စစ်ခေါင်းဆောင်ရဲ့ လူယုံ ကိုကိုးကျွန်းမှာ မဲနိုင်

တိုက်ပွဲပြင်းထန်လို့ ရထားခရီးစဥ်တွေရပ်ထားရတဲ့ ပဲခူး၊ စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းကမြို့နယ်အချို့ အပါ မြို့နယ် ၁၀၀ မှာ စစ်ကော်မရှင်က လုံခြုံရေးတင်းကျပ်ပြီး ရွေးကောက်ပွဲ အပိုင်း၂ ဆက်လုပ်တဲ့ သတင်းအပါအဝင် ဇန်နဝါရီ ၁၁ ရက် မြန်မာနဲ့ ကမ္ဘာ့သတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးနေပါတယ်။

အနှစ်ချုပ်

  • စစ်ကော်မရှင်ဦးဆောင်တဲ့ ရွေးကောက်ပွဲ ဇန်နဝါရီ ၁၁ ရက်မှာ မြို့နယ် ၁၀၀ မှာဆက်ကျင်းပ
  • ရွေးကောက်ပွဲအပိုင်း ၂ မှာ တိုက်ပွဲတွေဆက်ရှိနေတဲ့ ပဲခူးတိုင်းက မင်းလှ၊ စစ်ကိုင်းတိုင်းက ဝန်းသို၊ ဘုတလင်တို့ အပါအဝင် စစ်ရေးတင်းမာတဲ့မြို့နယ်တွေ ဆယ်ချီပါဝင်နေ
  • ရန်ကုန်နဲ့ မန္တလေးက အပိုင်း ၂ ရွေးကောက်ပွဲပါမြို့နယ်တွေမှာ မဲပေးမှုစတင်နေပြီဖြစ်ပြီး စစ်တပ်က လုံခြုံရေးအထူးတင်းကျပ်ထား
  • ဒေါ်အောင်ဆန်းစုကြည် ပြိုင်တိုင်းနိုင်ခဲ့တဲ့ ကော့မှူးမြို့နယ်မှာ ကြံ့ခိုင်ရေးပါတီဘက်က ကြိုတင်မဲတွေမှာ အသာရထားတယ်လို့ ပြည်သူ့ပါတီပြော
  • ကော့မှူးမှာ ရွေးကောက်ပွဲအပိုင်း ၂ အတွက်မဲပေးခွင့်ရှိသူ တစ်သိန်းငါးသောင်းကျော်(တစ်သိန်းခွဲ) ရှိပြီး မဲရုံပေါင်း တစ်ရာကျော်ရှိ
  • ပဲခူးတိုင်းမှာ အပိုင်း ၂ ရွေးကောက်ပွဲပြုလုပ်မယ့်မြို့နယ်တွေထဲက မင်းလှမြို့ပေါ်မှာ ပေါက်ကွဲမှုဖြစ်ပြီး ရေတာရှည်မြို့နယ်ထဲမှာ နှစ်ဖက်စစ်ရေးတင်းမာနေ
  • ရန်ကုန်-မန္တလေးလမ်းဟောင်း၊ ဖြူးမြို့နယ်က ဆားဂွန်းရွာမှာရှိတဲ့ စစ်တပ်စစ်ဆေးရေး ဂိတ်ကိုတော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့
  • ကျောက်တံခါးမြို့နယ်က ပဲနွယ်ကုန်းမြို့အနီးတဝိုက်မှာတော့ ဒီနေ့ မနက်ပိုင်းတိုက်ပွဲတွေဆက်ရှိနေ
  • ပဲနွယ်ကုန်းမြို့အနီးတဝိုက် မှာ စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေ
  • ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်ထဲက မဲရုံတစ်ခုမှာ ဒီနေ့မနက်ပိုင်း မဲပေးစက်တွေ ချို့ယွင်းခဲ့တယ်လို့ ကိုယ်စားလှယ်လောင်းအချို့ပြော
  • လသာမြို့နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)ရဲ့ လွှတ်တော်အမတ်ဟောင်း ဒေါ်စန္ဒာမင်း က ပြည်သူ့လွှတ်တော်အမတ်နေရာအတွက် တသီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်နေ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဇန်နဝါရီ ၁၁ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။

    ဒီနေ့ တစ်နေ့တာ တင်ဆက်ခဲ့တဲ့သတင်းတွေကို အခုစာမျက်နှာမှာပဲ တစုတစည်းတည်း ပြန်လည်ဖတ်ရှုနိုင်ပါတယ်။

    ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

  2. ဒေါ်အောင်ဆန်းစုကြည်မပါတဲ့ ကော့မှူး ကခြောက်ကပ်ကပ် ရွေးကောက်ပွဲ

    ၀၁၅ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးဆင်းခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် (ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, Getty

    ဓာတ်ပုံ ပုံစာ, ၀၁၅ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးဆင်းခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် (ပုံဟောင်း)

    ၂၀၁၀ ရွေးကောက်ပွဲနောက်က ရွေးကောက်ပွဲ ကာလတိုင်းမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အောင်မြေဖြစ်ခဲ့တဲ့ ရန်ကုန်၊ ကော့မှူးမြို့နယ်ရဲ့ မဲဆွယ်နဲ့ မဲပေးကာလမြင်ကွင်းတွေက အရင်ရွေးကောက်ပွဲတွေနဲ့ သိသိသာသာ ခြားနားခဲ့ပါတယ်။

    ကော့မှူးမဲဆန္ဒနယ်က စစ်ကော်မရှင်ဦးဆောင်တဲ့ ၂၀၂၅ ရွေးကောက်ပွဲရဲ့ အပိုင်း ၂ မှာပါဝင်ပါတယ်။ ကော့မှူးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ် အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကတည်းက အကျဉ်းချထားတာ ဇန်နဝါရီ ၁၁ ရက်မှာ ၁,၈၀၆ ရက်ရှိပြီဖြစ်ပါတယ်။

    ဒါတင်မက သူ့ရဲ့ ပါတီကိုလည်း မှတ်ပုံပြန်မတင်ခဲ့တာကြောင့်ဆိုပြီး စစ်တပ်ခန့် ရွေးကောက်ပွဲကော်မရှင်က NLD ပါတီကို ဖျက်သိမ်းခဲ့ပါတယ်။

    ဒါကြောင့်လည်း အရင်ရွေးကောက်ပွဲကာလတွေကလို ဒေါ်အောင်ဆန်းစုကြည် ပုံတွေသုံးပြီး ပုံစံမျိုးစုံအလှဆင်ထားတဲ့ မဲဆွယ်ယာဥ်တွေ၊ မိသားစုလိုက်၊ အဖွဲ့လိုက် NLD ပါတီအင်္ကျီဆင်တူတွေဝတ်ဆင်ထားသူတွေကို တင်လာတဲ့ NLD ပါတီအောင်နိုင်ရေးသီချင်းသံတွေညံနေတဲ့ ထော်လာဂျီယာဥ်တွေနဲ့ တမြို့လုံးနီးပါးမှာ အနီရောင် NLD ပါတီအလံတွေ လွှမ်းနေတဲ့မြင်ကွင်းတွေကိုလည်း မမြင်ခဲ့ရပါဘူး။

    ဒါတင်မက ဇန်နဝါရီ ၁၁ ရက် မဲပေးတဲ့ရက်မှာလည်း မဲပေးသူ အနည်းအကျဥ်းနဲ့ ခြောက်ခြောက်ကပ်ကပ် ပြီးစီးခဲ့တယ်လို့ ကော့မှူးမြို့ခံတချို့က ဘီဘီစီကို သဘောထားတူစွာ ပြောကြပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် ကို နှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  3. ရွေးကောက်ပွဲအပိုင်း ၂ က အပိုင်း ၁ ထက် တိုက်ခိုက်မှုပိုလာ

    စစ်တပ်ရဲ့ ရွေးကောက်ပွဲ အပိုင်း ၂ ကျင်းပတဲ့ ဇန်နဝါရီ ၁၁ ရက်မှာ ပဲခူးနဲ့ မကွေးတိုင်းထဲ ရွေးကောက်ပွဲပြုလုပ်တဲ့မြို့နယ်အချို့မှာ မိုင်းပေါက်ကွဲတာ၊ ရှော့တိုက်ဒုံးနဲ့ လက်နက်ကြီးအသုံးပြုတိုက်ခိုက်တာနဲ့ ဒရုန်းအသုံးပြု ဗုံးကြဲတာတွေဖြစ်ခဲ့ပါတယ်။

    အထွေထွေအုပ်ချုပ်ရေးရုံး၊ မဲရုံဝန်းကျင်၊ ရဲစခန်း၊ စစ်တပ်နဲ့ ဝန်ထမ်းအိမ်ရာတချို့ ဦးတည်တိုက်ခိုက်ခံရတာဖြစ်ပါတယ်။

    ဒီတိုက်ခိုက်မှုတွေကြောင့် ရွေးကောက်ပွဲ အပိုင်း ၂ ဟာ အပိုင်း ၁ ထက် တိုက်ခိုက်မှုပိုလာတယ်ဆိုတဲ့အချက်လည်း မြင်သာလာပါတယ်။

    "အဓိကတော့ ပြည်သူကို ခြိမ်းခြောက်မဲထည့်ခိုင်းလို့ တိုက်ရတာပဲ။ ပြည်သူ့ဆန္ဒအတိုင်း လွတ်လပ်စွာလုပ်ခွင့်ရှိရင် ကျွန်တော်တို့ တိုက်ခိုက်စရာအကြောင်း မရှိဘူး" လို့ ပဲခူးတိုင်း၊ မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက ဘီဘီစီကို ပြောပါတယ်။

