ကျားဖြန့်လုပ်ငန်းတွေ ဘယ်လိုခြေရာဖျောက်ပြီး နိုင်ငံဖြတ်ကျော် ပြောင်းရွှေ့နေလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြန်မာနယ်စပ်တွေက အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) ဝန်ထမ်း သောင်းဂဏန်းကျော်အထိ ဖမ်းမိပြီး တရုတ်နိုင်ငံကို လွှဲပြောင်းပေးခဲ့ပေမဲ့ နိုင်ငံဖြတ်ကျော် ဒုစရိုက်လုပ်ငန်းဟာ အမြစ်ပြတ်ပျောက်ကွယ်သွားတာမတွေ့ရပါဘူး။
ကျားဖြန့် ခေါင်းဆောင်ပိုင်းတွေဟာ သူတို့ရဲ့အခြေစိုက်နေရာကို ဝင်စီးတော့မယ့် အဖမ်းအဆီးတွေအကြောင်း သတင်းလက်ဦးမှုရယူထားပြီး ကြိုတင်ရှောင်ထွက်သွားနိုင်လို့ပဲ ဖြစ်ပါတယ်။
ဘီဘီစီက အဆက်အသွယ်ရခဲ့တဲ့ ကျားဖြန့်ဂိုဏ်းတစ်ခုဆိုရင် အခုအဖမ်းအဆီးကြမ်းနေတဲ့ မြဝတီ၊ ရွှေကုက္ကိုကနေ ကြိုတင်ရှောင်ထွက်သွားပြီး ဒူဘိုင်းနဲ့ ကမ္ဘောဒီးယားမှာ လုပ်ငန်းပြန်လည်ပတ်နေပါပြီ။
မြန်မာ-တရုတ်နယ်စပ်၊ မြန်မာ-ထိုင်းနယ်စပ်နဲ့ တခြားအာဆီယံဒေသတွင်းနိုင်ငံတွေမှာ အခြေစိုက်တဲ့ ကျားဖြန့်လုပ်ငန်းတွေအကုန်လုံး ဒီပုံစံနဲ့ပဲ ဆက်လက်ရှင်သန်နေတာဖြစ်ပါတယ်။
ကျားဖြန့်လုပ်ငန်းတွေ ဘယ်လိုခြေရာဖျောက်ပြီး ဘယ်နိုင်ငံတွေကို ပစ်မှတ်ထားရွေးချယ်ပြောင်းရွှေ့လဲဆိုတာကို ဘီဘီစီ ဆောင်းပါးမှာ ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။
ဘီဘီစီက မေးမြန်းခဲ့တဲ့ ဝါရင့်ကျားဖြန့်လုပ်ကိုင်သူတစ်ဦးဆိုရင် ငါးနှစ်အတွင်း လေးနိုင်ငံအထိနေရာပြောင်းရွှေ့လုပ်ကိုင်ခဲ့သူ ဖြစ်ပြီး သူ့ကို ဂရေ့စ် လို့ အမည်လွှဲပေးထားပါတယ်။
"အာဏာပိုင်တွေရဲ့ အခြေအနေကို စောင့်ကြည့်တယ်"

ဓာတ်ပုံ ရင်းမြစ်, KK
ကျားဖြန့်ထိပ်ပိုင်းကလူတွေ လွတ်မြောက်နေတာဟာ အကျင့်ပျက်ခြစားတဲ့ ဝန်ထမ်းတွေနဲ့ လက်နက်ကိုင်တွေရဲ့ အကူအညီတွေက အဓိကကျတယ်လို့ ကျားဖြန့်မှာ လုပ်က်ုင်ခဲ့ဖူးသူ ဝန်ထမ်းတွေက ပြောပါတယ်။
ကျားဖြန့်လုပ်ငန်းတွေရှိတဲ့နယ်မြေတွေက လက်နက်ကိုင်အဖွဲ့တွေဟာ အဲဒီလုပ်ငန်းတွေကို လုံခြုံရေးပေးပြီး ဝန်ထမ်းတွေထွက်မပြေးအောင်လည်း တင်းတင်းကျပ်ကျပ်စောင့်ကြည့်ကြတယ် လို့ ကျားဖြန့်လုပ်ဖူးသူတွေက ဘီဘီစီကိုပြောပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
