"ကမ္ဘာကြီးက အော်နေပြီ" – မြန်မာနယ်စပ်ကကျားဖြန့်နှိမ်နင်းရေး နောက်ကွယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ထိုင်း - မြန်မာနယ်စပ်၊ ကရင်ပြည်နယ်ထဲ လည်ပတ်နေတဲ့ ကျားဖြန့်(အွန်လိုင်းငွေလိမ်လုပ်ငန်း)တွေမှာ ပါဝင်သူတွေကို လေးလအတွင်းမှာ လာလမ်းအတိုင်း ပြန်ကြဖို့ ပြောထားကြောင်း စစ်တပ်နဲ့ နီးစပ်တဲ့ကရင်လက်နက်ကိုင်အဖွဲ့တွေဆီကနေ စုံစမ်းသိရှိရပါတယ်။
"နိုဝင်ဘာလကုန်ကနေ စမှာပေါ့။ ကရင်ပြည်နယ်နေ့က တွေ့တာတောင် ကျားဖြန့် ရှင်းဖို့ ပြောသေးတယ်" လို့ DKBA ရဲ့ ထိပ်ပိုင်းစစ်ခေါင်းဆောင်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။
နိုဝင်ဘာ ၇ ရက်တုန်းက ပြည်နယ်မြို့တော် ဘားအံမြို့မှာ စစ်ကော်မရှင်က ဦးဆောင်တဲ့ ကရင်ပြည်နယ်နေ့ပွဲကို BGF၊ DKBA နဲ့ KNU PC က ခေါင်းဆောင်တွေ တက်ချိန်မှာ ပြောဆိုခဲ့ကြတဲ့သဘောပါ။
ဒါပေမဲ့ ကျားဖြန့်တွေကို ဆက်လက်မခံတော့ဖို့ စစ်တပ်ရဲ့ ဖိအားပေးမှုတွေက အခု ၂၀၂၅ နှစ်စကတည်းက ရှိခဲ့တယ်လို့ ဆိုကြပါတယ်။
တရုတ်နိုင်ငံအပြင် အမေရိကန်နိုင်ငံကပါ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို နှိမ်နင်းဖို့ အာရုံစိုက်လာချိန်မှာ KK Park စီးနင်းမှု ဖြစ်ပေါ်လာခဲ့ပြီး စစ်တပ်နဲ့ သူနဲ့နီးစပ်တဲ့ကရင်လက်နက်ကိုင်အဖွဲ့တွေကြား ပူးပေါင်း ဆောင်ရွက်မှုနောက်ကွယ်အကြောင်း ပိုမိုစိတ်ဝင်စားလာခဲ့ကြပါတယ်။
KK Park စီးနင်းမှု ဘာကြောင့်ဖြစ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
တရုတ်ရဲ့ ကျောထောက်နောက်ခံပြုမှုနဲ့ မြန်မာနိုင်ငံမြောက်ပိုင်းမှာ ကျားဖြန့်နှိမ်နင်းရေးဆိုပြီးစတင်ခဲ့တဲ့ "၁၀၂၇စစ်ဆင်ရေး" ပေါ်ပေါက်ပြီးနောက် တောင်ပိုင်းက ကျားဖြန့်တွေကို ဘယ်လိုနှိမ်နင်းမလဲဆိုပြီး နိုင်ငံရေး အကဲခတ်တွေက စောင့်ကြည့်ခဲ့ကြပါတယ်။ တော်လှန်ရေးမှာပါဝင်နေတဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဦးဆောင်ပြီး အလားတူစစ်ဆင်ရေး ဖော်ဆောင်မလားဆိုတဲ့အမြင်တွေရှိခဲ့တာပါ။
၂၀၂၅ နှစ်စမှာတော့ စစ်တပ်ကပဲ လက်ဦးမှုရယူပြီး ကရင်နယ်ခြားစောင့်တပ် (BGF)၊ ဒီမိုကရက်တစ်ကရင်အကျိုးပြုတပ်မတော် (DKBA)တို့နဲ့ ပူးပေါင်းကာ မြဝတီမြို့နယ်ထဲက ရွှေကုက္ကို အခြေစိုက် ကျားဖြန့်လုပ်ငန်းတွေက နိုင်ငံခြားသားတွေကို ထိုင်းနိုင်ငံကတဆင့် နေရပ်ပြန်ပို့တာတွေ စလုပ်လာခဲ့ပါတယ်။