    မင်းလှပြည်သူ့ကာကွယ်ရေးအဖွဲ့ကတော့ သူတို့အဖွဲ့ဟာ မြေအောက်ပြောက်ကျားတပ်ဖွဲ့(အုတ်ဖို)နဲ့အတူ မင်းလှမြို့၊ လမ်းမတော်လမ်းမှာရှိတဲ့ တရုတ်ကျောင်းမဲရုံအနီးကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။

    ဒီဖြစ်စဥ်မှာ လူထိခိုက်သေဆုံးမှု ရှိ မရှိ မသိရပေမဲ့ ပဲခူးတိုင်း၊ ထန်းတပင်မြို့မှာတော့ ဒရော့ဗုံးချ တိုက်ခိုက်ခံရလို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့လက်ထောက်ညွှန်ကြားရေးမှုး တစ်ဦး သေဆုံးတယ်လို့ မြေပြင်သတင်းအရင်းအမြစ်က ဘီဘီစီကို ပြောပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

  4. သတင်းထူး, စစ်ကော်မရှင် ဝန်ကြီးချုပ် ဦးညိုစော ကိုကိုးကျွန်းမှာအနိုင်ရ

    စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဦးညိုစောတို့ကို ပြင်ဦးလွင်မှာ ပြီးခဲ့တဲ့လပိုင်းတွေတုန်းက မြင်တွေ့ရ

    ဓာတ်ပုံ ရင်းမြစ်, CINCDS

    ဓာတ်ပုံ ပုံစာ, စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဦးညိုစောတို့ကို ပြင်ဦးလွင်မှာ ပြီးခဲ့တဲ့လပိုင်းတွေတုန်းက မြင်တွေ့ရ

    စစ်တပ်နဲ့ ဌာနဆိုင်ရာဝန်ထမ်းပဲရှိတဲ့ ရန်ကုန်တိုင်း၊ ကိုကိုးကျွန်း မဲဆန္ဒနယ်ကနေ ရွေးကောက်ပွဲ အပိုင်း ၂ မှာ ဝင်ပြိုင်တဲ့ စစ်ကော်မရှင်အဖွဲ့ဝင်၊ ဝန်ကြီးချုပ် ဦးညိုစော (အငြိမ်းစား ဗိုလ်ချုပ်ကြီး) ဟာ မဲရလဒ်အများဆုံးနဲ့ အနိုင်ရရှိတယ်လို့ ရွေးကောက်ပွဲကော်မရှင်နဲ့ နီးစပ်သူတစ်ဦးဆီက သိရှိရပါတယ်။

    ဦးညိုစောဟာ ပြည်သူ့လွှတ်တော်အမတ်နေရာအတွက် ဝင်ပြိုင်တာဖြစ်ပြီး ကိုကိုးကျွန်းကနေ တိုင်းဒေသကြီးမဲဆန္ဒနယ်အတွက် ဝင်ပြိုင်တဲ့ ဦးအောင်နိုင်သူ(ရဲမှူးချုပ်ဟောင်း) လည်း အနိုင်ရတယ်လို့ သတင်းတွေ ထွ‌က်နေပါတယ်။

    ကပ္ပလီပင်လယ်နဲ့ ဘင်္ဂလားပင်လယ်အော်ကြားက ဒီကျွန်းဟာ စစ်ဗိုလ်ချုပ်တွေ အစဥ်အဆက် ရွေးကောက်ပွဲဝင်ပြိုင်ခဲ့ပြီး အနိုင်ရခဲ့တဲ့ မဲဆန္ဒနယ်ဖြစ်ပါတယ်။

    ကာကွယ်ရေးဦးစီးချုပ်(ရေ)ဟောင်း အငြိမ်းစားဗိုလ်ချုပ်ကြီးသူရသက်ဆွေ ၂၀၁၅ မှာ ကိုကိုးကျွန်းက အနိုင်ရခဲ့ပါတယ်။

    ၂၀၂၀ ရွေးကောက်ပွဲမှာလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ စစ်တက္ကသိုလ် တစ်ပတ်စဥ်တည်းဆင်းတဲ့ အငြိမ်းစားဗိုလ်ချုပ်အောင်သော် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး အနိုင်ရခဲ့ပါတယ်။

    ကိုကိုးကျွန်းမှာ လူဦးရေ တစ်ထောင်ကျော်သာရှိပြီး အားလုံးလိုလိုက စစ်တပ်နဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ အများစု နေထိုင်ကြတာဖြစ်ပါတယ်။

    အခုရွေးကောက်ပွဲ အပိုင်း ၂ မှာ ကိုကိုးကျွန်းမှာ ကြံ့ခိုင်ရေးပါတီအမတ်လောင်း‌တွေရဲ့ ပြိုင်ဘက်ပါတီအနေနဲ့ ပြည်သူ့ရှေ့ဆောင် ( PPP) ပါတီတစ်ခုတည်းက ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပါတယ်။

  5. သတင်းထူး, ကနဦးရလဒ်အရ လသာမြို့နယ် ပြည်သူ့လွှတ်တော်နေရာ ကြံ့ခိုင်ရေး မဲအသာစီးရနေ

    လသာမြို့နယ်ထဲက မဲရုံတစ်ရုံအတွင်းပိုင်းမြင်ကွင်း

    ဒီကနေ့ ဇန်နဝါရီ ၁၁ ရက် ရွေး‌ကောက်ပွဲ အပိုင်း ၂ မှာ ပါတဲ့ ရန်ကုန်မြို့၊ လသာမြို့နယ်ရဲ့ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်‌ ‌နေရာမှာ ကနဦးမဲရလဒ်တွေအရ ကြံ့ခိုင်ရေးပါတီအမတ်က မဲအသာစီးရနေပြီး တစ်သီးပုဂ္ဂလဝင်ပြိုင်တဲ့ ‌ဒေါ် စန္ဒာမင်းနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည) က အမတ်လောင်းတို့ ရှုံးနိမ့်နေတယ်လို့ သိရပါတယ်။

    မြန်မာ‌စံ‌တော်ချိန် ညနေ ၅ နာရီခွဲခန့်အချိန်အထိ ကနဦးရလဒ်အရ ကြံ့ခိုင်ရေးပါတီအမတ် ဒုတိယဗိုလ်မှူးကြီး(အငြိမ်းစား) ဦးလှတင့်က မဲအသာရနေပါတယ်။

    NLD အမတ်ဟောင်းဖြစ်တဲ့ ဒေါ် စန္ဒာမင်းက‌တော့ အထပ်မြင့်တိုက်တွေများတဲ့ လသာမြို့နယ်မှာ အိမ်တိုင်ရာရောက် မဲဆွယ်ရတဲ့ အခက်အခဲတွေနဲ့ လသာမြို့နယ်မှာ ‌ ကာလရှည်နေထိုင်သူ မဟုတ်ခဲ့တဲ့ အတွက် စည်းရုံး‌ရေးကာလတွေမှာ သူ့ကို လူသိဖို့ အခက်အခဲတွေရှိခဲ့တယ်လို့ ဘီဘီစီကို ‌ပြောပါတယ်။

    တစညပါတီက အမတ်လောင်း ဒေါက်တာသန်းဟိန်းစိုးကတော့ သက်လတ်ပိုင်းအရွယ်ဖြစ်ပြီး သူအနိုင်ရရင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးနဲ့ ကျန်းမာ‌ရေးစနစ်ကို မြှင့်တင်မယ်လို့‌ မဲဆွယ်ကာလမှာ ပြောထားပါတယ်။

    လသာမြို့နယ်မှာ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) ကလည်း ဦးမြတ်သူ ဆိုသူလည်း ဝင်ရောက်ယှဉ်ပြိုင်ပါတယ်။

    ညနေပိုင်း ၆ နာရီခန့်အထိ ကနဦး မဲရေတွက်မှု ရလဒ်‌တွေအရ ကြံ့ခိုင်ရေးက ပထမ၊ တစညက ဒုတိယနဲ့ ဒေါ် စန္ဒာမင်းက‌ တတိယနေရာမှာ ရှိနေတယ်လို့ သိရှိရပါတယ်။

  6. ရွေးကောက်ပွဲအလွန်မှာ အရေးပါလာမယ့် ထိပ်တန်းစစ်ဗိုလ်ချုပ်တွေ

    တပ်ချုပ်ကိုဝန်းရံမယ့် ထိပ်တန်းဗိုလ်ချုပ်ကြီးတချို့
    ဓာတ်ပုံ ပုံစာ, တပ်ချုပ်ကိုဝန်းရံမယ့် ထိပ်တန်းဗိုလ်ချုပ်ကြီးတချို့

    ရွေးကောက်ပွဲအလွန်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူး အပြောင်းအလဲအကြောင်းကိုပဲ လူပြောများကြပြီး တပ်ချုပ်ကိုဝန်းရံမယ့် ထိပ်တန်းဗိုလ်ချုပ်ကြီးတချို့အကြောင်းကိုတော့ လူပြောနည်းပါတယ်။

    ဒီထဲမှာ အလားအလာအရှိဆုံးကတော့ စစ်တက္ကသိုလ်အပတ်စဥ် ၃၈ DSA-38 ဆင်းတွေ ဖြစ်ပါတယ်။

    DSA-38 ဆင်းတွေထဲကနေ တပ်ချုပ်ဖြစ်လာဖို့ အခွင့်အရေးနည်းပေမဲ့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ)နဲ့ အရာရှိချုပ်နေရာတွေကို လွှမ်းမိုးထားနိုင်လို့ဖြစ်ပါတယ်။