လက်နက်ကိုင်အဖွဲ့လို့ ဆိုတဲ့နေရာမှာ မြန်မာစစ်တပ်ရဲ့ နယ်မြေခံတပ်မှူးတွေ၊ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တချို့နဲ့ ပြည်သူ့စစ်တွေအထိ ပါဝင်နေပါတယ်။
ကျားဖြန့်နဲ့ဆက်စပ်လို့ဆိုပြီး မြန်မာစစ်တပ်က ဗိုလ်ချုပ်အဆင့်အထိအရေးယူခံထားရပါတယ်။
တရုတ်ဘက်က ဖမ်းဆီးဝရမ်းထုတ်ထားတဲ့ နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေရှိသလို အနောက်နိုင်ငံတချို့က အရေးယူပိတ်ဆို့ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တချို့လည်းရှိနေပါတယ်။
လုပ်ငန်းကို ဦးဆောင်နေသူတွေဟာ လုပ်ငန်းအခြေချလည်ပတ်တဲ့နယ်မြေကို ထိန်းချုပ်တဲ့ ဒေသအာဏာပိုင်တွေနဲ့ ဆက်ဆံရေးထားရှိပြီး အဖမ်းအဆီးအရိပ်အယောင်ကို မျက်ခြည်မပြတ် စောင့်ကြည့်တယ်လို့ ဂရေ့စ်က ပြောပြပါတယ်။
"လုပ်ငန်း(ကျားဖြန့်)ဘက်နဲ့ အာဏာပိုင်တွေက အပေးအယူသဘော အမြဲတမ်းရှိပါတယ်။ အဓိကက ငွေကြေးပေါ့။ ဝင်ဖမ်းတော့မယ်ဆိုတဲ့သတင်း သေချာရင်တော့ ပြောင်းဖို့ ချက်ချင်းလုပ်တယ်"လို့ သူက ဆက်ပြောပါတယ်။
တရုတ်က ထိုင်း-မြန်မာ နှစ်နိုင်ငံနဲ့ ပူးပေါင်းပြီး နယ်စပ်က ကျားဖြန့်လုပ်ငန်းတွေကို နှိမ်နင်းဖို့ စောင့်ကြည့်ဆောင်ရွက်နေတာတွေက ရွှေကုက္ကိုက ကျားဖြန့်လုပ်ငန်းကို တခြားနိုင်ငံတစ်ခုဆီ ပြောင်းရွှေ့ဖို့ ဖိအားဖြစ်စေခဲ့တယ်လို့ သူက ဆိုပါတယ်။
ကျားဖြန့်လုပ်ကိုင်တဲ့သူတွေအတွက် နိုင်ငံအပြောင်းအရွှေ့က အထူးအဆန်း တော့ မဟုတ်တော့ပါဘူး။
"နိုင်ငံတစ်ခုမှာ တစ်နှစ်ကျော်လောက်ပဲ အခြေချတယ်။ ဒါမှ အဖမ်းမခံရအောင် ခြေရာဖျောက်နိုင်မှာ" လို့ ဂရေ့စ်က ပြောပါတယ်။
သူ့ကုမ္ပဏီဟာ ဖိလစ်ပိုင်မှာ အခြေစိုက်ပါတယ်။ ဂရေ့စ်က မိခင်ဘာသာစကားအပြင် တရုတ်စကားကို ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်ပါတယ်။
ရွှေကုက္ကိုထဲက ကျားဖြန့်လုပ်ငန်းမှာ နှစ်နှစ်နီးပါးကြာခဲ့ပြီးနောက် ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်မှာ ထိုင်းမြန်မာနယ်စပ်ကနေ ပြောင်းရွှေ့ခဲ့ပါတယ်။
ကမ္ဘောဒီယား၊ လာအိုနဲ့ ဒူဘိုင်း ကို လူစုခွဲပြီး နှစ်ပတ်အတွင်းမှာပဲ ပြောင်းခဲ့ကြတာပါ။
ရွှေကုက္ကိုမှာကျန်ခဲ့တဲ့ ဝန်ထမ်းထောင်ကျော်ရှိတဲ့အထဲက ရာဂဏန်းကို အသုတ်လိုက်ခွဲပြီးခေါ်ထုတ်နိုင်ခဲ့တယ်လို့ သူကပြောပါတယ်။
