စစ်နဲ့ ငြိမ်းချမ်းရေး၊ တိုးတက်ဆုတ်ယုတ်မှုများ

၂၀၁၇ ခုနှစ် လောက်ကိုင်တိုက်ပွဲ ကြောင့် လားရှိုးဆီ ထွက်ပြေးလာတဲ့ ဒုက္ခသည်များ
ဓာတ်ပုံ ပုံစာ, ၂၀၁၇ ခုနှစ် လောက်ကိုင်တိုက်ပွဲ ကြောင့် လားရှိုးဆီ ထွက်ပြေးလာတဲ့ ဒုက္ခသည်များ
    • ရေးသားသူ, ကိုသိမ်းမြတ်
    • ရာထူးတာဝန်, ဘီဘီစီ မြန်မာပိုင်း

ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေဟာ သမ္မတဦးသိန်းစိန်လက်ထက်မှာ အဖွဲ့ ၈ ဖွဲ့လက်မှတ် ရေးထိုးမှုနဲ့ တခန်းရပ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ လက်ကို လွှဲပြောင်းခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အရပ်သားအစိုးရလက်ထက်မှာ ၂၁ ရာစုပင်လုံညီလာခံ ပထမအကျော့နဲ့ ဒုတိယအကျော့ နှစ်ကြိမ်ကျင်းပပြီးစီးခဲ့ပေမယ့် သိသာတဲ့ နောက်ထပ်တိုးတက်မှု မရခဲ့ပါဘူး။

ပင်လုံတတိယအကြို ဆုတ်ယုတ်မှုတချို့

၂၀၁၈ ခုဇန်နဝါရီလ ၅ ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ဗဟိုဌာနချုပ်မှာ ပြုလုပ်တဲ့ အရေးပေါ်အစည်းအဝေးမှာ ကရင် စစ်ဖက်ခေါင်းဆောင်တွေက NCA လမ်းကြောင်းဟာ ထိရောက်မှုမရှိတော့ဘူးလို့ ပြောလိုက်ပါတယ်။

KNLA တပ်မတော်ကို ဖျက်သိမ်းပြီး စစ်သားတွေကို အရပ်သား အဖြစ်အသွင်ပြောင်းဖို့ KNU ကပါတီထောင်ပြီး ရွေးကောက်ပွဲဝင်ဖို့အတွက် မြန်မာ့တပ်မတော်ခေါင်းဆောင်တွေက ဖိအားပေးတာကို လက်မခံနိုင်လို့ ၂၁ ရာစုပင်လုံညီလာခံကို ဆိုင်းငံ့ထားဖို့လည်း တောင်းဆိုလိုက်ပါတယ်။ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားတဲ့ ကရင် အမျိုးသားအစည်းအရုံး KNU အဖွဲ့ရဲ့ လက်နက်ကိုင်အင်အားစုဘက်က အဲသလို အသံထွက်ပေါ်လာတာဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ကြီးမားတဲ့ထိုးနှက်ချက်တခုဖြစ်ပါတယ်။

ဒီဇင်ဘာလကုန်ပိုင်းတုန်းက မြန်မာ့တပ်မတော်ယာဉ်တန်းနဲ့ ပဋိပက္ခဖြစ်ခဲ့တဲ့ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ KNPP ရဲ့ ရဲဘော်လေးဦးကို ပြန်လွှတ်ပေးဖို့ တောင်းဆိုရာမှာ မြန်မာ့တပ်မတော်က ရဲဘော်လေးဦးရဲ့ အရိုးတွေကိုသာ ပုလင်းလေးလုံးနဲ့ထည့်ပြီး ပြန်ပေးလိုက်ပါတယ်။ ဒီဖြစ်စဉ်ဟာလည်း အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးဖို့ကြိုးစားနေတဲ့ KNPP နဲ့ ဆက်ဆံရေးမှာ အဖုအထစ်တခုဖြစ်ပါတယ်။ KNPP ဟာညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ထဲက အင်အားကြီးတဲ့ အဖွဲ့အစည်းတခုဖြစ်ပါတယ်။

ဒီဖြစ်စဉ်နှစ်ခုဟာ ၂၁ ရာစုပင်လုံညီလာခံ တတိယအကျော့မကျင်းပမီအချိန်အတွင်း မှာ သိသိသာသာ ဆုတ်ယုတ်လာတဲ့ ဖြစ်စဉ်တွေ ဖြစ်ပါတယ်။