    ဘာ‌ကြောင့်လဲ။ဆောင်းပါး အပြည့်အစုံကို ဒီလင်ခ့် မှာ နှိပ်ပြီးဖတ်ရှုနိုင်ပါတယ်။

  7. မန္တလေးမှာ စစ်ကော်မရှင်က ရွေးကောက်ပွဲ အပိုင်း ၂ ကို ဘယ်လိုလုံခြုံရေးယူပြီး ပြုလုပ်နေလဲ

    မြန်မာစံတော်ချိန် ညနေ ၅ နာရီ ၂၅ မိနစ် ရှိပါပြီ။ ရွေးကောက်ပွဲကော်မရှင်ရဲ့ သတ်မှတ်ချက်အရ ညနေ ၄ နာရီကတည်းက မဲရုံတွေပိတ်ပြီး မဲရေတွက်နေပြီဖြစ်ပါတယ်။

    ဒီနေ့ကျင်းပတဲ့ ရွေးကောက်ပွဲအပိုင်း ၂ မှာ နိုင်ငံတစ်ဝန်း မြို့နယ်ပေါင်း ၁၀၀ မှာ ပြုလုပ်နေတာဖြစ်ပါတယ်။

    မန္တလေးတိုင်းမှာတော့ မြို့နယ်ပေါင်း ၉ ခုမှာ ဒီနေ့ ရွေးကောက်ပွဲ ကျင်းပပါတယ်။

    ရွေးကောက်ပွဲပထမပိုင်း ကျင်းပတဲ့ ဒီဇင်ဘာ ၂၈ ရက်တုန်းကတော့ မန္တလေးမြို့မှာ ရှော့တိုက်ဒုံးတိုက်ခိုက်မှုတွေကြုံခဲ့ရပါတယ်။

    စစ်ကော်မရှင်ဘက်ကတော့ မန္တလေးမှာ ဒီနေ့ ရွေးကောက်ပွဲ ဒုတိယပိုင်းကို ကျင်းပချိန် ရဲရော၊ စစ်တပ်ပါ လုံခြုံရေး ယူပြီး ကျင်းပခဲ့တာတွေ့ခဲ့ရပါတယ်။

    ''တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးတွေကို မြို့နယ်တစ်ခုချင်းစီအတွက် တာဝန်ချထားတယ်။ တပ်နယ်ကရော၊ ရဲတပ်ဖွဲ့ကရော လုံခြုံရေးအပြည့်ယူထားတယ်'' လို့ စစ်ကော်မရှင်ရဲ့ မန္တလေးတိုင်းဝန်ကြီးချုပ်က အစောပိုင်းမှာ ပြောပါတယ်။

    စစ်ကော်မရှင်ခန့် မန္တလေးတိုင်း ဝန်ကြီးချုပ် ဦးမျိုးအောင်ကို ဇန်နဝါရီလ ၁၁ ရက်မှာ စဉ့်ကိုင်မြို့နယ် ဆည်ရွာက မဲပေးမှုကို သွားကြည့်တယ်လို့ နိုင်ငံပိုင် မီဒီယာက သတင်းဖော်ပြ

    ဓာတ်ပုံ ရင်းမြစ်, Myanmar Digital News

    ဓာတ်ပုံ ပုံစာ, မန်းတိုင်း ဝန်ကြီးချုပ် ဦးမျိုးအောင်
  8. ရွေးကောက်ပွဲဒုတိယပိုင်း မတိုင်ခင် စစ်တပ်က စလင်းမြို့နယ်ထဲ အသေခံဒရုန်းတွေနဲ့ ဗုံးကြဲခဲ့တယ်လို့ဆို

    စလင်းမြို့နယ်ထဲ ဗုံးကြဲတိုက်ခိုက်ခံရမှုအပြီး အခြေအနေလို့ စလင်းပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်

    ဓာတ်ပုံ ရင်းမြစ်, ပြည်သူ့ ညီနောင် - စလင်း

    မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်ထဲကို စစ်တပ်က ရွေးကောက်ပွဲမတိုင်ခင် အသေခံဒရုန်းတွေ၊ ဒရော့ဗုံးနဲ့ဗုံးကြဲတာတွေ လုပ်ခဲ့လို့ လူ ၂၀ ကျော် ဒဏ်ရာရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ် (စလင်း- ညီနောင်) အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

    စလင်းမြို့နယ်ဟာ စစ်တပ်ရွေးကောက်ပွဲ ဒုတိယအပိုင်း ကျင်းပတဲ့ မြို့နယ်ပေါင်း ၁၀၀ ထဲမှာပါဝင်ပြီး ဒီနေ့မှာလည်း ရွေးကောက်ပွဲကျင်းပနေတယ်လို့ သိရပါတယ်။

    စစ်တပ်ဟာ ဆင်ဖြူကျွန်းမြို့မြောက်ဘက်နဲ့ စလင်းချောင်းမြောက်ဘက်က ကျေးရွာတွေကို ကာမီကာဇေ ဒရုန်းတွေ၊ ဒရော့ဗုံးတွေနဲ့ ဇန်နဝါရီလ ၉ ရက်နဲ့ ၁၀ ရက်ညပိုင်းမှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ စလင်းညီနောင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

    ဇန်နဝါရီ ၁၀ ရက်နေ့ ည ၁၀နာရီခွဲတုန်းကလည်း စလင်းမြို့နယ်ထဲက နွယ်တမယ်ကျေးရွာ စစ်ရှောင် ၁၅၀ ခန့်ရှိတဲ့ နေရာကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးချခဲ့လို့ လူ ၁၈ ဦးခန့် ဒဏ်ရာရတယ်လို့ သတင်းရတဲ့အကြောင်းလည်း အဲဒီအဖွဲ့က ပြောပါတယ်။

    စလင်းမြို့ပေါ်က အမှတ် ၁ နဲ့ ၂ အထက်တန်းကျောင်းတွေမှာ စစ်တပ်က ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်တာနဲ့ အင်အားဖြည့်တင်းဖြန်ကြက်တာတွေ ပြုလုပ်နေချိန်မှာပဲ ဒီတိုက်ခိုက်မှုတွေ ဖြစ်ခဲ့တာလို့ဆိုပါတယ်။

    လက်ရှိမှာ စလင်းမြို့နဲ့ ဆင်ဖြူကျွန်းမြို့ခံတွေအပါအဝင် မြို့နယ်အတွင်းက လူပေါင်း ၇,၀၀၀ နီးပါး စစ်ရှာင်နေရပြီး စလင်းမြို့နယ်အတွင်းမှာ စစ်ရေးအရှိန် ပြင်းထန်နေတယ်လို့ ပြည်သူ့ညီနောင်- စလင်းအဖွဲ့က ပြောပါတယ်။စစ်ကော်မရှင်ကတော့ စလင်းနဲ့ ဆင်ဖြူကျွန်းက အခြေအနေတွေနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

  9. ပဲခူး၊ ထန်းတပင်မြို့ပေါ် ရွေးကောက်ပွဲနေ့ ထွေအုပ်ရုံး ဗုံးကြဲခံရမှု လက်/ညွှန် ၁ ဦးသေဆုံး

    ဒီဇင်ဘာလ ၁ ရက်တုန်းက ထန်းတပင်မြို့မှာ ပြုလုပ်တဲ့ ရွေးကောက်ပွဲမတိုင်ခင် ညှိနှိုင်းဆွေးနွေးတဲ့အခြေအနေလို့ နိုင်ငံပိုင်မီဒီယာက ဖော်ပြ

    ဓာတ်ပုံ ရင်းမြစ်, MOI

    ဓာတ်ပုံ ပုံစာ, ဒီဇင်ဘာလ ၁ ရက်တုန်းက ထန်းတပင်မြို့မှာ ပြုလုပ်တဲ့ ရွေးကောက်ပွဲမတိုင်ခင် ညှိနှိုင်းဆွေးနွေးတဲ့အခြေအနေလို့ နိုင်ငံပိုင်မီဒီယာက ဖော်ပြ

    ပဲခူးတိုင်း၊ ထန်းတပင်မြို့ပေါ်က အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ဒီနေ့ မနက်ပိုင်းတုန်းက ဒရော့ဗုံးနဲ့ ပစ်ချခံရမှုဖြစ်ခဲ့လို့ ခရိုင်အဆင့် အရာရှိတစ်ဦး သေဆုံးပြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တစ်ဦး ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ မြေပြင်သတင်းအရင်းအမြစ်ဆီက သိရှိရပါတယ်။

    သေဆုံးခဲ့သူဟာ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက လက်ထောက်ညွှန်ကြားရေးမှူးတစ်ဦးဖြစ်ပြီး ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ တစ်ဦး ကတော့ ခြေထောက်ကို ဗုံးစထိမှန်တယ်လို့လည်း သိရပါတယ်။

    ရွေးကောက်ပွဲ ကျင်းပတဲ့ ထန်းတပင်မြို့နယ်ထဲကို ဒီနေ့တစ်နေ့တည်းမှာတင် ဒရော့ဗုံးချခံရမှု ၃ ကြိမ်ထက်မနည်း ဖြစ်ထားတယ်လို့ မြို့နယ်အုပ်ချုပ်ရေးနဲ့ နီးစပ်တဲ့ ဘီဘီစီရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