ရွှေကုက္ကိုမြို့ကနေ လုပ်ငန်းမရွှေ့ခင် ခြေရာဖျောက်တဲ့အနေနဲ့ ငွေလိမ်လုပ်ငန်းအတွက် သုံးပြီးတဲ့ ဖုန်းဆင်းကတ်တွေနဲ့ မိုဘိုင်းဖုန်းတွေကို အကုန်ဖျက်ဆီး မီးရှို့ခဲ့ပြီး အဲဒီထဲက တချို့ကတော့ နယ်စပ်က သောင်ရင်းမြစ်ထဲ မျှောခဲ့ကြပါတယ်။
လုပ်ငန်းလည်ပတ်တဲ့နေရာအလိုက် လိုင်းရတဲ့ ဖုန်းဆင်းကတ်အသစ် အရေအတွက် သိန်းနဲ့ချီအပြင် မိုဘိုင်းဖုန်းအရေအတွက် ထောင်နဲ့ချီကို အဆင်သင့်သုံးနိုင်အောင် ဂိုဒေါင်တစ်ခုနဲ့ စနစ်တကျ ထားတဲ့အကြောင်း ကျားဖြန့်လုပ်ငန်းလုပ်ကိုင်ခဲ့တဲ့ ဘီဘီစီသတင်းရင်းမြစ်တစ်ဦးက ပြောပြပါတယ်။
နိုင်ငံဖြတ်ကျော်ပြောင်းရွှေ့မှုတွေကို ဘယ်သူတွေ ဦးဆောင်လဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကျားဖြန့်လုပ်ငန်းခွင်ထဲမှာ ရာထူးအကြီးပိုင်းတာဝန်ယူထားသူတွေက တစ်နိုင်ငံကနေ တစ်နိုင်ငံကို ပြောင်းရွှေ့ဖို့အတွက် သူတို့ကိုယ်တိုင် ရှေ့ပြေးအနေနဲ့ အရင်သွားပြီး ကွင်းဆင်းလေ့လာကြပါတယ်။
အဲဒီခေါင်းဆောင်အများစုကလည်း တရုတ်နိုင်ငံသားတွေပဲ ဖြစ်ပါတယ်။
"သူတို့ (ခေါင်းဆောင်) တွေ တစ်ခါသွားရင် လနဲ့ချီကြာတယ်။ ကုမ္ပဏီက ကုန်ကျစရိတ်အကုန်ခံပေးတယ်" လို့ ဂရေ့စ်ကပြောပါတယ်။
နိုင်ငံတစ်နိုင်ငံကို ကွင်းဆင်းလေ့လာတဲ့အခါ အဲဒီနိုင်ငံမှာ ကျားဖြန့်လုပ်ငန်း အခြေချလည်ပတ်ဖို့အတွက် အကျိုးဆောင်(ပွဲစား) တွေနဲ့ အရင်ဆုံးချိတ်ဆက်ပြီး နေရာရှာရပါတယ်။
"အဖမ်းအဆီးအခြေအနေကိုကြည့်တယ်။ ပြီးတော့ လုံခြုံမယ့်နေရာကိုလည်း စုံစမ်းပြီး ရှာဖွေတယ်။ လုံခြုံမှ လုပ်ငန်းလည်ပတ်လို့ရမှာ" လို့ သူက ဆိုပါတယ်။
နယ်စပ်လိုမျိုး လူသူအရောက်ပေါက်နည်းတဲ့နေရာ၊ မြို့ပြနဲ့ဝေးပြီး အသွားအလာနည်းပါးတဲ့ ဒေသ၊ ဥပဒေစိုးမိုးမှု မသက်ရောက်တဲ့ နေရာမျိုးတွေကို ပစ်မှတ်ထားရွေးချယ်တယ်လို့ နားလည်ရပါတယ်။
ဝေးလံခေါင်ဖျားတဲ့ နယ်စပ်တွေမှာ အာရှ နဲ့ အာဖရိက နိုင်ငံတွေကလို ကျားဖြန့်ဝန်ထမ်းတွေကို ဖမ်းမိနေတာက ဒီအချက်မှန်ကန်ကြောင်း ထင်ဟင်စေပါတယ်။
အဲဒီနေရာတွေမှာ လုပ်ငန်းလည်ပတ်ခွင့်ရဖို့ မြို့နယ် ဒေသ အာဏာပိုင်တွေကို ပွဲစားအချိတ်အဆက်ကတစ်ဆင့် တွေ့ဆုံပြီး ငွေကြေးအပေးအယူအတွက် ညှိနှိုင်းမှုတွေဆက်လုပ်တယ်လို့ ဖိလစ်ပိုင်နိုင်ငံကို ပြောင်းရွှေ့တုန်းက မျက်မြင်တွေ့ခဲ့ရတဲ့အခြေအနေကို ဂရေ့စ်က ပြောပါတယ်။
