ဆိုဗီယက်ပြည်ထောင်စု ပြိုလဲကျဆုံးစေခဲ့တဲ့ အချက် ၅ ချက်

၁၉၉၁ ဒီဇင်ဘာ ၂၆ ရက်မှာ ဆိုဗီယက်ပြည်ထောင်စု ချုပ်ငြိမ်းပြီးဆုံးခဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၁၉၉၁ ဒီဇင်ဘာ ၂၆ ရက်မှာ ဆိုဗီယက်ပြည်ထောင်စု ချုပ်ငြိမ်းပြီးဆုံးခဲ့
    • ရေးသားသူ, ကက်ထရီနာ ကင်ကူလိုဗာနဲ့ အိုလ်ဂါ အိုဗ်ရှင်နား
    • ရာထူးတာဝန်, ဘီဘီစီ ရုရှားဌာန

၁၉၉၁ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက် မှာ ဆိုဗီယက်ပြည်ထောင်စု သမ္မတအဖြစ်က မီခေးလ် ဂေါ်ဘာချော့ဗ် နုတ်ထွက်လိုက်ပါတယ်။

နောက်နေ့ ဒီဇင်ဘာလ ၂၆ ရက်မှာတော့ နိုင်ငံရဲ့ လွှတ်တော် (Supreme Soviet) ကနေ ပြည်ထောင်စုဝင် နိုင်ငံ ၁၅ နိုင်ငံကို လွတ်လပ်သောနိုင်ငံတွေအဖြစ် တရားဝင်အသိအမှတ်ပြုလိုက်တဲ့အခါ ဆိုဗီယက်ပြည်ထောင်စုရဲ့ တည်ရှိမှုက ချုပ်ငြိမ်းသွား ပါတော့တယ်။

တချိန်က ကမ္ဘာ့ အင်အားအကြီးဆုံးနိုင်ငံ တနိုင်ငံရဲ့ အမှတ်သညာ တူ၊ တံစဉ်၊ အလံနီဟာ ကရင်မလင်နန်းတော်မှာ မလွင့်ပျံနိုင်တော့ဘဲ တိုင်ခြေကို လျောဆင်းသွားပါပြီ။

ဂေါ်ဘာချော့ဗ်ဟာ ၁၉၈၅ ခုနှစ်မှာ အာဏာရလာပြီး အဲဒီတုန်းက သူ့အသက်က ၅၄ နှစ်ပဲ ရှိပါသေးတယ်။ အဘက်ဘက်က ယိုယွင်းနေတဲ့ နိုင်ငံပြန်ပြီး ဘဝသစ် စနိုင်အောင် ပြုပြင်ပြောင်းလဲမှုတွေကို တန်းစီပြီး လုပ်ခဲ့ပါတယ်။

ပီရက်စတွိုင်ကာ (Perestroika - ပြန်လည်တည်ဆောက်ရေးနဲ့ ပြန်လည်စုဖွဲ့ရေး)နဲ့ ဂလပ်စ်နော့စ် (Glasnost - ပွင့်လင်းမှုနဲ့ လွတ်လပ်စွာပြောဆိုမှု) လို့ လူသိများတဲ့ ပြုပြင်ပြောင်းလဲရေးတွေကနေ နိုင်ငံဆုံးရှုံးတဲ့အထိ အခြေဆိုက်ခဲ့ကြတယ်လို့ အများက ကြောင်းကျိုးပြကာ ဆိုကြပါတယ်။ တချို့ကတော့ ဆိုဗီယက်ပြည်ထောင်စုဟာ တင်းတင်းကျပ်ကျပ်ကြီး စုဖွဲ့ထားတာမို့ ပြုပြင်ပြောင်းလဲ ရေးတွေနဲ့ ကယ်တင်လို့မရနိုင်ဘူးလို့ ပြောကြပါတယ်။

ရုရှားက သူတို့ကိုယ်သူတို့ ဘယ်လိုရှုမြင်လဲ၊ ကမ္ဘာကိုသူတို့ ဘယ်လို ဆက်ဆံဆောင်ရွက်သလဲဆိုတဲ့အပေါ် ကြီးကြီးမားမား သက်ရောက် နေဆဲဖြစ်တဲ့ ဆိုဗီယက်ပြည်ထောင်စုပြိုလဲရတဲ့ အကြောင်းရင်းခံတွေကို ဒီမှာ ကြည့်ရအောင်ပါ။

၁။ စီးပွားရေး

ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲခါနီး နောက်ဆုံးနှစ်တွေမှ အခြေခံကုန်ပစ္စည်းတွေ ပြတ်လပ်ကုန်တာ၊ ဆိုင်တွေမှာ တန်းစီပြီးမှ ဝယ်ရတာတွေ အများအပြား ကြုံခဲ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲခါနီး နောက်ဆုံးနှစ်တွေမှ အခြေခံကုန်ပစ္စည်းတွေ ပြတ်လပ်ကုန်တာ၊ ဆိုင်တွေမှာ တန်းစီပြီးမှ ဝယ်ရတာတွေ အများအပြား ကြုံခဲ့ရပါတယ်။