    ‘‘မိုးလင်းထဲကနေ အခုလက်ရှိအချိန်ထိ ၃ ခါလောက် ဒရော့ဗုံးချခံရတယ်’’လို့ သူက ပြောပါတယ်။

    ဒီလို တိုက်ခိုက်ခံရမှုတွေ ရှိနေပေမဲ့ လာမယ့် မိနစ်ပိုင်းမှာပဲ မဲရုံပိတ်ချိန် နီးကပ်လာတော့မှာဖြစ်လို့ ရွေးကောက်ပွဲ အောင်မြင်အောင် လုပ်နေပြီလို့ သူက ဆိုပါတယ်။

    အခုတိုက်ခိုက်မှုကို ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

  10. ‘‘မပြန်နဲ့ဦးတဲ့။ အဲဒီထိုင်ခုံလေးမှာ ခဏစောင့်ပေးပါတဲ့။ လူကြီးလမ်းကြောင်း ရှိလို့တဲ့။ လူရှိစေချင်လို့နဲ့ တူတယ်” - လှိုင်မြို့နယ်က မဲဆန္ဒရှင်တစ်ဦး

    စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သွားကြည့်ခဲ့တဲ့ လှိုင်မြို့နယ်၊ မဲရုံ အမှတ် (၃)

    ဓာတ်ပုံ ရင်းမြစ်, Popular News Journal

    ဓာတ်ပုံ ပုံစာ, စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သွားကြည့်ခဲ့တဲ့ လှိုင်မြို့နယ်၊ မဲရုံ အမှတ် (၃)

    ရန်ကုန်မြို့၊ ပါရမီလမ်းနဲ့ မင်းဓမ္မ လမ်းထောင့်မှာရှိတဲ့ ပညာ့ရိပ်သာက တက္ကသိုလ် ဆရာ၊ ဆရာမတွေ အားလုံး စုပေါင်းပြီး နံနက် ၇:၁၅ မိနစ်မှာ မဲပေးဖို့ ထွက်လာခဲ့ကြပါတယ်။

    ဒီရိပ်သာဟာ ရန်ကုန်မြို့အနှံ့က တက္ကသိုလ်တွေမှာ တာဝန်ထမ်းနေကြတဲ့ ဆရာ ဆရာမတွေအတွက် နေရာချထားတဲ့ ရိပ်သာလည်းဖြစ်ပါတယ်။

    ဆရာ ဆရာမတွေဟာ ရိပ်သာနဲ့ ဘေးချင်းကပ်လျက်မှာ ဖွင့်လှစ်ထားတဲ့ ရပ်ကွက် အမှတ် ၁၂၊ မဲရုံ အမှတ် ၃ မှာ မဲသွားပေးကြမှာပါ။

    ဒီမဲရုံကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာရောက်ကြည့်ရှုပါတယ်။

    စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲမတိုင်ခင် ပြီးခဲ့တဲ့ ၂ ရက်အလိုလောက်ကတည်းက လှိုင်မြို့နယ်အတွင်းမှာ လုံခြုံရေးတင်းကျပ်နေပါတယ်။

    ရပ်ကွက်တွေထဲမှာလည်း မဲပေးဖို့ နှိုးဆော်မှုတွေကလည်း မနေ့ကအထိ ရှိခဲ့တယ်လို့ လှိုင်မြို့နယ်အတွင်း နေထိုင်သူတွေက ပြောပါတယ်။

    ဒီနေ့ မနက်မှာလည်း ပညာ့ရိပ်သာဝင်းထဲမှာ ရဲတပ်ဖွဲ့ဝင် ၇ ယောက်နဲ့ ရဲကားတစ်စင်း ရပ်ထားပါတယ်။

    စစ်ခေါင်းဆောင် ရောက်လာမယ့် မဲရုံအမှတ် ၃ မှာ မဲပေးပြီးလို့ ထွက်လာတဲ့သူတွေကို မဲရုံတာဝန်ရှိသူက ခဏစောင့်‌ပေးဖို့ ပြောပါတယ်။

    "မပြန်နဲ့ဦးတဲ့၊ အဲဒီထိုင်ခုံလေးမှာ ခဏစောင့်ပေးပါတဲ့။ လူကြီးလမ်းကြောင်း ရှိလိုတဲ့။ လူရှိစေချင်လို့နဲ့ တူတယ်” လို့ မဲသွားပေးခဲ့သူက ပြောပါတယ်။

    ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သွားကြည့်တဲ့ လှိုင်မြို့နယ်အတွင်းမှာ စုစုပေါင်း မဲရုံ ၆၈ ရုံရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ တစ်သိန်း‌ကျော်ရှိတယ်လို့ ဆိုပါတယ်။

    အခန်းပေါင်း ၁,၀၀၀ ကျော်ရှိတဲ့ မင်းဓမ္မပညာ့ရိပ်သာကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ၂၀၁၉ ခုနှစ်မှာ လာရောက်ဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်။

  11. အမေရိကန် ICE က ရွှေ့ပြောင်းခိုလှုံသူ မြန်မာအမျိုးသမီးတစ်ဦးကို အိမ်ထဲအထိဝင်ဖမ်း

    ICE ရဲ့ ဖမ်းဆီးမှု ခံလိုက်ရတဲ့ မြန်မာအမျိုးသမီး

    ဓာတ်ပုံ ရင်းမြစ်, Screen Grab

    ဓာတ်ပုံ ပုံစာ, ICE ရဲ့ ဖမ်းဆီးမှု ခံလိုက်ရတဲ့ မြန်မာအမျိုးသမီး

    အမေရိကန်ပြည်ထောင်စု၊ မင်နီဆိုးတားပြည်နယ်က စိန့်ပေါမြို့မှာ မြန်မာ/ကရင်နွယ်ဖွားလို့ ယူဆရတဲ့ မြန်မာအမျိုးသမီးတစ်ဦးကို အမေရိကန် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန် စည်းကြပ်မှု အေဂျင်စီ (ICE)က ဇန်နဝါရီ ၁၀ ရက်က ဖမ်းဆီးလိုက်ပါတယ်။

    အဲဒီဖြစ်ရပ်ကို မက်ဆီကန် -အမေရိကန်တစ်ဦးက သူ့ရဲ့ကိုယ်ပိုင် ဆိုရှယ်မီဒီယာ အကောင့်ကနေ Live လွှင့်ထားတာကတဆင့် မြန်မာအသိုင်းအဝိုင်းကြားထဲ ပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။

    Live လွှင့်ထားတဲ့ အဲဒီရုပ်သံထဲမှာ မြန်မာအမျိုးသမီး နေထိုင်တဲ့ အိမ်ထဲကို ICE အဖွဲ့က ဝင်ရောက်ဖမ်းဆီးတာဖြစ်ပြီး လက်ထိပ်ခတ်လျက်အနေအထားနဲ့ ဖမ်းဆီးခေါ် ဆောင်လာတာ တွေ့ရပါတယ်။

    Live လွှင့်နေသူက ဖမ်းဆီးခံမြန်မာအမျိုးသမီးကို နာမည်လှမ်းမေးတဲ့အခါ "တိုင်တူ" လို့ပြန်လည်ဖြေဆိုသံလည်းကြားရပါတယ်။

    အမေရိကန်အခြေစိုက်မြန်မာသတင်းဌာနဖြစ်တဲ့ မြန်မာဂေဇက်ရဲ့သတင်းအချက်အလက်အရ ဖမ်းဆီးခံရသူအမျိုးသမီးဟာ ကရင်လူမျိုး ပြောင်း‌ရွှေ့နေထိုင်သူလို့ သိရှိရပြီး ၂၀၂၄ နိုဝင်ဘာမှာ မင်နီဆိုးတားပြည်နယ်ကို ပြောင်းရွှေခိုလှုံသူလို့ သိရှိရပါတယ်။

    ဖမ်းဆီးခံရသူမှာ မိသားစုဝင် ၆ ဦးရှိပြီး ကလေး ၄ ဦးရှိကာ အငယ်ဆုံး က‌လေးက ၅ လသားလို့ သိရှိရပါတယ်။

    ကနဦးအချက်အလက်တွေအရ ဖမ်းဆီးခံရသူအမျိုးသမီးရဲ့ခင်ပွန်းဖြစ်သူကို ICE အဖွဲ့က မှတ်ပုံတင် အရင်တောင်းပြီး အိမ်ခန်းကို လိုက်ပြခိုင်းရာကနေ အမျိုးသမီးကိုပါ ဖမ်းခေါ် သွားတာလို့ ဆိုပါတယ်။ လက်ရှိမှာ အဲဒီအမှုကို မင်နီဆိုးတားက ကရင်အသိုင်းအဝိုင်းက လိုက်လံဆောင်ရွက်ပေးနေတယ်လို့ သိရှိရပါတယ်။

    သမ္မတထရမ့် အိမ်ဖြူတော်ကို တကျော့ပြန် ပြန်လည်ဝင်ရောက်လာပြီးနောက်မှာ ICE အေဂျင်စီဟာ လူထောင်ပေါင်းများစွာကို ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းဆီးမှုအများစုကို အများပြည်သူတွေ အထိတ်တလန့်ဖြစ်နိုင်တဲ့ လူမြင်ကွင်းနေရာတွေမှာ ဆောင်ရွက်ကြတာဖြစ်ပါတယ်။