စစ်ကော်မရှင်ရဲ့စာရင်းအရဆိုရင် ဇန်နဝါရီ ၃၀ ရက်ကနေ နိုဝင်ဘာ ၁၁ ရက်အထိ မြန်မာနိုင်ငံကိုတရားမဝင် ရောက်လာတဲ့နိုင်ငံခြားသား ၁၀,၈၁၅ ဦးကို ဖော်ထုတ်ပြီး ၉,၅၃၆ ဦးကို ထိုင်းနိုင်ငံကနေ နေရပ်ပြန်ပို့ထားပါပြီ။ ပြန်လွှဲတဲ့ခဲ့တဲ့သူ အများစုဟာ တရုတ်နိုင်ငံသားတွေဖြစ်ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒီကိန်းဂဏန်းကို ကြည့်ရင် ထိုင်း -မြန်မာနယ်စပ်၊ ကရင်ပြည်နယ်မှာ ကျားဖြန့်ရဲ့ ကြီးကြီးမားမားကျယ်ပြန့်တည်ရှိမှုကို မြင်သာအောင်တွေ့နိုင်ပါတယ်။
ကျားဖြန့်နှိမ်နင်းမှုတွေထဲ မြင်သာတဲ့လုပ်ရပ်ကတော့ ကမ္ဘောဒီးယားစီးပွားရေးလုပ်ငန်း ပရင့်စ် လုပ်ငန်းစုကို တည်ထောင်သူ ချန်းကျီကို ကျားဖြန့်လုပ်ငန်းတွေမှာပါဝင်တယ်ဆိုပြီး ဗြိတိန်နဲ့ အမေရိကန်က အရေးယူချိန်နဲ့ တပြိုင်နက်မှာ မြန်မာစစ်တပ်ရဲ့ KK Park စီးနင်းမှုဖြစ်ခဲ့ပါတယ်။
ဒါဟာ အမေရိကန်သမ္မတထရမ့်လည်း တက်ရောက်ပြီး မလေးရှားနိုင်ငံမှာပြုလုပ်တဲ့ အာဆီယံထိပ်သီး အစည်းအဝေး မစတင်မီ ရက်ပိုင်းအလိုမှာ KK Park ကို စီးနင်းပြီး ဖောက်ခွဲမှုတွေကိုလုပ်ခဲ့တာလို့ BGF နဲ့နီးစပ်သူတချို့ကရော ကျားဖြန့်အရေးစောင့်ကြည့်သူတချို့ကပါ ထောက်ပြကြပါတယ်။
"အစက အယောင်ပြ စီးတာလောက်ပဲ လုပ်မယ်လို့သဘောတူထားပေမဲ့ စစ်တပ်က မိုင်းခွဲမယ်ဆိုပြီး လုပ်လာတော့ BGF ဘက်က လက်ခံလိုက်ရတယ်။ စာချုပ်စာတမ်းနဲ့ သဘောတူညီချက်ယူထားတာမျိုးတော့ မဟုတ်ဘူး" လို့ ကရင်နယ်ခြားစောင့်တပ် (BGF)နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
"မိုင်းခွဲဖျက်ဆီးတာတွေကို BGF ဘက်က ခွင့်မပြုချင်ဘဲနဲ့ ခွင့်ပြုလိုက်ရတဲ့သဘောမျိုးပေါ့" လို့ သူက ဆက်ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
သောင်ရင်းမြစ်ကမ်းဘေး မယ်ထော်သလေးကျေးရွာအနီးမှာတည်ရှိတဲ့ KK Park ကို အောက်တိုဘာ ၁၉ ရက်ညပိုင်းမှာ စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ပြီး အဆောက်အဦထဲက အလုပ်သမားတွေကို ဖမ်းဆီးသလို ပစ္စည်းတွေကိုလည်း သိမ်းဆည်းခဲ့ပါတယ်။
အဲဒီနောက် KK Park ထဲက အလုပ်သမားတွေ အုံလိုက်ကျင်းလိုက် မြဝတီမြို့ဘက်နဲ့ တဖက်ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြပြီးနောက် စစ်တပ်နဲ့ BGF ပူးပေါင်းကာ အဆောက်အဦတွေကိုဖောက်ခွဲတာတွေ ဆက်တိုက် လုပ်လာခဲ့ကြပါတယ်။ ဒီလို စစ်တပ်နဲ့ BGF ပူးပေါင်းလုပ်ရပ်ဟာ "အယောင်ပြကျားဖြန့်နှိမ်နင်းရေး" ဆိုတဲ့ ဝေဖန်မှုတွေလည်းရှိပါတယ်။
"ရာဇဝတ်မှုကျူးလွန်သူတွေက ရဲလို သရုပ်ဆောင်ပြတယ်ဆိုတာ မြင်သာပါတယ်။ နောက်ကွယ်မှာ ဘယ်သူရှိနေလဲဆိုတာရောပေါ့" လို့ ဆွစ်ဇာလန်အခြေစိုက် Global Initiative Against Transnational Organized Crime က အကြီးတန်းသုတေသီ ဂျေဆင်တာဝါ ဘီဘီစီကို ပြောပါတယ်။
