ဇန်နဝါရီ ၁၀ ရက် ကမ္ဘာနဲ့နိုင်ငံတဝန်းသတင်းများ အနှစ်ချုပ် - ကန့်ဘလူမှာ ရဟတ်ယာဉ် ကို ပစ်ခတ်

စစ်တပ်ရဟတ်ယာဉ်ကို ပစ်ခတ်နေတဲ့ မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Screen Grab(BOB)

ဓာတ်ပုံ ပုံစာ, BOB က ထုတ်ပြန်လာတဲ့ စစ်တပ်ရဟတ်ယာဉ်ကို ပစ်ခတ်နေတဲ့ မြင်ကွင်း

စစ်ကိုင်းတိုင်း၊ မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ဆင်းသက်ဖို့လာတဲ့ Mi-17 အမျိုးအစားရဟတ်ယာဉ်ကို မုံရွာခရိုင်တပ်ရင်းတွေက ပစ်ခတ်ခဲ့တယ်လို့ မုံရွာခရိုင် အမှတ် ၂၀ တပ်ရင်း (BOB) က ဒီနေ့ ဇန်နဝါရီ ၁၀ ရက်မှာ ရုပ်သံနဲ့ ထုတ်ပြန်ပါတယ်။

အဲဒီရဟတ်ယာဉ်ဟာ ကန့်ဘလူမြို့နယ် အမှတ် ၆၀၀၆ အမြောက်တပ်ကနေ ပျံသန်းလာတဲ့ ထောက်ပို့ရဟတ်ယာဉ်ဖြစ်ပြီး ကန့်ဘလူနယ်ထဲမှာ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။

ပစ်ခတ်မှုကြောင့် ရဟတ်ယာဉ်‌ခေါင်းပိုင်းနဲ့ အမြှီးပိုင်းထိမှန်ခဲ့တယ်လို့ BOB က ဆိုပါတယ်။

ဇန်နဝါရီ ၈ ရက်က ဖြစ်ခဲ့တဲ့ ဒီပစ်ခတ်မှုကို မုံရွာခရိုင် အမှတ် ၂၀ တပ်ရင်း (BOB)က စီစဉ်ပြီး သပိတ်ကျင်းတိုက်နယ်(ပကဖ)နဲ့ အရာတော်မြို့နယ်(ပကဖ)တို့က မုံရွာခရိုင် (ပကဖ)ရဲ့ ထောက်ပံ့မှုနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ BOB က ပြောပါတယ်။

မြေပြင်မှာရှိတဲ့ ဒေသခံတချို့နဲ့ သတင်းရင်းမြစ်တစ်ဦးကတော့ ပစ်ခတ်ခံရတဲ့ ရဟတ်ယာဉ်ဟာ ထိခိုက်မှုမရှိဘဲ နမခထဲကို ပြန်ဆင်းသက်သွားတယ်လို့ ဘီဘီစီကို ဇန်နဝါရီ ၁၀ ရက်မှာ ပြောပါတယ်။

ရဟတ်ယာဉ် ထိခိုက်ပျက်စီးမှုအတိုင်းအတာကို ဘီဘီစီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

စစ်အာဏာသိမ်း ၅ နှစ်ပါးနီးပါးအတွင်း စစ်တပ်ရဲ့ တိုက်လေယာဉ်နဲ့ ရဟတ်ယာဉ်တချို့ တော်လှန်ရေးထိန်းချုပ်ဒေသတွေမှာ ပစ်ချ၊ ပျက်ကျခဲ့တဲ့ ဖြစ်စဉ်တွေ ၁၀ ကြိမ်ထက်မနည်းရှိခဲ့ပါတယ်။

စစ်ကော်မရှင်တပ်ကတော့ ဇန်နဝါရီ ၈ ရက်က Mi-17 ရဟတ်ယာဉ် ပစ်ခတ်ခံရမှုနဲ့ပတ်သက်လို့ သတင်းမထုတ်ပြန်သေးပါဘူး။