ဆိုဗီယက်ပြည်ထောင်စုရဲ့ပြဿနာအားလုံးထဲမှာ အကြီးမားဆုံးပြဿနာကတော့ နိုင်ငံ့စီးပွားရေး ပြိုလဲသွားတာပါ။ ဗဟိုကချုပ်ကိုင်တဲ့ စီမံကိန်းစီးပွားရေးစနစ်ကို နိုင်ငံက ကျင့်သုံးခဲ့တယ်၊ ဒါက တခြားနိုင်ငံအများစုမှာ ကျင့်သုံးနေတဲ့ စျေးကွက်စီးပွားရေး စနစ်နဲ့ ဆန့်ကျင် ဘက်ပါ။

ဆိုဗီယက်ပြည်ထောင်စုမှာက မော်တော်ကား ဘယ်လောက်ထုတ်လုပ်မယ်၊ ရူးဖိနပ် ဘယ်နှစုံထုတ်မယ်၊ ပေါင်မုန့် ဘယ်နှလုံးထုတ်မယ်ကအစ ဘာပဲထုတ်ထုတ်၊ ဘယ်လောက် ထုတ်လုပ်ရမယ်ဆိုတာကို အစိုးရကပဲ ဆုံးဖြတ်ပါတယ်။

နိုင်ငံသားတဦးချင်းက ဒီလိုကုန်တွေကို ဘယ်လောက်များများလိုအပ်သလဲ၊ အဲသလို ကုန်တွေထုတ်လုပ်ဖို့အတွက် ဘယ်လောက် ကုန်ကျသင့်လဲ၊ ဒီကုန်တွေကို ဝယ်ယူမယ့် ပြည်သူတွေက ဘယ်လောက်ပေးသင့်လဲ စတာတွေကိုလည်း အစိုးရက ဆုံးဖြတ်ပါတယ်။

သီအိုရီအရတော့ ဒီစနစ်ဟာ စနစ်တကျရှိပြီး စွမ်းဆောင်မှုကောင်းတယ်၊ မျှတတယ်လို့ ဆိုနိုင်ပေမယ့် တကယ်တမ်းမှာတော့ အလုပ်ဖြစ်ဖို့အတွက် အတော်ကို ရုန်းကန်ခဲ့ရတာပါ။

ဝယ်လိုအားနောက်ကို မီအောင် ထုတ်လုပ်မှုက မလိုက်နိုင်ပါဘူး၊ ဒီကြားထဲမှာ ငွေကြေးက ဘာမှ အဓိပ္ပာယ်မရှိတာလည်း ဖြစ်သွားပါတယ်။

ဆိုဗီယက်ပြည်ထောင်စုက လူအများအပြားဟာ ဆင်းရဲသွားကြတာတင်မဟုတ်ဘဲ အခြေခံ လိုအပ်တဲ့ကုန်တွေ လုံလုံလောက်လောက် ဘယ်တော့မှမရတဲ့အတွက် သူတို့လက်ထဲမှာ အဲဒီ လိုအပ်ကုန်ပစ္စည်းတွေကအစ မရှိနိုင်တော့တာပါ။

ကားတစီးဝယ်မယ်ဆိုရင် စောင့်ဆိုင်းစာရင်းထဲမှာပဲ ကိုယ့်နာမည်က နှစ်ပေါင်းအတော်ကြာ ရှိနေတတ်ပါတယ်။ ကုတ်အင်္ကျီတထည် ဒါမှမဟုတ် ဆောင်းတွင်းစီး ဘွတ်ဖိနပ် တစုံဝယ်မယ် ဆိုရင်လည်း လူတန်းရှည်ကြီးထဲမှာ တန်းစီပြီး နာရီပေါင်းများစွာ စောင့်ရပါတယ်။ ဝယ်ဖို့အလှည့် ကျရင်လည်း ကိုယ်နဲ့ တော်တဲ့ ဆိုဒ်က ရှိချင်မှ ရှိတော့တာပါ။

ဆိုတော့ ဆိုဗီယက်ပြည်ထောင်စုမှာ လူတွေက ဝယ်ဖို့ကို သိပ်မပြောတော့ဘဲ ရှိတာကိုပဲ သိမ်းထားကြပါတယ်။

ဘာတွေက အခြေအနေဆိုးစေခဲ့သလဲဆိုတော့ ၁၉၅၀ နှောင်းပိုင်းနှစ်တွေက စပြီး ဆိုဗီယက် ပြည်ထောင်စုနဲ့ အမေရိကန် ပြည်ထောင်စု တို့အကြား အာကာသစူးစမ်းလေ့လာမှုတွေ၊ လက်နက်ထုတ်လုပ်မှုတွေမှာ ပြိုင်ဆိုင်ကြရာကနေ ကုန်ကျတဲ့ စားရိတ်တွေကြောင့် ပိုဆိုးသွားခဲ့တာပါ။