ရှမ်း

ဓာတ်ပုံ ရင်းမြစ်, RCSS/SSA

ဓာတ်ပုံ ပုံစာ, တနိုင်ငံလုံး အပစ်ရပ်စာချုပ် NCA မှာ လက်မှတ်ထိုးပြီးချိန်က စပြီး RCSS/SSA နဲ့ အစိုးရတပ်မတော်တို့ ၂၄ ကြိမ် တိုက်ပွဲ ဖြစ်ထား

တိုက်ပွဲဖြစ်ပွားမှုများ

NCA အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားပေမယ့် ရှမ်းပြည်တပ်မတော်တောင်ပိုင်း RCSS နဲ့ မြန်မာ့တပ်မတော်တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားကြရာမှာ လက်မှတ်ထိုးပြီးချိန်ကနေ ၂၀၁၈ ခုဇန်နဝါရီ လဆန်းအထိ စုစုပေါင်း ၂၄ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ RCSS/SSA ရဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က ဘီဘီစီကို ပြောပါတယ်။

၂၀၁၇ ခုဒီဇင်ဘာလ အတွင်းမှာ ကချင်လွတ်လပ်ရေး တပ်မတော် KIA နဲ့လည်း တနိုင်းဒေသ၊ မန်စီဒေသ၊ ဖားကန့်ဒေသတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့သလို ခရစ္စမတ်အကြိုနေ့ကလည်း လိုင်ဇာဘက်ကို မြန်မာ့တပ်မတော်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာမှာ ဒုက္ခသည်တွေကို စာသင်ပေးတဲ့ ကျောင်းဆရာမတဦးကို ကျည်ထိမှန်ခဲ့ပါတယ်။

တခြား မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင်တွေဖြစ်ကြတဲ့ တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ၊ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း SSPP/SSA ၊ ရခိုင့်တပ်မတော် AA တို့နဲ့လည်း ၂၀၁၇ ခုနှစ်အတွင်းမှာ တိုက်ပွဲတချို့ ဖြစ်ပွားခဲ့ပါတယ်။

ထိုးစစ်ဘယ်သူစသလဲ

ငြိမ်းချမ်းရေးကြိုးပမ်းနေစဉ်မှာ ထိုးစစ်စသူဟာ ငြိမ်းချမ်းရေးကို နှောင့်ယှက်ဖျက်ဆီးသူအဖြစ် အပြစ်တင်ဝေဖန်လေ့ရှိပါတယ်။

ဒါပေမယ့် ထိုးစစ်ဘယ်သူစသလဲ ဆိုတဲ့အချက်ဟာ အငြင်းအပွားရဆုံး အကြောင်းအရာ တခုဖြစ်ပါတယ်။

တခါတရံမှာ ဘယ်ဘက်က စတင်ပစ်ခတ်တယ်ဆိုတာ သေသေချာချာ မသိရပါဘူး။

တခါတရံမှာ စစ်တပ်တတပ်က တပ်အင်အားတိုးချဲ့ချထားတာ၊ နယ်မြေနေရာတိုးချဲ့ရယူလာတာကို ဒေသခံတပ်ဖွဲ့က စတင်တိုက်ခိုက်တဲ့အခါ ထိုးစစ်ကို ဘယ်သူကစတယ်ဆိုတာ အငြင်းပွားစရာဖြစ်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တွေက သူတို့နေရာသူတို့ပြည်နယ်ကို မြန်မာ့တပ်မတော်က လာရောက်ပြီး စစ်ပွဲဖြစ်ပွားတဲ့အတွက် သေနင်္ဂဗျူဟာ ထိုးစစ်ကို ဆင်နွှဲသူဟာ အစိုးရစစ်တပ်လို့ဆိုတတ်ပါတယ်။

အစိုးရစစ်တပ်ကတော့ သူတို့ဟာ ပြည်ထောင်စုစစ်တပ်ဖြစ်တဲ့အတွက် ပြည်ထောင်စုတဝန်းနေရာတိုင်းဟာ မြန်မာ့တပ်မတော်က လုံခြုံရေး တာဝန်ယူရမယ့်နေရာလို့ ယူဆပါတယ်။

၂၁ ရာစုပင်လုံ ပထမအကြိမ် ကျင်းပခဲ့စဉ်

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ၂၁ ရာစုပင်လုံ ပထမအကြိမ် ကျင်းပခဲ့စဉ်

ပင်လုံတတိယအကြို တိုးတက်မှု

မွန်ပြည်သစ်ပါတီက အပစ်အခတ်ရပ်စဲရေး စာချုပ် လက်မှတ်ရေးထိုးချင်တဲ့ ဆန္ဒရှိကြောင်း ၂၀၁၇ နှစ်ကုန်ခါနီးမှာ ကျင်းပတဲ့ အရေးပေါ်ဗဟိုကော်မတီ အစည်းအဝေး အပြီးမှာ သတင်းထွက်ပေါ်ခဲ့ပါတယ်။

မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီ နိုင်ဝင်းလှက သူတို့အဖွဲ့အပြင် UNFC ထဲက တခြားအဖွဲ့တဖွဲ့ဖွဲ့က လက်မှတ်ရေးထိုးချင်တဲ့ ဆန္ဒရှိရင် NCA အပစ်အခတ်ရပ်စဲရေးစာချုပ်ကို လက်မှတ်ရေးထိုးမယ်လို့ဆိုပါတယ်။ ဒါပေမယ့် လက်မှတ်ရေးထိုးဖို့ကို အလျင်စလို မဆုံးဖြတ်ချင်တဲ့ ဗဟိုကော်မတီဝင်တွေလည်း ရှိတယ်လို့ ဘီဘီစီက သိရပါတယ်။

မွန်ပြည်သစ်ပါတီက လက်မှတ်ရေးထိုးချင်တဲ့ ဆန္ဒရှိကြောင်း အရိပ်အမြွက်သတင်း ထွက်ပေါ်လာတာဟာ တိုးတက်မှုလက္ခဏာဖြစ်ပေမယ့် တိကျသေချာတဲ့ ဆုံးဖြတ်ချက် စကားမျိုးကို မကြားရသေးပါဘူး။

UWSA
ဓာတ်ပုံ ပုံစာ, ပန်ခမ်းဌာနချုပ်က UWSA တပ်သားတွေ

မြောက်ပိုင်းမဟာမိတ်အဖွဲ့

NCA စာချုပ် အတွက် ဆွေးနွေးခဲ့ရာမှာ ပါဝင်ခဲ့တဲ့ KIA ကချင်လွတ်လပ်ရေးတပ်မတော်ဟာ UNFC မဟာမိတ်အဖွဲ့ကနုတ်ထွက်ပြီး ဝဦးဆောင်တဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့မှာ ပူးပေါင်းပါဝင်သွားခဲ့ပါတယ်။

မြန်မာ့တပ်မတော်ဟာ လောက်ကိုင်မှာတိုက်ပွဲဖြစ်ပွားခဲ့တဲ့ ကိုးကန့်အပေါ်မှာ တင်းမာတဲ့သဘောထားမျိုးရှိပါတယ်။ ကိုးကန့်တပ်မတော်၊ ရခိုင်တပ်မတော်၊ တအာင်းပလောင်တို့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှာမဟုတ်ဘဲ လက်နက်အရင်ချရမယ်လို့ တပ်မတော်ဘက်က ဆိုပါတယ်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့ကလည်း တဖွဲ့ချင်းမဆွေးနွေးပဲ နိုင်ငံရေးတွေ့ဆုံညှိနှိုင်းရေးအဖွဲ့ (FPNCC) နဲ့သာ ဆွေးနွေးမယ်လို့ ပြောပါတယ်။ နိုင်ငံရေးတွေ့ဆုံညှိနှိုင်းရေးအဖွဲ့ (FPNCC) ကို မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်တွေ အားလုံးက ရွေးချယ်ဖွဲ့စည်းထားတာဖြစ်ပါတယ်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့မှာ UWSA ဝအဖွဲ့၊ KIA ကချင်၊ SSPP ရှမ်းပြည်တပ်မတော်မြောက်ပိုင်း၊ TNLA တအာင်း၊ AA ရခိုင့်တပ်မတော်၊ MNDAA ကိုးကန့်၊ NDAA မိုင်းလားအဖွဲ့တို့ ပါဝင်ကြပါတယ်။

လက်နက်အင်အားနဲ့ တပ်သားအင်အားများပြားတဲ့ UWSA၊ KIA၊ SSPP ၊ TNLA တို့ ပါဝင်နေတဲ့အချက်၊ KIA၊ SSPP ၊ TNLA၊ AA တို့နဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ အချက်တို့ကြောင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဟာ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ အထူးအရေးပါတဲ့ တပ်ပေါင်းစုအဖွဲ့အစည်းဖြစ်ပါတယ်။

လက်ရှိငြိမ်းချမ်းရေး အခြေအနေဟာ ၂၁ ရာစုပင်လုံညီလာခံ တတိယအကြိမ်မြောက် အစည်းအဝေးကို ဆိုင်းငံ့မလား၊ မဆိုင်းငံ့ဘူးလားဆိုတာကိုတောင် သေသေချာချာ မသိရသေးတဲ့ အခြေအနေ ဖြစ်ပါတယ်။