အမေရိကန်က စစ်ရေးအရ တိုက်ခိုက်နိုင်တဲ့ အန္တရာယ်ရှိနေတယ်လို့ ကိုလံဘီယာသမ္မတပြော

ထရမ့်ရဲ့ ခြိမ်းခြောက်မှုကို ဆန့်ကျင်ဆန္ဒပြပွဲမှာ တွေ့ရတဲ့ ကိုလံဘီယာသမ္မတ ဂတ်စတာဗို ပတ်ထရို

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ထရမ့်ရဲ့ ခြိမ်းခြောက်မှုကို ဆန့်ကျင်ဆန္ဒပြပွဲမှာ တွေ့ရတဲ့ ကိုလံဘီယာသမ္မတ ဂတ်စတာဗို ပတ်ထရို
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ကိုလံဘီယာကို အမေရိကန်က စစ်ရေးအရ တိုက်ခိုက်နိုင်တဲ့ တကယ့် အန္တရာယ်ရှိနေတယ်လို့ ကိုလံဘီယာသမ္မတ ဂတ်စတာဗို ပက်ထရိုက ဘီဘီစီသတင်းဌာနကို ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ အခြားနိုင်ငံတွေကို အမေရိကန်အင်ပါယာရဲ့တစ်စိတ်တစ်ပိုင်းအဖြစ် သတ်မှတ်နေတယ်လို့ ပက်ထရိုကပြောခဲ့ပါတယ်။

ပြီးတော့ အမေရိကန်လူဝင်မှုနဲ့ အကောက်ခွန်ကြီးကြပ်ရေးဌာန(ICE) က အရာရှိတွေဟာလည်း နာဇီတပ်ဖွဲ့ဝင်တွေလို လုပ်နေတယ်လို့ သူက စွပ်စွဲပါတယ်။

ဗင်နီဇွဲလားသမ္မတ နီကိုလပ် မာဒူရိုကို အမေရိကန်အထူးတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ဖမ်းဆီးပြီး အမေရိကန်မြေကို ခေါ်ဆောင်လာပြီးနောက် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ကိုလံဘီယာကို စစ်ဆင်ရေးလုပ်ဖို့ သင့်တော်တယ်လို့ ပြောခဲ့ပါတယ်။

ထရမ့်ဟာ ပက်ထရိုကိုလည်း သတိထားနေဖို့ အကြိမ်ကြိမ်ပြောခဲ့ပါတယ်။

ကိုလံဘီယာသမ္မတကို မဝေးတော့တဲ့ အနာဂတ်မှာ အိမ်ဖြူတော်မှာတွေ့ဆုံမယ့်အကြောင်း ထရမ့်က ပြောပြီးနောက် ထရမ့်နဲ့ ပက်ထရိုတို့ ဗုဒ္ဓဟူးနေ့မှာ တယ်လီဖုန်းပြောခဲ့ပါတယ်။

ပက်ထရိုနဲ့စကားပြောရတာ အင်မတန်ဂုဏ်ရှိတဲ့အကြောင်း ထရမ့်က ဖုန်းပြောဆိုမှုနဲ့ပတ်သက်လို့ လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

ဒါပေမဲ့ နှစ်နိုင်ငံဆက်ဆံရေးကြား တိုးတက်မှုမရှိဘူးဆိုတာကို ပက်ထရိုရဲ့ ကြာသပတေးနေ့ ပြောဆိုမှုအရ သိရပါတယ်။

ဖုန်းပြောဆိုမှုဟာ တစ်နာရီတောင်မကြာခဲ့ဘဲ အထူးသဖြင့် ပက်ထရိုကသာ အများဆုံးပြောခဲ့ရပါတယ်။

မူးယစ်မှောင်ခို ကိုလံဘီယာ၊ ကိုလံဘီယာရဲ့ ဗင်နီဇွဲလားအပေါ်အမြင်၊ အမေရိကန်ပြည်ထောင်စုနဲ့ပတ်သက်လို့ လက်တင်အမေရိကမှာဖြစ်ပျက်နေတာတွေကိုပဲ ပြောဆိုခဲ့ကြတယ်လို့ ပက်ထရိုက ပြောခဲ့ပါတယ်။