Global Initiative Against Transnational Organized Crime က လူကုန်ကူးမှု၊ ဆိုက်ဘာရာဇ၀တ်မှုနဲ့ အကျင့်ပျက်ခြစားမှု တို့အတွက် အလေးထားလုပ်ဆောင်တဲ့ နိုင်ငံတကာအရပ်ဘက်အဖွဲ့အစည်းဖြစ်ပါတယ်။
ထိုင်း - မြန်မာနယ်စပ်မှာ ငွေလိမ်လုပ်ငန်း၊ လောင်းကစားလုပ်ငန်းတွေလုပ်ကိုင်နေတဲ့ နေရာအများကြီးထဲကမှ ကျားဖြန့်ရဲ့နောက်ကွယ်မှာ ရှိနေသူဟာ ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ ဆက်စပ်တယ်ဆိုပြီး စွပ်စွဲပြောဆိုနိုင်ဖို့ KK Park ကို ရွေးချယ်စီးနင်းခဲ့တာလို့ ဂျေဆင် တာဝါ က ထောက်ပြပါတယ်။
KNU ထိန်းချုပ်ခဲ့တဲ့ လေးကေ့ကော်ဒေသကို စစ်တပ်က သိမ်းပိုက်ပြီးတဲ့ရက်ပိုင်းအတွင်းမှာပဲ KK Park ကိုစီးနင်းခဲ့တယ်လို့ စစ်ကော်မရှင်ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက အောက်တိုဘာ ၂၀ ရက် မီဒီယာဖြေကြားချက်မှာပြောပါတယ်။
KNU ရဲ့ မူလအိ (Mulaei) ကုမ္ပဏီနဲ့ ထိုင်းကုမ္ပဏီတို့ ပူးပေါင်းပြီး မြေငှားရမ်းလုပ်ကိုင်တာလို့ စွပ်စွဲခဲ့ပေမဲ့ KNU ကတော့ စွပ်စွဲချက်အားလုံးကို ငြင်းဆိုခဲ့ပါတယ်။
KK Park ထဲမှာ အဆောက်အဦ ၆၃၅ လုံးထဲက ၂၅ ရာခိုင်နှုန်းကိုသာ စစ်တပ်က ဖျက်ဆီးပြခဲ့တယ်လို့ ဂျေဆင် တာဝါက စစ်တပ်ထုတ်ပြန်ခဲ့တဲ့ အချက်အလက်ပေါ်မူတည်ပြီး ပြန်လည်သုံးသပ်ချက်ပေးပါတယ်။
ထိုင်း - မြန်မာနယ်စပ်က ကျားဖြန့်နှိမ်နင်းဖို့ နိုင်ငံတကာက ဖိအားပေးလာချိန်မှာ "အယောင်ပြ လုပ်ရပ်" အဖြစ်သာ လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း သူက သုံးသပ်ပါတယ်။
တရုတ် - မြန်မာအရေး လေ့လာစောင့်ကြည့်သူ ဒေါက်တာလှကျော်ဇောကတော့ နိုင်ငံတကာဖိအားကြောင့်ပဲ စစ်တပ်က အယောင်ပြဖြေရှင်းပြတာမဟုတ်ဘူးဆိုတဲ့ ရှုထောင့်ကနေ သုံးသပ်ချက်ပေးပါတယ်။
"အယောင်ပြလို့ မထင်ပါဘူး၊ စစ်တပ်က တကယ်လုပ်တဲ့ပုံပါ။ တရုတ်မှာ သမ္မတရှီကျင့်ဖျင်နဲ့ (စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး) မင်းအောင်လှိုင်တို့ တွေ့ချိန်မှာ ဒီကိစ္စပြောဆိုခဲ့ဟန်ရှိပါတယ်။ ပြီးတော့ ရှီကျင့်ဖျင်နဲ့ ထရမ့်တွေ့ချိန်မှာလည်း ဒီကျားဖြန့်ကိစ္စ ပြောဟန်ရှိပါတယ်။ ဆက်ဆံရေးလည်းကောင်းလာတဲ့ အနေအထားဆိုတော့ ပိုပြီးအာရုံစိုက်ချိန်ဖြစ်ပါတယ်" လို့ ဒေါက်တာလှကျော်ဇောက ဘီဘီစီကို ပြောပါတယ်။
သြဂုတ်လထဲမှာ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်မှာ သမ္မတရှီကျင့်ဖျင်နဲ့ တွေ့ခဲ့ပါတယ်။ အောက်တိုဘာလကုန်တုန်းကလည်း တရုတ်သမ္မတရှီနဲ့ အမေရိကန်သမ္မတ ထရမ့်တို့ တောင်ကိုရီးယားနိုင်ငံမှာ တွေ့ဆုံခဲ့တာကို ဒေါက်တာလှကျော်ဇောက ကိုးကားပြောတာပါ။
