ပူတင်နဲ့တွေ့မယ့် မြန်မာစစ်ခေါင်းဆောင်ရဲ့ ရုရှားခရီး ဘာထူးခြားမလဲ

ရုရှားသမ္မတဗလာဒီမာပူတင်နဲ့ ၂ ကြိမ်မြောက်အဖြစ် တွေ့ဆုံမယ့် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရဲ့ ၂၀၂၅ ခုနှစ် ရုရှားခရီးစဥ် ပေါ်ထွက်လာပါတယ်။
ရုရှားသမ္မတရုံးကတော့ နှစ်နိုင်ငံအကျိုးရှိမယ့် ရုရှား-မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအပြင် နိုင်ငံတကာကိစ္စတွေကို ဆွေးနွေးဖို့ရှိတယ်လို့ ထုတ်ပြောထားပါတယ်။
ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်တယ်ဆိုတဲ့ စွဲချက်နဲ့ အာဂျင်တီးနားတရားရုံးက ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်တယ်လို့ ကြေညာပြီးချိန်မှာ ပေါ်လာတဲ့ မြန်မာစစ်ခေါင်းဆောင် ရဲ့ ပထမဆုံး နိုင်ငံရပ်ခြားခရီးစဥ်လည်းဖြစ်ပါတယ်။
စစ်ခေါင်းဆောင်ရဲ့ ရုရှားခရီးစဥ်မှာ ရုရှားရဲ့ မြန်မာက ရင်းနှီးမြှုပ်နှံမှုအသစ်ဖြစ်တဲ့ နိုင်ငံတောင်ဘက်စွန်းက ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းအပါအဝင် စစ်လက်နက်ပစ္စည်းတွေဆက်လက်ရရှိရေး ဆွေးနွေးမယ်လို့ ရှုမြင်ထားကြပါတယ်။
ဒါပေမဲ့ ၂၀၂၅ ရုရှားခရီးစဥ်ဟာ စစ်ခေါင်းဆောင်အတွက် အများစုရဲ့ ယေဘူယျရှုမြင်ချက်တွေထက်ကျော်လွန်နေတဲ့ ခရီးစဥ်ဖြစ်ပါတယ်။
ရုရှားခရီးမှာ ဘာတွေဆွေးနွေးကြမလဲ

ဓာတ်ပုံ ရင်းမြစ်, cincds
စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်ခေါင်းဆောင်ရဲ့ ရုရှားခရီးစဉ်ဟာ ဒီတစ်ကြိမ်နဲ့ပါဆို ၄ ကြိမ်မြောက်ဖြစ်ပြီး တပ်ချုပ်စဖြစ်ကတည်းကဆိုရင် ၁၁ ကြိမ်မြောက်ခရီးစဥ်ဖြစ်ပါတယ်။
မတ်လ ၃ ရက်ကနေ ၁၀ ရက်အထိ တစ်ပတ်ကြာခရီးလို့ ရုရှားသမ္မတရုံးကထုတ်ပြန်ပါတယ်။
ရှရှားနိုင်ငံကို အကြိမ်ကြိမ်သွားရောက်ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးဟာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ တွေ့ဆုံခွင့်မရရှိခဲ့ဘဲ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၇ ရက်က ပထမဆုံးအကြိမ် သီးသန့်တွေ့ဆုံခွင့်ရခဲ့ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အဲဒီတွေ့ဆုံမှုကလည်း နိုင်ငံတော်အဆင့် ခေါင်းဆောင်ချင်းဖိတ်ကြားချက်အရမဟုတ်ဘဲ ရှရှားနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပတဲ့ အရှေ့ဖျားစီးပွားရေးဖိုရမ်ကိုတက်ရောက်ခဲ့တဲ့ စစ်ခေါင်းဆောင်ကို သမ္မတပူတင်က လက်ခံတွေ့ဆုံခဲ့တာဖြစ်ပါတယ်။