ICE ဟာ လက်တင်အမေရိကန်သားတွေကို လမ်းမပေါ်မှာ အပြစ်ပေးရုံတင်မကဘဲ အမေရိကန်နိုင်ငံသားတွေကိုပါ သတ်ဖြတ်တဲ့အဆင့်ကိုရောက်နေပြီလို့ ကိုလံဘီယာသမ္မတကပြောခဲ့ပါတယ်။

ဒီအပတ်အတွင်း မင်နီယာပိုလစ်မြို့မှာ ICE အရာရှိတစ်ဦးရဲ့ ပစ်ခတ်မှုကြောင့် အသက် ၃၇ နှစ်အရွယ် အမေရိကန်နိုင်ငံသူတစ်ဦး သေဆုံးခဲ့မှုကြောင့် ဆန္ဒပြမှုတွေ ဖြစ်ပွားနေပါတယ်။

၂၀၂၅ ခုနှစ် နိုဝင်ဘာ ၃၀ ရက်အထိ ICE ရဲ့ချုပ်နှောင်ရေးစခန်းတွေမှာ လူ ၆၅၀,၀၀ ခန့် ထိန်းသိမ်းခံထားရတယ်လို့ ဆိုင်ရာကျုတက္ကသိုလ်က သတင်းအချက်အလက်တွေအရ သိရပါတယ်။

အမေရိကန်က ထိုင်းကို ကျားဖြန့်တိုက်ဖျက်ဖို့ ကန်ဒေါ်လာ ၁၀ သန်း ပံ့ပိုးမယ်

အမေရိကန်ရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံနေတဲ့မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, MFA

ဓာတ်ပုံ ပုံစာ, အမေရိကန်ရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံနေတဲ့မြင်ကွင်း

အမေရိကန်က ထိုင်း-မြန်မာနယ်စပ်မှာဖြစ်နေတဲ့ ဆိုက်ဘာရာဇဝတ်မှု အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်)တွေ တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုတွေအတွက် အမေရိကန်ဒေါ်လာ ၁၀ သန်း ပံ့ပိုးပေးသွားမယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

အမေရိကန်ရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ထိုင်းနိုင်ငံကိုလာတဲ့ ချစ်ကြည်ရေးခရီးစဉ်မှာ ထိုင်းနိုင်ငံခြား‌ရေးဝန်ကြီးနဲ့ တွေ့ဆုံချိန် အခုလိုအသိပေးခဲ့တာ ဖြစ်ပါတယ်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်က အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်‌ရေး ကမ္ဘာလုံးဆိုင်ရာ မိတ်ဖက်ဆက်ဆံရေး နိုင်ငံတကာညီလာခံကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ လက်ခံကျင်းပခဲ့ပြီး ထိုင်းရဲ့ ဦးဆောင်မှုပြုတဲ့ ကဏ္ဍကိုလည်း အမေရိကန်က ကြိုဆိုတယ်လို့ ဆိုပါတယ်။

အဲဒီညီလာခံမှာ အမေရိကန်နိုင်ငံရဲ့ ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ကြတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

တစ်ဖက်မှာလည်း မြန်မာစစ်တပ်က ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ် မြဝတီမြို့နယ် ကေကေပါ့ခ် (KK Park) အပိုင်း ၂ နဲ့ ၃ ထဲက ကျားဖြန့်အဆောက်အအုံ ၆၃၅ လုံးကို ဖောက်ခွဲဖျက်ဆီးထားတယ်လို့ ဇန်နဝါရီ ၁၀ ရက်ထုတ် နိုင်ငံပိုင်သတင်းစာကနေ ကြေညာပါတယ်။

အပိုင်း ၃ နယ်မြေထဲက ကျန်ရှိနေသေးတဲ့ ကျားဖြန့်အဆောက်အအုံတွေကလည်း ထပ်မံဖျက်ဆီးသွားမယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