    အဲဒီလို ICE အရာရှိတွေရဲ့လူမြင်ကွင်းက လုပ်ဆောင်မှုတွေကြောင့် သူတို့လုပ်ရပ်ကို ဆန့်ကျင်ကန့်ကွက်နေသူအချို့နဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေလည်း မကြာခဏ ပေါ်ပေါက်နေပါတယ်။

  12. လာမယ့် မတ်လမှာ လွှတ်တော်တွေခေါ်မယ်လို့ စစ်ကော်မရှင်ပြောခွင့်ရပြော

    အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း

    ဓာတ်ပုံ ရင်းမြစ်, One News

    ဓာတ်ပုံ ပုံစာ, အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း

    လာမယ့် ၂၀၂၆ မတ်လမှာ လွှတ်တော်တွေ စတင်ခေါ်ယူသွားမှာဖြစ်ပြီး ဧပြီလထဲမှာ အစိုးရသစ်က စတင်တာဝန်ထမ်းဆောင်ပါလိမ့်မယ်လို့ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

    ဒီနေ့ ဇန်နဝါရီ ၁၁ ရက်မှာ ရွေးကောက်ပွဲအပိုင်း ၂ ကျင်းပတဲ့ ရန်ကုန်မြို့ထဲက မဲရုံတချို့ကို စစ်ခေါင်းဆောင်သွားရောက်ကြည့်ရှုတဲ့အချိန် သတင်းထောက်တွေကို ပြောကြားခဲ့တာဖြစ်ပါတယ်။

    မတ်လမှာလွှတ်တော်ခေါ်၊ ဧပြီလမှာ အစိုးရသစ် စတင်တာဝန်ထမ်းဆောင်မယ်ဆိုတာက ပြီးခဲ့တဲ့အချိန်ဇယားတွေအတိုင်းပဲလုပ်တာလို့ သူက ဆက်ပြောသွားပါတယ်။

    ဒါဟာ အရင် စစ်ဗိုလ်ချုပ်ကြီးဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက်က စတင်ကျင်းပခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲက စလို့ ၂၀၂၀ ‌ရွေး‌ကောက်ပွဲအထိ နိုဝင်ဘာမှာ ရွေး‌ကောက်ပွဲ တွေ ကျင်းပခဲ့ပြီးနောက် လပိုင်းအကြာ နောက်နှစ် ဖေဖော်ဝါရီလတိုင်းမှာ နေပြည်တော်မှာလွှတ်တော်အစည်းအဝေးတွေ စတင်ကျင်းပခဲ့ပြီး အစိုးရသစ် ဖွဲ့စည်းခဲ့တဲ့ အချိန်ဇယားကို ဆိုလိုတာလို့ လွှတ်တော်လေ့လာသူတွေကပြောပါတယ်။

    ၂၀၁၀ ရွေးကောက်ပွဲအပြီးမှာတေ့ာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို သမ္မတ ဖြစ်လာတဲ့ ဦးသိန်းစိန်က ခန့်အပ်ကြောင်း ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

    လက်ရှိစစ်ခေါင်းဆောင်ဟာ လွှတ်တော်က တင်တဲ့ သမ္မတ လောင်းစာရင်းမှာ ပါလာမယ်ဆိုရင် ၊ သူ့အနေနဲ့လည်း အဲဒီအချိန်မှာ သမ္မတ လုပ်ဖို့ဆုံးဖြတ်ထားတယ်ဆိုရင်တော့ တပ်ချုပ်အသစ်တစ်ဦးကို ခန့်အပ်ရမှာဖြစ်ပါတယ်။

    အဲဒီလိုဆိုရင်တော့ ၁၅ နှစ်အတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အသစ်တစ်ဦးထပ်မံထွက်ပေါ်လာဖို့ရှိနိုင်ပါတယ်။

  13. ဒေါ်အောင်ဆန်းစုကြည် ပြိုင်တိုင်းနိုင်ခဲ့တဲ့ ကော့မှူးမြို့နယ်မှာ ဘယ်လိုရှိလဲ

    ကော့မှူးမြို့နယ်က မဲရုံတစ်ရုံ

    ဓာတ်ပုံ ရင်းမြစ်, ပြည်သူ့ပါတီ

    ဓာတ်ပုံ ပုံစာ, ကော့မှူးမြို့နယ်က မဲရုံတစ်ရုံ

    ဒေါ်အောင်ဆန်းစုကြည် ပြိုင်တိုင်းနိုင်ခဲ့တဲ့ ကော့မှူးမြို့နယ်မှာ ကြံ့ခိုင်ရေးပါတီဘက်က ကြိုတင်မဲတွေမှာ အသာရထားတယ်လို့ ပြည်သူ့ပါတီက ကော့မှူး ကိုယ်စားလှယ်လောင်း ဦးကျော်ကျော်ထွေးရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေး မန်နေဂျာ ဒေါ်စုစုနွေးက ပြောပါတယ်။

    ကော့မှူးမှာ အခု ရွေးကောက်ပွဲအပိုင်း ၂ အတွက်မဲပေးခွင့်ရှိသူ တစ်သိန်းငါးသောင်းကျော်(တစ်သိန်းခွဲ) ရှိပြီး မဲရုံပေါင်း တစ်ရာကျော်ရှိတယ်လို့ ပြည်သူ့ပါတီထံက သိရပါတယ်။

    အဲဒီ မဲဆန္ဒနယ်အတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းနေရာမှာ ပြည်သူ့ပါတီက ဦးကျော်ကျော်ထွေး၊ ကြံ့ခိုင်ရေးပါတီက စစ်ဗိုလ်ချုပ်ဟောင်း ကယားပြည်နယ်ဝန်ကြီး ဦးအောင်မျိုးသန်းတို့လည်း ယှဥ်ပြိုင်နေကြပါတယ်။

    ကြိုတင်မဲတွေနဲ့ ပတ်သက်လို့ ဦးကျော်ကျော်ထွေးရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေး မန်နေဂျာ ဒေါ်စုစုနွေးက ပြောပါတယ်။

    "ကြိုတင်မဲတွေကို ရေတွက်မယ်လို့ ကော်မရှင်က ကျွန်မတို့ကိုအကြောင်းကြားတာ သုံးရွာရှိတယ်။ ကျွန်မတို့ကလည်း အကြောင်းကြားတဲ့ရွာတိုင်းသွားတယ်။ အဲဒီမှာ ကျွန်မတို့ ပြည်သူ့ပါတီကို တပ်က ထည့်တဲ့ မဲတချို့လည်းရတယ်။ ဒါပေမဲ့ ကြံ့ခိုင်ရေးပိုများတယ်။ ပြီးတော့ ကျန်တဲ့ပါတီလေးတွေလည်း နည်းနည်းပါးပါးတော့ရတာရှိတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေနဲ့စာရင်တော့ဒီရွေးကောက်ပွဲက မဲထွက်ပေးတဲ့သူနည်းတာပေါ့။ မဲဆန္ဒရှင် ဦးရေ သုံးပုံပုံ တစ်ပုံလောက်ပဲထွက်တဲ့နေရာတွေလည်း ရှိတယ်။ ဒေါ်အောင်ဆန်းစုကြည် ပါတဲ့ ရွေးကောက်ပွဲတွေတုန်းကတော့ အင်တိုက်အားတိုက် ရှိတာပေါ့။ အခုတော့ လူတွေက အခြေအနေ ကြည့်နေတာလည်းရှိတယ်။ ဒါပေမဲ့ ကိုးတောင်ရွာ ဘက်ကျတော့ မဲပေးတဲ့သူက ကြိတ်ကြိတ်တိုးနေတယ်။ မြေပြင်မှာ အခု မဲရုံတွေ လိုက်ကြည့်နေတာ ပတ်နေတာ ကျွန်မတို့ ပြည်သူ့ပါတီပဲရှိတယ်"​လို့ ဒေါ်စုစုနွေးက ပြောပါတယ်။

    ဒေါ်အောင်ဆန်းစုကြည် ဟာ ‌၂၀၁၂(ကြားဖြတ်ရွေး‌ကောက်ပွဲ)၊ ၂၀၁၅ ( ‌ရွေး‌ကောက်ပွဲ)နဲ့ ၂၀၂၀ ( ‌ရွေး‌ကောက်ပွဲ)‌တွေမှာ ‌ကော့မှူးမြို့နယ်ကနေ ပြည်သူ့လွှတ် တော်‌နေရာအတွက် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး ‌အားပေးထောက်ခံသူ အများအပြားနဲ့ ရွေး‌ကောက်ပွဲတိုင်းမှာ အနိုင်ရခဲ့ပါတယ်။

  14. သတင်းထူး, ရွေးကောက်ပွဲ ဒုတိယပိုင်းနေ့ ပဲခူးတိုင်းက မင်းလှမြို့ပေါ်မဲရုံအနီး ဗုံးပေါက်ကွဲ, ဖြူး၊ ရေတာရှည်နဲ့ ကျောက်တံခါး တို့မှာ စစ်ရေးတင်းမာနေ

    မင်းလှမြို့ပေါ်မှာ ရွေးကောက်ပွဲလုပ်ဖို့အတွက် မဲရုံပြင်ဆင်နေတဲ့မြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, ပေးပို့

    ဓာတ်ပုံ ပုံစာ, မင်းလှမြို့ပေါ်မှာ ရွေးကောက်ပွဲလုပ်ဖို့အတွက် မဲရုံပြင်ဆင်နေတဲ့မြင်ကွင်း