အဲဒီတွေ့ဆုံချိန်တုန်းက စစ်ခေါင်းဆောင်က ရုရှားသမ္မတရဲ့ ဦးဆောင်မှုကြောင့် ရုရှားနိုင်ငံဟာ ထိပ်ဆုံးကိုရောက်လာတာဖြစ်ပြီး ရုရှားသမ္မတဟာ ကမ္ဘာ့ထိပ်တန်းခေါင်းဆောင်တစ်ယောက်လို့ ပြောခဲ့ပါတယ်။
၂၀၂၅ ခုနှစ်မှာတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ရုရှားသမ္မတက ပထမဆုံးတရားဝင်ဖိတ်ကြားတာဖြစ်ပြီး သမ္မတပူတင်၊ ရုရှားဝန်ကြီးချုပ်၊ ရုရှားနိုင်ငံဒူးမားလွှတ်တော်ဥက္ကဋ္ဌနဲ့ အစိုးရအဖွဲ့ကိုတွေ့ဆုံမယ်လို့ စစ်တပ်က သတင်းထုတ်ပြန်ပါတယ်။
အရင်ခရီးစဥ်တွေနဲ့ ကွာခြားချက်က မြန်မာမှာ စစ်တပ်အာဏာသိမ်းထားတာ ၄ နှစ်ရှိလာပြီး နိုင်ငံရဲ့ နယ်မြေ ၂၁ ရာခိုင်နှုန်းခန့်ကိုသာ စစ်တပ်က ခိုင်ခိုင်မာမာအုပ်ချုပ်နိုင်တော့တဲ့ အချိန်လည်းဖြစ်ပါတယ်။
တိုင်းစစ်ဌာနချုပ် ၂ ခုအပါအဝင် တပ်ရင်း/တပ်ဖွဲ့တွေနဲ့ စစ်စခန်းတွေအပါအဝင် မြို့ပေါင်း ၁၀၀ ကျော်ကို စစ်တပ်လက်လွှတ်ထားရပါတယ်။ နိုင်ငံတွင်းက တော်လှန်ပုန်ကန်မှုတွေနဲ့ နိုင်ငံရေးပြဿနာကို အာဏာသိမ်းစစ်တပ်က ရွေးကောက်ပွဲနဲ့ ဖြေရှင်းဖို့ ကြိုးစားနေချိန်လည်းဖြစ်ပါတယ်။
စစ်ကောင်စီနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ် တစ်ဦးကတော့ စစ်ခေါင်းဆောင်ဟာ သူ့ရဲ့ ရုရှားခရီးမှာ သူပြင်နေတဲ့ ရွေးကောက်ပွဲအတွက် မဟာမိတ်ရုရှားရဲ့ ထောက်ခံမှုရဖို့အပြင် အမေရိကန်ကို သတင်းစကားပါးလိုတဲ့အချက်တချို့ရှိနေတယ်လို့ ပြောပါတယ်။
''စစ်တပ်ရဲ့ ရွေးကောက်ပွဲကို အမေရိကန်အနေနဲ့ မထောက်ခံရင်တောင် ကန့်ကွက်တာမရှိဖို့ ၊ ရလဒ်နဲ့ ပြုပြင်ပြောင်းလဲရေးကို စောင့်ကြည့်ပေးဖို့ သမ္မတပူတင်က တဆင့် သတင်းစကားပါးလိုတဲ့ ဆန္ဒဗိုလ်ချုပ်မှူးကြီး မှာရှိနေတယ်'' လို့ သတင်းရင်းမြစ်က ပြောပါတယ်။
ဒါပေမဲ့ ရုရှားဘက်က မြန်မာစစ်ခေါင်းဆောင်ရဲ့ သဘောထားကို ဘယ်လောက်အထိ ဘယ်လိုပုံစံဆောင်ရွက်ပေးမလဲဆိုတာကတော့ မှန်းဆရခက်တဲ့အခြေအနေဖြစ်တယ်လို့ သူကဖြည့်စွက်ပြောပါတယ်။
မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးသုံးသပ်ချက် စာအုပ်တွေရေးသားတဲ့ စာရေးဆရာမောင်ကောင်းရိပ်ကတော့ ''သာမန်အားဖြင့် ထရမ့်ကမြန်မာကို သိပ်စိတ်မဝင်စားပါဘူး။ ဒါပေမဲ့ ရုရှားကိုသိမ်းသွင်းရေး မူဝါဒအောက်မှာတော့ ထည့်သွင်းစဉ်းစားစရာရှိပါတယ်'' လို့ သူ့အမြင်ကိုပြောပါတယ်။
ဒီခရီးစဥ်မှာ နောက်ထပ်ဆွေးနွေးနိုင်မယ့် ကိစ္စတွေကတော့ မြင်သာပါတယ်။ ရုရှားအပေါ် မှီခိုနေရတဲ့ စစ်လက်နက်နဲ့ စစ်နည်းပညာတွေအပြင်၊ နှစ်နိုင်ငံကြားမှာ စီးပွားရေးနဲ့ရင်းနှီးမြှုပ်နှံမှုတွေပိုတိုးလုပ်ဖို့နဲ့ လိုအပ်နေတဲ့ နိုင်ငံရေးထောက်ခံမှုတွေရဖို့အတွက်ပဲ ဖြစ်ပါတယ်။
