နယ်စပ်မှာ နှိမ်နင်းလို့ မြဝတီမြို့ပေါ်ရောက်လာတဲ့ကျားဖြန့်

ဓာတ်ပုံ ရင်းမြစ်, Getty Images
စစ်ကော်မရှင်တပ်ဟာ ထိုင်း -မြန်မာ နယ်စပ်က ကရင်နယ်ခြားစောင့်တပ်(BGF) ထိန်းချုပ်နယ်မြေထဲမှာ လှုပ်ရှားနေတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်) ခွင်တွေကို မြဝတီမြို့မြောက်ဘက်မှာရော၊ တောင်ဘက်မှာပါ နှိမ်နင်းတာတွေ တိုးလုပ်နေပါတယ်။
မြဝတီမြို့မြောက်ဘက်က ရွှေကုက္ကိုမြို့သစ်ထဲမှာ တရားမဝင်အဆောက်အအုံ ၁၀၀ ကျော်ကို ချိပ်ပိတ်လိုက်ပြီး မြဝတီမြို့တောင်ပိုင်းက ကေကေပါ့ခ်မှာလည်း ကျားဖြန့်လုပ်တဲ့အဆောက်အအုံ ၁၀၀ ကျော်ကို ဖောက်ခွဲ ဖြိုချ ဖျက်ဆီးနေပါတယ်။
ဒီလိုနှိမ်နင်းမှုတွေလုပ်နေချိန်မှာပဲ အဲဒီနေရာတွေကနေ တိမ်းရှောင်လာတဲ့ ကျားဖြန့်လုပ်သူတွေဟာ မြဝတီမြို့ထဲကို အလုံးအရင်းနဲ့ ဝင်နေတယ်လို့ သတင်းရင်းမြစ်နဲ့ မြို့ခံတချို့က အတည်ပြုပြောကြပါတယ်။
ဒီအရေးစောင့်ကြည့်သူတွေကတော့ နယ်စပ်မှာလုပ်နေတဲ့ကျားဖြန့်တွေ နိုင်ငံအတွင်းပိုင်းအထိ စိမ့်ဝင်လာမယ့်အန္တရာယ်ကို ထောက်ပြပြီး စနစ်တကျ ကိုင်တွယ်ဖြေရှင်းဖို့ တိုက်တွန်းနေပါတယ်။
မြဝတီမြို့ပေါ်အထိ ကျားဖြန့်တွေရောက်

ဓာတ်ပုံ ရင်းမြစ်, Getty Images
စစ်တပ်ရဲ့ နယ်စပ်က ကျားဖြန့် နှိမ်နင်းမှုတွေကြောင့် မြဝတီမြို့ထဲ စိမ့်ဝင်လာတဲ့ လူအရေအတွက်က ထောင်ချီရှိနိုင်တယ်လို့ မြေပြင်အခြေအနေသိတဲ့ သတင်းရင်းမြစ်နဲ့ မြို့ခံတချို့က မြင်တွေ့ရတဲ့အခြေအနေတွေကို ပြောပြပါတယ်။
KK Park ကို ဖြိုခွင်းနေချိန်မှာပဲ ရွှေကုက္ကိုနယ်မြေထဲကို စစ်တပ်က နိုဝင်ဘာလ တတိယအပတ်ထဲမှာပဲ ဝင်ရောက်စစ်ဆေးတာတွေလုပ်ပြီး နိုင်ငံခြားသား ၁၅၆ ဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။
ဒီလူတွေထဲ တရုတ်၊ အိန္ဒိယ၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်နိုင်ငံသားတွေပါဝင်ပြီး နယ်စပ်မှာ အွန်လိုင်းလိမ်မှုနဲ့ ဒုစရိုက်မှုတွေ ကျူးလွန်ကာ ထွက်ပြေးတိမ်းရှောင်နေတဲ့သူတွေလို့လည်း ဆိုပါတယ်။