နောက်တစ်ဆင့်အနေနဲ့ ဝန်ထမ်းတွေကို ခေါ်လာဖို့အတွက် အဲဒီနိုင်ငံရဲ့ လေဆိပ်က လူဝင်မှုကြီးကြပ်ရေး (Immigration) ကိုဖြတ်ခွင့်ရဖို့ လိုပါတယ်။
အဲဒါကြောင့် လေဆိပ်က လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ အရာရှိတွေအထိ နီးစပ်ပေါက်ရောက်တဲ့ နောက်ထပ် အကျိုးဆောင် (ပွဲစား) တွေနဲ့ အချိတ်အဆက်ရအောင် လုပ်ရပါတယ်။
ပြောင်းရွှေ့တဲ့နိုင်ငံရဲ့ လေဆိပ်ရောက်ချိန် Immigration ဂိတ်ကိုဖြတ်ပြီး နိုင်ငံထဲကိုဝင်ခွင့်ရဖို့က အရေးကြီးတဲ့အဆင့်တစ်ခုဖြစ်တာကြောင့် တိကျသေချာတဲ့ ပွဲစားကိုရှာရသလို ပွဲစားကိုပေးရတဲ့ အခကြေးငွေကလည်း ယွမ်ငွေ သောင်းနဲ့ချီအထိ ရှိတယ်လို့ ဂရေ့စ်က ပြောပါတယ်။
ကျားဖြန့်လုပ်ကိုင်ခဲ့ဖူးတဲ့ ဘီဘီစီသတင်းရင်းမြစ်တစ်ဦးကလည်း ကမ္ဘောဒီးယားနဲ့ လာအိုလေဆိပ်တွေမှာ လူဝင်မှုကြီးကြပ်ရေး (Immigration) ကိုတောင် ဖြတ်စရာမလိုဘဲ နိုင်ငံထဲ ချောချောမွေ့မွေ့ဝင်ခဲ့ရပုံကို ဖွင့်ချပါတယ်။
"Immigration တောင်ဖြတ်စရာမလိုဘူး၊ ပွဲစားက ဆိုင်းဘုတ်ထောင်ပြီး ကြိုတယ်။ လေဆိပ်ထဲက တစ်နေရာမှာ လူစုထားပြီး သူ(ပွဲစား) က ပတ်စ်ပို့စာအုပ်တွေကို ယူသွားပြီး တုံးထုပေးတယ်။ ပြီးရင် စာအုပ်ပြန်ယူလာပေးတယ်၊ လေဆိပ်အပြင်ဘက်အထိ လိုက်ပို့ပေးတယ်" လို့ သူက ပြောပါတယ်။
မြဝတီမြို့၊ ရွှေကုက္ကိုကနေ ဒူဘိုင်းနိုင်ငံကို ရွှေ့သွားတဲ့ နောက်ထပ်သတင်းရင်းမြစ်တစ်ဦးကတော့ ဒူဘိုင်းလေဆိပ်က (Immigration) ကိုဖြတ်ချိန် လူဝင်မှုကြီးကြပ်ရေးအရာရှိရဲ့ တင်းတင်းကျပ်ကျပ် စစ်ဆေးတာ ခံခဲ့ရပေမယ့် နိုင်ငံထဲ အဆင်ပြေပြေဝင်နိုင်ခဲ့တယ်လို့ ပြောပါတယ်။
"ကျွန်တော့်ပတ်စ်ပို့စာအုပ်ကို ကြည့်ပြီး မေးခွန်းတွေမေးနေချိန်မှာပဲ နောက်ထပ်ရာထူးကြီးတဲ့သူတစ်ယောက်က သူ့ကို ထပ်မစစ်နဲ့တော့၊ ရတယ်" လို့ဝင်ပြောပြီး ကူညီပေးခဲ့တဲ့အကြောင်း သူက ပြောပါတယ်။
နိုင်ငံတစ်နိုင်ငံထဲဝင်ခွင့်ရဖို့နဲ့ အဲဒီနိုင်ငံထဲမှာ ကျားဖြန့်လုပ်ငန်းနဲ့ လောင်းကစား စတဲ့ ဒုစရိုက်လုပ်ငန်းတွေ လည်ပတ်ခွင့်ရဖို့ အခက်အခဲအတားအဆီးတိုင်းအတွက် ကျားဖြန့်လုပ်ငန်းရှင်တွေက အာဏာပိုင်တွေနဲ့ ချိတ်ဆက်၊ ငွေလမ်းခင်းပြီး ဖြေရှင်းလေ့ရှိတယ်လို့ ဂရေ့စ်က အခိုင်အမာပြောပါတယ်။
