တယ်လီဂရမ်မှာ ခေါင်းထောင်လှုပ်ရှားမပြတ်တဲ့ မြန်မာက ကျားဖြန့်ဂိုဏ်းတွေ

တယ်လီဂရမ်မှာ အလုပ်ခေါ်မပြတ်တဲ့ ကျားဖြန့်ဂိုဏ်းတွေ
ဓာတ်ပုံ ပုံစာ, တယ်လီဂရမ်မှာ အလုပ်ခေါ်မပြတ်တဲ့ ကျားဖြန့်ဂိုဏ်းတွေ

နှိမ်နင်းဖြိုခွင်းမှုတွေလုပ်နေတယ်ဆိုတဲ့ ဝါဒဖြန့်မှုတွေရှိနေပေမဲ့ မြန်မာက တယ်လီဂရမ်မှာတော့ ကျားဖြန့်ဂိုဏ်းတွေရဲ့ အလုပ်ခေါ်စာတွေက ရပ်မသွားပါဘူး။

တယ်လီဂရမ်ထဲက မြဝတီ၊ ရွှေကုက္ကိုနဲ့ မြဝတီတကြော အလုပ်အကိုင်ရှာဖွေရေး ဂရုတွေထဲမှာ မြဝတီမြို့ပေါ် Chatting ဆိုတဲ့အလုပ်ခေါ်စာတွေက ပလူပျံနေဆဲပါ။

ဒီလိုဂရုတွေက ဆယ်နဲ့ချီရှိသလို တစ်ရက်တည်းမှာ အကြိမ်ရေများစွာ အလုပ်ခေါ်နေပါတယ်။

ကျားဖြန့်အလုပ်ခေါ်ယူနေတဲ့ လုပ်ငန်းတွေကပေးထားတဲ့ တယ်လီဖုန်းနံပါတ်တွေကို ဖုန်းခေါ်ဆိုမေးမြန်းကြည့်ခဲ့သလို မြဝတီ‌မြို့က ကျားဖြန့်ဂိုဏ်းတွေမှာ လုပ်ကိုင်နေသူ ၃ ဦးထက်မနည်းနဲ့လည်း ဘီဘီစီက ဆက်သွယ်စကားပြောကြည့်ခဲ့ပါတယ်။

"ကန်ဒေါ်လာ ၅,၀၀၀ ပေါက်ရင် လစာ ဘတ် ၄၀,၀၀၀ နဲ့ ရာခိုင်နှုန်းထပ်ပေးမယ်"

နိုဝင်ဘာ နောက်ဆုံးအပတ်မှာတွေ့ရတဲ့ တယ်လီဂရန်က အလုပ်ခေါ်စာတွေထဲက တစ်ခု

ဓာတ်ပုံ ရင်းမြစ်, တယ်လီဂရမ်

ဓာတ်ပုံ ပုံစာ, နိုဝင်ဘာ နောက်ဆုံးအပတ်မှာတွေ့ရတဲ့ တယ်လီဂရမ်က အလုပ်ခေါ်စာတွေထဲက တစ်ခု

မြဝတီအလုပ်အကိုင်များ၊ မြဝတီနှင့်Skk(‌ရွှေကုက္ကို) အလုပ်အကိုင်၊ မြဝတီအလုပ်အကိုင်သီးသန့်ရှာဖွေရေး၊ မြဝတီအလုပ်ခေါ်စာ စတဲ့ အမည်တွေနဲ့ ကျားဖြန့်အလုပ်ခေါ်နေတဲ့ တယ်လီဂရမ်ချန်နယ် ၆ ခုထက်မနည်းကို ဘီဘီစီက နိုဝင်ဘာ နောက်ဆုံးပတ်အတွင်း စောင့်ကြည့်လေ့လာခဲ့ပါတယ်။

အဲဒီချန်နယ်တစ်ခုစီမှာ တွေ့ရတဲ့ ကျားဖြန့်လုပ်ငန်းတွေအတွက် အလုပ်ခေါ်စာအရေအတွက်ဟာ တစ်ရက်ကို ပျမ်းမျှအစောင်ရေ ၂၀ ကျော်ရှိနေပါတယ်။