    ပဲခူးတိုင်းမှာ အပိုင်း ၂ ရွေးကောက်ပွဲပြုလုပ်မယ့်မြို့နယ်တွေထဲက မင်းလှမြို့ပေါ်မှာ ပေါက်ကွဲမှုဖြစ်ပြီး ရေတာရှည်မြို့နယ်ထဲမှာ နှစ်ဖက်စစ်ရေးတင်းမာနေတယ်လို့ မြို့ခံနဲ့ စစ်ရေးအရင်းအမြစ်တချို့ဆီကပါ သိရပါတယ်။

    အပိုင်း ၂ ရွေးကောက်ပွဲကို ပဲခူးတိုင်းထဲက မင်းလှ၊ ရေတာရှည်အပါအဝင် ဒိုက်ဦး၊ ရွှေကျင်၊ ထန်းတပင်၊ ဇီးကုန်း၊ ပေါင်းတည်၊ ကဝ၊ သနပ်ပင်၊ ပေါက်ခေါင်း၊ ပန်းတောင်းနဲ့ မိုးညိုစတဲ့ ၁၂ မြို့နယ်မှာ ပြုလုပ်မှာပါ။

    “ဗုံးပေါက်တာလား လက်နက်ကြီးလားတော့မပြောတတ်ဘူး။ မနက် ၄ နာရီခွဲလောက်က ပေါက်ကွဲသံကြားခဲ့ရတာပါ။ အခုတော့ မြို့ကပုံမှန်လိုပါပဲ၊ မဲသွားထည့်နေတဲ့သူတွေလည်း ရှိပါတယ်” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

    မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ သာယာ၀တီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖိုတို့ကတော့ ဒီတိုက်ခိုက်မှုကို သူတို့ ပြုလုပ်တာလို့ ဒီနေ့ မနက်ပိုင်းမှာ သတင်းထုတ်ပါတယ်။

    ‘‘မင်းလှမြို့၊ လမ်းမတော်လမ်း၊ တရုတ်ကျောင်း မဲရုံအနီးကို မိုင်းခွဲတိုက်ခိုက်ခဲ့တာ’’လို့ လို့ဆိုပါတယ်။

    အခုလို စစ်ရေးတင်းမာနေတဲ့ ပဲခူးတိုင်းဟာ စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ(USDP) ရဲ့ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိမ်း ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ မဲဆန္ဒနယ်လည်းဖြစ်ပါတယ်။

    သူဟာ ပြည်သူ့လွှတ်တော်အမတ်နေရာအတွက် ပေါက်ခေါင်းမြို့နယ်ကနေ ဝင်ပြိုင်နေတာပါ။

    “မင်းလှမှာက ဗုံးပေါက်ကွဲမှုဖြစ်တယ်။ ဖြူးဘက်မှာလည်း ပြောက်ကျားဝင်တိုက်တာဖြစ်တော့ ရေတာရှည်ဘက်ကိုပါ စစ်ဆိုင်နေတဲ့အခြေအနေ စစ်ရေးတင်းမာနေတယ်” လို့ လက်ရှိစစ်ရေးအခြေအနေအကြောင်း PDF စစ်ရေးအရင်းအမြစ်တစ်ဦးက ပြောပါတယ်။

    ရန်ကုန်-မန္တလေးလမ်းဟောင်း၊ ဖြူးမြို့နယ်က ဆားဂွန်းရွာမှာတည်ရှိတဲ့ စစ်တပ်စစ်ဆေးရေး ဂိတ်ကိုလည်း ဒီနေ့မနက် ၅ နာရီ ဝန်းကျင်ခန့်မှာ တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

    ကျောက်တံခါးမြို့နယ်ထဲမှာလည်း ဇန်နဝါရီလဆန်းပိုင်းထဲက နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေတာကြောင့် ရန်ကုန်-မန္တလေးအမြန်လမ်းပိုင်းက ကျောက်တံခါးကစလို့ ရေတာရှည်အထိ တောက်လျှောက် စစ်ရေးတင်းမာနေတဲ့အခြေအနေ ဖြစ်ပါတယ်။

    ကျောက်တံခါးမြို့နယ်က ပဲနွယ်ကုန်းမြို့အနီးတဝိုက်မှာတော့ ဒီနေ့ မနက်ပိုင်းတိုက်ပွဲတွေဆက်ရှိနေပြီး စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ စစ်ရေးအရင်းအမြစ်ဆီက သိရပါတယ်။

    ပဲနွယ်ကုန်းမြို့နယ်ထဲက အမှတ် ၃၀၇ ခြေမြန်တပ်ရင်းအနီးမှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေတာလို့ ဒေသတွင်းမီဒီယာတွေမှာဖော်ပြထားပါတယ်။ ပဲနွယ်ကုန်းဒေသဟာ အခုသီတင်းပတ်ထဲမှာပဲ တော်လှန်ရေးအင်အားစုတွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ တောကျွဲအင်းမြို့(အောင်မြင်မြို့) အနီးမှာတည်ရှိပြီး ၂၀၂၃၊ ၂၀၂၄ ခုနှစ်တွေမှာ စစ်ရေးပြင်းထန်ခဲ့တဲ့ နေရာလည်းဖြစ်ပါတယ်။

    ကျောက်တံခါးမြို့နယ်ထဲက တောကျွဲအင်းမြို့အပါအဝင် ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်က စစ်စခန်း ၁၄ ခုကို ဇန်နဝါရီ ၉ ရက်နေ့ တစ်ရက်တည်းမှာပဲ သိမ်းပိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

  15. သတင်းထူး, ဝါးခယ်မှာ မဲပေးစက်အချို့ ချို့ယွင်းမှုဖြစ်

    မဲပေးစက်ချို့ယွင်းမှုဖြစ်ကြောင်းပြတဲ့ ပေါင်းစပ် ဓာတ်ပုံ

    ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်ထဲက မဲရုံတစ်ခုမှာ ဒီနေ့မနက်ပိုင်း မဲပေးစက်တွေ ချို့ယွင်းခဲ့တယ်လို့ ကိုယ်စားလှယ်လောင်းအချို့က ဘီဘီစီကို ပြောပါတယ်။

    စစ်တပ်ရွေးကောက်ပွဲ အပိုင်း ၂ ကို ဒီနေ့ ကျင်းပနေတာဖြစ်ပြီး ဧရာဝတီတိုင်းထဲ မြို့နယ် ၉ မြို့နယ်မှာ ရွေးကောက်ပွဲ ပြုလုပ်နေပါတယ်။

    မဲပေးစက်ကို နှိပ်လိုက်တဲ့အခါ ဘယ်ပါတီနဲ့ ဘယ်ကိုယ်စားလှယ်လောင်းကို မဲပေးလိုက်တယ်ဆိုတဲ့ မိတ္တူ(ပရင့်) စာရွက် ဖြတ်ပိုင်းငယ်တစ်ခု ကျလာရမှာဖြစ်ပါတယ်။

    ဒါပေမဲ့ မဲပေးစက်ကို နှိပ်လိုက်တဲ့အခါ အဲဒီလိုပရင့်စာရွက်ထွက်မလာလို့ နောက်ထပ် စက်အသစ်ထပ်လဲပေးခဲ့တာမျိုးတွေ ဖြစ်ခဲ့တာပါ။

    အဲဒီစက်မှာ မဲပေးသူ နောက်တစ်ဦးက မဲထပ်ပေးချိန်မှာတော့ ပထမတစ်ကြိမ် အမှန်အတိုင်း ပရင့်ထုတ်ပေးပေမဲ့ နောက်တစ်ကြိမ်မှာတော့ တရုတ်စာတွေပါတဲ့ ပရင့်စာရွက်ထွက်လာတာတွေ့ခဲ့ရတယ်လို့ မဲပေးမှုအခြေအနေကို စောင့်ကြည့်နေတဲ့ ကိုယ်စားလှယ်လောင်းတချို့က ဘီဘီစီကို ပြောပါတယ်။

    လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ မဲရုံတွေကို လိုက်လံစစ်ဆေးချိန်မှာ အခုလိုတွေ့ခဲ့တာလို့ ကိုယ်စားလှယ်လောင်းတစ်ဦးက ပြောပါတယ်။

    “Error (အမှား) တက်တာ စက်သုံးလုံးမြောက်ရှိပါပြီ။ နှစ်ခါနှိပ်ရင် တစ်ခါပျက်ဖြစ်ပါတယ်။ နောက်တစ်ခုက နှစ်ခါနှိပ်ပြီး နောက်တစ်ခါမှာ ပါတီနာမည်၊ လူနာမည်အလွဲတွေ ထွက်လာပါတယ်။ နောက်တစ်ချက်က စာရွက်အလွတ်နဲ့ တခြားဂဏန်းတွေ ထွက်လာပါတယ်။ မဲပေးချိန် Error တက်ပြီးထွက်လာတဲ့ မဲစာရွက်တစ်ခုထဲမှာ တရုတ်စာတွေပါ ပါဝင်နေတာတွေ့ရပါတယ်” လို့ သူက ပြောပါတယ်။

    ဒါ့အပြင်ဧရာဝတီတိုင်းထဲက မြို့နယ်တချို့မှာ မဲရုံတွေထဲ လွှတ်တော်ကိုယ်စားလှယ်တွေ ဝင်ရောက်တဲ့အခါ မဲရုံမှူးတွေရဲ့တားမြစ်တာကို ခံခဲ့ရတယ်လို့ ကြုံခဲ့ရသူတွေက ပြောပါတယ်။

