တိုက်ပွဲပဋိပက္ခနယ်မြေမှသည် ပညာရေးနယ်မြေဆီ

ရှမ်းကွန်မြူနတီကောလိပ်,တိုက်ပွဲပဋိပက္ခ,ပညာရေးနယ်မြေ

ဓာတ်ပုံ ရင်းမြစ်, Sai Tun Aung Lwin/BBC

ဓာတ်ပုံ ပုံစာ, ရှမ်းကွန်မြူနတီကောလိပ် ပင်မ အဆောက်အအုံ
    • ရေးသားသူ, စိုင်းထွန်းအောင်လွင်
    • ရာထူးတာဝန်, #ဘီဘီစီမြန်မာပိုင်း

ကာလိမြို့ကိုဝင်လိုက်တာနဲ့ မြို့က တိုက်တာအဆောက်အအုံတွေနဲ့ သပ်ရပ်သန့်ရှင်းနေပါတယ်။

မြို့ကနေ မြောက်ဘက် ၄ မိုင်ခန့်အကွာ လွယ်တိုင်းလိကျေးရွာအထိ လမ်းက ကတ္တရာလမ်းတွေ ခင်းထားပြီး လမ်းတလျှောက် လမ်းဘေးဝဲယာမှာတော့ ရာဘာခြံတွေကို တွေ့ရလိုက် နေအိမ်တွေနဲ့ ကျေးရွာတွေကိုတွေ့ရလိုက် စမ်းချောင်တွေမှာ ရေလာချိုးသူတွေကို တွေ့ရလိုက်နဲ့ ကားကညီညာတဲ့ ကတ္တရာလမ်းပေါ် တလိမ့်လိမ့်နဲ့ သွားနေပါတယ်။

လွန်ခဲ့တဲ့နှစ် ၂ ၅ နှစ် ကျော်လောက်က ဆိုရင်တော့ ကာလိဒေသနားမှာ ရှိတဲ့ ဒီနေရာဟာ သွားရလာရခက်တဲ့ ဒေသတခု ဖြစ်နေမှာ မလွဲဧကန်ပါပဲ။

SSA တံဆိပ်နဲ့ ကြယ်ပုံတံဆိပ်ပါ မောင်းတံဂိတ်ကို ရောက်မှ စာရေးသူ သွားလိုတဲ့ အရပ်ကို ရောက်လာပြီလို့ သတိထားမိလိုက်ပါတယ်။

နေရာကတော့ SSA ရှမ်းပြည်တပ်မတော် တပ်မဟာ (၇) အသွင်ပြောင်းပြည်သူ့စစ် ဌာနချုပ်ပဲဖြစ်ပါတယ်။

ပြည်တွင်းစစ်နဲ့ ရှမ်းလက်နက်ကိုင် လှုပ်ရှားမှုသမိုင်းတလျှောက် သံလွင်အနောက်ဘက်ကမ်း ကာလိကွန်ဟိန်း ဒေသမှာ အမြဲလိုလို အရေးပါတဲ့ ဒေသဖြစ်ပါတယ်။ ဒါကလည်း ရှမ်းပြည်တောင်ပိုင်း မြောက်ပိုင်း သံလွင်မြစ်ဝှမ်းတလျှောက်အပါဝင် ရှမ်းမြောက်နဲ့ ရှမ်းတောင်ဒေသဆက်သွယ်နိုင်တဲ့ နေရာမှာ တည်ရှိတာကြောင့်လည်း ဖြစ်ပါတယ်။

ကျိုင်းတုံ ဒေသမှာ စတင်ခဲ့တဲ့ SSA-E လက်ထက်ကနေ SSPP/SSA လက်ထက်အထိ ပြင်းထန်လွန်းတဲ့ တိုက်ပွဲတွေနဲ့အတူ ဖြတ် ၄ ဖြတ် ခေတ်မှာ နာမည်ကျော်ခဲ့ဖူးတဲ့ ဒေသလည်း ဖြစ်ပါတယ်။ အခုတော့ အဲဒီဒေသမှာ လျှပ်စစ်မီး ဖုန်း ၊ တိုက်တာ အဆောက်အုံတွေနဲ့ ယာယီ အပစ်ရပ်စဲရေး လုပ်တဲ့ အဖွဲ့တွေ ၊ ပြည်သူ့စစ် အဖွဲ့တွေနဲ့အတူ သွားလာရ လွယ်ကူတဲ့ ဒေသ ဖြစ်လာခဲ့ပါပြီ။

