ဒေါ်အောင်ဆန်းစုကြည်၊ ဒေါက်တာခင်လက်ျာနဲ့ ဒေါက်တာလှကျော်ဇောတို့ရေးတဲ့ သမိုင်း

- ရေးသားသူ, ဘိုဘို
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
ရဲဘော်သုံးကျိပ်ကို မြန်မာ့တပ်မတော် တည်ထောင်သူတွေအဖြစ် လူသိများပါတယ်။ ဒီပုဂ္ဂိုလ်တွေထဲက ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်ချုပ်ကြီးနေဝင်းနဲ့ ဗိုလ်လက်ျာ၊ ဗိုလ်မှူးချုပ်ကျော်ဇော တို့ဟာ အထူးထင်ရှားပြီး ဗိုလ်ဇေယျ၊ ဗိုလ်စကြာ၊ ဗိုလ်မှူးအောင်၊ ဗိုလ်မင်းဂေါင်၊ ဗိုလ်တာရာ စသူတွေကိုလည်း လူသိများပါတယ်။
သူတို့ရဲ့ သားသမီးတွေထဲမှာ အထင်ရှားဆုံးက နိုင်ငံတော်အတိုင်ပင်ခံ ဖြစ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ပါ။ ၁၉၈၈ အရေးအခင်းကာလမှာတော့ လမ်းစဉ်ပါတီဥက္ကဋ္ဌကြီး ဦးနေဝင်းရဲ့သမီး ဒေါ်ခင်စန္ဒာဝင်း နာမည် ထင်ရှားလာသလို ဖခင်ဖြစ်သူ ဗိုလ်မှူးချုပ်ကျော်ဇောနဲ့ တရုတ်ပြည်ကို လိုက်သွားခဲ့ပြီး ဗမာပြည် ကွန်မြူနစ်ပါတီမှာ ထမ်းဆောင်နေတဲ့ ဒေါက်တာလှကျော်ဇောဟာလည်း ၂ဝဝဝ ပြည့်လွန်နှစ်တွေမှာ ထင်ရှားလာပါတယ်။
ဒီထဲမှာ စာရေးဆရာ အဖြစ် ထင်ရှားသူတွေကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာခင်လက်ျာ၊ ဒေါက်တာလှကျော်ဇောတို့ပါ။

ဓာတ်ပုံ ရင်းမြစ်, Thierry Falise
ဒေါ်အောင်ဆန်းစုကြည်
ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံရေးခေါင်းဆောင် ဖြစ်မလာခင်ကတည်းက သူ့ဖခင်အကြောင်း စာအုပ်တွေ ပြုစုခဲ့ပါတယ်။
သြစတြေးလျနိုင်ငံ ကွင်းစလန် တက္ကသိုလ်က ထုတ်တဲ့ အာရှတိုက်ခေါင်းဆောင်များ စာစဉ်မှာ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ၁၉၈၅ က ရေးခဲ့ပါတယ်။ အိန္ဒိယနိုင်ငံ ဆင်းမလားမြို့က ၁၉၉ဝ မှာ ထုတ်ဝေတဲ့ ကိုလိုနီခေတ် မြန်မာနဲ့ အိန္ဒိယ ပညာတတ်တွေဘဝ အကြောင်း စာအုပ်မှာလည်း ဗိုလ်ချုပ်တို့ခေတ်က နိုင်ငံရေးနဲ့စာပေ လှုပ်ရှားမှုတွေအကြောင်း ပါရှိပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းကို သူ့ဘဝရဲ့ အားကျစရာအကောင်းဆုံး ပုဂ္ဂိုလ်အဖြစ်လည်း သမီးဖြစ်သူက ရှုမြင်ပါတယ်။ ဒါကြောင့် ဖခင်ရဲ့ နိုင်ငံရေးဘဝကို ပါရဂူဘွဲ့ယူကျမ်းပြုစုဖို့ ဒေါ်အောင်ဆန်းစုကြည် လန်ဒန်တက္ကသိုလ်မှာ ကြိုးစားခဲ့ပါတယ်။