    ဧရာဝတီတိုင်းထဲမှာ ရွေးကောက်ပွဲအပိုင်း ၁ ကို တိုင်းမြို့တော် ပုသိမ်အပါအဝင် မြို့နယ် ၈ ခုမှာ ပြုလုပ်ခဲ့ပြီး ကြံ့ခိုင်ရေးပါတီက ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းလွှတ်တော်တို့အတွက် အမတ်နေရာအမျိုးစုကို အနိုင်ရရှိထားပါတယ်။

  16. လသာက မဲဆန္ဒရှင်အများစု ကိုယ့်မြို့နယ်အတွက် အမတ်လောင်းတွေကို မသိကြ

    ရန်ကုန်မြို့ ပြည်သူ့ဆေးရုံကြီး ဝင်းထဲမှာ ဖွင့်ထားတဲ့ လသာမြို့နယ်အတွက် မဲရုံတစ်ရုံရဲ့ အတွင်းပိုင်း မြင်ကွင်းကို မြင်တွေ့ရတာဖြစ်ပါတယ်။ ရခိုင်တိုင်းရင်းသားကိုယ်စားလှယ်အတွက် မဲပေးစက် အရှေ့မှာ မဲကို စစ်ဆေးသူနဲ့ ထိန်းချုပ်စက်ကို ကိုင်တွယ်သူ မဲရုံဝန်ထမ်း ၂ ဦးကိုလည်း ပလက်စတစ်ထိုင်ခုံ အပြာပေါ်မှာ ထိုင်နေလျက်သားနဲ့မြင်တွေ့ရ
    ဓာတ်ပုံ ပုံစာ, ရန်ကုန်မြို့ ပြည်သူ့ဆေးရုံကြီး ဝင်းထဲမှာ ဖွင့်ထားတဲ့ လသာမြို့နယ်အတွက် မဲရုံတစ်ရုံရဲ့ အတွင်းပိုင်း မြင်ကွင်း

    ရန်ကုန်မှာ ဒီနေ့ ကျင်းပတဲ့ ရွေးကောက်ပွဲ အပိုင်း ၂ မှာ မြို့နယ် ၁၆ မြို့နယ်ထဲ လသာမြို့နယ်လည်း ပါဝင်ပါတယ်။

    လသာမြို့နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)ရဲ့ လွှတ်တော်အမတ်ဖြစ်ခဲ့ဖူးသူ ဒေါ်စန္ဒာမင်းလည်း ပြည်သူ့လွှတ်တော်အမတ်နေရာအတွက် တသီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်နေပါတယ်။

    လသာမြို့နယ်ထဲက မဲရုံအချို့ကို ဒီနေ့ မနက်ပိုင်း လေ့လာခဲ့အပြီး မဲဆန္ဒရှင်အချို့နဲ့ စကားပြောကြည့်ရာမှာတော့ အများစုဟာ သူတို့မြို့နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ ကိုယ်စားလှယ်လောင်းအများစုကို မသိကြဘူးလို့ပြောပါတယ်။

    လသာမြို့နယ်မှာ မဲရုံ ၁၆ ရုံဖွင့်ထားပြီး ရန်ကုန်ဆေးရုံကြီးဝင်းထဲမှာ ဝန်ထမ်းအများစု မဲပေးတဲ့ အမှတ် ၉ ရပ်ကွက် မဲရုံ ၁ ကို ဖွင့်ထားပါတယ်။

    မဲပေးနိုင်သူ ၁,၁၀၀ ခန့်ရှိမယ့် အဲဒီမဲရုံမှာ မြန်မာစံတော်ချိန် မနက် ၁၀ နာရီနောက်ပိုင်းမှာတော့ မဲပေးသူနည်းသွားတာကို တွေ့ရပါတယ်။

    လသာမှာ မဲလာပေးတဲ့ မဲဆန္ဒရှင်အချို့ကတော့ စီးပွားရေးကောင်းပြီး တိုင်းပြည်ကောင်းဖို့ မျှော်လင့်တယ်လို့ ပြောတယ်။

    လာသာမြို့နယ် ၁၀ ရပ်ကွက် မဲရုံမှာတော့ ပြည်သူ့လွှတ်တော် အမတ်နေရာအတွက် အသုံးပြုတဲ့ မဲပေးစက် ပျက်သွားလို့ စက်နောက်တစ်လုံးနဲ့ လဲလှယ် အသုံးပြုခဲ့ရပါတယ်။

  17. ထိုင်းတောင်ပိုင်းက PTT ဓာတ်ဆီဆိုင် ၁၁ ဆိုင်မှာ ဗုံးပေါက်ကွဲ

    ဇန်နဝါရီလ ၁၁ ရက် ပေါက်ကွဲမှုမြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, BBC Thai

    ထိုင်းနိုင်ငံတောင်ပိုင်းနယ်စပ်မှာတည်ရှိတဲ့ ခရိုင် ၃ ခုက PTT ဓာတ်ဆီဆိုင် ၁၁ ဆိုင်မှာ ဒီနေ့ မနက်ပိုင်းက ဗုံးပေါက်ကွဲမှုတွေ ဖြစ်ခဲ့တယ်လို့ ဘီဘီစီထိုင်း ဘာသာစကားဌာနက သတင်းဖော်ပြပါတယ်။

    ဒီနေ့ မနက် ၂ နာရီအချိန်မှာပေါက်ကွဲမှုတွေ ဖြစ်ခဲ့တာကြောင့် ထိုင်းတောင်ပိုင်းမှာ နေထိုင်တဲ့ပြည်သူတွေအနေနဲ့ ဓာတ်ဆီဆိုင်တွေ အနီးသွားလာတာ မလုပ်ဖို့နဲ့ အိမ်ထဲမှာပဲနေဖို့ တိုက်တွန်းထားကြောင်း ထိုင်းပြည်တွင်းလုံခြုံရေးဆိုင်ရာဌာန ISOC ရဲ့ ‌ဒေသအမှတ် ၄ ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

    “မကောင်းတဲ့အကြံအစည်ရှိတဲ့အဖွဲ့တွေက ဗုံးထောင်ပြီး တောင်ပိုင်းမှာရှိတဲ့ ဓာတ်ဆီဆိုင်တွေကို တိုက်ခိုက်ခဲ့တာဖြစ်တယ်” လို့ ဒေသအမှတ် ၄ ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

    ပေါက်ကွဲမှုတွေဟာ ယာလာ၊ ပတ္တာနီနဲ့ နရသီဝပ်ခရိုင်တွေမှာ ဖြစ်ခဲ့တာဖြစ်ပြီး ဒီပေါက်ကွဲမှုကြောင့် ထိုင်းရဲတဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

    ဒီဖြစ်စဉ်ဟာ ထိုင်းမှာ မကြာခင်လုပ်ဖို့ရှိနေတဲ့ရွေးကောက်ပွဲနဲ့ဆက်စပ်သလားလို့ ပြောရေးဆိုခွင့်ရှိသူကို ဘီဘီစီထိုင်းကမေးမြန်းရာမှာတော့ “ဖြစ်နိုင်ခြေတွေအားလုံးကို ဆန်းစစ်နေတယ်” လို့ ဆိုပါတယ်။

    ယာလာနဲ့ နရသီဝပ် ခရိုင်တို့ဟာ အိမ်နီးချင်း မလေးရှားနိုင်ငံနဲ့ ထိစပ်နေတာကြောင့် နယ်စပ်လုံခြုံရေးကို အမြင့်ဆုံးထားစောင့်ကြည့်နေပြီး ပတ္တနီမှာလည်း နယ်မြေအပြည့် စောင့်ကြည့်နိုင်အောင်လုပ်နေတယ်လို့ သိရပါတယ်။

    လက်ရှိအချိန်အထိ ဒီဖောက်ခွဲမှုတွေကို ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာ မသိရသေးပါဘူး။

  18. တရုတ်လိုလားတဲ့ မြန်မာဗဟိုအစိုးရပုံစံ

    တရုတ်နဲ့ စစ်တပ်ဆက်ဆံရေးသရုပ်ဖော်ပုံ

    အာဏာသိမ်းပြီး ၅ နှစ်အကြာမှာ ပေါ်ထွက်လာတဲ့ စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ သဘောတူညီမှုကြောင့် ထွက်ပေါ်လာတာလို့ တရုတ်က ဖွင့်ပြောပါတယ်။

    ရွေးကောက်ပွဲဟာ မြန်မာပြည်တွင်းရေးလို့ သုံးနှုန်းနေတဲ့ ဘေဂျင်းအစိုးရကပဲ စစ်တပ်ရွေးကောက်ပွဲဟာ တရုတ်ရဲ့ သဘောတူညီမှုကြောင့် ဖြစ်လာတာမျိုး ဝန်ခံလိုက်ဟန်ရှိပါတယ်။

    ''အနောက်ကိုမယိမ်းဘဲ တပ်မတော်နဲ့ သဟဇာတဖြစ်မယ့် မြန်မာအစိုးရကို တရုတ်က လိုချင်သလို မြန်မာအတွက် ၅၁ အချိုး ပုံသေနည်းနဲ့ ချဥ်းကပ်နေတယ်'' လို့ စစ်ကော်မရှင်အကြံပေးတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    ဒါက တရုတ်က မြန်မာပြည်ရဲ့ နိုင်ငံရေးလမ်းကြောင်းကို ထိန်းချုပ်မှု မြင့်မားလာတာကို ထင်ဟပ်ပြနေတာလား။ တရုတ်ဟာ မြန်မာ့နိုင်ငံရေးရှေ့ခရီးကို အာဏာသိမ်းအစိုးရနဲ့အတူတူချမှတ်လိုက်တာလား။ အပြည့်အစုံကို ဒီလင်ခ့်ကိုနှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။