နေဝင်ရီတရောအချိန်ရောက်နေပြီဖြစ်လို့ တောင်ခြေနဲ့ မနီးမဝေးက တည်းခိုဆောင်မှာပဲ နားပြီး နောက်ရက်မှပဲ ရွာထဲကို စနည်းနာဖို့ ဆုံးဖြတ်လိုက်ပါတယ်။

လွယ်တိုင်းလိ ရွာအဝင်,SSA ရှမ်းပြည်တပ်မတော် တပ်မဟာ (၇)

ဓာတ်ပုံ ရင်းမြစ်, Sai Tun Aung Lwin/BBC

ဓာတ်ပုံ ပုံစာ, လွယ်တိုင်းလိ ရွာအဝင်
လွိုင်ဖာ ရေအားလျှပ်စစ်ဓါတ်အားပေးစက်ရုံ ,ရှမ်းပြည်တပ်မတော် SSA/SSPP တပ်မဟာ (၇) ,အသွင်ပြောင်းပြည်သူ့စစ် ဌာနချုပ်

ဓာတ်ပုံ ရင်းမြစ်, Sai Tun Aung Lwin/BBC

ဓာတ်ပုံ ပုံစာ, လွိုင်ဖာ ရေအားလျှပ်စစ်ဓါတ်အားပေးစက်ရုံ ၊ ကာလိဒေသကို အဲဒီကထွက်တဲ့လျှပ်စစ်တွေ ဖြန့်ဝေပေးနေတာဖြစ်

မနက်မိုးလင်း စားသောက်ပြီးတာနဲ့ အဝေးကနေ မြင်နေရတဲ့ အထပ်မြင့်တိုက်အဆောက်အုံဆီသို့ ဦးတည်ခဲ့ပါတယ်။ ဧက ၂၀ ကျော်လောက်ရှိတဲ့ တောင်ခြေက မညီမညာခြံဝင်းရဲ့ အဝကို ရောက်တော့ ရှမ်းစာနဲ့ ရေးထားတဲ့ Kaw Dai ကောတိုင်း ကောလိပ်ဆိုင်းဘုတ်ကို တွေ့ရပါတယ်။

'စစ်အေးခေတ်တလျှောက်မှာတော့ အရင်က ဒီနေရာက တိုက်ပွဲမှာ ဒဏ်ရာရခဲ့တဲ့ စစ်သည်တွေကို ဆေးကုပေးခဲ့တဲ့နေရာပါ။ ဆေးရုံက နောက်ပိုင်းပေါ်လာတော့ ဒီနေရာကို ကောလိပ်အတွက် အသုံးပြုခွင့်ပေးခဲ့တာလေ။ လမ်းဟိုဘက် ကုန်းပေါ်မှာတော့ အမျိုးသား စာသင်ကျောင်းပါ။ အဲဒီနေရာကလည်း အရင်တုန်းက တိုက်ပွဲပြင်းထန်တဲ့ ကာလတွေတုန်း တပ်မဟာ ၇ ရဲ့ လက်နက်ကြီးတွေ တင်ထားခဲ့တဲ့နေရာပါ '။ လို့ ကျောင်းကို လိုက်လံပို့ဆောင်ပေးတဲ့ ပြည်သူ့စစ်အရာရှိတဦးက ပြောပါတယ်။

ကျောင်းထဲဝင်လိုက်တော့ နံရံတဘက်ဖွင့်ထားတဲ့ ပျဉ်ထောင်အဆောက်အုံအောက်မှာ ကျောင်းသား၊ ကျောင်းသူ တသိုက်နဲ့ စာသင်ကြားနေတာတွေ့ရပါတယ်။ တဘက်က ၄ ထပ်မြင့် ကွန်ကရစ်အဆောက်အုံနဲ့ ကျောင်းဆောင်မှာ စာသင်နေတဲ့ အသံကလည်း အပြင်ကနေ ကြားနေရပါတယ်။

နားနေဆောင်နားက ဧည့်ခန်းမှာ ခဏစောင့်နေပြီးနောက် ခနအကြာမှာတော့ ကျောင်းက ဆရာမ တဦးဖြစ်တဲ့ နန်းဟျိုးဆိုင်နဲ့ တွေ့ဆုံခဲ့ပြီး ကျောင်း အခြေအနေကို သူမက ရှင်းပြပါတယ်။

