗိုလ်ချုပ်ကြီးနေဝင်းက ဖြန်ဖြေဖို့ ကြိုးစားခဲ့ပါတယ်။ ၁၉၇ဝ ကျော်နှောင်းပိုင်းမှာ ဆိုဗီယက်ထောက်ခံတဲ့ ဗီယက်နမ်နဲ့ တရုတ်၊ တရုတ်ထောက်ခံတဲ့ ကမ်ပူးချားတို့ စစ်ဖြစ်ကြတာတွေကလည်း မြန်မာပြည် နိုင်ငံခြားရေးမှာ ရိုက်ခတ်ပါတယ်။ တခါ ၁၉၇၆ တရုတ်မှာ မော်စီတုန်းကွယ်လွန်ပြီးနောက် တိန့်ရှောင်ဖိန်တက်လာချိန်မှာ စီးပွားရေး ပြောင်းလဲမှုတွေ လုပ်လာသလို ဗကပကို ကူညီတာတွေ ရပ်စပြုလာပါတယ်။ မြန်မာပြည်မှာလည်း စီးပွားရေးပြန်လည်တိုးတက်ဖို့ ဂျပန် အကူအညီယူရာကနေ ဆိုဗီယက် အရှိန်ကျ လာပြီး ၁၉၇၉ မှာတော့ ဆိုဗီယက် ကြီးစိုးတဲ့ ဘက်မလိုက်အုပ်စုက မြန်မာပြည် နုတ်ထွက်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, KHIN MAUNG WIN
နဝတနဲ့ အဏုမြူအိပ်မက်
၁၉၈၈ နောက်ပိုင်း မြန်မာစစ်အစိုးရသစ်နဲ့ ၁၉၉၁ မှာ ဆိုဗီယက်နဲ့ အရှေ့အုပ်စု ပြိုကွဲပြီးနောက်ပိုင်း ပေါ်လာတဲ့ ရုရှားအစိုးရသစ်တို့ကြားက ဆက်ဆံရေးကလည်း ဆက်ပြီး ကောင်းမွန်ခဲ့ပါတယ်။ အထူးသဖြင့် အတိုက်အခံတွေအပေါ် ဖိနှိပ်မှုကြောင့် အမေရိကန်နဲ့ အနောက်အုပ်စုနိုင်ငံတွေရဲ့ ဖိအားပေးမှုကြုံနေရတဲ့ နဝတအစိုးရဟာ ရုရှား၊ မြောက်ကိုးရီးယားနဲ့ တရုတ် နိုင်ငံတွေနဲ့ ပိုမိုနီးစပ်လာသလို ရုရှား၊ ယူကရိန်း စတဲ့ ဆိုဗီယက်ဟောင်း နိုင်ငံတွေက စစ်ဘက်နဲ့ နည်းပညာတွေ ဝယ်ယူတာတွေ လုပ်ခဲ့ပါတယ်။ ရုရှားကို မြန်မာစစ်ဘက်နဲ့ နယ်ဘက် ပညာသင် ကျောင်းသားတွေ ထောင်ချီ စေလွှတ်ခဲ့ပြီး စေလွှတ်နေဆဲလည်း ဖြစ်ပါတယ်။
နဝတ အစိုးရဟာ အဏုမြူအင်အား ထူထောင်ဖို့ ကြိုးစားနေတယ်ဆိုပြီး အနောက်မီဒီယာတွေက စွပ်စွဲကြသလို ရုရှားနဲ့ မြောက်ကိုရီးယားက မြန်မာကို ကူညီတာတွေ ရှိတယ်ဆိုပြီးလည်း ရေးကြပါတယ်။ ၂ဝဝ၇ ကတည်းက မြန်မာပြည်မှာ အဏုမြူသုတေသနဌာန ဆောက်ဖို့ ရုရှားနဲ့ လက်မှတ်ထိုးခဲ့ပြီး ငြိမ်းချမ်းရေးအတွက် အဏုမြူစွမ်းအင်ကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်ရေးကို ၂ဝ၁၅ မှာ သဘောတူခဲ့တယ်လို့ ကမ္ဘာ့အဏုမြူ သတင်းဆိုက်က ရေးပါတယ်။ ဒါပေမဲ့ အဏုမြူကိစ္စမှာ ရုရှားရဲ့ ပါဝင်မှု ဘယ်လောက် ရှိတယ် ဆိုတာ အတိအကျ သိဖို့ မလွယ်ပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Anadolu Agency
စကစရဲ့ လက်နက်မဟာမိတ်သစ်
၂ဝ၂၁ အာဏာသိမ်းပြီးနောက်မှာတော့ ရုရှားနဲ့ မြန်မာစစ်တပ်နဲ့ ပိုနီးစပ်လာပြီး ၂ဝ၂၂ ယူကရိန်းစစ်ပွဲမှာတော့ မြန်မာ စစ်ကောင်စီက ရုရှားကို ထောက်ခံခဲ့ပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်၊ ဆားဘီးယားနိုင်ငံ တွေနဲ့အတူ ရုရှားက မြန်မာစစ်တပ်ကို လက်နက်ကူညီတာတွေ ရှိနေတယ်လို့လည်း အယ်လ်ဂျားဇီးယားသတင်းဆိုက်ပါ အယ်လေဂရာ မန်ဒယ်ဆန်ရဲ့ မြန်မာနဲ့ ရုရှားရဲ့ စစ်ရေးပြ ဆက်ဆံရေး ဆောင်းပါးမှာ ပါရှိပါတယ်။ ရုရှား လက်နက်ကုမ္ပဏီ ၁၉ ခုက မြန်မာစစ်တပ်ကို ကူညီနေပြီး သူတို့ကို ဒဏ်ခတ်ပိတ်ဆို့ဖို့လည်း ဂျပ်စတစ်ဖော်မြန်မာအဖွဲ့က တောင်းဆိုပါတယ်။
