ပဲခူးစစ်ရေး - အေအေထိုးစစ်၊ KNU တပ်မဟာနဲ့ NUG အရွေ့

ရက္ခိုင်တပ်တော်(အေအေ)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် ဖွဲ့ဝင်တွေကို ပဲခူးတိုင်းနဲ့ ရခိုင်ပြည်နယ်မြေပုံနောက်ခံတို့နဲ့အတူ ပေါင်းစပ်ထားတဲ့ ဓာတ်ပုံ

လူသိများတဲ့ စစ်ကောင်စီရဲ့ ခြေမြန်တပ်တွေဖြစ်တဲ့ တပ်မ ၆၆ နဲ့ ၇၇ အခြေစိုက်ရာ ပဲခူးတိုင်းဟာ အခုတော့ တော်လှန်ရေးတပ်တွေရဲ့ စစ်ရေးအရှိန်မြှင့် ထိုးစစ်ဆင်မှုတွေနဲ့ ရင်ဆိုင်နေရပါပြီ။

ပဲခူးတိုင်း ရဲ့စစ်ရေးမျက်နှာကို ကြည့်ရင် အနောက်ခြမ်းကို အာရက္ခတပ်တော်(အေအေ)က ထိုးစစ်ဆင်နေပြီး အရှေ့ခြမ်းမှာ ကရင်အမျိုးသားအစည်းအရုံး(KNU) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပူးပေါင်းတပ်တွေက ဖြန့်ကြက် နေရာယူလာပါတယ်။

ပဲခူးတိုင်းမှာ မြန်မာစစ်တပ်ရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ ၇ ရုံအထိ အခြေစိုက်ထားတာဖြစ်လို့ စစ်ကောင်စီတပ်ရဲ့ အသက်သွေးကြောကို တော်လှန်ရေးတပ်တွေက ဗျူဟာမြောက် ချဉ်းကပ်လာတဲ့အနေအထားလို့ စစ်ရေးအကဲခတ်တွေက ကောက်ချက်ချပါတယ်။

ပဲခူးတိုင်းဟာ စစ်ကောင်စီအခိုင်အမာနေရာယူထားတဲ့ နေပြည်တော်၊ ရန်ကုန်၊ ဧရာဝတီ၊ မွန်တို့နဲ့ ထိစပ်နေသလို တော်လှန်ရေးတပ်တွေအားကောင်းတဲ့ ရခိုင်၊ မကွေး၊ ကရင်တို့နဲ့ပါ နယ်နိမိတ်ထိစပ်နေတာ ဖြစ်ပါတယ်။

ပဲခူးတိုင်းမှာ စစ်ရေးလှုပ်ရှားလာတဲ့ အေအေ

ပဲခူးတိုင်းဆိုင်းဘုတ်နဲ့ ဓာတ်ပုံရိုက်ကူးထားတဲ့ အေအေတပ်ဖွဲ့ဝင်တွေ - ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၇ ရက် ထုတ်ပြန်ချက်

ဓာတ်ပုံ ရင်းမြစ်, AA

ဓာတ်ပုံ ပုံစာ, ပဲခူးတိုင်း ဆိုင်းဘုတ်နဲ့ ဓာတ်ပုံရိုက်ကူးထားတဲ့ အေအေ တပ်ဖွဲ့ဝင်တွေ - ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၇ ရက် ထုတ်ပြန်ချက်

ရခိုင်ရိုးမပေါ်က ‌တောင်ကုတ်မြို့နယ် နယ်နိမိတ်အဆုံးမှာရှိတဲ့ စစ်ကောင်စီရဲ့ မိုးထိတောင်စခန်းကို ၂၀၂၅ ဇန်နဝါရီ ၂၁ ရက်မှာ အာရက္ခတပ်တော် (အေအေ) က သိမ်းပိုက်ခဲ့တာကနေ ပဲခူးတိုင်းအနောက်ခြမ်း စစ်မျက်နှာပြင် စတင်ပါတယ်။

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်နဲ့ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်တို့ဟာ ရခိုင် - ပဲခူး ဒေသ နှစ်ခုရဲ့ ဆုံချက် ဖြစ်ပါတယ်။