ဒီဇင်ဘာလတုန်းကတော့ မြဝတီမြို့နယ်ထဲက ကျားဖြန့်(အွန်လိုင်းငွေလိမ်လုပ်ငန်း) လုပ်ကိုင်ခဲ့တဲ့နေရာတွေကို တရုတ်အစိုးရရဲ့ ထိပ်ပိုင်းအရာရှိဖြစ်တဲ့ တရုတ်ပြည်သူ့လုံခြုံရေးဌာန လက်ထောက်ဝန်ကြီးနဲ့ အဖွဲ့တွေ လာရောက်စစ်ဆေးခဲ့ပါတယ်။

ထိုင်း-မြန်မာ-တရုတ် သုံးနိုင်ငံပေါင်းပြီး ကျားဖြန့်နှိမ်နင်းရေးအစည်းအဝေးတစ်ရပ်လည်း

ဒီဇင်ဘာလထဲမှာပဲ ပြုလုပ်ခဲ့ကြပါတယ်။

ခင်ဦးက ကျေးရွာတွေ လေကြောင်းကနေ ၅ ကြိမ်တိုက်ခိုက်ခံရ

မြန်မာစစ်တပ်ရဲ့ တိုက်လေယာဉ်တချို့ (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ထိခိုက်ဒဏ်ရာရသူ ၄ ဦးအထိရှိလာ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အရှေ့ခြမ်း ဧရာဝတီမြစ်ရိုးတလျှောက်က ကျေးရွာတွေကို စစ်တပ်က ဒီနေ့မနက်ပိုင်းမှာ လေကြောင်းတိုက်ခိုက်မှုတွေလုပ်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

ခင်ဦးမြို့နယ်ရဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ရဲ့ တာဝန်ရှိသူတစ်ဦးကလည်း ဒီလေကြောင်းတိုက်ခိုက်မှုကို အတည်ပြုပြီး သင်ပေါင်းရွာနဲ့ အနီးနားရွာတွေက စစ်ရှောင်စခန်းတချို့ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာလို့ ဆိုပါတယ်။

မိတ္ထီလာနဲ့ တံတားဦးလေတပ်တို့ကနေ တက်လာတဲ့"တိုက်လေယာဉ် ၂ စီးထက်မနည်းနဲ့ ပတ်ကြဲနေတာ" လို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု‌ကြောင့် ၄ ဦးထိခိုက်ဒဏ်ရာရပြီး ၂ ဦးကတော့ အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ သူက ဆက်ပြောပါတယ်။

စစ်တပ်ရဲ့ တိုက်လေယာဉ်တချို့ နဲ့ ကင်းထောက်မှုတွေ ခင်ဦးနယ်ထဲ ဆက်ရှိနေပြီး မြေပြင်ရှင်းလင်းရေးတွေ မလုပ်ရသေးတာကြောင့် သေဆုံးတဲ့သူရှိ၊ မရှိ မသိ‌ရသေးဘူးလို့ သူကဖြည့်ပြောပါတယ်။

"လူထိခိုက်မှုတွေ ထပ်တိုးလာနိုင်တယ်" လို့ သူက ဆိုပါတယ်။

ဇန်နဝါရီ ၅ ရက်တုန်းကလည်း စစ်တပ်က ခင်ဦးမြို့နယ် အရှေ့ဖက်ခြမ်းက စစ်ရှောင်တွေနေထိုင်တဲ့ စာသင်ကျောင်းကို လေကြောင်းဗုံးကြဲလို့ စစ်ရှောင် ၃ ဦးသေဆုံးပြီး ၁၀ဦးထက်မနည်းထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

စစ်တပ်ကတော့ ခင်ဦးလေကြောင်းတိုက်ခံရတဲ့အခြေအနေနဲ့ပတ်သက်လို့ သတင်းမထုတ်ပြန်သေးပါဘူး။

ရုရှားနဲ့ တရုတ်ကြောင့် ဂရင်းလန်းကို အမေရိကန်ပိုင်မှဖြစ်မယ်လို့ ထရမ့်ပြော

အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အမေရိကန်သမ္မတ ဒေါ််နယ်လ်ထရမ့်