ဆိုဗီယက်ပြည်ထောင်စုဟာ သူတို့ အာကာသယာဉ်မှူးတွေကို ကမ္ဘာပတ်လမ်းကြောင်းထဲကို အရင်ဦးဆုံးပို့နိုင်ခဲ့တယ်၊ နျူကလီယား လက်နက်အများအပြားလည်း ပိုင်ဆိုင်သလို၊ အဆင့်မြင့်နည်းပညာတွေသုံးထားတဲ့ တိုက်ချင်းပစ် မစ်ဇိုင်းဒုံးကျည်တွေကိုလည်း ထုတ်လုပ်နိုင်ပါတယ်။ ဒါပေမယ့် ဒါတွေက သိပ်ကို ကုန်ကျစားရိတ်များခဲ့ပါတယ်။

ဒီပြိုင်ဆိုင်မှုတွေအတွက် သူ့ရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့လို သဘာဝအရင်းအမြစ်တွေကို ဆိုဗီယက်ပြည်ထောင်စုက မှီခိုခဲ့ပေမယ့် ၁၉၈၀ နှစ်တွေ အစပိုင်းမှာ ရေနံစျေးက ထိုးကျခဲ့ပြီး အဲဒီအချက်က သူတို့စီးပွားရေးကို အကြီးအမားထိခိုက်ခဲ့ပါတယ်။

ဂေါ်ဘာချော့ဗ်ရဲ့ ပီရက်စတွိုင်ကာမူဝါဒထဲမှာ စျေးကွက်စီးပွားရေး အခြေခံမူတွေကို မိတ်ဆက်ပေးထားပေမယ့် ကြီးမားလှတဲ့ ဆိုဗီယက်စီးပွားရေးက ပြုပြင်ပြောင်းလဲရေး အလျင်အမြန်လုပ်ဖို့ မဖြစ်နိုင်ခဲ့ပါဘူး။

စားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းတွေက ရှားပါးဆဲ၊ ငွေကြေးဖောင်းပွတာက မိုးကိုထောင်တက်ဆဲ ဖြစ်ခဲ့ပါတယ်။

၁၉၉၀ ခုနှစ်မှာ အာဏာပိုင်တွေက ဘဏ္ဍာငွေကြေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုလုပ်တဲ့ အခါ လူသန်းပေါင်းများစွာရဲ့ စုဆောင်းငွေတွေကို ထိခိုက်လာပါတော့တယ်။

အစိုးရကို အားထားစိတ်ပျောက်ဆုံးပြီး စိတ်ကုန်လာတာက လူထုအကြားမှာ တိုးများလာခဲ့ပါတယ်။

အဲဒီလိုဖြစ်ခဲ့တာတွေက ဒီနေ့ကာလမှာ ဘယ်လိုအရေးပါနေလဲ။

စားသုံးကုန်တွေ၊ လူသုံးကုန်ပစ္စည်းတွေရှားပါးမှုက ဆိုဗီယက်ခေတ်နောက်ပိုင်း လူထုရဲ့ အတွေးထဲမှာ အမြဲရှိနေဆဲပါ။

မျိုးဆက်တဆက်ကွာလာပြီဖြစ်တဲ့ ဒီနေ့ကာလမှတောင် လူတွေက အခြေခံစားသုံးကုန်တွေ၊ လူသုံးကုန်ပစ္စည်းတွေ လက်ထဲမှာ မရှိရင် စိုးရိမ်တဲ့စိတ်က ရှိဆဲပါပဲ။

ရွေးကောက်ပွဲမဲဆွယ်မှုတွေမှာ ဒီအချက်ကို အသုံးချလိုက်ရင် လူတွေက စိတ်လှုပ်လှုပ်ရှားရှား နဲ့ ရှိဆဲပါ။

၂။ အတွေးအခေါ် သဘောတရား

ဆိုဗီယက် ပြည်ထောင်စုက ဂေါ်ဘာချော့ဗ် ဆန့်ကျင်ဆန္ဒပြသူတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဆိုဗီယက် ပြည်ထောင်စုက ဂေါ်ဘာချော့ဗ် ဆန့်ကျင်ဆန္ဒပြသူတွေ

ဆယ်စုနှစ်ပေါင်းများစွာ ဖိနှိပ်တဲ့ အစိုးရတွေအောက်မှာ နေခဲ့ရတဲ့ ပြည်သူလူထုက သူတို့ အမြင်တွေကို ပြောဖို့၊ မေးခွန်းတွေ ထုတ်ဖို့၊ ငြင်းချက်တွေထုတ်ဖို့ သိပ်ကိုကြောက်ရွံ့ခဲ့ရတဲ့ ဒီနိုင်ငံမှာ ဂေါ်ဘာချော့ဗ်ရဲ့ ဂလပ်စ်နော့စ် ပေါ်လစီက လွတ်လပ်စွာပြောဆိုခွင့်ကို ခွင့်ပြုဖို့ ရည်ရွယ်ခဲ့ပါတယ်။