တောင်ကုတ်တိုက်ပွဲကာလအတွင်း ဒီလမ်းကြောင်းကတဆင့် စစ်ကောင်စီက ပဲခူးတိုင်းအတွက် တပ်ကူတွေ ပေးပို့ခဲ့ပါတယ်။

မိုးထိတောင် စခန်း ကျအပြီး အေအေဘက်က ပဲခူးဘက်ခြမ်းကို ဆက်တိုက်ထိုးစစ်ဆင်လာခဲ့ပါတယ်။ မတ်လ ပထမအပတ်မှာတော့ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ထဲက ညောင်ကျိုးရွာကို ရလုနီးနီးဖြစ်နေပြီလို့ စစ်ရေးအရင်းအမြစ်တချို့က ဘီဘီစီကို ပြောပါတယ်။

ဒါဟာ တောင်ကုတ်အပိုင် မိုးထိတောင်နဲ့ ပန်းတောင်းအပိုင် ညောင်ကျိုးရွာကြားမှာရှိတဲ့ ပုဂံကွဲရွာ၊ နတ်တောင် တာဝါတိုင်စခန်းကုန်းတို့ကို အေအေက ဆက်တိုက်သိမ်းပိုက်နိုင်ခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။

နတ်တောင်တာဝါတိုင်စခန်းကုန်းကနေဆက်သွားရင် ညောင်ကျိုး၊ ညောင်ခြေထောက် စတဲ့ရွာတွေ တည်ရှိပါတယ်။

"ညောင်ကျိုးရွာက စစ်ကောင်စီတပ်တွေကို ပိတ်ဆို့ထားနိုင်ပါပြီ။ ညောင်ခြေထောက်နဲ့ ညောင်ကျိုးကြားမှာ ပါတိုက်ပွဲဆက်ဖြစ်နေပါတယ်" လို့ အေအေစစ်ရေးအရင်းအမြစ်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

၂၀၂၄ ခုနှစ် မတ် ၂၇ ရက် တပ်မတော်နေ့ အခမ်းအနားမြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၂၄ ခုနှစ် မတ် ၂၇ ရက် တပ်မတော်နေ့ အခမ်းအနားမြင်ကွင်း
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့အပိုင် ညောင်ခြေထောက်ရွာအနီးမှာ စစ်ကောင်စီတပ်ရဲ့ အမှတ် ၆ ကာကွယ်ရေးပစ္စည်းစက်ရုံရှိပြီး သံမဏိထုတ်လုပ်တဲ့ သံရည်ကြိုစက်ရုံဖြစ်ပါတယ်။

ပဲခူးတိုင်းတစ်တိုင်းလုံးမှာ ကပစ စက်ရုံ ၇ ရုံရှိပြီး အဲဒီထဲက ၅ ရုံက ပန်းတောင်းနဲ့ မဝေးတဲ့ ဥသျှစ်ပင်မြို့ထဲမှာဖြစ်ပါတယ်။ စက်ရုံအများစုက ကပစ - ၆ ရဲ့ အနီးတဝိုက်မှာ တည်ရှိကြပါတယ်။

ဥသျှစ်ပင်မြို့ကိုကျော်ရင်တော့ ပုသိမ် - မုံရွာအဝေးပြေးလမ်းကိုရောက်မှာပါ။

"အာရက္ခတပ်တော်အနေနဲ့ ပဲခူးတိုင်းအထိ ထိုးဖောက်လာတာက ညောင်ခြေထောက်၊ ကမြိုင်ဘက်က ကပစ စက်ရုံတွေ အထိပါ စီးနင်း တိုက်ခိုက်ဖျက်ဆီးလိုတဲ့ စစ်ရေးရည်မှန်းချက်ရှိနေပါတယ်" လို့ CDM ဗိုလ်ကြီး ဇင်ယော်က သုံးသပ်ပါတယ်။

ပန်းတောင်းဟာ စစ်ကောင်စီတပ်အင်အားကောင်းတာကြောင့် စစ်ရေးအရ ခြိမ်းခြောက်မှုအားနည်းနိုင်တယ်လို့ သုံးသပ်ချက်တချို့ ရှိခဲ့ပေမဲ့ ၂၀၂၅ ခုနှစ်၊ ပထမသုံးလတာအတွင်းမှာပဲ အေအေက အရှိန်အဟုန်နဲ့ ထိုးစစ်ဆင်နေတာပဲ ဖြစ်ပါတယ်။