ကျားဖြန့်ဂိုဏ်း ဖွဲ့စည်းပုံ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အွန်လိုင်းငွေလိမ်ဂိုဏ်းတစ်ခုကို ဌာနကြီး လေးခုနဲ့ ဖွဲ့စည်းထားတယ်လို့ ဂရေ့စ်က ပြောပါတယ်။
လူသားအရင်းအမြစ်ဌာန (HR)၊ ငွေကြေးစီမံ (Finance) ဌာန၊ ထောက်ပံ့ပို့ဆောင်ရေးဌာန (Logistics)၊ သတင်းအချက်အလက်နဲ့ နည်းပညာပိုင်းထောက်ပံ့တဲ့ (IT) ဌာနတို့ ဖြစ်ပါတယ်။
ဒါ့အပြင် ကျားဖြန့်ဂိုဏ်းကြီးတစ်ခုအောက်မှာ ငွေလိမ်တဲ့လုပ်ငန်းအပြင် တခြားအွန်လိုင်းလောင်းကစားလုပ်ငန်းအမျိုးမျိုးလည်း ရှိနေပါတယ်။
ကဏ္ဍအသီးသီးက လုပ်ငန်းတွေလည်ပတ်ဖို့ ဝန်ထမ်းရှာဖွေခန့်အပ်တာ၊ ဝန်ထမ်းလစာပေးတာ၊ ဝန်ထမ်းတွေအတွက် နေစရာစီစဉ်ပေးတာနဲ့ အလုပ်သင်ဝန်ထမ်းတွေကို သင်တန်းပေးတာ ဒါတွေအားလုံးကို HR ဌာနက လုပ်ပေးရပါတယ်။
ငွေကြေးစီမံတဲ့ Finance ဌာနကတော့ ဝန်ထမ်းအဆင့်အလိုက် လစာသတ်မှတ်တာ၊ လစာလျှော့ ဒဏ်ကြေးရိုက်တာအပြင် လုပ်ငန်းသုံးပစ္စည်းနဲ့ လုပ်ငန်းတစ်ခုလုံးရဲ့ ဝင်ငွေ၊ ထွက်ငွေတွေကို တွက်ချက်တင်ပြရတဲ့ ဌာနဖြစ်ပါတယ်။
နိုင်ငံတစ်နိုင်ငံကို ပြောင်းရွှေ့တဲ့အခါ ပစ္စည်းအသယ်အပို့လုပ်တာ၊ ဝန်ထမ်းအကြိုအပို့အပြင် လုပ်ငန်းသုံးပစ္စည်းတွေ (ဖုန်း၊ လက်ပ်တော့၊ ကွန်ပျူတာနဲ့ ဆက်စပ်ပစ္စည်းတွေ၊ လျှပ်စစ်ပစ္စည်းတွေ) ဝယ်ယူဖို့အတွက် တာဝန်ယူရတဲ့ ဌာနကတော့ Logistics ဌာနပဲ ဖြစ်ပါတယ်။
အင်တာဗျူးပြီး ခန့်လိုက်တဲ့ဝန်ထမ်းက ကျားဖြန့်လုပ်ငန်းတည်ရှိရာ နိုင်ငံရဲ့ နိုင်ငံသားမဟုတ်ရင်အဲဒီဝန်ထမ်းအတွက် လေယာဉ်လက်မှတ်ဖြတ်တာ၊ ကားအဆင့်ဆင့်နဲ့ ကြိုပေးတာတွေအထိ Logistics ဌာနက လုပ်ဆောင်ပေးရပါတယ်။
လုပ်ငန်းမှာ တကယ်လာလုပ်မယ့် ဝန်ထမ်းအစစ်ဟုတ်မဟုတ် မသိသေးတဲ့အချိန် လုပ်ငန်းကို ခြေရာခံဖို့မလွယ်အောင် လာတဲ့လမ်းခရီးမှာ ကားကိုအဆင့်ဆင့်သုံးဖို့ Logistics ဌာနက စီစဉ်ပေးရပါတယ်။
IT ဌာနကတော့ အွန်လိုင်းလောင်းကစားလုပ်ငန်းတွေအတွက် ဝက်ဘ်ဆိုက်ရေးဆွဲတာ၊ ဝက်ဘ်ဒီဇိုင်းရေးဆွဲတာနဲ့ လုပ်ငန်းသုံး ကွန်ပျူတာနဲ့ဆက်စပ်ပစ္စည်းတွေ ပြုပြင်ဖို့ တာဝန်ယူပါတယ်။
အွန်လိုင်းလိမ်လည်မှု ဖြစ်တဲ့အတွက် ကျားဖြန့်မှာ IT ဌာန လုပ်ဆောင်ရတဲ့ အပိုင်းက အရေးကြီးပါတယ်။
ငွေမက်လုံးပေးပြီး လိမ်ရတဲ့အပိုင်းတွေမှာ သားကောင်တွေဆီကို ငွေလွှဲရင် တကယ်လွှဲတယ်လို့ထင်အောင် IT ဌာနက နည်းပညာသမားတွေက ငွေပမာဏပြတဲ့ ဝက်ဘ်စာမျက်နှာတွေကို အတုလို့ မထင်ရအောင် ဒီဇိုင်းသေချာဆွဲပေးပါတယ်။