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီမှာ စစ်ကောင်စီနဲ့ ရုရှားတို့ကြားမှာ ထားဝယ်အထူးစီးပွားရေးဇုန်အတွင်းက ဆိပ်ကမ်း၊ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ နဲ့ ရေနံချက်စက်ရုံ ဆောက်လုပ်ရေးတွေပါဝင်တဲ့ သဘောတူစာချုပ်တချို့ ချုပ်ဆိုထားကြပါတယ်။
ရုရှားစီးပွားရေးဝန်ကြီးနဲ့ စစ်ကောင်စီရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာကံဇော်တို့ လက်မှတ်ထိုးတဲ့ ဒီသဘောတူညီချက်တွေကို ရုရှားက တရားဝင်ပုံစံနဲ့ အရိပ်အမြွက်ထုတ်ပြောပေမဲ့ မြန်မာစစ်ကောင်စီဘက်ကတော့ လုံးဝထုတ်ပြောတာ မရှိခဲ့ပါဘူး။
အဲဒီသဘောတူညီချက်တချို့ကို အကန့်အသတ်နဲ့ ထုတ်ပြန်ခဲ့တဲ့ စစ်ကောင်စီသတင်းအရ စီးပွားရေးအခြေခံအဆောက်အဦ၊ ဘဏ်လုပ်ငန်း၊ ပညာရေး၊ ဆက်သွယ်ရေး၊ နည်းပညာနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စာချုပ်စာတမ်း ၉ ခု လို့ဖော်ပြပါတယ်။
ဒါကြောင့် စစ်ခေါင်းဆောင်ရဲ့ ရုရှားခရီးစဥ်မှာ ဒီစာချုပ်တွေရဲ့ အသေးစိတ်ကို ထပ်ဆွေးနွေးလာနိုင်တယ်လို့ ရုရှား - မြန်မာဆက်ဆံရေးကို လေ့လာတဲ့ အကဲခတ်တချို့က ရှုမြင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CINCDS
စစ်ဖက်ဆက်ဆံရေးကို လေ့လာသုတေသနပြုတဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့က အမှုဆောင် ဒါရိုက်တာ ဦးသိန်းထွန်းဦးကလည်းဒီအချက်ကို အတည်ပြုပါတယ်။
"အဓိက ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ ပတ်သက်လို့ ရရှားဘက်ကလည်း စိတ်ဝင်စားတာရှိတယ်။ ဒီဘက်က လည်း G to G (အစိုးရချင်း) စာချုပ်ချုပ်ပြီးသွားပြီဆိုတဲ့ အချိန်မှာတော့ နောက်ဆက်တွဲ ဆွေးနွေးချက်ရှိနိုင်တယ်။ အဲဒါမျိုးတွေတော့ အဓိကဖြစ်မယ်လို့ ကျွန်တော်တို့သုံးသပ်ထားပါတယ်" လို့ ဦးသိန်းထွန်းဦး က မှတ်ချက်ပြုပါတယ်။
ထားဝယ်အထူးစီးပွားရေးဇုန်မှာ အရင်လုပ်ကိုင်ခွင့်ရခဲ့တဲ့ အီတာလျံ - ထိုင်းကုမ္ပဏီကို စီမံကိန်း အကောင်အထည်ဖော်မှု အားနည်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရပ်သားအစိုးရလက်ထက် ၂၀၂၀ ခုနှစ်က ဆက်လက်လုပ်ကိုင်ခွင့်ရပ်ဆိုင်းခဲ့ပါတယ်။
စစ်အာဏာသိမ်းပြီး တစ်နှစ်အကြာ ၂၀၂၂ ခုနှစ် အောက်တိုဘာမှာလုပ်ခဲ့တဲ့ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ အစည်းအဝေးမှာ ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ဒီစီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံသူအသစ် ပြန်ခေါ်ဖို့ ဆွေးနွေးခဲ့ပါတယ်။