ဘီဘီစီစကားပြောခွင့်ရခဲ့တဲ့ ကရင်လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တချို့ရဲ့ အပြောအရလည်း နိုင်ငံတကာရဲ့ မြန်မာ့ကျားဖြန့်အရေး အာရုံစိုက်မှုတွေကြောင့် အခုလိုနှိမ်နင်းမှုတွေဖြစ်လာတယ်ဆိုလာကြပါတယ်။
"မင်းတို့တွေ ကျားဖြန့်တွေ လက်မခံနဲ့တော့လို့ ပြောထားတယ်။ ကမ္ဘာကြီးကလည်း အော်နေပြီလေ" လို့ စစ်တပ်က လုပ်ငန်းတွေဆက်မလုပ်ဖို့ ပြောထားတဲ့အကြောင်း DKBA ရဲ့ ထိပ်ပိုင်းစစ်ခေါင်းဆောင်က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလလယ်ရောက်ချိန်မှာတော့ ကျားဖြန့်နှိမ်နင်းရေးအရွေ့တွေက ပိုမြင်သာလာပါတယ်။
ထိုင်းနိုင်ငံဟာ သူတို့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ အရှေ့တောင်အာရှမှာ တရားမဝင်အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ လောင်းကစားအင်ပါယာကို ထူထောင်မှုနဲ့ စွပ်စွဲခံထားရတဲ့ ရှီကျီကျန်းကို တရုတ်လက်ပြန်အပ်လိုက်ပါပြီ။
တရုတ်က နိုင်ငံတကာရဲတပ်ဖွဲ့ကနေတဆင့် တောင်းဆိုမှုကြောင့် ထိုင်းရဲတပ်ဖွဲ့က နိုင်ငံထဲမှာရှိတဲ့ ရှီကျီကျန်းကို ၂၀၂၃ ခုနှစ်မှာ ဖမ်းခဲ့တာပါ။
ထိုင်းဘုရင် မဟာဝချီရာလောင်ကွန်ရဲ့ သမ္မတရှီကျင့်ဖျင်နဲ့တွေ့ဆုံမယ့် တရုတ်နိုင်ငံခရီးစဉ်မစခင်မှာပဲ ဒီအခင်းအကျင်းဖြစ်လာခဲ့တာပါ။
ရှီကျီကျန်းဟာ ကျားဖြန့်မြို့လို့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ မြဝတီမြို့နယ်ထဲက ရွှေက္ကို မြို့သစ်စီမံကိန်း ဦးဆောင်သူဖြစ်ပြီး ကရင်နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူနဲ့လည်း စီးပွားရေး လုပ်ဖော်ကိုင်ဖက် ဖြစ်ပါတယ်။
ဒါကြောင့် ဗိုလ်မှူးကြီးစောချစ်သူအပါအဝင် BGF ထိပ်ပိုင်းတပ်အရာရှိကြီးတွေဖြစ်တဲ့ ဗိုလ်မှူးချုပ် စောတင်ဝင်း၊ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်တို့ကို ဘီဘီစီက မေးမြန်းဖို့ကြိုးစားပေမဲ့ ပြန်လည် ဖြေဆိုတာမရှိပါဘူး။
"ဖြေရမယ့်အချိန်ကျရင် ထွက်ဖြေပါ့မယ်" လို့ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က ခပ်တိုတိုတုံ့ပြန်ပါတယ်။
ထိုင်း - မြန်မာနယ်စပ်က မြဝတီ၊ ရွှေကုက္ကို၊ KK Park၊ Apollo Park ၊ Yulong Bay Park၊ Dongmei Park စတဲ့နေရာတွေက အွန်လိုင်းလောင်းကစားနဲ့ ငွေလိမ်လုပ်ငန်းတွေကို BGF ကလုပ်ကိုင်နေပြီး မြန်မာစစ်တပ်နဲ့ ပါ ဆက်စပ်နေတယ်လို့ Justice For Myanmar (JFM) က ၂၀၂၄ ခုနှစ်၊ မတ်လထဲက ဖော်ထုတ်ရေးသားခဲ့ပါတယ်။
JFM ဟာ မြန်မာစစ်တပ်အပြင် စစ်တပ်နဲ့ဆက်စပ်နေတဲ့လုပ်ငန်းတွေ၊ အဲဒီလုပ်ငန်းတွေရဲ့ အကျိုးစီးပွားဆက်နွှယ်မှုတွေကို ဖွင့်ချတဲ့အဖွဲ့အစည်းဖြစ်ပါတယ်။