ရုရှားနဲ့ တရုတ် မပိုင်သွားစေဖို့အတွက် အမေရိကန်ပြည်ထောင်စုအနေနဲ့ ဂရင်းလန်းကျွန်းကို ပိုင်ဆိုင်ဖို့လိုအပ်တယ်လို့ အမေရိကန်သမ္မတဒေါ်နယ် ထရမ့်ကပြောလိုက်ပါတယ်။

"နိုင်ငံတွေမှာ ပိုင်ဆိုင်မှုဆိုတာရှိတယ်၊ ကိုယ်ပိုင်တာကို ခုခံကာကွယ်ရတယ်၊ ငှားထားတာတွေကို ခုခံတာမျိုးမဟုတ်ဘူး၊ ဒါကြောင့် ကျွန်တော်တို့ ဂရင်းလန်းကို ခုခံကာကွယ်မှရမယ်" လို့ ထရမ့်က ဘီဘီစီရဲ့မေးမြန်းမှုကို ဖြေဆိုရင်း သတင်းထောက်တွေကို သောကြာနေ့မှာ ပြောခဲ့ပါတယ်။

ဒီလိုပိုင်ဆိုင်ဖို့အတွက် သိမ်မွေ့တဲ့နည်း မဟုတ်ရင်လည်း အကြမ်းနည်း သုံးမယ်လို့ သူက ဆက်ပြောပါတယ်။ နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ဒိန်းမတ်ရဲ့ တစ်စိတ်တစ်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ ဂရင်းလန်းကျွန်းကို ဝယ်ယူဖို့ စဉ်းစားနေပြီး လိုအပ်ရင် အင်အားသုံးဖို့နည်းလမ်းကိုလည်း ချန်လှပ်မထားဘူးလို့ အိမ်ဖြူတော်က မကြာသေးမီက ပြောပါတယ်။

ပိုင်နက်တွေကို ရောင်းချဖို့မရှိဘူးလို့ ဒိန်းမတ်နဲ့ ဂရင်းလန်းကပြောထားပါတယ်။ စစ်ရေးအရ လုပ်မယ်ဆိုရင် အတ္တလန္တိတ်ဖြတ်ကျော် မဟာမိတ်ဖွဲ့ အဆုံးသတ်သွားလိမ့်မယ်လို့ ဒိန်းမတ်ကပြောပါတယ်။

လူဦးရေကျဲပါးပေမဲ့ ဂရင်းလန်းဟာ မြောက်အမေရိကနဲ့ အာတိတ်ကြားမှာရှိတာကြောင့် ဒုံးကျည်နဲ့တိုက်ခိုက်လာရင် အစောဆုံးသတိပေးမှုစနစ်ထားရှိဖို့နဲ့ ဒေသတွင်းက ရေယာဉ်တွေကို စောင့်ကြည့်ဖို့ အကောင်းဆုံးနေရာတစ်ခုဖြစ်နေပါတယ်။

အမေရိကန်သမ္မတက ဂရင်းလန်ဟာ အမေရိကန်အမျိုးသားလုံခြုံရေးအတွက် အင်မတန်အရေးပါပြီး ကျွန်းဝန်းကျင်မှာ ရုရှားနဲ့ တရုတ်သင်္ဘောတွေ ခြေချင်းလိမ်နေတယ်လို့ အထောက်အထားမရှိဘဲ ပြောခဲ့ပြီးဖြစ်ပါတယ်။

"ကျွန်တော် တရုတ်ပြည်သူတွေကို ချစ်တယ်၊ ရုရှားပြည်သူတွေကိုလည်း ချစ်ပါတယ်၊ ဒါပေမဲ့ သူတို့ကို ဂရင်းလန်းမှာ အိမ်နီးချင်းအဖြစ်တော့ အလာခံလို့ မဖြစ်ဘူး၊ ဒါမျိုး လုံးဝ ဖြစ်လာမှာ မဟုတ်ဘူး" လို့ ထရမ့်က ပြောပါတယ်။

စကားမစပ် နေတိုး အနေနဲ့လည်း ဒါကို နားလည်ထားဖို့ လိုတယ် လို့ သူက ထည့်ပြောသွားပါတယ်။