ခွင့်ပြုချက် မရလို့ ကိုလိုနီခေတ် စာပေလှုပ်ရှားမှုအကြောင်း မြန်မာစာပေမှာ မဟာဒဿနိကကျမ်း ပြုစုခဲ့ရပါတယ်။ အဲဒီမှာလည်း ဗိုလ်ချုပ်တို့ သခင်ဘဝက နဂါးနီ စာအုပ်အသင်း လှုပ်ရှားမှုတွေ အကြောင်း ရေးသားခဲ့ပါတယ်။
မြန်မာပြည်ရဲ့ အောင်ဆန်း၊ သမီးဖြစ်သူဖွဲ့တဲ့ အတ္ထုပ္ပတ္တိပုံရိပ် ဆိုပြီးလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရာကို ၁၉၉၁ က ကစ်စကာဒေးလ်တိုက်က ထုတ်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ROMEO GACAD
ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းတွေမှာ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းတွေ မကြာခဏပါရှိသလို သူ့အစိုးရတက်လာပြီးနောက်ပိုင်း ဗိုလ်ချုပ်ကြေးရုပ်တွေ နိုင်ငံအနှံ့ပေါ်လာခဲ့ပါတယ်။
ဖခင်ဖြစ်သူ အရှိန်အဝါကို အားပြုတယ်လို့ အတိုက်အခံပါတီတချို့က စွပ်စွဲပေမယ့် ပြီးခဲ့တဲ့ စစ်အစိုးရခေတ်တလျှောက်လုံးမှာ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရေးသားပြောဟောတာတွေကို နိုင်ငံအတွင်းမှာ ပိတ်ပင် ထားခဲ့တာတွေရဲ့ တန်ပြန် ရိုက်ခတ်ချက်လည်း ဖြစ်ပါတယ်။
ဗိုလ်ချုပ်အတ္ထုပ္ပတ္တိ စာအုပ်ပြုစုရေးနဲ့ ရုပ်ရှင်ရိုက်ကူးရေးတွေလည်း ပိုပြီး လုံ့လထုတ်လာတာကိုလည်း ဒေါ်စုခေတ်မှာ တွေ့ရပါတယ်။
ဒေါ်စု အစိုးရ သက်တမ်း ၃ နှစ်အတွင်းမှာတော့ အပြီးသတ်တာ မတွေ့ရသေးပါဘူး။
ဒေါက်တာခင်လက်ျာ
အမျိုးသားစာပေဆု နှစ်ကြိမ်ရခဲ့တဲ့ ဒေါက်တာခင်လက်ျာဟာ ဒုတိယဝန်ကြီးချုပ်ဟောင်း ဗိုလ်လက်ျာရဲ့သမီးကြီး ဖြစ်ပြီး အမေရိကန်မှာ ပြည်သူ့ကျန်းမာရေး မဟာဘွဲ့ယူခဲ့သူ ဖြစ်ပါတယ်။
သူ့ရဲ့ပြည်ပ အတွေ့အကြုံတွေကို စာစောင်တွေမှာ ရေးသားရင်း သူ့ဖခင်အကြောင်းတွေကိုလည်း ရေးသားခဲ့ပါတယ်။
သူ့ဖခင်အပါအဝင် ရဲဘော်သုံးကျိပ်ဝင်တွေအကြောင်း လူသိနည်းလာလို့ ရေးတာလို့ ဒေါက်တာခင်လက်ျာက ရေးပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Khin Letya
တကယ်တော့ ဖခင်အကြောင်း စာအုပ်ရေးဖို့ အနှစ် ၂ဝ ကျော် သူကြိုးစားခဲ့ပါတယ်။ မိဘတွေရဲ့ မှတ်စုမှတ်တမ်းတွေ၊ ဖခင်နဲ့လုပ်ဖော်ကိုင်ဘက် နိုင်ငံရေးသမားတွေနဲ့ စာရေးဆရာတွေ၊ တပည့်တပန်းတွေ ပြောပြချက်ကို သူမှတ်သားပြုစုပြီး ရေးတာပါ။
ပြုစုပုံကလည်း အချစ်အမုန်း ခံစားချက်တွေ မပါအောင် ဓမ္မဒိဋ္ဌာန်ကျအောင် ရေးတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဖခင်ရဲ့ နိုင်ငံရေး စီးပွားရေး ကြိုးပမ်းမှုတွေကို ပေါ်လွင်အောင် ဝါယမစိုက်ရေးတာ တွေ့ရပါတယ်။