၂၀၂၂ ခုနှစ် နိုဝင်ဘာလ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ထားဝယ်ခရီးစဥ်နောက်မှာ ဒီစီမံကိန်းပြန်စရေး အတည်ဖြစ်ခဲ့တာ တွေ့ရပါတယ်။
နှစ်နှစ်အကြာ ၂၀၂၄ ခုနှစ် မေလမှာတော့ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့အစည်းအဝေးမှာ ထားဝယ်အထူးစီးပွားရေးဇုန်ကို ရင်းနှီးမြှုပ်နှံသူအသစ်နဲ့ လက်မှတ်ရေးထိုးမယ့်အကြောင်း စစ်ကောင်စီက ထုတ်ပြောခဲ့ပါတယ်။
ဒါပေမဲ့ ဘယ်နိုင်ငံဆိုတာထည့်မပြောခဲ့ဘဲ စာချုပ်မှာ ပါဝင်သင့်ပါဝင်ထိုက်တဲ့ အချက်တွေကို နှစ်ဦးနှစ်ဖက် Win-Win Situation ဖြစ်အောင် ပြင်ဆင်ဆွေးနွေးထားဖို့ဆိုပြီး ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောခဲ့ပါတယ်။
အဲဒီနောက် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်မှာ နေပြည်တော်ကိုရောက်နေတဲ့ ရုရှား စီးပွားရေး ဖွံ့ဖြိုးတိုး တက်မှုဝန်ကြီး မာဆင်ရီရှီသနီကော့ဗ်ရဲ့ ခရီးစဥ်မှာ ဒီစီမံကိန်းလက်မှတ်ရေးထိုးမှု ဖြစ်လာခဲ့တာပါ။
အစောပိုင်း သတင်းတွေမှာတော့ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကို ရုရှားတစ်ဦးတည်းသာမက တရုတ်၊ အိန္ဒိယတို့ကလည်း မိတ်ဖက်ပါဝင်ဖွယ်ရှိပြီး ဂျပန်ကလည်း စိတ်ဝင်စားကြောင်း အိန္ဒိယသတင်းတွေက ဖော်ပြခဲ့ပါတယ်။
စစ်ခေါင်းဆောင်ရဲ့ ရုရှားခရီးစဉ်နောက်ပိုင်းမှာ ထားဝယ်အထူးစီးပွားရေးဇုန်လုပ်ငန်းတွေ အရှိန်မြှင့်လာမယ့် အလားအလာရှိတယ်လို့ ဦးသိန်းထွန်းဦးက သုံးသပ်ပါတယ်။
ကာကွယ်ရေးအပိုင်းနဲ့ တခြားကဏ္ဍတွေအတွက်ကတော့ ခရီးစဉ်အပြီး ထုတ်ပြန်ချက်တွေအပေါ်မူတည်ပြီး ကောက်ချက်ချနိုင်မယ်လို့ သူကဆိုပါတယ်။
"သေချာတာကတော့ မြန်မာနဲ့အရင်းနှီးဆုံး မဟာမိတ်နိုင်ငံဖြစ်တာကြောင့် ဒီဆက်ဆံရေးမှာ ဘယ်လိုကဏ္ဍတွေ ပူးပေါင်းမလဲ၊ တိုးချဲ့ကြမလဲ ဒါမျိုးတွေကတော့ ဆွေးနွေးကြမှာပါ။ ပိုပြီးတိုးတက်တဲ့ လုပ်ငန်းစဉ်လေးတွေ မြင်ရမယ်လို့ပဲ ကျွန်တော်တို့ သုံးသပ်ထားပါတယ်" လို့ ဦးသိန်းထွန်းဦးက ဆိုပါတယ်။
အစဉ်အလာအရ ရုရှားဟာ ပြည်ပရင်းနှီးမြုပ်နှံမှုတွေ အားကောင်းလေ့မရှိပါဘူး။ ဒါပေမဲ့ လက်ရှိမှာ မြန်မာ- ရုရှား နှစ်နိုင်ငံလုံးအတွက် ရေနံနှင့်သတ္တုပြန်လည်သန့်စင်ခြင်းလုပ်ငန်းတွေက လိုအပ်ချက်ဖြစ်နေပါတယ်။