"အဲဒီ ဝက်ဘ်ဒီဇိုင်းတွေက လှပ သေသပ်တယ်၊ တဖက် သားကောင်က ပိုက်ဆံကိုထုတ်မရဘူး။ ဒီဘက်ကနေ မီးစိမ်းပြမှသာ ထုတ်လို့ရတာ၊ လုပ်ငန်းဘက်က အကုန်ထိန်းချုပ်ထားတယ်" လို့ ဂရေ့စ်က ရှင်းပြပါတယ်။
သားကောင်ရှာရတဲ့လူတွေ သားကောင်ပြန်ဖြစ်နေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
လိမ်လည်ရမယ့် သားကောင်ရှာရတဲ့ ကျားဖြန့်ဝန်ထမ်းတွေဟာ တစ်ဖက်မှာလည်း တင်းကျပ်ချုပ်နှောင်မှုတွေနဲ့ နှိပ်စက်မှုတွေ ကြုံတွေ့နေရတယ်လို့ ကျားဖြန့်လုပ်ကိုင်သူ သုံးဦးထက်မနည်းက ဘီဘီစီကို ပြောပြခဲ့ပါတယ်။
ကျားဖြန့်ဂိုဏ်းတွေမှာလုပ်ကိုင်တဲ့ဝန်ထမ်းတွေ ထွက်မပြေးနိုင်အောင်နဲ့ လုပ်ငန်းလုံခြုံရေးအကြောင်းပြပြီး ဝန်ထမ်းတွေရဲ့ နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) ကို အလုပ်စဝင်တာနဲ့ သိမ်းလိုက်တယ်လို့ သူတို့က ပြောကြပါတယ်။
လူစုခွဲပြီး နိုင်ငံဖြတ်ကျော် ပြောင်းရွှေ့တဲ့အခါမှာလည်း ထွက်မပြေးနိုင်အောင် လူတစ်စုဆီမှာ ခေါင်းဆောင်တစ်ယောက် ပါလေ့ရှိတယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။
စာချုပ်သက်တမ်းမပြည့်သေးတဲ့ ဝန်ထမ်းတွေ လေဆိပ်မှာ အခွင့်ကောင်းယူပြီး ထွက်မပြေးနိုင်အောင် ပတ်စ်ပို့အပြင် လုပ်ခတစ်လစာကိုလည်း စပေါ်အနေနဲ့ ယူထားတယ်လို့ သူတို့က ထပ်ပြောပါတယ်။
"အနည်းဆုံး ခြောက်လလုပ်ရမယ်။ သူတို့(ဝန်ထမ်းတွေ) ကို တခြားနိုင်ငံကနေ ခေါ်ရတယ်ဆိုရင် ခရီးစရိတ်တွေရှိတယ်။ ပတ်စ်ပို့မရှိတာ၊ သက်တမ်းကုန်တာတွေအတွက် လုပ်ပေးရတဲ့အပြင် ဗီဇာကြေးကုန်ကျစရိတ်တွေရှိတယ်" လို့ တစ်လစာ နုတ်ယူထားတဲ့အကြောင်း ဂရေ့စ်က ပြောပါတယ်။
နှစ်နဲ့ချီကြာလုပ်နေတဲ့ ကျားဖြန့်ဝန်ထမ်းတွေ ထွက်ပြေးတာမျိုး သိပ်မရှိပေမယ့် အလုပ်ဖိအား မခံနိုင်တဲ့ ဝန်ထမ်းအသစ်တွေနဲ့ လိမ်လည်ခေါ်ဆောင်ခိုင်းစေခံရတဲ့သူတွေကတော့ စာချုပ်မပြည့်ခင် ထွက်ပြေးလေ့ရှိတဲ့အကြောင်း သူကဆိုပါတယ်။
တစ်ဖက်မှာလည်း ငွေလိမ်ရတဲ့ ဝန်ထမ်းတွေဟာ တစ်လအတွက် သတ်မှတ်ထားတဲ့ လိမ်လည်ရမယ့် ငွေပမာဏ မပြည့်မီရင် လစာဖြတ်ခံရတာ၊ ဒဏ်ပေးရိုက်နှက်နှိပ်စက်ခံရတာတွေလည်းရှိတယ်လို့ မျက်မြင်တွေ့ခဲ့ရတဲ့ ဘီဘီစီသတင်းရင်းမြစ်က ပြောပါတယ်။