ဂရင်းလန်းကျွန်းအနောက်မြောက်ဖျားပိုင်းက ပီတက်ဖစ်အခြေစိုက်စခန်းမှာ အမေရိကန်စစ်သည် တစ်ရာကျော်တပ်စွဲထားပြီးဖြစ်ပါတယ်။ အဲဒီနေရာကို ဒုတိယကမ္ဘာစစ်ကတည်းက အမေရိကန်က စီမံခဲ့တာဖြစ်ပါတယ်။

ဒိန်းမတ်နဲ့ လက်ရှိသဘောတူညီချက်တွေအရ အမေရိကန်ဟာ ဂရင်းလန်းကျွန်းကို စစ်သည်လိုအပ်သလို ပို့ဆောင်ခွင့်ရှိနေပါတယ်။ ငှားရမ်းထားတဲ့သဘောတူညီချက်ဟာ မလုံလောက်ဘူးလို့ ထရမ့်က သတင်းထောက်တွေကိုပြောပါတယ်။

"နိုင်ငံတွေဟာ ကိုးနှစ်ငှားရမ်းမှု သို့မဟုတ် နှစ်တရာငှားရမ်းမှုတွေလုပ်လို့မရဘူး" လို့ သူက ပြောခဲ့ပြီး ဂရင်းလန်းကို ပိုင်ဆိုင်ခွင့်ရမှဖြစ်မယ်လို့လည်း ဆက်ပြောပါတယ်။

မြစ်ဆုံစီမံကိန်းကို ကန့်ကွက်ကြောင်း ကချင်ပြည်နယ်နေ့မှာ ဆန္ဒထုတ်ဖော်

ကချင်ပြည်နယ်နေ့မှာ မြစ်ဆုံစီမံကိန်းကို ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်နေကြတဲ့မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, ပေးပို့

ဓာတ်ပုံ ပုံစာ, ကချင်ပြည်နယ်နေ့မှာ မြစ်ဆုံစီမံကိန်းကို ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်နေကြတဲ့မြင်ကွင်း

မြစ်ဆုံစီမံကိန်းကို ကန့်ကွက်ကြောင်း မြစ်ကြီးနားမြို့နယ်၊ ဧရာဝတီမြစ်တကြောမှာနေထိုင်တဲ့ ဒေသခံတွေက ဒီနေ့ကျရောက်တဲ့ ၇၈ ကြိမ်မြောက် ကချင်ပြည်နယ်နေ့မှာ ဆန္ဒဖော်ထုတ်နေကြပါတယ်။

"မြစ်ဆုံစီမံကိန်းအလိုမရှိ"၊ " ပြည်သူ့အသံကိုနားထောင်ပါ၊ မြစ်ဆုံစီမံကိန်းရပ်ပါ" "တို့ဧရာဝတီကို တို့ချစ်တယ်" စတဲ့ စာတန်းတွေကိုင်ဆောင်ပြီး လူပေါင်း ၆၀ ကျော် ဆန္ဒဖော်ထုတ်နေကြတာကို ဘီဘီစီကို ပေးပို့လာတဲ့ ဓာတ်ပုံတွေမှာတွေ့ရပါတယ်။

မြစ်ဆုံစီမံကိန်းကို ပြန်စမယ့်အကြောင်း ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ဒီဇင်ဘာ ၁၆ ရက်က သွားရောက်ခဲ့တဲ့ မြစ်ကြီးနားခရီးစဉ်မှာ ထုတ်ပြောထားပါတယ်။

အဲဒီနောက်ပိုင်းမှာ မြစ်ဆုံစီမံကိန်းစမယ့်အစီအစဉ်ကို ကန့်ကွက်တယ်ဆိုပြီး ဖားကန့် မှော်လှည့်သပိတ်နဲ့ လုံးခင်းသပိတ်အင်အားစုတို့က ဒီဇင်ဘာလထဲမှာ လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။