မြေပြင်အနေအထားအရလည်း ပန်းတောင်းမြို့နယ်ဟာ ရခိုင်ပြည်နယ် တောင်ကုတ်အပြင် မကွေးတိုင်း ကံမ၊ ဧရာဝတီတိုင်း ကြံခင်းတို့နဲ့ပါ ထိစပ်နေတာကြောင့် ဒေသအသီးသီးက တော်လှန်ရေးတပ်တွေနဲ့ ဆုံချက်ဖြစ်လာနိုင်တယ်လို့လည်း ရှုမြင်ကြတာပါ။

ပဲခူးတိုင်းထဲက စစ်ရေးနဲ့ပတ်သက်လို့ အာရက္ခတပ်တော် ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို ဘီဘီစီက ဆက်သွယ်မေးမြန်းထားပေမဲ့ ပြန်လည်ဖြေကြားတာမရှိသေးပါဘူး။

ပဲခူးမှာ KNU ဘာဆက်လုပ်မလဲ

KNU တပ်ဖွဲ့ဝင်တွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, KNU တပ်ဖွဲ့ဝင်တွေ

စစ်တောင်းမြစ်ရဲ့ အရှေ့ဘက်ဒေသတွေကို ပဲခူးတိုင်းအရှေ့ခြမ်းလို့ ခြုံငုံပြောကြပြီး အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်တပ်ဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ တပ်မဟာတွေ တည်ရှိပါတယ်။

"ပိုပြီးစစ်ရေးအရ လှုပ်ရှားနိုင်ဖို့၊ ပိုပြီးထိုးဖောက်နိုင်ဖို့အတွက် ၂၀၂၅ ခုနှစ်က အရေးကြီးတယ်ဆိုတာ ကျွန်တော်တို့ သိရှိပါတယ်" လို့ KNU ဗဟိုဌာနချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒိုကလယ်စေးက ဘီဘီစီကို ပြောပါတယ်။

ပဲခူးတိုင်းမှာ KNU ရဲ့ တောင်ငူခရိုင်(တပ်မဟာ ၂)နဲ့ ‌ညောင်လေးပင်ခရိုင်(တပ်မဟာ ၃)တို့ တည်ရှိသလို သထုံခရိုင်(တပ်မဟာ ၁) နဲ့လည်း နယ်နိမိတ် ထိစပ်နေပါတယ်။

KNU ရဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နဲ့ NUG ရဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တို့ ပူးပေါင်းထားတဲ့ "စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေး" ကို ၂၀၂၃ ခုနှစ်ကတည်းက စတင်ခဲ့ပါတယ်။

လက်ရှိအထိ စစ်ဆင်ရေးကို တဆင့်ချင်း အကောင်အထည်ဖော် လှုပ်ရှားနေဆဲပါ။

PDF ရဲ့ တောင်ပိုင်းစစ်ဒေသ၊ စစ်ဆင်ရေးနယ်မြေ ၂ ထဲမှာ ပဲခူးအပါအဝင် ရန်ကုန်၊ ဧရာဝတီ၊ နေပြည်တော်စတဲ့ဒေသတွေလည်း ပါဝင်ပါတယ်။

"၂၀၂၅ ပထမ သုံးလတာအတွင်းမှာတော့ စစ်တောင်းလွင်ပြင်ဒေသမှာ စစ်ရေးတင်းမာနေပါတယ်" လို့ စစ်ဆင်ရေးနယ်မြေ ၂ ရဲ့ စစ်ဆင်ရေးမှူး ဦးတင်ဦးက ပြောပါတယ်။

Spring Warriors Column (ဗျူဟာ -၂၅) တပ်ဖွဲ့ဝင်တွေကိုတွေ့ရစဉ်

ဓာတ်ပုံ ရင်းမြစ်, Spring Warriors Column

ဓာတ်ပုံ ပုံစာ, Spring Warriors Column (ဗျူဟာ -၂၅) တပ်ဖွဲ့ဝင်တွေကိုတွေ့ရစဉ်

ကျောက်ကြီး၊ ကျောက်တံခါးနဲ့ ဖြူးမြို့နယ်တွေအတွင်း ရန်ကုန် - မန္တလေးအမြန်လမ်းဟောင်းပေါ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ဂိတ်စခန်းတွေကို ဖေဖော်ဝါရီလထဲမှာပဲ KNLA နဲ့ PDF ပူးပေါင်းတပ်တွေက ဝင်ရောက် တိုက်ခိုက်တဲ့ဖြစ်စဉ်တွေလည်း ခပ်စိပ်စိပ်ဖြစ်ပွားလာပါတယ်။