စစ်ကော်မရှင်ဟာ KK Park ထဲက ကျားဖြန့်အဆောက်အအုံတွေကို စီးနင်းဖောက်ခွဲတာ၊ ရွှေကုက္ကိုနယ်မြေထဲက ကျားဖြန့်လုပ်သားတွေကိုလည်း ဖမ်းဆီးထိန်းသိမ်းတာတွေလုပ်ခဲ့တယ်ဆိုပြီး နိုဝင်ဘာလအတွင်း ဆက်တိုက် သတင်းထုတ်ပြန်နေပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ရွှေကုက္ကိုမြို့သစ်ထဲ ကျားဖြန့်လုပ်တယ်လို့ သံသယရှိတဲ့ အဆောက်အအုံ ၃၀ ကျော်ကို ဝင်စစ်ဆေးချိန်မှာ လူတွေရော၊ ကျားဖြန့်လုပ်ရာမှာသုံးတဲ့ပစ္စည်းပါ မရှိတော့ဘူးလို့ စစ်ကော်မရှင်က ပြောပါတယ်။
မြေပြင်သတင်းရင်းမြစ်ကတော့ ရွှေကုက္ကိုထဲမှာ အဆောက်အအုံ ရာနဲ့ချီရှိပြီး အဲဒီထဲက အချို့မှာ ကျားဖြန့်လုပ်သားတချို့ ကျန်နေသေးတယ်လို့ ဘီဘီစီကို ပြောပါတယ်။
"တချို့က သွားစရာမရှိလို့ နေနေကြတာ၊ တချို့ကတော့ နောက်ထပ်ပြောင်းလုပ်မယ့် ကျားဖြန့်ဆိုက်တွေကို အလုပ်လျှောက်နေကြတာ" လို့ သူက ဆက်ပြောပါတယ်။
ဒါပေမဲ့ ရွှေကုက္ကိုမြို့သစ်ထဲက ကျားဖြန့်ဂိုဏ်းအများစုဟာ မြဝတီမြို့တွင်းအပါအဝင် ဒေသထဲက တခြားနေရာတွေကို ပြောင်းရွှေ့သွားကြပြီလို့လည်း သူက ပြောပါတယ်။
ရွှေကုက္ကိုနဲ့ KK Park ထဲမှာ ကျားဖြန့်လုပ်ကိုင်ခဲ့သူတချို့ရဲ့ ပြောပြချက်အရ KK Park နဲ့ ရွှေကုက္ကို စတဲ့ နေရာ ၂ ခုကနေ မြဝတီမြို့ထဲ ထွက်ပြေးတိမ်းရှောင်လာတဲ့ လူထောင်ချီထဲမှာ တရုတ်နိုင်ငံသား ကျားဖြန့်လုပ်ငန်းရှင်တွေ၊ မြန်မာအပါအဝင် နိုင်ငံအစုံက ကျားဖြန့်လုပ်သားရာနဲ့ချီ ပါဝင်တယ်လို့ သိရပါတယ်။
နယ်စပ်မှာ မြန်မာစစ်တပ်ရဲ့ ကျားဖြန့် စီးနင်းနှိမ်နင်းမှုတွေအတွင်း တရုတ်နဲ့ အိန္ဒိယ နိုင်ငံသားတွေအပါအဝင် နိုင်ငံပေါင်းစုံက နိုင်ငံခြားသား တစ်ထောင်ကျော်ဟာ နယ်ခြားထားတဲ့မြစ်ကို ဖြတ်ကူးပြီး ထိုင်းဘက်ခြမ်းကို ထွက်ပြေးခဲ့ကြတာတွေလည်းရှိပါတယ်။
မြန်မာကနေ ထွက်ပြေးလာတဲ့ နိုင်ငံခြားသားတွေကို မဲဆောက်က ရဲစခန်းနဲ့ အမှတ် ၂ ချစ်ကြည်ရေး တံတားအနီးက ဝင်းထဲမှာ ထိန်းသိမ်းထားပြီး စစ်ဆေးတာတွေကို ထိုင်းအာဏာပိုင်တွေက ဆက်လုပ်နေပါတယ်။
ထွက်ပြေးလာတဲ့ နိုင်ငံခြားသားတွေကို ထိုင်းဘက်ခြမ်းက စစ်ဆေးစိစစ်ချက်တွေအရ ကျားဖြန့်လိမ်လည်တဲ့ ကွန်ရက်တချို့နဲ့ တရားမဝင်လောင်းကစား ကွန်ရက်တချို့ကို ဖော်ထုတ်နိုင်ခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက ကြေညာပါတယ်။
တစ်ဖက်မှာလည်း ကျားဖြန့်ရုံတွေကနေ မြဝတီမြို့ထဲကို ထွက်ပြေးလာတဲ့ မြန်မာနိုင်ငံသားတွေကိုလည်း စနစ်တကျ စစ်ဆေးဖော်ထုတ်တာတွေ လုပ်သင့်တယ်လို့ ကျားဖြန့်အရေးလေ့လာစောင့်ကြည့်နေသူတချို့က သတိပေးပြောဆိုနေကြပါတယ်။