ရှမ်းကွန်မြူနတီကောလိပ်ကို ကောတိုင်း Kaw Dai ရှမ်းလူမှု့အဖွဲ့အစည်းက ဦးဆောင်တည်ထောင်ထားတာဖြစ်ပြီး အဆောက်အုံတချို့နဲ့ မြေနေရာတွေ အထောက်အကူပစ္စည်းတချို့ကိုတော့ အသွင်ပြောင်း တပ်မဟာ (၇) ဘက်က ကူညီပေးခဲ့တာလို့ ဆိုပါတယ်။

ရှမ်းကွန်မြူနတီကောလိပ်ဟာ နောက်ပိုင်းနှစ်တွေအတွင်း ရှမ်းပြည်မှာ ဖွင့်တဲ့ ကျောင်းတွေအနက် ပထမဆုံး ပုဂ္ဂလိက ကောလိပ်လည်း ဖြစ်လာခဲ့တာပါ။

၂၀၁၇ ခုနစ်မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူ ၅၀ လောက် တက်ရောက်နေတဲ့ ကောလိပ်မှာ လူမှုသိပ္ပံ နဲ့စီးပွားရေးစီမံခန့်ခွဲမှု မေဂျာနှစ်ခုကို အဓိကထားသင်ကြား ပေးနေပြီး ကွန်ပြူတာ၊ သမိုင်း၊ အင်္ဂလိပ်ဘာသာ နဲ့ လူထုအခြေပြုကျန်းမာရေးဆိုင်ရာ ဘာသာရပ်တွေကိုလည်း သင်ကြားပေးနေပါတယ်။ နောက်နှစ်တွေမှာတော့ အဓိက မေဂျာဘာသာရပ်အချို့ကို ထပ်မံတိုးချဲ့ဖွင့်လှစ်ဖို့ ရှိနေပါတယ်။

ကျောင်းက အခုလို လက်နက်ကိုင်နယ်မြေ ရှမ်းပြည်ရဲ့ အလယ်ပိုင်းမှာ ရှိနေပေမဲ့ ကျောင်းသားတွေက ရှမ်းပြည်ကပဲ မဟုတ်ပါဘူး။ ပဲခူး၊ စစ်ကိုင်း စတဲ့ ဒေသတွေက ကျောင်းသား ၊ ကျောင်းသူတွေလည်း ပါတယ်။ ကျောင်းလျှောက်လွှာတွေ စဖြန့်တော့ လျှောက်ထားတဲ့သူ ၃၀၀ ကျော်လောက်ရှိတယ်။ အဲဒီထဲကမှ ၅၀ ကို လက်ခံခဲ့တာ။ လို့ ဆရာမ နန်းဟျိုးဆိုင်က ပြောပါတယ်။

ကောလိပ်ကျောင်းသား ကျောင်းသူ,ရှမ်းကွန်မြူနတီကောလိပ်
ဓာတ်ပုံ ပုံစာ, စာသင်နေတဲ့ ကောလိပ်ကျောင်းသား ကျောင်းသူတွေ

ကျောင်းအပေါ်ထပ်က စာသင်ခန်းတွေကို ဆရာမက ခေါ်ပြတော့ နိုင်ငံရေးသိပ္ပံဘာသာရပ်နဲ့ သက်ဆိုင်တဲ့ စာသင်ချိန်အတွက် စာသင်ကြားနေတဲ့ အတန်းကိုတွေ့ရသလို တခြား အတန်းတွေမှာတော့ အင်္ဂလိပ်စာ သင်နေတဲ့ အတန်းကိုလည်း တွေ့ရပါတယ်။