"ဒီ park တွေကို လုံခြုံရေးပေးတာ၊ လိုအပ်တဲ့ ပစ္စည်းတွေ လျှပ်စစ်မီးတွေ အင်တာနက်ရဖို့တွေကို စစ်တပ်ရဲ့ ညွှန်ကြားမှုအောက်ကနေ BGF က လုပ်ပေးတယ်လို့ နားလည်ရတယ်။ ဒီကျားဖြန့်တွေနဲ့ပတ်သက်ပြီး အရေးယူမယ်ဆိုရင် BGF တစ်ဖွဲ့တည်းမဟုတ်ဘဲ စစ်တပ်ကိုပါ ထည့်ပြောသင့်တယ်" လို့ JFM ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောပါတယ်။
အမေရိကန်နိုင်ငံကတော့ ကျားဖြန့်လုပ်ငန်းတွေကို ထောက်ပံ့တယ်လို့ဆိုပြီး DKBA ရဲ့ ထိပ်ပိုင်း ခေါင်းဆောင်တွေဖြစ်တဲ့ စောစတီး၊ စောစိန်ဝင်း၊ စောဆန်းအောင် နဲ့ စိုင်းကျော်လှတို့ကို ဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်ပါတယ်။
BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူနဲ့ သား နှစ်ယောက်ကိုတော့ ၂၀၂၅ ခုနှစ်၊ မေလကတည်းက အမေရိကန်ဘဏ္ဍာရေးဌာနက အရေးယူပိတ်ဆို့ထားပါတယ်။
ဒါအပြင် အရှေ့တောင်အာရှမှာရှိတဲ့ အဆိုးရွားဆုံး ငွေလိမ်ဂိုဏ်းနယ်မြေတွေကို စုံစမ်းထောက်လှမ်းဖို့ဆိုပြီး ကျားဖြန့်တိုက်ဖျက်ရေးအထူးအဖွဲ့ (Scam Center Strike Force)ကိုလည်းအမေရိကန်က ဖွဲ့စည်းလိုက်ပါပြီ။
"တရုတ်ရော အမေရိကန်ပါ ကျားဖြန့်ကို နှိမ်နင်းဖို့လုပ်ချိန်မှာ စစ်တပ်ကို အသိအမှတ်ပြုမှုပိုရလာမလား၊ ထွက်ပေါက်ရမလားဆိုတဲ့အနေအထားနဲ့ လုပ်နေတာပါ" လို့ တရုတ် - မြန်မာအရေးလေ့လာသူ ဒေါက်တာလှကျော်ဇောက သုံးသပ်ပါတယ်။
ကရင်လက်နက်ကိုင်သုံးဖွဲ့ပြောတဲ့ ဒေသတည်ငြိမ်ရေး

ဓာတ်ပုံ ရင်းမြစ်, Hp-an News
ဘီဘီစီရဲ့ သတင်းရင်းမြစ်တွေအပြောအရ ၂၀၂၅ နှစ်စပိုင်းမှာ စစ်တပ်ဘက်က ကျားဖြန့်တွေကို ဆက်လက်မခံဖို့နဲ့ ရွေးကောက်ပွဲထောက်ခံဖို့ဆိုပြီး ဖိအားပေးလာခဲ့တယ်လို့ သိရပါတယ်။
"ကျားဖြန့်လုပ်ငန်းအကြောင်းမသိခဲ့ဘူး" ဆိုပြီးငြင်းဆန်ခဲ့ကြတဲ့ BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူရော၊ DKBA ရဲ့ စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ်စောဆန်းအောင်တို့ပါ သူတို့ဒေသမှာ ကျားဖြန့် ရှိနေကြောင်း ၂၀၂၅ နှစ်စပိုင်း သတင်းမီဒီယာတွေကို ဖြေကြားရာမှာ ထည့်ပြောလာခဲ့ကြပါတယ်။
အဲဒီနောက် သြဂုတ်လထဲမှာ BGF နဲ့ DKBA တွေ့ဆုံ ခဲ့ကြပါတယ်။ နောက်တစ်လ စက်တင်ဘာမှာတော့ BGF၊ DKBA အပြင် KNU/ KNLA PC ပါ ပါဝင်ပြီး စစ်တပ်နဲ့အပစ်ရပ်ထားတဲ့ ကရင်လက်နက်ကိုင်သုံးဖွဲ့ ရဲ့ တံခါးပိတ်တွေ့ဆုံပွဲ လုပ်ခဲ့ပါတယ်။
စက်တင်ဘာတွေ့ဆုံမှု အပြီးမှာတော့ စစ်တပ်လုပ်မယ့်ရွေးကောက်ပွဲဆန္ဒမဲပေးရာမှာ ထိခိုက်နစ်နာဆုံးရှုံးမှု မရှိစေဖို့ အဖွဲ့စုံပူးပေါင်းမှုနဲ့ ကာကွယ်မှာဖြစ်ပြီး ပြည်သူတွေဘဝတည်ငြိမ်အေးချမ်းအောင်ဖော်ဆောင်မယ်ဆိုပြီး ထုတ်ပြန်ချက် ထွက်လာခဲ့ပါတယ်။