ဒါ့အပြင် ခွင့်ပြုထားတဲ့ လုပ်ငန်းတွေကို အထောက်အထားမခိုင်လုံဘဲ ကန့်ကွက်တဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေကို သက်ဆိုင်ရာတည်ဆဲဥပဒေနဲ့ အရေးယူမယ်လို့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံးက ပြီးခဲ့တဲ့လက အမိန့်ထုတ်ပြန်ထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကတော့ မြစ်ဆုံဒေသမှာ ရေအားလျှပ်စစ်၊ အခြေခံအဆောက်အဦနဲ့ သယံဇာတထုတ်ယူရေးစီမံကိန်းတွေမပြုလုပ်ဖို့ ကြေညာပါတယ်။

ဒီအချက်တွေအပါအဝင် မြစ်ဆုံနဲ့ပတ်သက်တဲ့ စည်းကမ်းချက် ၄ ချက်ကို ၇၈ ကြိမ်မြောက် ကချင်ပြည်နယ်နေ့ဖြစ်တဲ့ ဇန်နဝါရီ ၁၀ ရက်မှာ NUG ရဲ့ အမွေအနှစ်ဆိုင်ရာ ကြားကာလ စီမံအုပ်ချုပ်မှု ဗဟိုအဖွဲ့ (Interim Board for Heritage Administration – IBHA)က ကြေညာလာတာဖြစ်ပါတယ်။

စစ်ရေးရည်ရွယ်ချက်နဲ့ နေရာချတာ၊ စခန်းတည်ဆောက်တာ၊ လက်နက်အသုံးပြုပြီး ပစ်ခတ်၊ မီးရှို့၊ ဖျက်ဆီးတာတွေကိုလည်း မြစ်ဆုံဒေသမှာ မလုပ်ဖို့ IBHA ကဆိုပါတယ်။

အမွေအနှစ်ဒေသရဲ့ မူလအနေအထား ပျက်စီးအောင် ပြုပြင်မွမ်းမံတာနဲ့ ပုံစံပြောင်းလဲတာကို မလုပ်ဖို့ဆိုတာကိုလည်း ကြေညာချက်မှာဖော်ပြပါတယ်။

သဘာဝနှင့် ယဉ်ကျေးမှုဆိုင်ရာ ရင်းမြစ်များကို ခိုးယူခြင်း၊ ရောင်းချခြင်း၊ တရားမဝင် ကုန်သွယ်ခြင်းမပြုလုပ်ဖို့ကိုလည်း IBHA က ပြောထားပါတယ်။

ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်က စစ်စခန်း ၁၄ ခုကို NUG တိုက်ခိုက်

တောကျွဲအင်းမြို့ကို ခေတ္တထိန်းချုပ်ပြီးနောက် NUG ရဲ့ MOD ထုတ်ပြန်လာတဲ့ပုံ

ဓာတ်ပုံ ရင်းမြစ်, MOD

ဓာတ်ပုံ ပုံစာ, တောကျွဲအင်းမြို့ကို ခေတ္တထိန်းချုပ်ပြီးနောက် NUG ရဲ့ MOD ထုတ်ပြန်လာတဲ့ပုံ

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်ထဲက တောကျွဲအင်းမြို့အပါအဝင် ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်က စစ်စခန်း ၁၄ ခုကို တစ်ရက်တည်းတိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန(MOD) က သတင်းထုတ်ပြန်ပါတယ်။

တောကျွဲအင်းမြို့(အောင်မြင်မြို့)ကို MOD ရဲ့တပ်တွေက စိုးမိုးထိန်းချုပ်ခဲ့ပြီးနောက် ရွေးကောက်ပွဲကော်မရှင်ရုံးနဲ့ နယ်မြေရဲစခန်းအပါအ၀င် စစ်ကော်မရှင်ရဲ့ အုပ်ချုပ်ရေးယန္တရား အဆောက်အဦတွေကို မီးရှို့ရှင်းလင်းခဲ့တယ်လို့ MOD က ဆိုပါတယ်။

ဇန်နဝါရီ ၉ ရက်နေ့ တစ်ရက်တည်းမှာပဲ ‌တောကျွဲအင်းအပါ စစ်စခန်း ၁၄ ခုလုံးကို MOD ရဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်က တိုက်ခိုက်ချေမှုန်းခဲ့တာလို့ ထုတ်ပြန်ချက်ကဆိုပါတယ်။