အတန်ကြာမှာပဲ ကျောင်းခေတ္တနားချိန်ရောက်တဲ့အတွက် မိုင်းရှူး ဝမ်ဆော့ဒေသက နေ ကောလိပ်မှာ လာတက်တဲ့ ပထမနှစ် ကျောင်းသား တဦးဖြစ်တဲ့ စိုင်းအွမ်ဖှနဲ့ တွေ့တုန်း မေးကြည့်တော့ သူက - ' ကျွန်တော့်ရွာက SSPP/SSA ဌာနချုပ်ဝမ့်ဟိုင်းနဲ့ မနီးမဝေးမှာဆိုတော့ တခါတခါ စစ်ဖြစ်ပြီး မတည်ငြိမ်ဘဲ ဖွံ့ဖြိုးမှုလည်း နောက်ကျတဲ့ ဒေသဖြစ်နေတယ်။ ပညာတတ်အောင်သင်ပြီး စီးပွားရေးလုပ် ရွာကလူတွေကို ကူညီချင်တယ်လေ။ ဒါကြောင့်နိုင်ငံတကာ ပညာရေးကို အခြေခံတဲ့ ချိတ်ဆက်မှုရှိတဲ့ ဒီကျောင်းမှာ စီးပွားရေးပညာ လာသင်တာပါ။ ' လို့ ပြောပါတယ်။

အဲဒီ ၄ ထပ်အဆောက်အုံမှာ သင်ထောက်ကူပစ္စည်းတွေနဲ့ စာသင်ခန်းတွေ စာကြည့်တိုက်တို့ကိုလည်း တွေ့ရသလို အသံသွင်း ရိုက်ကူးရေး လုပ်နိုင်တဲ့ စတူဒီယိုတွေနဲ့ အနုပညာ လုပ်ငန်းတွေတွေခန်းမတို့ကိုပါ မြင်တွေ့ရပါတယ်။

'သမိုင်းနဲ့ ပတ်သက်လို့ကတော့ ရှမ်းသမိုင်းကို အဓိကထားသင်ပေးတယ်။ သမိုင်းဆိုတဲ့ နေရာမှာ လွတ်လပ်ရေးခေတ်နဲ့ ကြားကာလ ၁၉၄၀ ခုနစ်လောက်ကနေ ပင်လုံစာချုပ်ကာလတွေကို အဓိကထားသင်ပေးတယ်။ လို့ နန်းဟျိုးဆိုင်က ပြောပါတယ်။

'ရှမ်းတွေရဲ့ ပဒေသရာဇ်သမိုင်းတွေဖြစ်တဲ့ မုန်းမောလုံ ၊ ရှမ်းတွေ ရွှေ့ပြောင်းရောက်ရှိလာပုံဆိုင်ရာ သမိုင်းတွေကိုတော့ တရုတ် ၊ ထိုင်းစတဲ့ နိုင်ငံတွေက ခေတ်ပြိုင်သမိုင်းဖော်ပြချက်တွေနဲ့ ကိုးကားပြီး ကျောင်းသားကျောင်းသူတွေ သိရုံလောက်သာ ပြောပြတာမျိုးရှိတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ အဲဒီလို ပဒေသရာဇ်ခေတ် အငြင်းပွားဖွယ်ရာ သမိုင်းတွေကို အမျိုးသားရေးအရ ဇွတ်တင်ပြနေရင် အမျိုးသားရေးအစွန်းထွက်လာနိုင်တာကြောင့် ခေတ်သစ် ပြည်ထောင်စုတည်ထောင်ဖို့ ကြိုးစားကြတဲ့ သမိုင်းကိုသာ အဓိကထား သင်ကြားပေးရတာ ဖြစ်တယ် ' /လို့ သူမက ပြောပါတယ်။

သင်ရိုးညွှန်းတမ်းစာအုပ်,ရှမ်းကွန်မြူနတီကောလိပ်

ဓာတ်ပုံ ရင်းမြစ်, Sai Tun Aung Lwin/BBC

ဓာတ်ပုံ ပုံစာ, သင်ရိုးညွှန်းတမ်းစာအုပ်

ကျောင်းလာတက်တဲ့ ကျောင်းသူ ကျောင်းသား အားလုံးဟာ ကျောင်းအိပ်ကျောင်းစားတွေ ဖြစ်ပါတယ်။ စာသင်နှစ် တနှစ်ချင်းအတွက် ကျောင်းလခ သိန်း ၂၀ ပေးရတဲ့ ကျောင်းသားကျောင်းသူတွေလည်း ရှိသလို တချို့ ထူးချွန်ကျောင်းသားကျောင်းသူတွေအတွက်တော့ ကျောင်းက စကော်လာရှစ်ပေးထားတာတွေလည်း ရှိပါတယ်။