လူသန်းပေါင်းများစွာ သေဆုံးခဲ့ရတဲ့ ဂျိုးဇက် စတာလင် (၁၉၂၄ နဲ့ ၁၉၅၃ ကြား ဆိုဗီယက် ခေါင်းဆောင်) ရဲ့ ဖိနှိပ်မှု တကယ့် အတိုင်းအတာကို အများပြည်သူသိအောင် သမိုင်းဝင်မှတ်တမ်းတွေကို သူက ဖွင့်ပြခဲ့ပါတယ်။

ဆိုဗီယက်ပြည်ထောင်စုရဲ့ အနာဂတ်အရေးနဲ့ အာဏာတည်ဆောက်ပုံ စနစ်တွေ၊ ဒါတွေကို ရအောင် ပြုပြင်ပြောင်းလဲဖို့ ဘယ်လို လုပ်သင့်တာတွေ စတာတွေနဲ့ ပတ်သက်ပြီး ငြင်းခုံဆွေးနွေးမှုတွေကို သူက အားပေးခဲ့ပါတယ်။

ကွန်မြူနစ်ပါတီက လွှမ်းမိုးထားတာကို စိန်ခေါ်မယ့် ပါတီစုံစနစ်အတွေးအမြင်ကိုတောင် သူက စိတ်ကူးရှိခဲ့ပါတယ်။

ဒီလိုလုပ်ဆောင်ချက်တွေက ဆိုဗီယက် အတွေးအခေါ်ကို အနည်းငယ် ပြောင်းလဲသွားစေတာထက်တောင် မကတော့ဘဲ၊ အစိုးရဆိုင်ရာ အရာရှိတွေအားလုံးကို ခန့်အပ်တာဝန်ပေးတာ၊ လွှတ်တော်ကိုယ်စားလှယ်ဆိုရင်လည်း ပြိုင်ဘက်မရှိဘဲ ရွေးချယ်စေတာ စတာတွေနဲ့ လည်ပတ်နေတဲ့ ကွန်မြူနစ်ပါတီအုပ်ချုပ်တဲ့ စနစ်ဆိုတာဟာ စွမ်းဆောင်ရည်ကင်းမဲ့တာ၊ ဖိနှိပ်တာ၊ လာတ်စားတာတွေကို ဖြစ်စေတာ ပါလား ဆိုတာကို ဆိုဗီယက်ပြည်ထောင်စု ပြည်သူအများအပြားက သိမြင်သွားစေပါတော့တယ်။

ဂေါ်ဘာချော့ဗ် အစိုးရဟာ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေမှာ လွတ်လပ်မှုနဲ့ မျှတမှုတို့ကို တစုံတရာ အတိုင်းအတာအထိ ထည့်သွင်းဖို့ အလျင်အမြန်ကြိုးပမ်းခဲ့ကြပေမယ့်လည်း သူတို့လုပ်ဆောင်မှုက မလုံမလောက်ဖြစ်ခဲ့သလို သိပ်လည်းနောက်ကျသွားခဲ့ပါပြီ။

အဲဒီလိုဖြစ်ခဲ့တာတွေက ဒီနေ့ကာလမှာ ဘယ်လိုအရေးပါနေလဲ။

ခိုင်မာတဲ့ အမျိုးသားရေးအတွေးအခေါ်က အရေးကြီးတယ်ဆိုတာကို အစောဦးပိုင်းကတည်းက ရုရှားသမ္မတပူတင်က သဘော ပေါက်လိုက်ပါတယ်။ အထူးသဖြင့် လုံးလုံးလျားလျား ပွင့်လင်းမြင်သာမှုမရှိတဲ့၊ အကုန်အစင်ဒီမိုကရေစီမဟုတ်တဲ့ အစိုးရတရပ်မှာ အဲဒါက အရေးပါတယ်ဆိုတာကို သူခံယူလိုက်တာပါ။

သူက သူ့သမ္မတရာထူးမှာခိုင်မာရေးအတွက် ရုရှားနဲ့ ဆိုဗီယက် အတိတ်ခေတ်ကာလတွေက အတွေးအမြင်တွေကို အသုံးချခဲ့ပါတယ်။ ဂုဏ်ထည်တဲ့ ရုရှားရဲ့ ဓနကြွယ်ဝမှုတွေ၊ စတာလင် ရဲ့အောက်မှာ ဒုတိယကမ္ဘာစစ်ကို အောင်ပွဲရစေခဲ့တဲ့ သူရဲကောင်းဝါဒနဲ့ စွန့်လွှတ်ခဲ့မှုတွေ၊ ၁၉၇၀ နှစ်တွေတဝိုက်က ဆိုဗီယက်ခေတ်ရဲ့ အေးဆေးတည်ငြိမ်မှုတွေကို ညွှန်းဆိုရင်း ပြည်သူတွေကို ဂုဏ်တက်စေသလို မျိုးချစ်စိတ်ဓာတ်ကိုလည်းတိုးပွားစေအောင် သူလုပ်ခဲ့ပါတယ်။