စစ်တပ်ကလည်း တောကျွဲအင်းတိုက်ပွဲအတွင်း လေကြောင်းကနေ တိုက်လေယာဉ်တွေနဲ့ ပစ်ကူပေးခဲ့တာကြောင့် နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တချို့က မနေ့က ပြောပါတယ်။

ဒါပေမဲ့ တောကျွဲအင်းမြို့ကိုတော့ ခေတ္တခဏပဲ ထိန်းချုပ်နိုင်ခဲ့တယ်လို့ MOD ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြို့ကို ထိန်းချုပ်ချိန် တောကျွဲအင်းမြို့နယ်ရဲစခန်းမှာ စစ်တပ်ရဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးချုပ်နှောင်ထားသူ ၈ ဦးကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်(PDF) က စိစစ်စေလွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

တစ်ဖက်မှာလည်း MOD ရဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာနရဲ့ စစ်တောင်းမြစ်ဝှမ်း ဒေသ အောင်မြင်စစ်ဆင်ရေး အဖြစ် ဖော်ဆောင်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၅၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ MOD က ပြောပါတယ်။ စစ်တပ်ရဲ့ နောက်ထပ်တပ်ဖွဲ့ဝင် အများအပြားလည်း ထိခိုက်ဒဏ်ရာရရှိပြီး လက်နက်ခဲယမ်း အမြောက်အများကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ သေဆုံးမှုနဲ့ပတ်သက်လို့ ဘီဘီစီက သီးခြားအတည်ပြုနိုင်တာတော့မရှိပါဘူး။

တစ်ချိန်တည်းမှာပဲ ညောင်လေးပင်နဲ့ ပိန်းဇလုပ်မြို့တို့ကြား ရန်ကုန်-မန္တလေးလမ်းဟောင်းကိုလည်း လုံခြုံရေးဆိုင်ရာ စစ်ဆေးမှုတွေလုပ်ခဲ့တယ်လို့ MOD က ပြောပါတယ်။

မနေ့ ဇန်နဝါရီ ၉ ရက်မှာ ဖော်ဆောင်ခဲ့တဲ့ စစ်ဆင်ရေးကို MOD ရဲ့ အမှတ် ၂ စစ်ဆင်ရေးနယ်မြေ ပဲခူးတိုင်းစစ်ဌာနရဲ့ ဗျူဟာ ၂၃၊ ၂၄၊ ၂၅ နဲ့ ၂၆ တို့ရဲ့ ကွပ်ကဲမှုအောက်က တပ်ရင်းတွေဖြစ်တဲ့ အာဠာဝကတပ်ရင်း၊ ဒေါင်းဖြူတပ်ရင်း၊ အထူးကွန်မန်ဒိုတပ်ရင်းနဲ့ နဂါးနီတပ်ရင်းနဲ့ ဗျူဟာ ၂၆ ပူးပေါင်းတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြတယ်လို့ ပြောပါတယ်။ ဒါ့အပြင် အုတ်တွင်းနဲ့ ဖြူးမြို့နယ် ပကဖတို့လည်း ပူးပေါင်းပြီး စစ်ဆင်ရေးဆင်နွှဲခဲ့ကြတယ်လို့ MOD က ပြောပါတယ်။

‌စစ်တပ်လုပ်မယ့် ရွေးကောက်ပွဲအပိုင်း ၂ မှာတော့ စစ်ရေးတင်းမာပြီး တိုက်ပွဲတွေဆက်ရှိနေတဲ့ မင်းလှမြို့နယ်ပါဝင်နေပါတယ်။

ရွေးကောက်ပွဲအပိုင်း ၃ မှာတော့ ပဲခူးတိုင်းထဲက လက်ရှိ စစ်ရေးပြင်းထန်နေတဲ့ ကျောက်တံခါး၊ ဖြူး၊ အုတ်တွင်း၊ သဲကုန်းတို့အပြင် ကျောက်ကြီး၊ ‌ဝေါ၊ ကြို့ပင်ကောက်နဲ့ အုတ်ဖိုမြို့နယ်တို့ပါဝင်ပါတယ်။