စုပေါင်းလုပ်ကိုင်ဆောင်ရွက်တတ်တဲ့ အလေ့အထတွေ ရအောင်နဲ့ ဘဝရပ်တည်မှု အခြေခံ လုပ်ငန်းတွေအတွက် အတွေ့အကြုံရနိုင်ဖို့ ကျောင်းထဲမှာ အဆောက်အုံအသစ်တွေ ဆောက်တာ ၊ လမ်းလေးတွေဖောက်တာကအစ ထမင်းဟင်းချက် ဝေယျာဝိစ္စလုပ်တာအဆုံး အကုန်လုံးက ကျောင်းသူကျောင်းသားတွေနဲ့ ဆရာဆရာမတွေ ဝိုင်းလုပ်ကြရတယ် လို့ ဆိုကြပါတယ်။

ကျွန်မကတော့ပျော်တယ်။ အိမ်မှာမလုပ်ဖူးတဲ့ အလုပ်တွေလည်းလုပ်ရတယ်။ အကုန်လုံး ဝိုင်းလုပ်ဝိုင်းစားသဘောနဲ့ လူမှု့ရေးလုပ်ငန်းတွေအတွက် ပြန်အသုံးချနိုင်ဖို့ကိုပါ ကျောင်းက သင်ပေးတယ်လို့ပဲ ယူဆတယ်လို့ တန့်ယန်းမြို့နယ်ကနေ ကျောင်းလာတက်တဲ့ ၁၇ နှစ် နန်းလွယ့်လွယ့်ခမ်းက ဘီဘီစီကို ပြောပါတယ်။

ဘွဲ့ရဖို့အတွက် စာသင်နှစ် စုစုပေါင်း ၃ နှစ် သတ်မှတ်ထားတဲ့ရှမ်းကွန်မြူနတီကောလိပ်နဲ့ အိန္ဒိယနိုင်ငံက တက္ကသိုလ်တခုအပါအဝင် ၊ ရှမ်းပြည်နဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ထိုင်းနိုင်ငံ ချင်းရိုင်း Rajaphat တက္ကသိုလ်တို့အကြား မကြာခင် နားလည်မှု စာချွန်လွှာရေးထိုးဖို့ ရှိနေပါတယ်။ ဒီကပြီးသွားတဲ့ ကျောင်းသားကျောင်းသူတွေအနေနဲ့ နိုင်ငံတကာ ပညာရေးနဲ့ ဆက်လက်ပူးပေါင်းနိုင်တဲ့ အခွင့်အရေး ရဖို့လိုတဲ့အတွက်အိမ်နီးချင်းနိုင်ငံတွေက တက္ကသိုလ်နဲ့ချိတ်ဆက်ဖို့ ဆွေးနွေးထားခဲ့တာဖြစ်တယ်လို့ နန်းဟျိုးဆိုင်က ပြောပါတယ်။

ပင်မအဆောက်အအုံရဲ့ ကိုက်၅၀ လောက်အကွာ တောင်ခြေရင်းမှာတော့ ပြီးစီးလုပြီဖြစ်တဲ့ ဆောက်လက်စ အဆောက်အဦးတလုံးကိုတွေ့ရပြီး အဲဒီအဆောက်အုံဟာ ကျောင်းသား ကျောင်းသူတွေရဲ့ လုပ်အားနဲ့ တည်ဆောက်နေတာလည်း ဖြစ်ပါတယ်။ အဲဒီအဆောက်အုံကို လှည့်ပတ်ကြည့်ရှုပြီးနောက်မှာတော့ မြေနီလမ်းတဘက်က ကုန်းပေါ်မှာ ရှိတဲ့ အမျိုးသားကျောင်းကို ရောက်ခဲ့ပါတယ်။

တောင်ခြေက အဆောက်အအုံ,ရှမ်းကွန်မြူနတီကောလိပ်

ဓာတ်ပုံ ရင်းမြစ်, Sai Tun Aung Lwin/BBC

ဓာတ်ပုံ ပုံစာ, ကျောင်းသားကျောင်းသူတွေ လုပ်အားနဲ့ ဆောက်လုပ်နေတဲ့ တောင်ခြေက အဆောက်အအုံ
သင်ထောက်ကူစာသင်ခန်း,ရှမ်းကွန်မြူနတီကောလိပ်