အလုပ်ခေါ်စာအများစုမှာလည်း"အမေရိကန်ဒေါ်လာ ၅,၀၀၀ ပေါက်ရင် လစာ ဘတ် ၄၀,၀၀၀ နဲ့ ရာခိုင်နှုန်းထပ်ပေးမယ်"ဆိုပြီး ငွေကြေးမက်လုံးတွေပေးပြီး အလုပ်ခေါ်နေတာဖြစ်ပါတယ်။

''ပေါက်ရင်'' ဆိုတာက ကျားဖြန့်လုပ်ငန်းအသိုင်းအဝိုင်းကြားသုံးနှုန်းတဲ့ စကားတွေပါ။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အဓိပ္ပါယ်ကတော့ သတ်မှတ်ထားတဲ့ ရက်အတွင်း အမေရိကန်ဒေါ်လာ ၅,၀၀၀ ရအောင်လိမ်လည်နိုင်ရင် အခြေခံလစာ ထိုင်းဘတ်ငွေ ၄၀,၀၀၀ ( မြန်မာငွေ ၄၈ သိန်း) ကနေစပေးမှာဖြစ်သလို ရက်မှန်ကြေးနဲ့ ရာခိုင်နှုန်းတချို့လည်း ထပ်ပေါင်းပြီးပေးမယ်လို့ ပြောထားတာဖြစ်ပါတယ်။

တချို့ချန်နယ်တွေမှာလည်း ကျားဖြန့်ဝန်ထမ်း(လိမ်လည်တဲ့သူ)လုပ်ချင်တဲ့သူတွေကို အမေရိကန်ဒေါ်လာ ၁,၀၀၀ ဒါမှမဟုတ် ၂,၀၀၀ ပေါက်ရင် လစာ ထိုင်းဘတ်ငွေ ၁၅,၀၀၀ ကနေ ၃၀,၀၀၀ အထိ ပေးမယ်လို့ အသီးသီးရေးသားထားပြီး ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေကိုပါ တစ်ပါတည်း ဖော်ပြထားပါတယ်။

အလုပ်ခေါ်စာတွေအရ မြဝတီဒေသထဲက ၁၂ ဂိတ်၊ UK ဆိုက်၊ ရွှေညောင်ပင် ၂၉ ဂိတ်နဲ့ ဝမ်ခ၊ သဲပုံ စတဲ့နေရာတွေမှာရှိတဲ့ ကျားဖြန့်လုပ်ငန်းတွေအတွက် ခေါ်ယူနေတာ တွေ့ရပါတယ်။ ခေါ်ယူတဲ့ အလုပ်အကိုင်အမျိုးအစား အများစုက Finding၊ Chatting နဲ့ မော်ဒယ် စတဲ့ အလုပ်အကိုင်တွေ ဖြစ်ပါတယ်။

  • Finding ကတော့ ပစ်မှတ်ထားပြီး လိမ်လည်ရမယ့် သားကောင်ရှာပေးရတာ
  • Chatting ကတော့ သားကောင်တွေနဲ့ အပြန်အလှန်စာပို့ဆက်သွယ်ပြောဆိုရတာ
  • မော်ဒယ်ကတော့ လိမ်လည်မယ့်သားကောင်ကို အယုံသွင်းဖို့အသုံးပြုတဲ့မိန်းကလေး

မော်ဒယ်အလုပ်အကိုင်က လစာအများဆုံးဖြစ်ပြီး အခြေခံ တစ်လစာကို ထိုင်းဘတ်ငွေ ၂၀၀,၀၀၀ အထိ ပေးမယ်ဆိုပြီး ကမ်းလှမ်းထားကြပါတယ်။

မော်ဒယ်အလုပ်ကတော့ သားကောင်တွေနဲ့ ဆက်သွယ်တဲ့နေရာမှာ အယုံသွင်းဖို့အတွက် Video Call (ဗီဒီယိုကော) ပြောတာတွေလုပ်တဲ့အခါ လှလှပပဝတ်စားထားရသလို သားကောင်ကို မျက်နှာအပြင် မဖွယ်မရာ ခန္ဓာကိုယ်အသားပေးပြတာတွေလုပ်ရပြီး လိမ်လည်ရတာဖြစ်ပါတယ်။

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတုန်းက ရွှေကုက္ကိုမြို့ စီးနင်းခံရပြီးနောက် ထိန်းသိမ်းခံခဲ့ရတဲ့ တရုတ်နိုင်ငံသားတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတုန်းက ရွှေကုက္ကိုမြို့ စီးနင်းခံရပြီးနောက် ထိန်းသိမ်းခံခဲ့ရတဲ့ တရုတ်နိုင်ငံသားတွေ