"တုတ်တွေနဲ့ရိုက်တယ်။ နှစ်ရက်ကနေ သုံးရက်အထိ ရေပဲတိုက်ပြီး အစာမကျွေးဘဲ အခန်းထဲမှာ ကြိုးတုတ်ပိတ်လှောင်ထားတယ်" လို့ သူက ဆိုပါတယ်။
ဘီဘီစီကစုံစမ်းရရှိထားတဲ့ အချက်အလက်တွေအရ ငွေလိမ်တဲ့အလုပ်လုပ်ရတဲ့ ကျွမ်းကျင်ဝန်ထမ်းတစ်ယောက်ရဲ့ တစ်လစာဟာ တရုတ်ငွေ ယွမ် (၁၀,၀၀၀ ကျော်) ရှိပါတယ်။
မြန်မာငွေနဲ့တွက်မယ်ဆိုရင် ပြင်ပငွေလဲဈေးနှုန်းအရ ကျပ်သိန်း ၆၀ နီးပါးအထိ ရှိနေတာပါ။
တစ်ဖက်မှာလည်း ကျားဖြန့်လုပ်ငန်းကို အာဏာပိုင်တွေက ရှောင်တခင်ဝင်စစ်ဆေးပြီး ဖမ်းဆီးတာမျိုးလုပ်တဲ့အခါ လက်အောက်ဝန်ထမ်းအငယ်တွေပဲ ဖမ်းဆီးခံရတယ်လို့ ဘီဘီစီသတင်းရင်းမြစ်က ပြောပါတယ်။
"ရာထူးအကြီးပိုင်းက လူတွေက သတင်းကြိုရတယ်။ ဝန်ထမ်းတွေကို ထိုးကျွေးတဲ့ လုပ်ငန်းတွေလည်းရှိတယ်။ တချို့လုပ်ငန်းတွေကတော့ သတိပေးရှောင်ခိုင်းတာတွေရှိတယ်" လို့ သူက ရှင်းပြပါတယ်။
ကျားဖြန့်လုပ်ငန်းအများစုအနေနဲ့ လုပ်ငန်းဆက်ရှင်သန်ဖို့ကိုသာ အလေးထားပြီး လိမ်လည်ပေးမယ့် ဝန်ထမ်းတွေကိုတော့ ခေါင်းထဲမထည့်ဘူးလို့ ဂရေ့စ်က ရှင်းပြပါတယ်။
"ဝန်ထမ်းအသစ်ရောက်လာတိုင်း လုပ်ငန်းသဘော ကျွမ်းကျင်နားလည်အောင် သင်တန်းပေးမယ့်သူတွေက အဆင်သင့်ပဲ" လို့ သူက ဆိုပါတယ်။
နောက်ထပ်တစ်နိုင်ငံကို ချက်ချင်းပြောင်းရွှေ့ရတော့မယ့် အခြေအနေနဲ့ ကြုံလာရင်လည်း "ခေါင်းဆောင်တွေကတော့ လွတ်အောင်ပြေးကြမှာပဲ၊ အောက်ခြေဝန်ထမ်းတွေကိုတော့ သူတို့(ခေါင်းဆောင်) က ဘယ်တော့မှ လှည့်ကြည့်မှာမဟုတ်ဘူး" လို့ သူပြောပါတယ်။
နိုင်ငံဖြတ်ကျော်ပြောင်းရွှေ့တဲ့အခါမှာလည်း လုပ်ငန်းအတွက် အရေးပါတဲ့ ကျွမ်းကျင်ဝန်ထမ်းတချို့ကိုပဲ တာဝန်ယူပြီး ရအောင်ခေါ်တာ ကျားဖြန့်လုပ်ငန်းတွေရဲ့ ထုံးစံပဲလို့ သူက ရှင်းပြပါတယ်။
ကျားဖြန့်လုပ်ငန်းတွေ ပျောက်ကွယ်သွားနိုင်လား

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကျားဖြန့်ဂိုဏ်းတွေဟာ ၂၀၂၀ ခုနှစ်နောက်ပိုင်းကစပြီး ခေါင်းထောင်လာတယ်လို့ ကျားဖြန့်လုပ်ငန်းကို စောင့်ကြည့်လေ့လာသူတွေက ပြောပါတယ်။
ကျားဖြန့်လုပ်ငန်းအကြီးတစ်ခုမှာ လက်ဝေခံ ကုမ္ပဏီခွဲ ဆယ်နဲ့ချီ ရှိတယ်လို့ ဂရေ့စ်က အတည်ပြုပါတယ်။
ကုမ္ပဏီတစ်ခုမှာ ဝန်ထမ်းအရေအတွက် ရာဏန်းကနေ တစ်ထောင်ကျော်အထိ ရှိပြီး ဂရေ့စ်လုပ်နေတဲ့ ကျားဖြန့်ဂိုဏ်းဆိုရင် ဒူဘိုင်း၊ ကမ္ဘောဒီးယားနဲ့ လာအို စတဲ့ သုံးနိုင်ငံမှာ ရုံးခွဲတွေရှိတယ်လို့ ပြောပါတယ်။