ဒေါ်ခင်လက်ျာရေးသားချက်ကြောင့် အရင်က ပြည့်စုံအောင် မသိရတဲ့ ဗိုလ်လက်ျာရဲ့ နိုင်ငံရေး ဖြစ်ရပ်တွေကို ပိုမိုစုံလင်စွာ သိလာရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Canada Embassy in Yangon
၁၉၄၉ မှာ ဗိုလ်လက်ျာကို တပ်ကထွက်ဖို့ ဖိအားပေးတာတွေ၊ ၁၉၆၂ စစ်အာဏာသိမ်းပြီးနောက် ဗိုလ်လက်ျာ နိုင်ငံရေးကြောင့် ထွက်ပြေးတိမ်းရှောင်ရတာတွေ၊ မိသားစုဝင်တွေကို ခွဲခြားဖိနှိပ်တာ၊ အိမ်ကို ရှာဖွေတာနဲ့ သားဖြစ်သူကိုပါ အကြောင်းမဲ့ ဖမ်းဆီးတာတွေ ဖတ်ရပါတယ်။
နောက်ဆုံး ဆွေမျိုးနီးစပ်တယောက်ရဲ့ လက်ချက်မကင်းဘဲ ဗိုလ်လက်ျာတို့ သားအဖ ထိုင်းနယ်စပ်မှာ ကရင်လက်နက်ကိုင်တွေ သတ်ဖြတ်တာခံရတဲ့အကြောင်းလည်း ပါပါတယ်။
ဗိုလ်လက်ျာဆွဲတဲ့ ပန်းချီကားချပ်တွေက သူ့ရဲ့ အကျဉ်းစံဘဝဟာလည်း ရသစာပေလက်ရာလိုပဲ စာဖတ်သူတွေကို ခံစားရစေပါတယ်။
ဒေါက်တာလှကျော်ဇော
နောက် ရဲဘော်သုံးကျိပ် မိသားစုတွေထဲက စာရေးဆရာဖြစ်လာတဲ့ တယောက်ကတော့ ဒေါက်တာလှကျော်ဇောပါ။ တရုတ်ပြည်မှာ ဗမာပြည်ကွန်မြူနစ်ပါတီဝင် အဖြစ်နေထိုင်ရင်း၊ ဖခင် ဗိုလ်ကျော်ဇောကို ပြုစုရင်း ဒေါ်လှကျော်ဇော စာပေတွေ ရေးသားခဲ့ပါတယ်။
အစပိုင်းက နိုင်ငံရေး ဆောင်းပါးတွေကို နာမည်စုံနဲ့ ရေးခဲ့ပေမယ့် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ကွယ်လွန်ပြီးနောက်ပိုင်း သူ့ဖခင်အကြောင်းတွေ ပိုရေးလာခဲ့ပါတယ်။
ဒီဆောင်းပါးတွေမှာ ပြည်တွင်းစစ်ကို ဖြစ်စေတဲ့ အကြောင်းတွေနဲ့ မြန်မာပြည်မှာ စစ်အာဏာရှင်စနစ် ကြာရှည်စေတဲ့ အကြောင်းတွေကို ဝေဖန်ဆန်းစစ်တာလည်း ပါပါတယ်။

ဒေါ်လှကျော်ဇောရဲ့ ရေးသားဟန်ကတော့ ဒေါ်ခင်လက်ျာလို မဟုတ်ဘဲ နိုင်ငံရေးဆန်ဆန် တက်တက်ကြွကြွရေးတာ တွေ့ရပါတယ်။
သူ့ဖခင်မိခင်တွေရဲ့ နိုင်ငံအတွက် ပိုင်းဖြတ်အနစ်နာခံမှုတွေကိုလည်း မျိုးဆက်သစ်တွေ သိရှိစေချင်ပုံ ရပါတယ်။
နောက် ဆန့်ကျင်ဘက် နိုင်ငံရေး အဖွဲ့တွေ ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးနေဝင်းနဲ့ ဆိုရှယ်လစ်အုပ်စုကိုလည်း ဝေဖန်ရေးသားတာတွေ ပါပါတယ်။

တကယ်တော့ ဒီအမျိုးသမီးကြီး သုံးယောက်လုံးရဲ့ ရေးသားမှုတွေဟာ ၁၉၆၂ နောက်ပိုင်း မြန်မာနိုင်ငံရေးမှာ တဖြည်းဖြည်း မှိန်ဖျော့ထားတဲ့ ရဲဘော်သုံးကျိပ် ခေါင်းဆောင်တွေအကြောင်းကို ပြန်ဖော်ထုတ်ဖို့ ကြိုးစားတာ ဖြစ်ပါတယ်။