၃။ အမျိုးသားရေးဝါဒ

ယူကရိန်းလွတ်လပ်ရေး လိုလားသူတွေ (၁၉၉၁)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ယူကရိန်းလွတ်လပ်ရေး လိုလားသူတွေ (၁၉၉၁)

ဆိုဗီယက်ပြည်ထောင်စုဟာ ရုရှားအင်ပါယာကို ဆက်ခံခဲ့တာနဲ့အတူ လူမျိုးတွေ ကွဲပြားတဲ့ နိုင်ငံပေါင်းစုံကို စုစည်းထားတဲ့ နိုင်ငံတခုပါ။

သူ့အထဲမှာ ပြည်သူ့သမ္မတနိုင်ငံ ၁၅ နိုင်ငံပါဝင်ပါတယ်၊ သီအိုရီအရတော့ သူတို့ဟာ အခွင့် အရေး တူညီမျှစွာရကြပြီး ညီရင်းအစ်ကိုလို ချစ်ကြည်ကြတဲ့ နိုင်ငံတွေပါလို့ ဆိုပါတယ်။

လက်တွေ့မှာတော့ အဲဒီနိုင်ငံတွေထဲ ရုရှားက အကြီးဆုံးနဲ့ အင်အားအကောင်းဆုံးပါ၊ ရုရှားဘာသာစကား၊ ရုရှားယဉ်ကျေးမှုကသာ ဒေသ အများအပြားကို လွှမ်းမိုးသွားပါတယ်။

၁၉၃၀ နှစ်တွေ တဝိုက်က ယူကရိန်း အစာရေစာ ငတ်မွတ်ခေါင်းပါးတဲ့ အရေး၊ ဆိုဗီယက်နဲ့နာဇီ မိတ်ဆွေဖြစ် သဘောတူစာချုပ်အရ ဘောလ်တစ်နိုင်ငံတွေနဲ့ အနောက်ယူကရိန်းနယ်တွေကို ရုရှားကယူလိုက်တဲ့ အရေး၊ ဒုတိယကမ္ဘာစစ်ကာလအတွင်းမှာ လူမျိုးစု တချို့ကို အတင်းအဓမ္မနှင်ထုတ်တဲ့ အရေး စတာတွေ အပါအဝင် အတိတ်တုန်းက လူမျိုးရေး ဖိနှိပ်မှုတွေအကြောင်းကို ဂလပ်စ်နော့စ်ကြောင့် ရုရှားမဟုတ်တဲ့တခြားပြည်သူ့ သမ္မတနိုင်ငံတွေက ပြည်သူအများအပြားတို့က သိမြင်လာခဲ့ပါတယ်။

ဒီလိုအရေးတွေနဲ့ တခြားအဖြစ်အပျက်တွေက အမျိုးသားရေးဝါဒတွေကို ကြွစေလာခဲ့ပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို တောင်းဆိုတာတွေ မြင့်လာပါတော့တယ်။

ပျော်ရွှင်တဲ့မိသားစုတစုလို နိုင်ငံတွေပေါင်းစုထားတဲ့ ဆိုဗီယက် ယူနီယံပြည်ထောင်စုဆိုတဲ့ အတွေးအမြင်ကို ပြည်သူ့ သမ္မတနိုင်ငံတွေက လက်မခံကြတော့ပါဘူး၊ အဲဒီအချိန်မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုပေးမယ်ဆိုတဲ့ တက်သုတ်ရိုက်လုပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကိုလည်း သူတို့က ဘယ်လိုမှ မဖြစ်နိုင်တော့တဲ့ ကမ်းလှမ်းမှုတွေလို့ပဲ မြင်လိုက်ကြပါတယ်။

အဲဒီလိုဖြစ်ခဲ့တာတွေက ဒီနေ့ကာလမှာ ဘယ်လိုအရေးပါနေလဲ။

အဓိကနေရာမှာ ဆက်ရှိနေလိုပြီး တခြားဆိုဗီယက်နိုင်ငံဟောင်းတွေကို လွှမ်းမိုးထားနိုင်ဖို့ ရုန်းကန်နေတဲ့ ရုရှားနဲ့ ဆိုဗီယက် ပြည်ထောင်စုနိုင်ငံဟောင်းတွေအကြား တင်းမာမှုတွေက ဆက်ရှိနေပါတယ်။