ကျားဖြန့်ငွေလိမ်ဂိုဏ်းကြီးတစ်ခုအနေနဲ့ နိုင်ငံတစ်နိုင်ငံထဲမှာတင် ကုမ္ပဏီခွဲ ငါးခုထက်မနည်းရှိတယ်လို့ သူက အတည်ပြုပါတယ်။
ကျားဖြန့်လုပ်ငန်းတွေရဲ့ လိမ်လည်တဲ့လုပ်ငန်းစဉ်တွေမှာ အဆင့်မြင့်တဲ့ နည်းပညာကိုသုံးပြီး လိမ်လို့ရတဲ့ ငွေတွေကိုလည်း Cryptpocurrency (ဒစ်ဂျစ်တယ်ငွေကြေး) စနစ်ကို ပြောင်းလိုက်တာကြောင့် ခြေရာခံဖို့ခက်ခဲတယ်လို့ မြန်မာ့မဟာဗျူဟာနဲ့မူဝါဒရေးရာလေ့လာရေးအင်စတီကျု ISP Myanmar ရဲ့ ညွှန်ကြားရေးမှူး ဦးအောင်သူငြိမ်းက ထောက်ပြပါတယ်။
နည်းပညာမြင့်မြင့် သုံးနိုင်တဲ့အပြင် ဥပဒေစိုးမိုးမှုအားနည်းတဲ့နိုင်ငံတွေ၊ အကျင့်ပျက်ခြစားမှုတွေများတဲ့ နိုင်ငံတွေမှာ ကျားဖြန့်လုပ်ငန်းတွေ ဆက်ရှိနေတာကြောင့် ဒီလုပ်ငန်းတွေ ပပျောက်သွားဖို့ ခက်ခဲတယ်လို့ သူက ပြောပါတယ်။
Cryptocurrency ဆိုတာ အမေရိကန်ဒေါ်လာနဲ့ ယူရိုငွေလိုမျိုး အသုံးပြုလို့ရတဲ့ ပိုက်ဆံဖြစ်ပြီး အွန်လိုင်းပေါ်မှာပဲတွေ့ရတဲ့ ဒစ်ဂျစ်တယ်ငွေကြေးဖြစ်ပါတယ်။
အွန်လိုင်းကွန်ရက်တွေမှာပဲ မြင်တွေ့ရတဲ့ ငွေကြေးစနစ်ဖြစ်ပြီး နိုင်ငံအစိုးရတွေနဲ့ ဘဏ်စနစ်တွေက ဒီ Crypto ကို ထိန်းချုပ်လို့မရဘူးလို့ နည်းပညာရှင်တစ်ဦးက ပြောပါတယ်။
"ငွေအလွှဲအပြောင်းလုပ်တဲ့အခါမှာလည်း ဘယ်သူက ဘယ်သူ့ကို လွှဲလိုက်လဲဆိုတာ လိုက်လို့မရတာကြောင့် ဒုစရိုက်လုပ်ငန်းတွေအတွက် ဒီငွေကြေးစနစ်က အားသာချက်ပဲ" လို့ သူက ရှင်းပြပါတယ်။
နိုင်ငံတကာ စစ်တမ်းတွေအရ ၂၀၂၂ ခုနှစ်အထိ Cryptocurrency အမျိုးအစား ၈,၀၀၀ ကျော်ရှိပြီး ဘစ်ကွိုင်(Bitcoin) အမျိုးအစားကတော့ ဈေးကွက်တန်ကြေးအမြင့်ဆုံးလို့ သိရပါတယ်။
ကျားဖြန့်လုပ်ငန်းမှာ တစ်နှစ်စာ ဝင်ငွေ၊ ထွက်ငွေ ငွေကြေးနှစ်ချုပ်လုပ်တဲ့အခါမှာလည်း Crypto ကိုပဲ သုံးတယ်လို့ ဂရေ့စ်က ပြောပါတယ်။
ကျားဖြန့် လုပ်ငန်းရဲ့ အတွင်းကျကျအကြောင်းတွေကို ထုတ်ပြောလာတဲ့အတွက် သူ့လုံခြုံရေးကို စိုးရိမ်ရနိုင်ပါသလားလို့ ဘီဘီစီက ဂရေ့စ်ကို မေးမြန်းခဲ့ပါတယ်။
ဂရေ့စ်ကတော့ ကျားဖြန့်လုပ်ငန်းတွေကများပြီး ဝန်ထမ်းတွေလည်းများလွန်းလို့ သူမှန်းသိမှာမဟုတ်ဘူးလို့ တုံ့ပြန်ဖြေကြားခဲ့ပါတယ်။