ဓာတ်ပုံ ရင်းမြစ်, Sai Tun Aung Lwin/BBC

ဓာတ်ပုံ ပုံစာ, သင်ထောက်ကူစာသင်ခန်း

အခြေခံ ပညာသင်ရှမ်းအမျိုးသားကျောင်းမှာ ၉ တန်းအထိ သင်ကြားပေးနေသလို ကျောင်းသား ကျောင်းသူ ၁၈၀ လောက်က တက်ရောက်ပညာသင်ကြားနေတာပါ။ မိဘမဲ့နဲ့ စစ်ဘေးရှောင်ကလေးတွေကိုလည်း အဲဒီကျောင်းမှာ လက်ခံထားတာတွေ့ရပါတယ်။

ဒီအမျိုးသားကျောင်းဖွင့်မယ်ဆိုတော့ ကျောင်းနေရာမှာ အရင်ကထားခဲ့တဲ့ လက်နက်ကြီးတွေကို တခြားတောင်တွေကို ရွှေ့လိုက်ရတယ်။ လို့ SSA တပ်မဟာ ၇ အသွင်ပြောင်းအရာရှိတဦးက ပြောပါတယ်။

ပထမဆုံးအတန်းတတန်းကို ဝင်ကြည့်တော့ တန့်ယန်း ၊ သီပေါ၊ မိုင်းရယ် စတဲ့ ရှမ်းမြောက် ဒေသတွေက ကျောင်းသားကျောင်းသူတွေကို တွေ့ရပါတယ်။ ကျောင်းအုပ်ဆရာမကတော့ အသက် ၃၀ ကျော်ဝန်းကျင်လောက်သာ ရှိနိုင်တဲ့ ကျိုင်းတုံသူတဦးဖြစ်တဲ့ နန်းစံဖောင်းဆိုသူပါ။

အကုန်လုံးက ကျောင်းအိပ်ကျောင်းစားတွေဖြစ်ပြီး ရှမ်းဘာသာ ၊ အင်္ဂလိပ် ၊ ပထဝီ ၊ သမိုင်း ဘာသာရပ်တွေကို သင်ကြားပေးနေကာ ၂ ရက်ကို ၁ နာရီလောက် မြန်မာစာ ၊ တရုတ်နဲ့ ထိုင်းဘာသာတွေကိုလည်း အချိန်အလိုက် သင်ကြားပေးနေပါတယ်။ ဆရာဆရာမတော်တေ်ာများများက အင်္ဂလိပ်လို ကောင်းကောင်းပြောဆိုနိုင်တာကိုလည်း သတိထားမိပါတယ်။

SSA တပ်မဟာ ၇ အသွင်ပြောင်းနယ်မြေအတွင်းမှာ အမျိုးသားကျောင်း (၄) ကျောင်းလောက်ရှိတယ်လို့ သိရပါတယ်။

ရှမ်းပြည်တပ်မတော် SSA/SSPP တပ်မဟာ (၇) , အမြောက်တွေထားခဲ့ရာနေရာမှာ တွေ့ရတဲ့ စာသင်ကျောင်း

ဓာတ်ပုံ ရင်းမြစ်, Sai Tun Aung Lwin/BBC

ဓာတ်ပုံ ပုံစာ, တချိန်က ရှမ်းပြည်တပ်မတော် SSA/SSPP တပ်မဟာ (၇) ရဲ့ အမြောက်တွေထားခဲ့ရာနေရာမှာ တွေ့ရတဲ့ စာသင်ကျောင်း

တကယ်တော့ လက်ရှိ ဥပဒေအရ အမျိုးသားကျောင်းတွေနဲ့ ပုဂ္ဂလိကကျောင်းတွေကို တရားဝင်အသိအမှတ်ပြုထားတာတော့ မရှိသေးပါဘူး။ ဒါပေမဲ့ တိုင်းရင်းသား စာပေထိန်းသိမ်းဖို့အပါအဝင် ဒေသတွင်း လူမှု့အရင်းအမြစ်တိုးတက်မှုဖို့ အရေးပါတဲ့ စာသင်ကျောင်းတွေကို တိုင်းရင်းသားဘာသာသင်အမျိုးသားကျောင်းတွေအတွက် ဥပဒေထွက်လာချိန်အထိ မစောင့်ပဲ ဥပဒေအရ အသိအမှတ်ပြုမှုတွေက အချိန်ကာလကြာနိုင်သေးတဲ့အတွက် တနိုင်တပိုင် ဒေသအလိုက် ဆောင်ရွက်နေကြတာ ဖြစ်တယ်လို့ နန်းဟျိုးဆိုင်က ပြောပါတယ်။