နိုင်ငံအနှံ့ အသစ်ပေါ်လာတဲ့ လက်နက်ကိုင်အဖွဲ့စုံနဲ့ တိုက်နေရတဲ့ မြန်မာစစ်တပ်ဟာ နိုင်ငံခြားငွေပေးပြီး လက်နက်ဖိုး မချေနိုင်တဲ့အတွက် ကျောက်သံပတ္တမြားနဲ့ သစ်လို ကုန်ကြမ်းတွေ ထုတ်သုံးလာနိုင်တယ်လို့လည်း မန်ဒယ်ဆန်က ရေးပါတယ်။ တခါ ရုရှားအစိုးရရဲ့ ကာကွယ်ရေး လုပ်ငန်းကြီးဖြစ်တဲ့ ရော့စတက်က ကိုယ်စားလှယ်တွေ မြန်မာပြည် သွားကြတယ်လို့လည်း သိရပါတယ်။ ဂျက်တိုက်လေယာဉ် အစိတ်အပိုင်းတွေ၊ တိုက်ပွဲသုံး ရဟတ်ယာဉ်တွေနဲ့ မြေပြင်က ဝေဟင်ပစ်တဲ့ ဒုံးကျည်တွေကို ရော့စတက်ရဲ့ ကုမ္ပဏီခွဲတွေက မြန်မာစစ်တပ်ကို ရောင်းချတယ်လို့ ဆိုပါတယ်။
ဒီလို ရုရှားနဲ့ ပိုမိုနီးစပ်လာတာဟာ မြန်မာပြည်ထဲက စစ်တပ်နဲ့ မတည့်တဲ့ လက်နက်ကိုင်တွေကိုပါ လက်နက်ရောင်းနေတဲ့ တရုတ်ကို လက်နက်အတွက် မမှီခိုချင်တာကြောင့်လို့လည်း ဒေးဗစ်မက်သီယာဆင် စတဲ့ ပညာရှင် တွေက သုံးသပ်ပါတယ်။ နောက် စျေးပေါတဲ့ တရုတ်ထက် လက်နက်အရည်အသွေး ပိုကောင်းတဲ့ ရုရှားကို မြန်မာက ဆက်ဆံချင်ပုံ ရပါတယ်။ နောက်ပြီး လေကြောင်းတိုက်ခိုက်မှုတွေ ပိုလုပ်လာတဲ့ မြန်မာစစ်တပ် အတွက် ရုရှားရဲ့ နည်းပညာတွေ ပိုလိုအပ်လာပါတယ်။

ဓာတ်ပုံ ရင်းမြစ်, DIMITAR DILKOFF
၁၈၇ဝ ကျော်က ရုရှားနဲ့ ဆက်ဆံရေး တည်ဆောက်ဖို့ လိုလားတဲ့ မြန်မာဘုရင်တွေရဲ့ ဆန္ဒမပြည့်ဝခဲ့ပေမယ့် ၂ဝ၂ဝ ကျော်မှာ စစ်ရေးနဲ့ လုံးပန်းနေရတဲ့ မြန်မာစစ်တပ်နဲ့ ရုရှားကြားက ဆက်ဆံရေးကတော့ တမျိုးဆန်းသစ် လာပါတယ်။ ဒီနှစ်နိုင်ငံဟာ နှစ် ၁၅ဝ ကျော်အတွင်း စနစ်အမျိုးမျိုး ဖြတ်သန်းခဲ့ပြီးနောက် အာဏာရှင်နိုင်ငံရေးအုပ်ချုပ်မှုတွေနဲ့လည်း ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။ နောက်ပြီး လူနည်းစုရေးနဲ့ ဒီမိုကရေစီဆိုင်ရာ အမြင် တွေမှာ နှစ်နိုင်ငံလုံးက အာဏာယူထားတဲ့ အစိုးရတွေရဲ့ အမြင် ဆင်တူနေပြီး အမေရိကန်နဲ့ အနောက်အုပ်စုရဲ့ လစ်ဘရယ်ကမ္ဘာ့အမြင်ကို ဆန့်ကျင်ရာမှာလည်း တူညီကြပါတယ်။ နှစ်ပြည်ထောင်လုံးမှာ ဂလပ်စနော့နဲ့ ပါတီစုံဒီမိုကရေစီကူးပြောင်းရေးလို အနောက်အုပ်စုဘက်က ဖြစ်စေချင်တဲ့ ပြုပြင်ရေးတွေ ကျဆုံးခဲ့ပြီး အမျိုးသားရေး အစွန်းရောက် အမြင်ကိုင်စွဲတဲ့ အစိုးရတွေ တက်လာပါတယ်။
လာမယ့်နှစ်တွေအတွင်း ဒီနှစ်နိုင်ငံရဲ့ နိုင်ငံရေးအနေအထား ဘယ်လိုပြောင်းလာမလဲ မသိနိုင်ပေမယ့် ပြင်းထန်တဲ့ အချိုးအကွေ့တွေနဲ့ တွေ့ကြုံရမယ့်ပုံကတော့ လက်ရှိ အခြေအနေအရ မြင်နေရပါတယ်။