အခု သုံးလတာအတွင်းမှာပဲ မင်းလှနဲ့ လက်ပံတန်းမြို့နယ်တို့က စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူး လေးဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်ဆိုပြီး သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၃ က ထုတ်ပြန်ထားပါတယ်။

ထန်းတပင်မြို့နယ်ဘက်မှာလည်း PDF တွေရဲ့ စစ်ရေးလှုပ်ရှားမှုတွေရှိနေပြီး စစ်ကောင်စီတပ်ဘက်ကလည်း လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေကို မတ်လ ပထမအပတ်ထဲမှာ ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။

ဒါကြောင့် စစ်တောင်းမြစ်အရှေ့ခြမ်းဟာ စစ်ရေးစောင့်ကြည့်ရမယ့်အနေအထားလို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

"အေအေ လိုမျိုး ထိုးစစ်ဖြစ်လာမလားဆိုတာကတော့ သုံးသပ်ဖို့ခက်ခဲပါတယ်" လို့ CDM ဗိုလ်ကြီး ဇင်ယော်က သူ့အမြင်ကို ပြောပါတယ်။

ဘီဘီစီ စုံစမ်းမေးမြန်းကြည့်ချက်အရတော့ ပဲခူးတိုင်းထဲကို တိုက်ခိုက်ရေးအတွေ့အကြုံရှိထားပြီဖြစ်တဲ့ PDF တပ်ဖွဲ့အချို့ ပြောင်းရွှေ့ နေရာယူထားပြီလို့ သိရပါတယ်။

တောင်ပိုင်းက PDF တွေပဲခူးထဲရောက်လာ

ရန်ကုန် - မန္တလေး လမ်းဟောင်းပေါ်က စစ်ကောင်စီတပ်တွေတိုက်ခိုက်ခဲ့တဲ့ ဗျူဟာ ၂၅ တပ်ဖွဲ့ဝင်တွေမြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Spring Warriors Column

ဓာတ်ပုံ ပုံစာ, ရန်ကုန် - မန္တလေး လမ်းဟောင်းပေါ်က စစ်ကောင်စီတပ်တွေတိုက်ခိုက်ခဲ့တဲ့ ဗျူဟာ ၂၅ တပ်ဖွဲ့ဝင်တွေမြင်ကွင်း

KNU ရဲ့ ဖာပွန်ခရိုင်(တပ်မဟာ ၅) နဲ့ ဒူးပလာယာခရိုင်(တပ်မဟာ ၆) တို့မှာ စစ်ရေးအတွေ့အကြုံရရှိထားတဲ့ PDF တပ်ရင်းတွေ ပဲခူးတိုင်းထဲကို ရွှေ့ပြောင်းနေရာယူထားပါတယ်။

စစ်ကိုင်းတိုင်းထဲက PDF တပ်တချို့ပါ ပဲခူးထဲကို ရွှေ့ပြောင်းထားတယ်လို့ စုံစမ်းသိရှိထားရတာပါ။

ဒါဟာ ပူးတွဲစစ်ရေးဖော်ဆောင်ဖို့အတွက် တပ်တွေ ရွှေ့ပြောင်းထားတာလို့ KNU ရော NUG ကပါ ဘီဘီစီကို အတည်ပြု ဖြေကြားထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၅ ရက်တုန်းက ရန်ကုန် - မန္တလေးအမြန်လမ်းဟောင်းပေါ်က စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်ခဲ့တဲ့ Spring Warriors Column (ဗျူဟာ - ၂၅) ဟာ တပ်မဟာ ၅ နယ်မြေကနေ ရွှေ့ပြောင်းလာတဲ့တပ်ဖွဲ့ ဖြစ်ပါတယ်။