အလုပ်ခေါ်စာတွေအရ ကျားဖြန့် အလုပ်ဝင်လိုတဲ့သူတွေက အလုပ်မဝင်ခင် အင်တာဗျူးဖြေဆိုရမှာဖြစ်ပါတယ်။ ဘာသာစကားအနေနဲ့ အင်္ဂလိပ်ဘာသာ ဒါမှမဟုတ် တရုတ်ဘာသာကို အတိုင်းအတာတစ်ခုအထိ အရေးနဲ့ အပြောအပြင် ကွန်ပျူတာစာရိုက်နိုင်တဲ့သူ ဖြစ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေ ဖော်ပြထားတာတွေ့ရပါတယ်။

မြန်မာစစ်တပ်နဲ့ ကရင်နယ်ခြားစောင့်တပ်(BGF/KNA) တို့က ထိုင်း-မြန်မာနယ်စပ်က KK Park နဲ့ ရွှေကုက္ကိုမြို့ထဲက အွန်လိုင်းငွေလိမ်ဂိုဏ်းအပါအဝင် ဒုစရိုက်လုပ်ငန်းတွေကို နှိမ်နင်းနေတယ်ဆိုပြီး ရုပ်သံ၊ဓာတ်ပုံမှတ်တမ်းတွေအပါ သတင်းအချက်အလက်တွေကို ဆက်တိုက်ထုတ်ပြန်နေပါတယ်။

ဒါပေမဲ့ ကျားဖြန့်အလုပ်ခေါ်စာတွေရဲ့ ဘူမိနက်သန်တယ်လီဂရမ်မှာ ဒီလုပ်ငန်းတွေကလည်ပတ်နေဆဲဖြစ်လို့ အလုပ်ခေါ်စာမှာပါတဲ့ တယ်လီဖုန်းနံပါတ်တွေကို ခေါ်ဆို မေးမြန်းကြည့်ခဲ့ပါတယ်။

အများစုက မြန်မာမိုဘိုင်းဖုန်းနံပါတ်တွေဖြစ်ပါတယ်။ အလုပ်ခေါ်စာကြော်ငြာထားတဲ့ ကျားဖြန့်လုပ်ငန်း ၅ ခုထက်မနည်းနဲ့ စကားပြောခဲ့ပါတယ်။

ဘီဘီစီက ဆက်သွယ်ခဲ့တဲ့ ၁၂ ဂိတ်အနီးက ကျားဖြန့်လုပ်ငန်းဆိုက်တစ်ခုကတော့ "အင်တာဗျူးကို လူကိုယ်တိုင်ဖြေလို့ရတယ်။ ဖုန်းနဲ့လည်း ဖြေလို့ရတယ်။ မြဝတီမြို့ထဲမှာဆိုတော့ အလုပ်တန်းဝင်ဖို့လည်း အဆင်ပြေတယ်" လို့ ကျားဖြန့်အလုပ်ခေါ်သူက ဖုန်းထဲမှာ ဖြေဆိုပါတယ်။

ဒါ့အပြင် လက်ရှိမှာ ကျားဖြန့်လုပ်ငန်းကို ဦးဆောင်လည်ပတ်နေသူဟာ တရုတ်နိုင်ငံသား(သူ‌‌ဌေး)ဖြစ်ပြီး သားကောင်ရှာလိမ်လည်ရတဲ့အလုပ်ကို သူဌေးကိုယ်တိုင် ထဲထဲဝင်ဝင် လုပ်နေတဲ့အကြောင်း အဲဒီကျားဖြန့်လုပ်သားက ဆက်ပြောပါတယ်။

လက်ရှိ လုပ်ငန်းထဲမှာ လူနည်းနေပြီး သားကောင်ရှာဖွေပေးရတဲ့ Finding အတွက် လူများများလိုအပ်နေတယ်လို့ သူက ထပ်ပြောပါတယ်။

"အခုကတည်းက အလုပ်ဝင်လုပ်ထားမယ်ဆိုရင် စီနီယာရာထူးဖြစ်မှာ၊ နောက်ထပ် ဒီရာထူး(Finding) အတွက် လူတွေထပ်ခေါ်ဦးမှာ"လို့ဆိုပြီး သူက ရာထူးနဲ့ကမ်းလှမ်းတာမျိုးလည်း လုပ်ခဲ့ပါတယ်။