လက်ရှိမှာ မြဝတီမြို့တွင်းထဲ တိမ်းရှောင်လာကြတဲ့ မြန်မာနိုင်ငံသား ကျားဖြန့်လုပ်သားအများစုဟာ မြို့ထဲက ဟိုတယ်နဲ့ မိုတယ်တွေ၊ တည်းခိုခန်းတွေမှာ ခိုအောင်းနေကြပြီး တချို့ကတော့ နေရပ်ဒေသတွေကို ပြန်သွားကြတယ်လို့ ကျားဖြန့်လုပ်သားတွေရဲ့ ခြေလှမ်းတွေကို စောင့်ကြည့်နေတဲ့ ဘီဘီစီသတင်းရင်းမြစ်က ပြောပါတယ်။
အလားတူ တချို့ကတော့ မြဝတီမြို့တွင်းထဲမှာ ရှိနေတဲ့ ကျားဖြန့်လုပ်ငန်းဆိုက်တွေမှာ အလုပ်ရလို့ ကျားဖြန့်အလုပ် ဆက်လုပ်နေသူတွေလည်းရှိတယ်လို့ မြဝတီမြို့ထဲက ကျားဖြန့်လုပ်ငန်း ၃ ခုထက်မနည်းမှာ လက်ရှိလုပ်ကိုင်နေသူ ၃ ဦးထက်မနည်းရဲ့ပြောပြချက်တွေအရ သိရပါတယ်။
ရှမ်းပြည်နယ်ဇာတိဖြစ်တဲ့ ကျားဖြန့်လုပ်သား မချယ်ရီ(အမည်လွှဲ)ကတော့ "လုပ်ငန်းတွေက ပြန်ခေါ်မယ်ဆိုလို့ စောင့်နေကြတာ၊ တချို့ကလည်း ထွက်ပြေးလာတုန်းက လစာမရခဲ့ကြလို့ မြဝတီမှာပဲ ကျားဖြန့်အလုပ်တစ်ခုကို ထပ်ရှာနေကြတာ" လို့ ဘီဘီစီကို ထုတ်ပြောပါတယ်။
"ရန်ကုန်နဲ့ မန္တလေးဘက် နေရပ်ပြန်သွားတဲ့သူတွေလည်း ရှိတယ်။ အများစုကတော့ မြဝတီမှာပဲ တင်းခံပြီးနေနေကြတာ၊ နိုင်ငံထဲပြန်ဝင်လည်း စစ်မှုထမ်း၊ စစ်ပွဲတွေနဲ့ အလုပ်အကိုင်တွေက ရှားနေပြီ။ ဆက်မလုပ်ချင်ပေမယ့်လည်း ငွေလိုချင်တော့ ငွေရလွယ်တဲ့ ဒီအလုပ်ထဲမှာပဲ သံသရာလည်နေကြတာ" လို့ သူက ဆိုပါတယ်။
မြန်မာကျားဖြန့်လုပ်သားတွေကို အာဏာပိုင်တွေ စစ်ဆေးနေလား

ဓာတ်ပုံ ရင်းမြစ်, BGF
မြဝတီထဲမှာ ပြန့်ကျဲနေတဲ့ မြန်မာနိုင်ငံသား ကျားဖြန့်လုပ်သားတွေကို စစ်တပ်နဲ့ BGF ဘက်က စစ်ဆေးမေးမြန်း၊ ဖမ်းဆီးထိန်းသိမ်းအရေးယူတာတွေရှိ၊ မရှိ နဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်တာမရှိပါဘူး။
BGF ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်ကတော့ နိုင်ငံခြားသားတွေကို စိစစ်မေးမြန်းနေပြီး နေရပ်ပြန်ပို့ဖို့ ဆောင်ရွက်ရေးအတွက် ထိန်းသိမ်းရေးစခန်းမှာ ထားထားတယ်လို့ ဘီဘီစီကို နိုဝင်ဘာနောက်ဆုံးအပတ်ထဲမှာ ပြောပါတယ်။
"စစချင်းနှိမ်နှင်းမှုတွေဖြစ်တုန်းက တရုတ်နိုင်ငံသားတွေ မြန်မာတွေနဲ့အတူ ရောယှက်ပြီး ပြေးလာတာတွေရှိတယ်။ အဲဒါနိုင်ငံခြားသားတွေကိုတော့ ဖမ်းထားတာပေါ့" လို့ သူက ပြောပါတယ်။