စစ်ရေးဖော်မှုနဲ့ တပ်နေရာချထားမှု အချက်အလက်တွေအရ ၂၀၂၄ နှစ်လယ်ပိုင်းကစလို့ တပ်အများစုကို ပဲခူးတိုင်းဘက်ကို ရွှေ့ပြောင်းထားပြီဖြစ်ပြီး ခြေကုပ်ယူပြင်ဆင်စုဖွဲ့ထားတဲ့ အနေအထားလို့ နားလည်ရပါတယ်။

"တော်လှန်ရေးစကတည်းက ပဲခူးတိုင်းဟာ မဟာမိတ်တွေနဲ့ စနစ်တကျစစ်ဆင်ရေးတွေပူးပေါင်းဖော်ဆောင်ခဲ့တယ်။ ၂၀၂၅ အခင်းအကျင်းမှာလည်း အရေးပါတဲ့ဒေသဖြစ်လာပါလိမ့်မယ်" လို့ PDF ရဲ့ စစ်ဆင်ရေးနယ်မြေ ၂ ရဲ့ စစ်ဆင်ရေးမှူး ဦးတင်ဦးက ပြောပါတယ်။

၂၀၂၂ခုနှစ်တုန်းက PDF ရှေ့တန်းတပ်စခန်းတစ်ခုကိုရောက်ခဲ့တဲ့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း

ဓာတ်ပုံ ရင်းမြစ်, NUG

ဓာတ်ပုံ ပုံစာ, ၂၀၂၂ခုနှစ်တုန်းက PDF ရှေ့တန်းတပ်စခန်းတစ်ခုကိုရောက်ခဲ့တဲ့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း

NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း ရန်ကုန်နဲ့ ပဲခူးတိုင်းတွေမှာ နယ်မြေစိုးမိုးနိုင်ဖို့ တိုက်ပွဲတွေ ဖော်ဆောင်မယ်လို့ မြေပြင်တပ်ရင်းတပ်ဖွဲ့တွေနဲ့ တွေ့ဆုံချိန် ဖေဖော်ဝါရီလကုန်ပိုင်းမှာ ထုတ်ပြောခဲ့ပါတယ်။

ဒါကြောင့် မဟာမိတ်အသီးသီးနဲ့ ချိတ်ဆက်ပြီး ပဲခူးတိုင်းထဲမှာ စစ်ဆင်ရေးတွေတိုးမြှင့်ဖော်ဆောင်ဖို့ရှိနေတယ်လို့ ဦးတင်ဦးက ဖြေကြားပါတယ်။

ပဲခူးအနောက်ခြမ်းမှာ ထိုးစစ်ဆင်နေတဲ့ အာရက္ခတပ်တော် (အေအေ) နဲ့ရော စစ်ရေးချိတ်ဆက်ပြီး KNU လှုပ်ရှားနယ်မြေမှာ လှုပ်ရှားဖို့ရှိမလားလို့ ပြောရေးဆိုခွင့်ရှိသူ ပဒိုကလယ်စေးကို ဘီဘီစီက မေးမြန်းကြည့်ခဲ့ ပါတယ်။

"မြန်မာနိုင်ငံရဲ့တောင်ပိုင်းဒေသတစ်ခုလုံးမှာ ပူးပေါင်းစစ်ရေးဖော်ဆောင်မှု‌တွေရှိနေတယ်ဆိုတာလည်း အားလုံးအသိဖြစ်ပါတယ်"

"စစ်အာဏာရှင်ချုပ်ငြိမ်းရေးမှာ အဖွဲ့အစည်းတစ်ခုကနေ လုပ်လို့မရဘူးဆိုတာလည်း ကျွန်တော်တို့ပြောထားခဲ့ပါတယ်" လို့ ပဒိုကလယ်စေးက တုံ့ပြန်ဖြေပါတယ်။

ပဲခူးတိုင်းထဲက စစ်ကောင်စီတပ်အနေအထားကိုကြည့်ရင်လည်း တိုက်စွမ်းရည်ကောင်းတယ်လို့ ပြောစမှတ်ရှိကြတဲ့ ခြေမြန်တပ်မဌာနချုပ်တွေဖြစ် တဲ့ တပ်မ ၆၆ နဲ့ ၇၇ တို့ ရှိနေပါတယ်။