"ကျွန်တော်တို့သုံးဖွဲ့ဟာ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပါဝင်ပတ်သက်ခဲ့ဖူးတာမရှိဘူး၊ လွှတ်တော်ပြင်ပ နိုင်ငံရေးနဲ့ပဲ သွားတာပါ။ ဒါပေမဲ့ တဖွဲ့ချင်းစီရဲ့အခြေအနေအရ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့သဘောထား ထွက်လာတာဖြစ်တယ်" လို့ KNU/KNLA PC က အမည်မဖော်လိုတဲ့ တပ်အရာရှိကြီးတစ်ဦးက ပြောပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးမတည်ငြိမ်မှုကို အခွင့်အကောင်းယူပြီး ထိုင်း - မြန်မာ နယ်စပ်ဒေသမှာ ကျားဖြန့်လုပ်ငန်းတွေ တွင်ကျယ်လာတာဖြစ်တာကြောင့် စစ်တပ်လုပ်မယ့် ၂၀၂၅ ရွေးကောက်ပွဲကတဆင့် တည်ငြိမ်မှုပြန်ရှာပြီး အဲဒီနောက် ဒေသတွင်းတည်ငြိမ်ရေးလုပ်မယ်လို့ သူက ရှင်းပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Hpa - an news
ဘီဘီစီစကားပြောခွင့်ရတဲ့ DKBA ထိပ်ပိုင်းခေါင်းဆောင်တွေကလည်း ဒေသတွင်းတည်ငြိမ်ရေးအတွက် ရွေးကောက်ပွဲဖြစ်မြောက်ဖို့ လိုတယ်လို့ ဆိုကြပါတယ်။ ဒီတွေ့ဆုံမှုတွေမှာ ကျားဖြန့်အရေးနဲ့ပတ်သက်ပြီး ကရင်လက်နက်ကိုင်အဖွဲ့တွေကြား ဆွေးနွေးခဲ့ကြတယ်လို့ တက်ရောက်သူတချို့ဆီက သိရပါတယ်။
ကရင်လက်နက်ကိုင်အဖွဲ့တွေပြောတဲ့ ဒေသတည်ငြိမ်ရေးဆိုတာ ကျားဖြန့်နှိမ်နင်းရေးလို့ အကြမ်းဖျဉ်း ယူဆနိုင်ပါတယ်။ ဒါကြောင့် ကျားဖြန့်လုပ်ငန်းတွေနဲ့ဆက်စပ်နေတယ်လို့ ဖော်ထုတ်ခံထားရတဲ့ ကရင်လက်နက်ကိုင်အဖွဲ့တွေက ရွေးကောက်ပွဲကို ထောက်ခံပေးပြီး စစ်တပ်နဲ့အပေးအယူလုပ်ထားတယ်ဆိုတဲ့ သတင်းစကားတွေ ဆက်တိုက်ထွက်နေခဲ့တာပါ။
"အဲလိုလုပ်ထားတာမျိုး မရှိပါဘူး။ အပေးအယူ သဘောမရှိပါဘူး" လို့ DKBA ထိပ်ပိုင်းစစ်ခေါင်းဆောင်တစ်ဦးက ငြင်းဆိုပါတယ်။
ဘီဘီစီစကားပြောခွင့်ရခဲ့တဲ့ DKBA ထိပ်ပိုင်းခေါင်းဆောင်သုံးဦးကတော့ "တချိန်ကျရင် ဒါတွေပျောက်ကွယ်သွားမှာပါ။ သူတို့လာရာ သူတို့ ပြန်သွားရမှာပါ" လို့ တပြေးညီတည်းပြောကြပြီး ကရင်ပြည်နယ်ထဲမှာ ကျားဖြန့်နှိမ်နင်းရေးအရှိန်မြှင့်မယ့်သဏ္ဍာန်ဖြေဆိုသွားကြပါတယ်။
လေးလအတွင်း ကျားဖြန့်မှာပါဝင်နေသူတွေ လာရာလမ်းကို ပြန်ဖို့ တိုက်တွန်းထားတယ်ဆိုပြီး DKBA ရဲ့ ထိပ်ပိုင်းစစ်ခေါင်းဆောင်တစ်ဦးက ဆက်ပြောပါတယ်။
"နိုဝင်ဘာလကုန်ကနေ စမှာပေါ့။ ကရင်ပြည်နယ်နေ့က တွေ့တာတောင် ကျားဖြန့်ရှင်းဖို့ ပြောသေးတယ်" လို့ သူက ဆိုပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်နေ့တုန်းက ကရင်ပြည်နယ်မြို့တော် ဘားအံမြို့မှာ စစ်ကော်မရှင်ကဦးဆောင်ပြီး ပြုလုပ်တဲ့ ကရင်ပြည်နယ်နေ့ပွဲအခမ်းအနားကို BGF၊ DKBA နဲ့ KNU PC က ခေါင်းဆောင်တွေ တက်ချိန်မှာ ဆွေးနွေးခဲ့ကြတဲ့သဘောလို့ နားလည်နိုင်ပါတယ်။
