အပစ်ရပ်အဖွဲ့နဲ့ ဆက်သွယ်တဲ့ အရပ်သားတွေ ထောင်နှစ်ရှည်ကျ

ဓာတ်ပုံ ရင်းမြစ်, THAI FREEDOM
အပစ်ရပ်အဖွဲ့နဲ့ဆက်သွယ်တဲ့ အရပ်သားတွေ ထောင်နှစ်ရှည်ကျ
အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ RCSS/SSA နဲ့ ဆက်သွယ်လို့ ဆိုပြီး ရှမ်းပြည် တောင်ပိုင်း ဟိုပုံး ဒေသခံ ၈ ဦးကို ဟိုပုံးတရားရုံးက ထောင်ဒဏ် ၁ နှစ်ကနေ ၁၀ နှစ်အထိ ပြစ်ဒဏ် အသီးသီး ချမှတ်လိုက်ပါတယ်။
ဟိုပုံးမြို့နယ် မိုင်းပျဉ်း ကျေးရွာအုပ်စု မက်မိုင်း ၊ဟုပ်လော ၊ ခိုတောင်း၊ နမ့်ခုတ်နဲ့ ကွန်ကောင်း ကျေးရွာတို့က ရွာသားတွေကို တူမီးသေနတ်တွေ ကိုင်ဆောင်မှု၊ လိုင်စင်မဲ့ကားတွေ တွေ့ရှိမှုနဲ့ စစ်ဆင်ရေး နယ်မြေ အတွင်း သွားလာမှု တို့အတွက် ရှမ်း လက်နက်မှုဆိုင်ရာ ဥပဒေ ပုဒ်မ အပါအဝင် တခြားအမှု တွေနဲ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ထောင်ဒဏ် ချမှတ် ခဲ့တာလို့ သူတို့ ရှေ့နေ စဝ်မြဝတီက ပြောပါတယ်။
RCSS/SSA ဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ဖြစ်ပြီး တရားမဝင် အသင်းအဖွဲ့ အဖြစ်ကနေ ပယ်ဖျက်ခံထား ရပြီး ဖြစ်ပါတယ်။
ရွာသား တွေဟာ လွန်ခဲ့တဲ့ ၂၀၁၇ ခုနစ် ဇူလိုင်လအတွင်းက သူတို့ ကျေးရွာတွေနဲ့ မနီးမဝေးမှာ တပ်မတော် နဲ့ RCSS/SSA တို့ တိုက်ပွဲ ဖြစ်ခဲ့ ပြီးနောက် ဖမ်းဆီးခံခဲ့ရတာပါ။
အဲဒီ တိုက်ပွဲတွေ အတွင်း တပ်မတော် ဘက်က အကျအဆုံး တချို့ရှိခဲ့ပါတယ်။
တိုက်ပွဲမှာ RCSS/SSA က သေနတ် ၇ လက်ရခဲ့ပြီး တပ်မတော် တပ်ရင်းတွေ ဘက်က ပြန်တောင်းခဲ့ ရာမှာ တရားဝင် ပြန်တောင်းဖို့ RCSS/SSA က အကြောင်းပြန်ခဲ့ ပါတယ်။
အဲဒီနောက်ပိုင်းမှာ အနီးအနား ရွာတွေက ရွာသား ၁၈ ဦး လောက်ကို စစ်တပ်က ဖမ်းဆီးခဲ့ ပါတယ်။
နောက်ပိုင်းမှာ အဲဒီထဲက တချို့ကို ပြန်လွတ်ပေးခဲ့ပြီး ၈ ဦးကို အမှုဖွင့်ခဲ့တာလို့ ရွာသားတွေရဲ့ ရှေ့နေ က ဘီဘီစီကို ပြောပါတယ်။
ရှမ်းလက်နက်မှုဆိုတာ တစ်နိုင်ငံလုံးနဲ့ အကျုံးဝင်တဲ့ ဥပဒေ မဟုတ်ပဲ ရှမ်းပြည်နဲ့ သီးသန့် သက်ဆိုင်တဲ့ ၁၉၂၄ ခုနစ် ရှမ်းလက်နက်မှု ဥပဒေဖြစ်ပြီး အဲဒီ ဥပဒေအရ ထောင်ဒဏ် ၇ နှစ်လောက် အထိ ချမှတ်ခံရနိုင်ပါတယ်။
RCSS/SSA အဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းဦး ကတော့ သူတို့က အရပ်သားတွေသာ ဖြစ်တယ်၊ အပြစ်မရှိဘဲ အပြစ်ပေးသလို ဖြစ်နေပြီး ဘာမှ မဆိုင်သူတွေ အတွက် နစ်နာတယ်လို့ ပြောပါတယ်။