နောက်ထပ် UK ဆိုက်ထဲမှာ လည်ပတ်နေတဲ့ ကျားဖြန့်လုပ်ငန်းတစ်ခုကတော့ လစာကို တရုတ်ငွေ ယွမ်‌ဈေးအတက်အကျအလိုက် တွက်ချက်ပြီးမှ ထိုင်းဘတ်ငွေနဲ့ ပေးမယ်လို့ ပြောပါတယ်။

ဒါ့အပြင် အလုပ်လုပ်တဲ့ အခါမှာလည်း နေစားငြိမ်းစီစဉ်ပေးမှာဖြစ်ပြီး တနင်္ဂနွေတစ်ရက်ရဲ့ နေ့တစ်ပိုင်းကို ပိတ်ရက်အဖြစ် သတ်မှတ်ပေးမယ်လို့ ဆိုပါတယ်။

"အိပ်တာတော့ ယောက်ျားလေးသက်သက်၊ မိန်းကလေးသက်သက် တစ်ခန်းကို ၈ ယောက်အိပ်ရမယ်။ အခန်းကတော့ ကျယ်ပါတယ်" လို့ UK ဆိုက်အတွက် အလုပ်ခေါ်စာတင်ထားတဲ့ ကျားဖြန့်ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

မြဝတီမှာ ဆက်လည်ပတ်နေတဲ့ ကျားဖြန့်လုပ်ငန်းတွေ

မြဝတီမြို့ ၁၂ ဂိတ်အနီး ခရမ်းပြာကျားဖြန့်ဆိုက်ထဲက အဆောက်အဦတချို့ (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Screen Grab

ဓာတ်ပုံ ပုံစာ, မြဝတီမြို့ ၁၂ ဂိတ်အနီး ခရမ်းပြာကျားဖြန့်ဆိုက်ထဲက အဆောက်အဦတချို့ (ပုံဟောင်း)

တယ်လီဂရန်ချန်နယ်တွေမှာ ကျားဖြန့်အလုပ်တွေ နေ့စဥ်ရက်ဆက် ခေါ်ယူနေသလို မြဝတီ‌ဒေသထဲမှာလည်း ကျားဖြန့်လုပ်ငန်းတွေ ဆက်ပြီးလည်ပတ်နေတယ်လို့ မြေပြင်အခြေအနေသိသူတွေနဲ့ မြို့ခံတချို့ကပါ အတည်ပြုပြောကြပါတယ်။

တစ်ဖက်မှာလည်း မြဝတီဒေသထဲက နေရာ ၇ နေရာထက်မနည်းမှာ ကျားဖြန့်လုပ်ငန်းတွေ ဆက်ပြီးလည်ပတ်လုပ်ကိုင်နေတာကို ဘီဘီစီဆက်သွယ်မေးမြန်းခွင့်ရခဲ့တဲ့ ကျားဖြန့်ဝန်ထမ်း ၃ ဦးထက်မနည်းရဲ့ ပြောပြချက်တွေအရ အတည်ပြုနိုင်ခဲ့ပါတယ်။

ယူကေ(UK)ဝင်း၊ ၆၆၉ ဂိတ်ဝင်း၊ ၁၃ ဂိတ်နဲ့ ၁၂ ဂိတ် အနီးက ခရမ်းပြာဝင်း၊ ၉၉၉ ဂိတ်၊ မြဝတီ ၁ ဂိတ်(ဟိန်းစိန် ၁ )၊ ဂိတ်အမှတ် ၂၀၊ ဝမ်ခ-ရွှေပိတောက်မြိုင်၊ သဲပုံ၊ သစ်ကတေ စတဲ့နေရာတွေမှာ ကျားဖြန့်လုပ်ငန်းတွေ ဆက်ပြီးလည်ပတ်နေတာဖြစ်ပါတယ်။