သူတို့ပြောတဲ့ လေးလတာ ဆိုတဲ့ကာလအပိုင်းအခြားအရ အပိုင်းလိုက်ရွေးကောက်ပွဲ တတိယအကြိမ်အပြီး စစ်အာဏာသိမ်း ၅ နှစ်ပြည့်ချိန် ဖေဖော်ဝါရီလမှာ ကျားဖြန့်နှိမ်နင်းရေးအရွေ့တစ်ခုဖြစ်လာဖို့ စစ်တပ်က ရည်ရွယ်ဟန်ရှိပါတယ်။
ဒါဟာ စစ်တပ်ရွေးကောက်ပွဲကနေ ထွက်ပေါ်လာမယ့် ကြံ့ခိုင်ရေး(USDP) (ဒါမှမဟုတ်) ရွေးကောက်ခံရတဲ့ ပါတီကိုယ်စားသူပြုသူတွေပါဝင်တဲ့ အစိုးရတစ်ရပ်အဖြစ်လွှဲပြောင်းမယ့်ကာလနဲ့ အချိန်ကိုက်လုပ်ဆောင်တာလို့ Global Initiative Against Transnational Organized Crime က အကြီးတန်း သုတေသီ ဂျေဆင်တာဝါက သုံးသပ်ပါတယ်။
"ကျားဖြန့်နှိမ်နင်းရေး သူတို့လုပ်တဲ့အကြောင်း အကုန်လုံးကို ပြောပြချင်တယ်၊ ကမ္ဘာကြီးကို ပြောချင်တယ်။ ဒါအတွက် သရုပ်ပြနိုင်ဖို့ ပြင်ဆင်နေကြတာ ဖြစ်တယ်" လို့ ဂျေဆင် တာဝါ ဆိုပါတယ်။
ကျားဖြန့်အရေး အမေရိကန်နဲ့ ဗြိတိန်လိုနိုင်ငံကြီးတွေကပါ အားစိုက်လာတာကြောင့် တရုတ်အနေနဲ့ ထိုင်း - မြန်မာနယ်စပ်က နှိမ်နင်းရေးမှာ မြန်မာစစ်တပ်ကိုပဲ ဖြေရှင်းခိုင်းချင်တဲ့သဘောမျိုးလို့ဆိုလာတာပါ။
"တရုတ်ကတော့ ကျားဖြန့်လုပ်ငန်း လုပ်တဲ့နေရာတွေကို စစ်တပ်ကပဲ ဝင်ရောက်ထိန်းချုပ်ပြီး ဖြေရှင်းစေချင်ပုံပဲ" လို့ သူက ဆက်ပြောပါတယ်။
ဘီဘီစီရဲ့ စုံစမ်းသိရှိချက်အရလည်း KK Park စီးနင်းမှုလိုမျိုး အုတ်အော်သောင်းနင်း မဖြစ်စေဖို့ စစ်တပ်က ပြောထားတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကျားဖြန့်လုပ်ငန်းကနေ နေရပ်ပြန်နိုင်ကြောင်း အသိပေးတာတွေ လုပ်နေပြီး နေ့စဉ်လိုလို ပြောင်းရွှေ့နေသူတွေရှိတယ်လို့ သတင်းရင်းမြစ်တချို့ဆီက သိရပါတယ်။
ဒီလုပ်ငန်းခွင်တွေမှာ တရုတ်ကိုပြန်ပို့ရင် ဆွေစဉ်မျိုးဆက်အလိုက် အပြစ်ပေး အရေးယူခံရနိုင်သူတွေလည်း ရှိနေလို့ နေရပ်ပြန်ဖို့ ခက်ခဲနေကြတယ်လို့ DKBA ရဲ့ ထိပ်ပိုင်း စစ်ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။
ဒါပေမဲ့ ဒီပုဂ္ဂိုလ်တွေဟာ ကျားဖြန့်နဲ့ ဘယ်လောက်ထိ ဆက်စပ်ပါဝင်နေသူတွေလဲ၊ ဘယ်လိုအခြေအနေကိုညွှန်းဆိုပြောတာလဲ ဆိုတော့ သူက တိတိကျကျ မပြောသွားပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြေပြင်အခြေအနေသိရှိသူတချို့ရဲ့အပြောအရလည်း KK Park အပါအဝင် ထိုင်း - မြန်မာနယ်စပ် ကျားဖြန့် လုပ်ငန်းတွေမှာပါဝင်တဲ့ တရုတ်လုပ်ငန်းရှင်တချို့အပါအဝင် အလုပ်သမားတွေကို စစ်တပ်နဲ့ သူတို့နဲ့ နီးစပ်တဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ အကာအကွယ်ယူပြီး ရွှေ့ပြောင်းနေတယ်လို့ သိရပါတယ်။