ဒီသုံးယောက်စလုံးဟာ နိုင်ငံရေးလောကဓံတွေကို မွေးစကတည်းက တွေ့ကြုံခဲ့ရသူတွေပါ။
ဒေါ်အောင်ဆန်းစုကြည် ၂ နှစ်သမီးမှာ ဖခင်လုပ်ကြံခံရပြီး သူ့ဘဝမှာလည်း နိုင်ငံရေးအရ ဖမ်းဆီးအကျယ်ချုပ်ချတာတွေ ၁၅ နှစ်ခန့် ကြုံခဲ့ရပါတယ်။ အသက်ကို ရန်ရှာလုပ်ကြံတာတွေလည်း ကြုံခဲ့ရပါတယ်။
ဒေါ်ခင်လက်ျာကတော့ ၃ နှစ်သမီးမှာ သူ့ဖခင် ရာထူးကပြုတ်ပြီး တပ်ကထွက်ရပါတယ်။ အသက် ၁၇ နှစ်မှာ ဖခင် ၅ နှစ်ကြာ ထိန်းသိမ်းခံရပြီး အသက် ၂၅ နှစ်မှာ ဖခင်ရော အစ်ကိုပါ လုပ်ကြံခံခဲ့ရပါတယ်။
ဒေါ်လှကျော်ဇောလည်း ဆယ်ကျော်သက်ကလေးဘဝမှာတင် ဖခင်ရာထူးကပြုတ်တာ၊ အသက် ၃ဝ မှာ ဖခင်နဲ့အတူ တောခိုတာတွေ ကြုံတွေ့ခဲ့ရပြီး ယခုထိ တရုတ်ပြည်မှာ အဝေးရောက်ဘဝနဲ့ နေရတုန်း ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Kyaw Hla
နောက် ဒေါ်လှကျော်ဇော မရေးဘဲ ကျန်သေးတာကတော့ သူ့ခင်ပွန်း ဦးသက်ခိုင်ရဲ့အကြောင်း ဖြစ်ပါတယ်။ ဗကပ ယူဂျီအဖြစ် ၁၉၈၈ မှာ လှုပ်ရှားရင်း ပြည်တွင်းမှာ နှစ်ချီ ထိန်းသိမ်းခံခဲ့ရတဲ့ သူ့ခင်ပွန်းဟာ ခုထိ သူနဲ့ ပြန်ပြီး မဆုံစည်းနိုင်သေးပါဘူး။
ဒေါ်အောင်ဆန်းစုကြည်နဲ့ မိုက်ကယ်အဲရစ်တို့ရဲ့ ကြေကွဲဖွယ် ဘဝဇာတ်လမ်းကို လူသိများပေမယ့် ဒေါ်လှကျော်ဇောတို့ အကြောင်းကို ရေးသားသူ နည်းပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ကျန်တဲ့သူ နှစ်ယောက်ထက် တနှစ်ကြီးပြီး ဒေါ်ခင်လက်ျာ၊ ဗိုလ်ချုပ်အောင်ဆန်း သမီးငယ် ရက်သားနဲ့ ဆုံးသွားတဲ့ အောင်ဆန်းချစ်နဲ့ ဒေါ်လှကျော်ဇောတို့က တရက်ကြီး တရက်ငယ်တွေ ဖြစ်ကြပါတယ်။
လှကျော်ဇောဆိုတဲ့ နာမည်ကို ဗိုလ်လက်ျာက ပေးတာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ဝိဇ္ဇာပညာကို ပြည်ပမှာ ဆည်းပူးခဲ့ပြီး ကျန်တဲ့နှစ်ယောက်က ဆေးပညာဘွဲ့ရတွေပါ။
ဒေါ်ခင်လက်ျာကို အဖေနာမည်ပါလို့ ဆေးပညာမဟာဘွဲ့ သင်ခွင့်မရတဲ့အတွက် ပြည်ပမှာ ထွက်ပြီး ဆည်းပူးခဲ့ရပါတယ်။ ဒေါ်လှကျော်ဇောကတော့ ဆေးပညာ မဟာဘွဲ့သင်နေတုန်း တောခိုသွားခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, David Levenson
သူတို့သုံးယောက်လုံးရဲ့ ထူးခြားချက်ကတော့ ဗိုလ်ချုပ်ကြီးနေဝင်း အစိုးရခေတ်မှာရော နောက်ပိုင်း စစ်အစိုးရခေတ်တွေမှာပါ နိုင်ငံရေးအရ ဂရုစိုက် စောင့်ကြည့်ခံရတဲ့ မိသားစုတွေမှာ ကြီးပြင်းခဲ့တာပါ။