ဝမ်ခ-‌ရွှေပိတောက်မြိုင်၊ သဲပုံနဲ့ ရွှေညောင်ပင် ၂၉ ဂိတ်အပါအဝင် သစ်ကတေကျေးရွာ စတဲ့နေရာတွေမှာ ကျားဖြန့်ဆိုက်ကြီးတွေ ရှိနေပြီး တရုတ်လုပ်ငန်းရှင်တွေ၊ နိုင်ငံပေါင်းစုံက ကျားဖြန့်အလုပ်သမားတွေနဲ့ ဆက်ပြီးလည်ပတ်နေတယ်လို့ အဲဒီဆိုက်တွေမှာ လုပ်ကိုင်နေသူတချို့က ဘီဘီစီကို ပြောပါတယ်။

"ဝမ်ခထဲက တချို့ရုံ(ကျားဖြန့်လုပ်ငန်း)တွေကတော့ လူတွေပြန်ခေါ်နေတယ်။ Finding လုပ်ဖို့ခေါ်နေတာ" လို့ ဝမ်ခထဲမှာ လုပ်ကိုင်နေသူတစ်ဦးက ဖြေဆိုပါတယ်။

ဝမ်ခ-ရွှေပိတောက်မြိုင်၊ သဲပုံနဲ့ ရွှေ‌ညောင်ပင် ၂၉ ဂိတ်စတဲ့ နေရာတွေဟာ မြဝတီမြို့ပြင်မှာရှိပြီး ရွှေ‌ညောင်ပင် ၂၉ ဂိတ်ကတော့ မယ်ထော်သလေးအပိုင်ထဲမှာရှိပါတယ်။

ဝမ်ခနဲ့ သဲပုံတို့ကတော့ မြဝတီမြို့ရဲ့ မြောက်ဘက်ခြမ်းမှာရှိပြီး မြဝတီနဲ့ ရွှေကုက္ကိုမြို့သစ်ကြားထဲမှာ ရှိပါတယ်။

အဲဒီကျားဖြန့်ဆိုက် ၃ ခုလုံးဟာ ထိုင်း-မြန်မာနယ်စပ်တလျှောက် သောင်ရင်းမြစ်ဘေးနားမှာရှိပါတယ်။

UK ဆိုက်၊ ၁၂ ဂိတ်-၁၃ ဂိတ်အနီးက ခရမ်းပြာဝင်း၊ ၉၉၉ ဂိတ်နဲ့ ဂိတ် ၂၀ စတဲ့နေရာတွေက မြဝတီမြို့တွင်းထဲမှာရှိပြီး အဲဒီနေရာက ကျားဖြန့်လုပ်ငန်းဆိုက်တွေလည်း ပုံမှန်အတိုင်း လည်ပတ်နေဆဲပဲလို့ အဲဒီနေရာတွေမှာ လုပ်ကိုင်နေသူတချို့က ပြောပါတယ်။

၁၂ ဂိတ်နဲ့ ၁၃ ဂိတ်အနီးက ခရမ်းပြာဝင်းက မြဝတီမြို့ အမှတ် ၅ ရပ်ကွက်ထဲမှာရှိပြီး UK ဆိုက်နဲ့ ၆၆၉ ကျားဖြန့်ဆိုက်တွေကတော့ မြဝတီမြို့ အမှတ် ၃၊ ကျွန်းတောရပ်ကွက်မှာရှိတယ်လို့ ဘီဘီစီမေးမြန်းခဲ့တဲ့ မြို့ခံ တချို့က ပြောပါတယ်။

မြဝတီမြို့ ၁၂ ဂိတ်အနီး ခရမ်းပြာကျားဖြန့်ဆိုက်ထဲက အဆောက်အဦတချို့ (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Screen Grab

ဓာတ်ပုံ ပုံစာ, မြဝတီမြို့ ၁၂ ဂိတ်အနီး ခရမ်းပြာကျားဖြန့်ဆိုက်ထဲက အဆောက်အဦတချို့ (ပုံဟောင်း)

လက်ရှိမှာ မြဝတီမြို့ထဲက KK Park နဲ့ ‌ရွှေကုက္ကိုမြို့သစ်ထဲက ကျားဖြန့်လုပ်ကိုင်ခဲ့တဲ့ တရုတ်နိုင်ငံသားအများစုနဲ့ အခြားနိုင်ငံခြားသားတွေကို BGF နဲ့ စစ်ကော်မရှင်တပ်တွေက ဖမ်းဆီးစိစစ်၊ စစ်ဆေးထိန်းသိမ်းတာတွေလုပ်ပြီးမှ နေရပ်ပြန်ပို့တာတွေ လုပ်နေတယ်လို့ BGF က ပြောပါတယ်။