မြန်မာကျားဖြန့်လုပ်သားတွေကိုတော့ "အဓိကက မှတ်ပုံတင်ပေါ့၊ ထောက်ခံချက်တွေ ပြည့်ပြည့်စုံစုံ သေချာစိစစ်တယ်"လို့ သူက ဆိုပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံသားကျားဖြန့်လုပ်သားတွေအပေါ် စစ်ဆေးအရေးယူနေတာတွေရှိလားဆိုတဲ့ မေးခွန်းကိုတော့ သူကပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။
ရွှေကုက္ကိုနယ်မြေထဲကနေ မြဝတီမြို့ထဲကို တိမ်းရှောင်လာတဲ့ မြန်မာကျားဖြန့်လုပ်သား ၃ ဦးထက်မနည်းကလည်း မှတ်ပုံတင်နဲ့ နေထိုင်ကြောင်းထောက်ခံစာကိုပဲ စစ်ဆေးမေးမြန်းတယ်လို့ ပြောကြပါတယ်။
"ဖုန်းတွေနဲ့ ကွန်ပျူတာတွေ၊ လက်ပ်တော့တွေ ယူစစ်တာမျိုးတော့ မရှိဘူး" လို့ မြဝတီမြို့ထဲမှာ နေထိုင်နေတဲ့ မြန်မာနိုင်ငံသား ကျားဖြန့်လုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။
အုပ်ချုပ်ရေးနဲ့ ပြည်သူ့ရေးရာစီမံခန့်ခွဲရေး ပုဂ္ဂလိက သင်တန်းကျောင်း ဒါရိုက်တာဖြစ်တဲ့ စောကပီကတော့ နိုင်ငံအတွင်းမှာ ကျားဖြန့်လုပ်ငန်းတွေ အမြစ်တွယ်ကြီးပွားလာတာမျိုးမဖြစ်အောင် မြဝတီဒေသထဲမှာ ပြန့်ကျဲနေတဲ့ မြန်မာနိုင်ငံသား ကျားဖြန့်လုပ်သားတွေကိုပါ စုံစမ်းစစ်ဆေးတာတွေ အသေးစိတ်လုပ်ဖို့ လိုတယ်လို့ ထောက်ပြပါတယ်။
မြန်မာအပါအဝင် ဘယ်နိုင်ငံသားမဆို နည်းပညာမြင့်မြင့်နဲ့ စနစ်တကျ လိမ်လည်လာခဲ့တဲ့သူတွေဖြစ်တာကြောင့် "အဆင့်မြင့်နည်းပညာ သုံးပြီး ပွင့်လင်းမြင်သာမှုရှိရှိနဲ့ စုံစမ်းစစ်ဆေးဖို့လိုပါမယ်" လို့ စောကပီက ဆိုပါတယ်။
ဒါ့အပြင် စစ်ဆေးတဲ့အခါမှာလည်း နိုင်ငံဖြတ်ကျော်ရာဇဝတ်မှု ကျူးလွန်တဲ့ကိစ္စတွေ ဖြစ်တာကြောင့် နိုင်ငံတကာရဲ့ ပူးပေါင်းဆောင်ရွက်မှုလည်း လိုတယ်လို့ စောကပီက မှတ်ချက်ပြုပါတယ်။
စစ်ကော်မရှင်ရဲ့ သတင်းထုတ်ပြန်ရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကိုလည်း မြဝတီဒေသထဲ ကျားဖြန့်လုပ်သားတွေ နိုင်ငံအတွင်းထဲ ပျံ့နှံ့စိမ့်မဝင်လာအောင် ဆောင်ရွက်နေတာမျိုးရှိ၊ မရှိ ဘီဘီစီက မေးခွန်းထုတ်ခဲ့ပါတယ်။
"မန္တလေးတို့ ရန်ကုန်တို့လို မြို့ကြီးတွေပေါ်မှာ ကျားဖြန့်တွေအကုန်လုံး ပျံ့နှံ့ရောက်ရှိတယ်ဆိုတာကတော့ တော်တော်ဖြစ်နိုင်ခြေနည်းတဲ့ဟာတွေ ဖြစ်ပါတယ်။ မရှိဘူးလို့တော့ မငြင်းပါဘူး။ တချို့ဖမ်းဆီးခဲ့တဲ့နေရာတွေမှာ တချို့မြို့တွေမှာ ဖမ်းဆီးရမိသူတွေရှိပါတယ်" လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။