စစ်ခေါင်းဆောင်ရုရှားခရီးစဉ်မှာပါဝင်တဲ့ ပဲခူး

မတ် ၄ ရက်တုန်းက ရုရှားသမ္မတ ပူတင်နဲ့တွေ့ဆုံခဲ့တဲ့ စစ်ခေါင်းဆောင်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မတ် ၄ ရက်တုန်းက ရုရှားသမ္မတ ပူတင်နဲ့တွေ့ဆုံခဲ့တဲ့ စစ်ခေါင်းဆောင်

ထူးခြားချက်တစ်ခုက ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နဲ့ တွေ့ဆုံမယ့် စစ်ခေါင်းဆောင်ရဲ့ ရုရှားခရီးစဉ်မှာ ပဲခူးတိုင်းဝန်ကြီးချုပ်ကို ခေါ်ဆောင်သွားတာဖြစ်ပါတယ်။

တိုင်းဒေသကြီး ပြည်နယ်ဝန်ကြီးချုပ်တွေထဲကမှ ပဲခူးတိုင်း ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းတစ်ဦးတည်းသာ အတူလိုက်ပါသွားခဲ့တာဖြစ်ပါတယ်။

"အခုခရီးစဉ်မှာ ဆွေးနွေးခဲ့တဲ့ နျူကလီးယားဓာတ်အားပေးစက်ရုံကို ပဲခူးတိုင်း ဒါမှမဟုတ် နေပြည်တော်ထဲမှာရှိတဲ့ ကပစ စက်ရုံတစ်ခုခုမှာ အခြေတည်ပြီး လုပ်မယ်လို့ကြားထားပါတယ်" လို့ CDM ဗိုလ်ကြီး ဇင်ယော်က စုံစမ်းသိရှိထားရတာကို ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ရုရှားသမ္မတပူတင်တို့ဟာ မတ် ၄ ရက်တုန်းက မြန်မာနိုင်ငံမှာ အသေးစား နျူကလီးယားဓာတ်အားပေးစက်ရုံတည်ဆောက်ရေးအတွက် ပညာရပ်ဆိုင်ရာအရည်အသွေး၊ အကောက်ခွန်စတဲ့အခြေခံမူတွေပါဝင်တဲ့ နှစ်နိုင်ငံသဘောတူညီစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ဒါကြောင့် ပဲခူးတိုင်းဟာ စစ်ကောင်စီအတွက်လည်း စစ်ရေးအရ ထိန်းချုပ်ထားနိုင်ဖို့လိုအပ်တဲ့ ဒေသတစ်ခု ဖြစ်လာတယ်လို့ စစ်ရေးစောင့်ကြည့်သူတွေက အကဲခတ်နေကြတာပါ။

ပဲခူးဟာ စစ်ကောင်စီရဲ့ စစ်ဌာနချုပ် သုံးခု ခွဲဝေအုပ်ချုပ်တဲ့ ထူးခြားတဲ့ဒေသတစ်ခုလည်း ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ရဲ့ တောင်ပိုင်းတိုင်း၊ နေပြည်တော်နဲ့ အ‌ရှေ့ပိုင်းတိုင်းစတဲ့ စစ်ဌာနချုပ်သုံးခုအောက်မှာ ခွဲဝေရှိနေတာကြောင့်ဖြစ်ပြီး ဒါကပဲ အားနည်းချက်ဖြစ်စေတယ်လို့ CDM ဗိုလ်ကြီး ဇင်ယော်က သူ့အမြင်ကို ပြောပါတယ်။

"ဒီ သုံးခုဆုံတဲ့နေရာ ပဲခူးဟာ စစ်ကောင်စီရဲ့ အားနည်းချက်လို့ပဲ မြင်တယ်။ တိုင်းသုံးတိုင်း ဆရာများပြီး သားသေတယ် ဆိုတဲ့ရှု့ထောင့်နဲ့ အားနည်းချက်လို့ ကျွန်တော်ကတော့ သုံးသပ်တယ်"

တောင်ငူတပ်နယ်ရောက် စစ်ကောင်စီပဲခူးတိုင်းဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း

ဓာတ်ပုံ ရင်းမြစ်, ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ website

ဓာတ်ပုံ ပုံစာ, တောင်ငူတပ်နယ်ရောက် စစ်ကောင်စီ ပဲခူးတိုင်းဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း

