ပြည်တွင်းစစ် အနှစ် ၇ဝ

burma

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လူမျိုးစု လွတ်မြောက်ရေး လှုပ်ရှားမှုတွေနဲ့ ဆက်စပ် ဖြစ်ပွားခဲ့

မြန်မာနိုင်ငံ မှာ ပြည်တွင်းစစ် ဖြစ်ပွားတာ အနှစ် ၇ဝ ရှိပါပြီ။

၁၉၄၈ ခုနှစ် မတ်လ ၂၈ ရက်မှာ ဗမာပြည် ကွန်မြူနစ် ပါတီ ခေါင်းဆောင်တွေကို ဖဆပလ အစိုးရက ရှာဖွေ ဖမ်းဆီးတာကနေ ပြည်တွင်းစစ် စတင် ဖြစ်ပွားတယ်လို့ မှတ်သား ထားကြပါတယ်။

ဒီပြည်တွင်းစစ်ဟာ အနှစ် ၇ဝ ပြည့်ပေမယ့် မချုပ်ငြိမ်းသေးဘဲ ဆက်ပြီး တောက်လောင်နေပါတယ်။

မြန်မာနိုင်ငံဟာ ဒုတိယ ကမ္ဘာစစ်ဒဏ်ကို အကြီးအကျယ် ခံစားခဲ့ရပြီးနောက် လွတ်လပ်ရေးကို စေ့စပ် ဆွေးနွေးပြီး ၁၉၄၈ မှာ ရယူခဲ့ပါတယ်။

ဒါပေမဲ့လည်း လွတ်လပ်ပြီး မကြာမီ ၃ လ အကျော်မှာပဲ ပြည်တွင်းစစ်နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ဒီစစ်ဟာ အစပိုင်းမှာ ကွန်မြူနစ်တွေနဲ့သာ ဖြစ်တာ မှန်ပေမယ့် နောက်ပိုင်းမှာတော့ တစတစ တခြား လက်နက်ကိုင် အဖွဲ့တွေ၊ လူမျိုးစု လွတ်မြောက်ရေး လှုပ်ရှားမှုတွေနဲ့ ဆက်စပ် ဖြစ်ပွားခဲ့တဲ့အတွက် ရောင်စုံ သူပုန် လှုပ်ရှားမှုလို့ ဆိုစမှတ် ရှိခဲ့ပါတယ်။

အစကတည်းက လွတ်လပ်ရေးကို စေ့စပ်ယူတာကို မကျေနပ်တဲ့ ကွန်မြူနစ် ပါတီက သူတို့ကို မဖမ်းလည်း တော်လှန်ရေး လုပ်ဖို့ ကြိုးစားမှာ ဖြစ်တယ်လို့ အဲဒီခေတ်က ဖဆပလ ဒုတိယဝန်ကြီးချုပ်ရဲ့ လက်ထောက်တာဝန် ယူခဲ့တဲ့ ဦးသုဝေက ဆိုပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, စစ်ပွဲတွေအတွင်း ဖမ်းဆီး ညှဉ်းပန်းခံရသူ အများအပြားရှိခဲ့

ဒီလို ပြည်တွင်းစစ် ဖြစ်ချိန်မှာ နှစ်ဘက် ခေါင်းဆောင်ပိုင်းဟာ အသက် ၃ဝ ကျော် လူငယ်တွေသာ ဖြစ်ကြတာမို့ မရင့်ကျက်သေးဘဲ ဖြစ်လာမယ့် အကျိုးဆက်တွေကို မမှန်းနိုင်ကြလို့ ဖြစ်ခဲ့ရတာ လို့လည်း ရဲဘော် သုံးကျိပ်နဲ့ ဗမာပြည် ကွန်မြူနစ်ပါတီဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောရဲ့ သမီး ဒေါက်တာလှကျော်ဇောက ပြောပါတယ်။

နောက်ပြီး မြန်မာနိုင်ငံရဲ့ ပထဝီ အနေအထားအရ တရုတ်နိုင်ငံနဲ့ ရှည်လျားတဲ့ နယ်နိမိတ် ထိစပ်နေတာ ကလည်း ဒီပြည်တွင်းစစ် ဖြစ်တဲ့ ကိစ္စမှာ အများကြီး ပတ်သက်နေတယ် လို့ သူက ဆိုပါတယ်။

ဒါကြောင့် ၁၉၆ဝ ပြည့်လွန်နှောင်းပိုင်းတွေမှာ အရှေ့မြောက်ဒေသမှာ နိုင်ငံတကာ အကူအညီနဲ့ ပြည်တွင်းစစ် အကြီးအကျယ် ဖြစ်ပွားခဲ့တယ်လို့ ဒေါက်တာလှကျော်ဇောက ပြောပါတယ်။

အိန္ဒိယ အစိုးရက မြန်မာ အစိုးရကို လက်နက်ကူခဲ့တာ ရှိသလို တခြား ကမ္ဘာ့ နိုင်ငံကြီးတွေကလည်း ဒီပြည်တွင်းစစ်မှာ သူတို့ အကျိုးအတွက် ဝင်ပြီး စွက်ဖက်တာတွေ ရှိခဲ့ပါတယ်။

ဒီလို စစ်ဖြစ်နေတာကို ရပ်တန့်ဖို့ ကြိုးစား ခဲ့ကြပေမယ့် မအောင်မြင်ခဲ့ဘူး၊ အစိုးရကော သူပုန်တွေဘက်ပါ သူတို့အားသာချိန်မှ စေ့စပ်လိုတဲ့ စိတ်ရှိတယ်လို့ ဦးသုဝေက ရှင်းပြပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Ron Case

ဓာတ်ပုံ ပုံစာ, ပြည်တွင်းစစ်မှာ တပ်မတော် အုပ်စု အင်အားကြီးလာ

ပြည်တွင်းစစ် အစ ဦးနုအစိုးရ ဘက်က လက်ဝဲ ညီညွတ်ရေး ကြိုးစားခဲ့တာမှာ တကယ်တမ်း စေ့စပ်ပြောဆိုနိုင်တဲ့ အာဏာ မရှိသူတွေကို ထည့်ထားခဲ့တယ်လို့လည်း ဒေါက်တာလှကျော်ဇောက ဆိုပါတယ်။

ပြီးခဲ့တဲ့ ရာစုနှစ်မှာ စစ်ရေးနဲ့ ဖြေရှင်းတဲ့ နည်းဟာ အလုပ်ဖြစ်ပေမယ့် ခု ရာစုမှာ မဖြစ်တော့တာမို့ ဒါတွေကို တပ်မတော်ရော လူမျိုးစု လက်နက်ကိုင်တွေကပါ သဘောပေါက်သင့်ပြီ လို့လည်း သူ က ပြောပါတယ်။

မြန်မာနိုင်ငံဟာ နိုင်ငံရေး မရင့်ကျက်မှုကြောင့် လွတ်လပ်ခါစမှာ ပြည်တွင်းစစ်နဲ့ တိုးခဲ့ရပေမယ့် ဒါကို ပြေလည်အောင် ဖြေရှင်းနိုင်ရင် နိုင်ငံ တိုးတက်ဖို့ လမ်းစ ရှိနိုင်တယ်လို့လည်း သုံးသပ်သူတွေက ပြောဆိုနေကြပါတယ်။