KNU ရဲ့ ကျုံဒိုးမြို့နယ်အလုပ်အမှုဆောင်ကော်မတီရဲ့ ထုတ်ပြန်ချက်ကလည်း ဒီအခြေအနေကိုမီးမောင်းထိုးပြ နေပါတယ်။ ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျုံဒိုးမြို့နယ်အတွင်းက လမ်းကြောင်းတွေကို အသုံးပြုပြီး ကျားဖြန့်လုပ်ငန်းတွေကနေ စွန့်ခွာလာတဲ့နိုင်ငံခြားသားဝန်ထမ်းတွေကို ရွှေ့ပြောင်းတာ၊ လက်ခံခေါ်ယူ ထားတာမျိုး မပြုလုပ်ဖို့ ထုတ်ပြန်ခဲ့တာပါ။
စစ်တောင်းတံတား၊ သံလွင်တံတားနဲ့ ဘောနက်ကြီးရွာအနီးမှာရှိတဲ့ စစ်ကော်မရှင်ရဲ့ တပ်စခန်းဂိတ် တွေက အစစ်အဆေးမရှိဘဲ သွားလာခွင့်ပြုနေသလို အဖွဲ့အစည်း အမည်ခံကားတွေနဲ့ သွားလာနေတယ်လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက ပြောထားပါတယ်။
ကျုံဒိုးတဝိုက်မှာလှုပ်ရှားနေတဲ့ စစ်တပ်နဲ့အပစ်ရပ်ထားတဲ့ KNU/ KNLA PC က BGF နဲ့ DKBA တို့ဆီက ရွှေ့ပြောင်းလာတဲ့ ကျားဖြန့်လုပ်သူတွေကို သယ်ယူပေးနေတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာတာပါ။
"ဒီလိုပို့ဆောင်ပေးတာမျိုး မူဝါဒမရှိဘူး၊ သိလည်း မသိဘူး။ ကျွန်တော်တို့ဒေသတွေက ရောပြီးတော့ နေကြတယ်လေ။ စီးပွားရေးလုပ်နေတဲ့သူတွေက ယူနီဖောင်းဝတ်ပြီး ရောနေကြတယ်။ တခုခုဆို ဝတ်စုံယူ ဝတ်လိုက်ကြတာမျိုးပေါ့" လို့ KNU/ KNLA PC ရဲ့ တပ်အရာရှိကြီးတစ်ဦးက ပြောပါတယ်။
ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံရဲ့အာရုံစူးစိုက်မှုခံလာရတဲ့ မြန်မာနိုင်ငံအတွင်းက ကျားဖြန့်နှိမ်နင်းရေးကို စစ်တပ်က အမျိုးသားရေးတာဝန်လို သတ်မှတ်ပြီး နှိမ်နင်းမယ်လို့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထုတ်ပြောလာပါတယ်။
နိုဝင်ဘာ ၁၅ ရက် ကရင်ပြည်နယ်မြို့တော် ဘားအံကို သွားချိန် သူက အခုလို ပြောလိုက်တာဖြစ်ပြီး KK Park က ကျားဖြန့်ကိုလည်း ဆက်ပြီး နှိမ်နင်းမယ်လို့ သူက ပြောပါတယ်။
စုံစမ်းသိရှိရတဲ့ ကျားဖြန့် လေးလတာ နှိမ်နင်းရေးနဲ့ပတ်သက်လို့ စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဘီဘီစီက ဆက်သွယ်မေးမြန်းထားပေမဲ့ နိုဝင်ဘာ ၁၅ ရက် ညနေပိုင်းအထိ တစုံတရာ တုံ့ပြန်ဖြေကြားလာတာ မရှိသေးပါဘူး။
ဒါပေမဲ့ ကျားဖြန့်နှိမ်နင်းရေးလုပ်မယ်ဆိုတဲ့ ကရင်လက်နက်ကိုင်ခေါင်းဆောင်တချို့ကိုယ်တိုင်က ဒီလုပ်ငန်း ပပျောက်သွားမယ်လို့ ယုံကြည်ဟန်မရှိနေပါဘူး။
"ခရေစေ့တွင်းကျ ပိတ်ဆို့ချင်တယ်ဆိုရင် အင်တာနက်လိုင်းတွေ မရှိတော့ဘူးဆိုရင်တော့ ပိတ်လို့ရမယ်။ အင်တာနက်ရှိနေသမျှ ဒီလူတွေက ရွေ့လျားနေမှာပဲ" လို့ DKBA ရဲ့ ထိပ်ပိုင်းစစ်ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။