ဘောလ်တစ်နိုင်ငံတွေ၊ ဂျော်ဂျီယာ၊ (အခုလောလောလတ်လတ်ဖြစ်လာတဲ့)ယူကရိန်း စတဲ့ နိုင်ငံတွေနဲ့ မော်စကို အကြား ကင်းဝေး လာတဲ့ ဆက်ဆံရေးတွေက ဥရောပရဲ့ ပထဝီနိုင်ငံရေး မြင်ကွင်းကို ပုံဖော်ရုံတင်မက ဥရောပက ကျော်လို့ တခြားဒေသတွေကိုလည်း အကျိုးဆက်က ဆိုက်လာပါတယ်။

၄။ စိတ်နှလုံးဝိဉာဉ်ပျောက်ဆုံးခြင်း

၁၉၈၅ ခုနှစ်မှာ အမေရိကန် သမ္မတ ရော်နယ်လ် ရေဂင် (ညာ)နဲ့ အတူတွေ့ရတဲ့ မီခေးလ် ဂေါ်ဘာချော့ဗ် (ဘယ်)ကို စစ်အေးတိုက်ပွဲကို အဆုံးသတ်ခဲ့သူအဖြစ် ရှုမြင်ခဲ့ကြတာတွေ ရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၁၉၈၅ ခုနှစ်မှာ အမေရိကန် သမ္မတ ရော်နယ်လ် ရေဂင် (ညာ)နဲ့ အတူတွေ့ရတဲ့ မီခေးလ် ဂေါ်ဘာချော့ဗ် (ဘယ်)ကို စစ်အေးတိုက်ပွဲကို အဆုံးသတ်ခဲ့သူအဖြစ် ရှုမြင်ခဲ့ကြတာတွေ ရှိပါတယ်။

အနောက်ကမ္ဘာဟာ "ပုပ်သိုးဆွေးမြေ့နေပြီ"၊ အရင်းရှင် အစိုးရတွေရဲ့အောက်မှာ သူ့ပြည်သူတွေဟာ ဆင်းရဲခြင်းနဲ့ ချို့ငဲ့မှုတွေကို ခံစားနေကြရပြီ ဆိုတာတွေကိုပဲ ဆိုဗီယက် ပြည်သူတွေဟာ နှစ်ပေါင်းများစွာ ကြားလာခဲ့ရတာပါ။

ခရီးသွားလာတာတွေ၊ သာမန်အောက်ခြေပြည်သူတွေအချင်းချင်း ဆက်ဆံဆက်သွယ်ရေးတွေ တိုးပွားလာတဲ့ ၁၉၈၀ နှစ်တွေ တဝိုက်ကစပြီး ဆိုဗီယက်ပြည်သူတွေက အဲဒီသူတို့ကို ပြောပြလာခဲ့တဲ့ ဇာတ်လမ်းတွေကို မေးခွန်းပြန်ထုတ်လာကြပါတော့တယ်။

တခြားနိုင်ငံတွေက လူတွေရဲ့ လူနေမှုအဆင့်အတန်းတွေ၊ ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်တွေ၊ လူမှုဖူလုံရေးအစီအစဉ်တွေက သူတို့နိုင်ငံမှာထက် အများကြီး သာလွန်ကောင်းမွန်တယ်ဆိုတာကို ဆိုဗီယက်ပြည်သူတွေ မြင်နိုင်ခဲ့ကြပါတယ်။

ပြည်သူတွေ နိုင်ငံခြားခရီးသွားတာကို ပိတ်ပင်တာ၊ ဘီဘီစီ ကမ္ဘာတလွှားအစီအစဉ်အပါအဝင် နိုင်ငံခြား ရေဒီယိုအသံလွှင့်တာတွေကို ဖမ်းပြီးနားထောင်လို့မရအောင် ကြားကအသံတွေလွှင့်ပြီး ဖျက်တာ၊ နိုင်ငံတွင်းကို နိုင်ငံခြားစာပေနဲ့ ရုပ်ရှင်တွေ တင်သွင်းခွင့်မပေးတာ စတာတွေကို အာဏာပိုင်တွေက လုပ်ဆောင်ခဲ့ကြပြီး ဒီကွာခြားချက်တွေကို ပြည်သူတွေ မမြင်အောင် ဖုံးခဲ့ကြတာပါ။

အနောက်ကမ္ဘာနဲ့ ဆက်ဆံရေးတိုးမြှင့်ရင်း စစ်အေးကို အဆုံးသတ်ပေးနိုင်တာ၊ နျူကလီးယား လက်နက်ခြိမ်းခြောက် ပြိုင်ဆိုင်မှုတွေကိုရပ်စေတာ စတာတွေဟာ ဂေါ်ဘာချော့ဗ်ကြောင့်ဖြစ်လာတာ ဆိုပြီး အမှတ်ပေးကြပေမယ့် တချိန်တည်းမှာပဲ တိုးတက်လာတဲ့ နိုင်ငံတကာ ဆက်ဆံရေးကနေ အရင်က သူ မမှန်းထားတဲ့ အခြေကိုရောက်ခဲ့ပါတယ်။ အဲဒါကတော့ ဆိုဗီယက် ပြည်သူတွေဟာ တခြားနိုင်ငံတွေက ပြည်သူတွေနဲ့ နှိုင်းယှဉ်ရင် သူတို့ ဘယ်လောက် ဆင်းဆင်းရဲရဲ နေကြရလဲဆိုတာကို သိသွားတာပါ။