BGF ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်ကတော့ မြဝတီ‌‌ဒေသ KK Park နဲ့ ရွှေကုက္ကိုမြို့သစ်ထဲက "တရုတ်နိုင်ငံသားအပါအဝင် နိုင်ငံခြားသားတွေကို ထွက်ပြေးလို့မရအောင် အထွက်ဂိတ်တွေမှာ သေချာစိစစ်ပြီး ထိန်းသိမ်းရေးစခန်းတွေမှာ ထားထားတယ်" လို့ ဘီဘီစီကို နိုဝင်ဘာ ၂၄ ရက်မှာပြောပါတယ်။

ဒါပေမဲ့ ၁၃ ဂိတ်-ခရမ်းပြာဝင်းထဲက တရုတ်နိုင်ငံသား ကျားဖြန့်လုပ်ငန်းရှင်တချို့ကတော့ သူတို့ရဲ့ ကျားဖြန့်ဝန်ထမ်းတွေကို အဖမ်းအဆီးတွေနဲ့ပတ်သက်ပြီး မစိုးရိမ်ဖို့ နားချနေသလို အလုပ်မထွက်ကြဖို့ တောင်းဆိုနေတယ်လို့ ခရမ်းပြာဝင်းထဲမှာ လုပ်ကိုင်နေသူတချို့က ပြောလာပါတယ်။

ဒါ့အပြင် ကျားဖြန့်လုပ်ငန်းတွေ ဆက်လည်ပတ်လို့ရအောင် လက်နက်ကိုင်တပ်ကို ငွေပေးထားတာကြောင့် စိတ်အေးကြဖို့ တရုတ်နိုင်ငံသား ကျားဖြန့်လုပ်ငန်းရှင်တွေက ရာထူးအဆင့်ရှိတဲ့ ကျားဖြန့်လုပ်သားတွေကို အသိပေးထားတဲ့အကြောင်း ခရမ်းပြာဝင်းထဲမှာ လုပ်ကိုင်နေတဲ့ မြန်မာတစ်ဦးက ဖွင့်ပြောပါတယ်။

"တရုတ်သူဌေးတွေပြောနေတာ စိတ်မပူနဲ့တဲ့။ ပိုက်ဆံပေးထားလို့ ဘာမှမဖြစ်ဘူးပြောတယ်။ ပြေးရရင်လည်း မထားခဲ့ဘူးတဲ့"ဆိုပြီး အရာရှိတစ်ဦးက အခုလိုအသိပေးခဲ့တဲ့အကြောင်း ကျားဖြန့်လုပ်သားတစ်ဦးက ဘီဘီစီကို ပြောပြပါတယ်။

မြဝတီဒေသထဲမှာ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်တဲ့ တရုတ်နိုင်ငံသား လုပ်ငန်းရှင်တွေ လက်နက်ကိုင်တပ်ကို ငွေပေးတယ်ဆိုတဲ့အချက်နဲ့ ပတ်သက်လို့ ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။

ဒါပေမဲ့ ဘီဘီစီဖော်ပြခဲ့တဲ့ လက်ရှိလည်ပတ်နေတဲ့ ကျားဖြန့်လုပ်ငန်းဆိုက်တွေကိုတော့ BGF လက်နက်ကိုင်တပ်တွေကပဲ စောင့်ကြပ်ပြီး ထိန်းချုပ်ထားတာဖြစ်တယ်လို့ ဆိုက်တွေထဲမှာ လုပ်ကိုင်နေတဲ့ ကျားဖြန့်ဝန်ထမ်း ၃ ဦးထက်မနည်းက တညီတည်းဖြေကြပါတယ်။

"ဒီနေရာမှာ စစ်တပ်မရှိဘူး။ BGF တွေပဲ စောင့်ကြပ်နေတာ"လို့ မြဝတီမြို့တွင်းက UK ကျားဖြန့်ဆိုက်မှာ လုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။

မြဝတီဒေသမှာ လည်ပတ်နေတဲ့ ကျားဖြန့်ဆိုက်တွေကို BGF က စောင့်ကြပ်ထိန်းချုပ်ထားတယ်ဆိုတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ဘီဘီစီက BGF ကို ထပ်ပြီးဆက်သွယ်မေးမြန်းထားပေမယ့် ပြန်လည်ဖြေကြားခြင်းမရှိသေးပါဘူး။