ဥပဒေအရ စိန်ခေါ်မှုတွေနဲ့အတူ အခက်အခဲတွေလည်း ရှိကြပါတယ်။

နိုင်ငံခြားသားဆရာတွေအနေနဲ့ ကာလိမြို့ကို သွားလာခွင့်ရှိပေမဲ့ ညအိပ်ခွင့်မရှိတာကြောင့် ကျောင်းမှာ စာလာသင်ဖို့ ဆိုတဲ့ကိစ္စတွေမှာ ညအိပ်ညနေသင်ဖို့ အတော်လေး ကသီလင်သ ဖြစ်မှုတွေလည်း ရှိနေတာပါ။

ဒါ့အပြင် ဒီလိုဒေသတွေမှာ နည်းပါးတဲ့ လစာတွေနဲ့ ဆရာ ဆရာမတွေ ရေရှည်လုပ်နိုင်မလုပ်နိုင်ဆိုတဲ့ ကိစ္စတွေအပြင် ၊ ထောက်ပံ့ပေးနေတဲ့ အဖွဲ့အစည်းတွေကလည်း ရေရှည်ပေးနိုင်မလား ဆိုတဲ့ စိန်ခေါ်မှုတွေလည်း ရှိနေတယ်လို့ ကောတိုင်း ရှမ်းကွန်မြူနတီကောလိပ်က နန်းဟျိုးဆိုင် က ပြောပါတယ်။

ရှမ်းပြည်နယ်က လွှတ်တော်အမတ်တယောက်ဖြစ်တဲ့ စိုင်းသီဟကျော်ကတော့ ရှမ်းပြည်မှာ ပထမဦးဆုံးပေါ်ပေါက်လာတဲ့ ကွန်မြူနတီကောလိပ်ကြောင့် လူငယ်တွေအတွက် အခွင့်အရေးတွေရစေတာမှန်ပေမဲ့ တချိန်တည်းမှာလည်း ဒီကောလိပ်တွေဟာ အခုမှ ဖွင့်စဖြစ်တဲ့အပြင် နိုင်ငံတကာ တက္ကသိုလ်တွေ ချိတ်ဆက်အသိအမှတ်ပြုမှုနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေအတွက် ဘယ်လောက် လမ်းဖွင့်ပေးနိုင်မလဲဆိုတဲ့ ကိစ္စတွေက အကောင်းအဆိုး ရောပြွန်းပြီး စိန်ခေါ်မှုတွေအဖြစ် ရှိနေတာတွေ့ရတယ်လို့ ဘီဘီစီကို ပြောပါတယ်။

ဒါပေမဲ့လည်း နှစ်ပေါင်းများစွာ ပျက်စီးနေတဲ့ ပညာရေးစနစ်နဲ့ ကျင့်သားရနေခဲ့တဲ့ ရှမ်းပြည်အတွက်ကတော့ အစိုးရလုပ်နေတာကိုပဲ စောင့်မနေဘဲ ဒီလို ပုဂ္ဂလိကတွေဘက်က တတ်နိုင်သမျှ ကိုယ့်အမျိုးသားရေး ရပ်ရွာအတွက် အကျိုးပြုစေမဲ့ လူ့စွမ်းအား အရင်းအမြစ်ဆိုင်ရာ ပြုစုပျိုးထောင်မှုတွေကိုတော့ ဆက်လုပ်ကြရမှာဖြစ်သလို လုပ်ဆောင်မှုတွေကိုလည်း ကြိုဆိုရမှာဖြစ်တယ်လို့လည်း စိုင်းသီဟကျော်က ပြောပါတယ်။

အမျိုးသားကျောင်း, စစ်ဘေးရှောင် မိဘမဲ့ ကလေး

ဓာတ်ပုံ ရင်းမြစ်, Sai Tun Aung Lwin/BBC

ဓာတ်ပုံ ပုံစာ, အမျိုးသားကျောင်းမှာ ပညာသင်ကြားနေတဲ့ ကလေးတွေထဲမှာ စစ်ဘေးရှောင်နဲ့ မိဘမဲ့ ကလေးတွေလည်း အများစုပါဝင်