ဂေါ်ဘာချော့ဗ်ဟာ နိုင်ငံတကာမှာ ပိုမို ထင်ပေါ်လာပေမယ့် သူ့နိုင်ငံတွင်းမှာတော့ ဝေဖန်ခံရတာတွေနဲ့ ပိုပို ကြုံလာရပါတယ်။

အဲဒီလိုဖြစ်ခဲ့တာတွေက ဒီနေ့ကာလမှာ ဘယ်လိုအရေးပါနေလဲ။

ရုရှားအစိုးရဟာ သူ့အကျိုးစီးပွားအတွက် မီဒီယာက တဆင့်သတင်းစကားပါးတာကို ပိုကျွမ်းကျင် လာပါတယ်။

တခြား ကမ္ဘာ့နိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် သူ့ကို မနှစ်သက်ကြမှာကို ရှောင်ရှားဖို့အတွက် ရုရှားဟာ သူ့ကိုယ်သူ ယဉ်ကျေးမှုဖြစ်ထွန်းမှုအရ၊ သမိုင်းကြောင်းအရ ဘယ်နိုင်ငံမှနဲ့ မတူဘဲ သူ့ကိုမကောင်းကြံသူတွေက ပတ်ပတ်လည်ကဝိုင်းထားနေကြတဲ့ တကိုယ်တော် စစ်သူရဲကောင်း ဖြစ်တယ်ဆိုတာကို ခဏခဏ ဖော်ကျူးပြောပါတယ်။

ရုရှားမှာ နေ့စဉ်ကြုံနေရတဲ့ ပြဿနာတွေကနေ အာရုံလွှဲနိုင်အောင် နိုင်ငံရဲ့ သိပ္ပံဆိုင်ရာ အောင်မြင်မှုတွေ၊ ဒုတိယကမ္ဘာစစ်အောင်ပွဲ၊ ယဉ်ကျေးမှုအမွေအနှစ် စတာတွေကို မီဒီယာတွေက တဆင့်သတင်းပါးရင်း ရုရှားက ကောင်းမွန်ထူးကဲတဲ့ အမျိုးသားရေးဝါဒကို လက်ကိုင်ထားနေတာလို့ ပြည်သူတွေယုံကြည်စေပါတယ်။

၅။ ခေါင်းဆောင်မှု

၁၉၉၁ ဒီဇင်ဘာ ၂၆ ရက် က သူ့ကို နှုတ်ဆက်ပွဲမှာ တွေ့ရဲ့ ဂေါ်ဘာချော့ဗ်ကို မပြတ်သားတဲ့ ခေါင်းဆောင်လို့ ဝေဖန်မှုတွေရှိခဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၁၉၉၁ ဒီဇင်ဘာ ၂၆ ရက် က သူ့ကို နှုတ်ဆက်ပွဲမှာ တွေ့ရဲ့ ဂေါ်ဘာချော့ဗ်ကို မပြတ်သားတဲ့ ခေါင်းဆောင်လို့ ဝေဖန်မှုတွေရှိခဲ့

ဆိုဗီယက်စီးပွားရေး ပြိုယွင်းနေတာ၊ လူထုရဲ့ယုံကြည်မှုစိတ်ဓာတ်တွေ ကျဆင်းနေတာတွေ ပိုမဆိုးအောင် ပြတ်သားတဲ့ အပြောင်းအလဲတွေ လုပ်ဖို့ လိုအပ်တယ်ဆိုတာကို ဂေါ်ဘာချော့ဗ် သိပါတယ်။ ဒါပေမယ့် ဒါတွေကို အောင်မြင်အောင် ဘယ်လိုလုပ်ရမယ် ဆိုတဲ့နေရာမှာတော့ သူ့ရဲ့ ရှုမြင်မှုက ရှင်းရှင်းလင်းလင်း မရှိခဲ့ပါဘူး။

စစ်အေးတိုက်ပွဲကို ရပ်လိုက်နိုင်တာကြောင့် ပြင်ပကမ္ဘာမှာ သူဟာ သူရဲကောင်းတယောက် ဖြစ်လာပေမယ့် နိုင်ငံတွင်းမှာတော့ ပြုပြင် ပြောင်းလဲရေးလိုလားသူတွေက သူ့ကို ဦးဆောင် ဦးရွက် မလုပ်နိုင်သူလို့ ဝေဖန်ကြသလို၊ ရှေးရိုးဝါဒီ ကွန်ဆာဗေးတစ်တွေကလည်း သူလုပ်နေတာတွေက သိပ်ကို ဘောင်ကျော်လွန်းတယ်လို့ ဆိုကြပါတယ်။