  19. ရန်ကုန် မြို့နယ် ၁၆ မြို့နယ်မှာ ရွေးကောက်ပွဲ ဒုတိယပိုင်း ပြုလုပ်နေ

    ရွေးကောက်ပွဲ ဒုတိယပိုင်းမှာ ပါဝင်တဲ့ လသာမြို့နယ်ထဲ ဇန်နဝါရီ ၁၁ ရက် မနက်ခင်းပိုင်း မဲရုံတစ်ရုံက မဲပေးစက်မြင်ကွင်း
    ဓာတ်ပုံ ပုံစာ, ရွေးကောက်ပွဲ ဒုတိယပိုင်းမှာ ပါဝင်တဲ့ လသာမြို့နယ်ထဲ ဇန်နဝါရီ ၁၁ ရက် မနက်ခင်းပိုင်း မဲရုံတစ်ရုံက မဲပေးစက်မြင်ကွင်း

    စစ်တပ်ရွေးကောက်ပွဲ အပိုင်း ၂ ကို ရန်ကုန်မှာလည်း ဒီနေ့ မနက်ပိုင်းကစလို့ မဲရုံတွေ ဖွင့် ပြုလုပ်နေပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် လှိုင်မြို့နယ်ထဲက မဲရုံအချို့ကို လိုက်ကြည့်နေတာကိုလည်း တွေ့ရပါတယ်။

    ရန်ကုန်ဆေးရုံကြီးဝင်းထဲမှာ ဖွင့်ထားတဲ့ လသာမြို့နယ် မဲရုံတစ်ရုံ အတွင်းပိုင်း မြင်ကွင်းကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်မှာ မြင်တွေ့ရတာဖြစ်ပါတယ်
    ဓာတ်ပုံ ပုံစာ, ရန်ကုန်ဆေးရုံကြီးဝင်းထဲမှာ ဖွင့်ထားတဲ့ လသာမြို့နယ် မဲရုံတစ်ရုံ အတွင်းပိုင်း မြင်ကွင်းကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်မှာ မြင်တွေ့ရတာဖြစ်ပါတယ်

    အခု ရွေးကောက်ပွဲ အပိုင်း ၂ မှာ ရန်ကုန်က မြို့နယ် ၁၆ မြို့နယ်မှာ ပြုလုပ်နေတာဖြစ်ပါတယ်။

    စစ်ခေါင်းဆောင်ရဲ့လူယုံလို့သိကြပြီး လက်ရှိ ဝန်ကြီးချုပ်တာဝန်ပေးတာခံထားရတဲ့ စစ်ဗိုလ်ချုပ်ဟောင်း ဦးညိုစောလည်း ကိုကိုးကျွန်း မဲဆန္ဒနယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်နေပါတယ်။

    နောက် ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေမှာ ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကော့မှူးမြို့နယ်ကိုလည်း အခုတစ်ခေါက် ရွေးကောက်ပွဲ ဒုတိယအပိုင်းမှာ ထည့်သွင်း ကျင်းပထားပါတယ်။

    ရန်ကုန်တိုင်းထဲက ဗဟန်း၊ ပန်းပဲတန်း၊ လသာ၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဒေါပုံ၊ ပုဇွန်တောင်၊ လှိုင်၊ ရွှေပြည်သာ၊ ထန်းတပင်၊ လှည်းကူး၊ တောင်ဥက္ကလာပ၊ ကိုကိုးကျွန်း၊ ကြည့်မြင်တိုင်၊ အင်းစိန် စုစုပေါင်း ၁၆ မြို့နယ်မှာ ရွေးကောက်ပွဲကျင်းပနေတာဖြစ်ပါတယ်။

    ရန်ကုန်ဆေးရုံကြီး ဝင်းထဲမှာ ဖွင့်ထားတဲ့ လသာမြို့နယ်အတွက် မဲရုံ တစ်ရုံမှာ မဲပေးဖို့ တန်းစီနေကြသူတွေ
    ဓာတ်ပုံ ပုံစာ, ရန်ကုန်ဆေးရုံကြီး ဝင်းထဲမှာ ဖွင့်ထားတဲ့ လသာမြို့နယ်အတွက် မဲရုံ တစ်ရုံမှာ မဲပေးဖို့ တန်းစီနေကြသူတွေ
  20. ‘‘စစ်တပ်လုပ်နေတဲ့အတုအယောင်ရွေးကောက်ပွဲကို ချက်ချင်းရပ်ဖို့ နိုင်ငံတကာက တောင်းဆိုသင့်တယ်’’ - SAC- M

    ဒီနေ့ ရန်ကုန် လသာမှာ ရွေးကောက်ပွဲလုပ်တဲ့ မြင်ကွင်း
    ဓာတ်ပုံ ပုံစာ, ဒီနေ့ ရန်ကုန် လသာမှာ ရွေးကောက်ပွဲလုပ်တဲ့ မြင်ကွင်း

    စစ်တပ်က မြန်မာနိုင်ငံတဝန်း မြို့နယ်ပေါင်း ၁၀၀ မှာ ရွေးကောက်ပွဲ အပိုင်း ၂ ကို ဆက်လုပ်နေချိန်မှာပဲ ဒီရွေးကောက်ပွဲဟာ အတုအယောင်ဖြစ်တာကြောင့် ချက်ချင်းရပ်ဖို့ နိုင်ငံတကာက တောင်းဆိုသင့်တယ်ဆိုပြီး SAC- M အဖွဲ့က မနေ့ ဇန်နဝါရီ ၁၀ ရက် ရက်စွဲနဲ့ ထုတ်ပြန်လာပါတယ်။

    နိုင်ငံတဝန်းမှာမဲ မပေးဖို့ ဆန္ဒပြမှုတွေ၊ ရွေးကောက်ပွဲ ပထမပိုင်းမှာ မဲပေးသူနည်းပါးမှုတွေ၊ ပုံမှန်မဟုတ်တဲ့အခြေအနေတွေရှိနေတယ်ဆိုတဲ့ဖော်ပြမှုတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်လာတဲ့ ကြားကနေ စစ်တပ်က ရွေးကောက်ပွဲအပိုင်း ၂ ကို ဆက်လုပ်နေတယ်လို့ SAC-M က ထောက်ပြပါတယ်။

    SAC-M ဟာ မြန်မာ့အရေးတာဝန်ယူခဲ့တဲ့ ကုလသမဂ္ဂရဲ့လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်ဟောင်းတွေနဲ့ ဖွဲ့စည်းထားပြီး လက်ရှိ စစ်တပ်က ကျင်းပနေတဲ့ရွေးကောက်ပွဲကို “အတုအယောင်” ရွေးကောက်ပွဲလို့ သုံးနှုန်းပါတယ်။

    “မြန်မာပြည်သူတွေကအစောပိုင်းကတည်းက ဆုံးဖြတ်ထားပြီးသားဖြစ်တယ်။ စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို သူတို့က ချွင်းချက်မရှိ ငြင်းဆန်ထားတယ်။ ပထမပိုင်းမှာတင် ဟာသတခုလိုဖြစ်နေတာကို ဘာလို့ဆက်လုပ်နေမှာလဲ” လို့ SAC-M အဖွဲ့ဝင် မစ္စ ယန်ဟီးလီက ပြောပါတယ်။

    စစ်တပ်အနေနဲ့တရားဝင်မှုမရအောင်လုပ်နေတဲ့ ရွေးကောက်ပွဲဖြစ်တာကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ဒါကိုချက်ချင်းရပ်အောင် စစ်တပ်ရွေးကောက်ပွဲကိုပုံစံမျိုးစုံနဲ့ ပယ်ချဖို့လို တယ်ဆိုပြီးပါ SAC-M က ပြောပါတယ်။ မတားဆီးနိုင်ခဲ့ရင် ဒီလိုလုပ်လို့ရနိုင်ကြောင်း မီးစိမ်းပြလိုက်သလိုဖြစ်ပြီး ဒီအလေ့အထဟာ ဒေသအတွင်းပြန့်နှံ့ကာ ကမ္ဘာတဝန်းက ဒီမိုကရေစီအလေ့အထတွေအပေါ်ပါ သက်ရောက်လာ လိမ့်မယ်လို့ SAC-M က ဆိုပါတယ်။

    စစ်တပ်လုပ်တဲ့ရွေးကောက်ပွဲဟာ အကျပ်အတည်းတွေကြားပိုရောက်စေနိုင်မယ့် လမ်းဟောင်းတခုသာဖြစ်တယ်လို့ SAC-M ရဲ့ ဒီဇင်ဘာလမှာထုတ်ပြန်ထားတဲ့ “မြန်မာ့ရှေ့သို့ လားရာ” ဆိုတဲ့စစ်တမ်းမှာ ဖော်ပြပါတယ်။

    ဒီလိုနိုင်ငံတကာက ရွေးကောက်ပွဲ တရားမျှတမှုနဲ့ ပွင့်လင်းမြင်သာမှု မရှိဘူးလို့ ပြောဆိုနေတဲ့အပေါ် စစ်ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ရွေးကောက်ပွဲကို ဝေဖန်မစောဖို့ တုံ့ပြန်ပြီး နိုင်ငံတကာထက် ပြည်တွင်းက လူထုမဲထည့်နိုင်အောင် ရည်ရွယ်တယ်လို့ ပြီးခဲ့တဲ့လတုန်းက ပြောထားပါတယ်။