ကြုံခဲ့ရတဲ့ ခါးသီးမှုတွေကို ဖြတ်ကျော်ရင်း ဒီအကြောင်းတွေကို နောင်လာနောက်သားတွေ သိအောင်၊ သူတို့ဖခင်တွေရဲ့ လှုပ်ရှားမှုတွေကို လူထုကြားထဲမှာ ပျောက်ကွယ်မသွားအောင် ရေးသားခဲ့ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကတော့ ဖခင်လိုပဲ နိုင်ငံခေါင်းဆောင်နေရာ ရယူပြီး ဒီမိုကရေစီ ပြောင်းလဲရေးဘက်ကို ကြိုးစားနေတယ်လို့ ဆိုပါတယ်။
၂ဝ၁ဝ မှာ သူအကျယ်ချုပ်က လွတ်လာပြီးနောက်ပိုင်း ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရဲဘော်သုံးကျိပ်တွေအကြောင်း ပြည်တွင်းမှာ ပိုမိုရေးသားခွင့် ရလာပြီး ဒေါ်ခင်လက်ျာနဲ့ ဒေါ်လှကျော်ဇောတို့ရဲ့ စာအုပ်တွေလည်း ပေါ်ထွက်လာခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MANUEL CENETA
သူတို့မိသားစုချင်းလည်း ခင်မင်ရင်းနှီးကြတဲ့ အတွက် ဆိုးကောင်းလောကဓံ ကြုံလေသမျှမှာ ကြည့်ရှုစောင့်ရှောက်ခဲ့ကြပါတယ်။
ဗိုလ်လက်ျာ ကွယ်လွန်ပြီးနောက် သမီးငယ် ယုလက်ျာကို ဗိုလ်ချုပ်အောင်ဆန်းကတော် ဒေါ်ခင်ကြည်က အပတ်စဉ် ကျွေးမွေးတွေ့ဆုံပြီး ဆုံးမစာလေးတွေ ရေးပို့တယ်လို့ သိရပါတယ်။
ပုလဲပုတီး ဂျပန်က ဝယ်လာပြီး လက်ဆောင်ပေးလို့ ကျေးဇူးတင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်လက်ျာဇနီးဆီကို ကလေးဘဝက ပို့တဲ့စာကလည်း မြန်မာ အင်တာနက်သုံးသူတွေကြားမှာ လူသိများပါတယ်။
တခါက မြန်မာပြည်ကို ခေတ္တပြန်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်ကျော်ဇောကို ဦးလေးက မြေးပဲထိန်းနေတယ်ဆို၊ မြန်မာပြည်အတွက် ဦးလေးတာဝန်ကျေပြီထင်သလားလို့ မကျေမနပ်ပြောခဲ့ဖူးကြောင်း ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောရဲ့ ကိုယ်ရေး အတ္ထုပ္ပတ္တိမှာ ပါရှိပါတယ်။
ဗိုလ်လက်ျာကို ၁၉၄၉ က အာဏာသိမ်းဖို့ တိုက်တွန်းသူတွေထဲ ဗိုလ်ကျော်ဇောပါတယ်လို့ ဒေါ်ခင်လက်ျာက ရေးပါတယ်။
နောက် ဗိုလ်လက်ျာနဲ့ ဗိုလ်ကျော်ဇော နှစ်ယောက်စလုံး တိုင်းပြည်ချစ် ပုဂ္ဂိုလ်တွေ မြန်မာပြည် ပြန်ချင်ရက်နဲ့ မပြန်နိုင်ဘဲ ပြည်ပမှာ ကွယ်လွန်ခဲ့ရတဲ့ အဖြစ်ချင်းတူတယ်လို့လည်း ဒေါ်ခင်လက်ျာကရေးသားခဲ့ပါတယ်။
ဗိုလ်အောင်ဆန်း၊ ဗိုလ်လက်ျာနဲ့ ဗိုလ်ကျော်ဇော ဒီသုံးယောက်မှာ ပထမနှစ်ယောက်က ကွန်မြူနစ်ပါတီ ထောင်ရာမှာ ပါဝင်ပြီး နောက်ဆုံးတယောက်ကတော့ ပါတီဝင်ဘဝမှာ ကွယ်လွန်သွားခဲ့ပါတယ်။