စစ်တပ်အင်အားကိုကြည့်မယ်ဆိုရင် တိုက်ခိုက်ရေးအားကောင်းတဲ့ ခြေမြန်တပ်မ ၆၆ နဲ့ ၇၇ က အင်အားတွေကို နိုင်ငံတဝန်းက အခြားစစ်မျက်နှာပြင်တွေကို စေလွှတ်ထားရပါတယ်။

ပန်းတောင်းမြို့နယ်က ညောင်ကျိုးတိုက်ပွဲမှာဆိုရင် ရန်ကုန်က တပ်ကူတွေနဲ့ တိုက်ခိုက်နေရတယ်လို့ ဗိုလ်ကြီး ဇင်ယော်က ထောက်ပြပါတယ်။

ဘီဘီစီစကားပြောခွင့်ရခဲ့တဲ့ ပဲခူးတိုင်း PDF တာဝန်ရှိသူတချို့ရဲ့ အပြောအရလည်း စစ်ကောင်စီတပ်ဟာ ပြည်သူ့စစ်နဲ့ စစ်မှုထမ်းသင်တန်းဆင်းတပ်သားတွေကို အများဆုံးအသုံးပြုနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက လူဟောင်းလူသစ် ဖြန့်ခွဲနေရာချထားတဲ့ပုံစံကို သုံးနေတယ်လို့ ဆိုကြပါတယ်။ ဒီအင်အားနဲ့ပဲ စစ်တောင်း မြစ်ဝှမ်းဒေသမှာ လှည့်လည်စစ်ကြောင်းထိုးနေတာလို့ သိရပါတယ်။

"စစ်တပ်က မြို့အတွက် ခံစစ်အနေအထားအခိုင်အမာလုပ်ဆောင်နေတယ်။ လေကြောင်း၊ လက်နက်ကြီးနဲ့ ရွာတွေထဲ ပစ်ခတ်တိုက်ခိုက်တာကိုပဲ အဓိကလုပ်နေပါတယ်" လို့ PDF ရဲ့ ပဲခူးတိုင်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီဟာ အေအေနဲ့ ဖြစ်ပွားနေတဲ့ ပန်းတောင်းစစ်မျက်နှာပြင်မှာဆိုရင် Paramotor လို့ခေါ်တဲ့ စက်တပ်လေထီးတွေနဲ့ တိုက်ခိုက်သလို စစ်တောင်းမြစ်အရှေ့ခြမ်းမှာလည်း ဒရုန်းအသုံးပြုတိုက်ခိုက်တာ တွေ ပိုတိုးလုပ်လာတယ်လို့ သိရှိရပါတယ်။

စစ်ကောင်စီသတင်းမှန်ပြန်ကြားရေးအဖွဲ့ကတော့ ပဲခူးတိုင်းထဲက စစ်ရေးနဲ့ပတ်သက်လို့ တစုံတရာထုတ်ဖော် ပြောကြားတာမရှိပါဘူး။

ဒါပေမဲ့ ပဲခူးအနောက်ခြမ်းရော အရှေ့ခြမ်းမှာပါ နှစ်ဖက်စစ်ရေးတင်းမာနေပါတယ်။ လက်နက်ကြီးနဲ့ လေကြောင်းပစ်ခတ်မှုတွေကြောင့်ပါ အရပ်သားထိခိုက်သေဆုံးတာတွေ နေ့စဉ်လိုလိုရှိလာတာကိုလည်း တော်လှန်ရေးတပ်တွေရဲ့ ထုတ်ပြန်ချက်တွေအရ ထင်သာမြင်သာတွေ့နိုင်ပါတယ်။

"ပဲခူးထဲမှာ စစ်တပ်က ရည်ရွယ်ချက်ရှိရှိနဲ့ လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးပစ်တာတွေ ပိုတိုး လုပ်လာလို့ ပြည်သူတွေ သတိရှိကြဖို့လိုတယ်" လို့ PDF စစ်ဆင်ရေးနယ်မြေ ၂ ရဲ့ စစ်ဆင်ရေးမှူး ဦးတင်ဦးက တိုက်တွန်းထားပါတယ်။