မကြာသေးခင်ကပဲ အပစ်ရပ် အာစီအက်စ်အက်စ်နဲ့ ဆက်စပ်တဲ့ ရှမ်းပြည်တောင်ပိုင်းက အမျိုးသားကျောင်းတွေကို အာဏာပိုင်တွေဘက်က တင်းကြပ်မှုတွေ လုပ်ခဲ့တာတွေလည်း ရှိခဲ့တာပါ။

ပြည်သူ့စစ်နယ်မြေမှာရှိတဲ့ ရှမ်းအမျိုးသားကျောင်းနဲ့ ကောလိပ်ကို တပ်က အရာရှိတချို့ လာကြည့်တာ ရှိပေမဲ့ တစုံတရာ အနှောင့်အယှက် ပေးတာတော့ မရှိဘဲ ရှမ်းအမျိုးသားကျောင်းကို ဆန်တွေလာလှူသွားခဲ့တယ်လို့လည်း ဆိုကြပါတယ်။

တိုင်းရင်းသားတွေလည်း အခွင့်အရေးပေးရင် လုပ်ရမယ်ဆိုတာ သိကြတယ်။ ဒါကြောင့် ကေအိုင်အိုဆိုရင်လည်း သူ့နယ်မြေ မိုင်ဂျာယန်မှာ ကျောင်းတွေဖွင့်ထားတယ် ဒါပေမဲ့ ဒီလိုနေရာမှာ ကောလိပ်တွေ ပေါ်လာမလားဆိုတာကတော့ ကျွန်တော်လည်း အဲဒီနယ်မြေကို ဖြတ်သန်းသွားခဲ့တဲ့ လက်နက်ကိုင် လှုပ်ရှားစဉ်ကာလတုန်းက ကြိုမတွေးထားခဲ့မိဘူးလို့ တချိန်က အရှေ့မြောက်ဒေသမှာ သွားရောက်လှုပ်ရှားခဲ့ဖူးတဲ့ ဦးဂါမဏိက ပြောပါတယ်။

အပစ်ရပ်ကာလအတွင်း ဖွံ့ဖြိုးရေးတနိုင်တပိုင်လုပ်ခဲ့တဲ့ တပ်မဟာ ၇ အသွင်ပြောင်းပြည်သူ့စစ်အတွက်လည်း ပညာရေးကုန်ကျစားရိတ်က မနည်းလှပါဘူး။ ရှမ်းမြောက် ၊ ရှမ်းပြည်တောင်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေမှာ ရှိတဲ့ သူတို့နယ်မြေတွေက အမျိုးသားကျောင်း ၄ ကျောင်း အပါဝင် အစိုးရကျောင်းတွေအတွက်ပါ အထောက်အပံ့ပေးရတာကြောင့် ဖြစ်ပါတယ်။

ကျောင်းပရဝဏ်တွေထဲမှာ လည့်လှည်ကြည့်ရှူရင်း ၃ နာရီလောက်အကြာမှာတော့ ကျောင်းဆင်းခေါင်းလောင်းထိုးသံကြားလို့ လာလမ်းအတိုင်း လှည့်ပြန်ဖို့ ပြင်ဆင်လိုက်ပါတယ်။ ကောလိပ်ကျောင်းပင်မ အဆောက်အုံနဲ့ မျက်နှာချင်းဆိုင် စာသင်ဆောင်မှာတော့ ပညာရေးဖြင့်သာ သင့်ရဲ့ တိုင်းပြည်ကို ကာကွယ်နိုင်မယ် ဆိုတဲ့ ကျောင်းရဲ့ ဆောင်ပုဒ်ကို သစ်သားဆိုင်းဘုတ်မှာ ရေးသားထားတာ တွေ့လိုက်ရပါတယ်။

ပညာရေးသည်သာ သင့်တိုင်းပြည်အတွက် ကာကွယ်ရာ

ဓာတ်ပုံ ရင်းမြစ်, Sai Tun Aung Lwin/BBC

ဓာတ်ပုံ ပုံစာ, ပညာရေးသည်သာ သင့်တိုင်းပြည်အတွက် ကာကွယ်ရာ
ကောတိုင်း ရှမ်းကွန်မြူနတီကောလိပ်

ဓာတ်ပုံ ရင်းမြစ်, Sai Tun Aung Lwin/BBC

ဓာတ်ပုံ ပုံစာ, ကောတိုင်း ရှမ်းကွန်မြူနတီကောလိပ်ဆိုင်းဘုတ်