ရလဒ်ကတော့ ၂ အုပ်စု စလုံးရဲ့ ထောက်ခံမှုကို သူ လက်လွှတ်ရတာပါ။

ကွန်ဆာဗေးတစ်တွေက ဂေါ်ဗာချော့ဗ်ကို အာဏာကနေ ဖယ်ရှားဖို့ ၁၉၉၁ ခုနှစ် သြဂုတ်လမှာ (မအောင်မြင်တဲ့) စစ်အာဏာ သိမ်းပါတယ်။

အာဏာသိမ်းတဲ့ကြိုးစားမှုက ဆိုဗီယက်ပြည်ထောင်စုကို ကယ်တင်နိုင်မယ့်အစား ပြည်ထောင်စုရဲ့ နိဂုံးကို ပိုပြီးရောက်သွားစေပါတယ်။ ၃ရက်လောက် မကြာတဲ့အချိန်မှာပဲ အာဏာသိမ်းဖို့ကြံစည်သူတွေ နိုင်ငံတွင်းကနေ ထွက်ပြေးရတယ်၊ မစ္စတာ ဂေါ်ဘာချော့ဗ် အာဏာ ပြန်ရလာပါတယ်၊ ဒါပေမယ့် ခဏတာပါ။

ဘောရစ် ယဲလ်ဆင်နဲ့ ဆိုဗီယက်ပြည်ထောင်စု တလွှားက ဒေသခံခေါင်းဆောင်တွေက အတိုက်အခံ ဖြစ်လာပါတယ်။

နောက်လပိုင်းတွေ အတွင်းမှာပဲ ပြည်သူ့သမ္မတ နိုင်ငံအတော်များများက သူတို့ရဲ့ လွတ်လပ်ရေး လူထုဆန္ဒခံယူပွဲတွေကို လုပ်ခဲ့ကြပြီး ဒီဇင်ဘာမှာတော့ စူပါနိုင်ငံကြီးရဲ့ကြမ္မာက အဆုံးသတ်သွားပါပြီ။

အဲဒီလိုဖြစ်ခဲ့တာတွေက ဒီနေ့ကာလမှာ ဘယ်လိုအရေးပါနေလဲ။

ဗလာဒီမီယာ ပူတင်ဟာ ရုရှားကို အရှည်ကြာဆုံး အုပ်စိုးသူတွေထဲက တယောက်ဖြစ်လာပါတယ်။

ဒီလို အာဏာမှာ ရှည်ကြာမြဲအောင် သူလုပ်ခဲ့တဲ့ လျှို့ဝှက်ချက်တွေထဲက တခုကတော့ ရုရှားကို ဦးစားပေးထိပ်တန်းတင်တာပါ၊ ဒါမှမဟုတ် အဲဒီလို လုပ်နေတယ်လို့ မြင်သာစေတာပါ။

မီခေးလ် ဂေါ်ဘာချော့ဗ်က ဆိုဗီယက်တပ်တွေ အရှေ့ဂျာမနီက အလျင်အမြန် ပြန်ဆုတ်ခွာစေတာမျိုးလို ဆိုဗီယက်ပြည်ထောင်စုကနေ ခဲခဲယဉ်းယဉ်းနဲ့ စိုက်ထူထားတဲ့ အင်အားတွေကို တဖက်သတ် လက်လျော့ပေးလိုက်တယ်လို့ အဝေဖန်ခံရပေမယ့် ဗလာဒီမီယာ ပူတင်ကတော့ ရုရှားရဲ့ အကျိုးစီးပွားလို့ ထင်တဲ့အရာတွေကို ကျားကုတ်ကျားခဲနဲ့ ကာကွယ်ပါတယ်။

ဘာလင်တံတိုင်းပြိုကျတုန်းက ပူတင်ဟာ အရှေ့ဘာလင်မှာ ဆိုဗီယက် လျှို့ဝှက်ထောက်လှမ်းရေး (KGB)က အရာရှိတယောက်ပါ၊ ဆိုဗီယက်ဆုတ်ခွာမှုကနေ ဖြစ်လာတဲ့ ကသောင်းကနင်း အဖြစ်တွေကို မျက်ဝါးထင်ထင် တွေ့ခဲ့တဲ့သူပါ။

နှစ် ၃၀ လွန်မြောက်လာတဲ့အချိန်မှာ သူဟာ ရုရှားနယ်စပ်နားကို နေတိုးအဖွဲ့ (NATO) က တိုးလာတာကို ပြတ်ပြတ်သားသား ဆန့်ကျင် ပါတယ်၊ ယူကရိန်းနားမှာ မကြာသေးခင်ကာလအတွင်း ရုရှားတပ်တွေ တိုးချထားနေတာကို ကြည့်ရင်၊ သူ လိုအပ်လာရင် အားနဲ့တုံ့ပြန်ဖို့ ပြင်ဆင်ထားတယ်ဆိုတာကိုလည်း မြင်နိုင်ပါတယ်။