မြန်မာအတွက် ရေနံစိမ်းတင်သွင်းသိုလှောင်နိုင်ဖို့က မဟာဗျူဟာလိုအပ်ချက်ဖြစ်သလို ရုရှားအတွက်ကလည်း ခိုင်မာတဲ့ရေနံစိမ်းဈေးကွက်သစ်တွေလိုတယ်တယ်လို့ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေး သုံးသပ်ချက်စာအုပ်တွေ ရေးသားတဲ့ စာရေးဆရာ မောင်ကောင်းရိပ်က သုံးသပ်ပါတယ်။
''ထားဝယ်ရေနက်ဆိပ်ကမ်းကို Business model (စီးပွားရေးလည်ပတ်မှုပုံစံ) အသစ်နဲ့ပြန်လည်ဆောင်ရွက်နိုင်လိမ့်မယ်။ သေးသေးကျစ်ကျစ်နဲ့ ရေနံတင်သွင်း သိုလှောင်ချက်လုပ်ဖို့ကနေစလိမ့်မယ်။ မဟာဗျူဟာပူးပေါင်းရေးဆိုတာ တရုတ်၊ ရုရှားလို နိုင်ငံကြီးတွေရဲ့ လက်တွဲမှုပုံစံပါဘဲ'' လို့ မောင်ကောင်းရိပ်က ပြောပါတယ်။
စစ်ရုံးသတင်းရင်းမြစ်တချို့ကတော့ အခုသွားမယ့် ရုရှားခရီးစဥ်အပေါ် စစ်ခေါင်းဆောင်ကမျှော်လင့်ချက်ကြီးကြီး ထားထားတယ်လို့ ဆိုပါတယ်။ ခေတ်သစ် မြန်မာ -ရုရှားလက်တွဲမှုလို့ ပုံဖော်ပြီး စစ်ဖက်နဲ့ပညာရပ်ဆိုင်ရာ လက်တွဲခဲ့မှုတွေအပြင် စီးပွားရေးအတွက် လက်တွဲမှု အစအဦးလို့လည်း မှတ်ချက်ပြုကြပါတယ်။
စစ်ကောင်စီကို လုံခြုံရေး အာမခံချက်ပေးလိုက်တဲ့ ရုရှား

ဓာတ်ပုံ ရင်းမြစ်, Reuters
ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်တယ်ဆိုတဲ့ စွဲချက်နဲ့ အာဂျင်တီးနားတရားရုံးက ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်တယ်လို့ ကြေညာပြီးချိန်မှာ ပေါ်လာတဲ့ နိုင်ငံရပ်ခြားခရီးစဥ်ဖြစ်တာကြောင့် စစ်ခေါင်းဆောင်အတွက် လုံခြုံရေးက အထူးလိုအပ်ချက်ဖြစ်ပါတယ်။
ရုရှားရဲ့ ဖိတ်ခေါ်ချက်ဟာ စစ်ခေါင်းဆောင်ကို ယုံကြည်ရတဲ့ မဟာမိတ်အဖြစ် ထပ်အသိအမှတ်ပြုပေးလိုက်တာလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ဘီဘီစီကို ပြောပါတယ်။
"ရုရှားက အလွန်အကြူး စိတ်ချရတဲ့ ပူးပေါင်းဆောင်ရွက်ရမယ့် မဟာမိတ်တစ်ယောက်အဖြစ်ပုံဖော်ပြီး အသိအမှတ်ပြု ဖိတ်ခေါ်လိုက်တာပါ။ ဒါမျိုး တရုတ်ကတောင် မလုပ်ပါဘူး" လို့ ဦးသန်းစိုးနိုင်က ပြောပါတယ်။
ဖေဖော်ဝါရီ ၁၃ ရက်ကမှ အာဂျင်တီးနားနိုင်ငံ ဗျူနိုအေးရိစ် တရားရုံးကနေ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ စစ်ခေါင်းဆောင်အတွက် အဲဒီဖြစ်စဥ်နောက်မှာ ပထမဆုံးနိုင်ငံပြင်ပကို ထွက်မယ့်ခရီးစဉ်ကို ရုရှားက ဖန်တီးပေးလာတာလို့ နားလည်ရပါတယ်။
အာဂျင်တီးနားတရားရုံးနဲ့ တရားစွဲခဲ့တဲ့ ယူကေအခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ BROUK ကတော့ စစ်ခေါင်းဆောင်ရဲ့ ဖမ်းဝရမ်းကို နိုင်ငံတကာရဲတပ်ဖွဲ့ အင်တာပို အပါအဝင် သက်ဆိုင်ရာနိုင်ငံနဲ့အဖွဲ့အစည်းတွေကို ပို့ သွားမယ်လို့ ဝရမ်းထုတ်ချိန်မှာ ပြောခဲ့ပါတယ်။
နိုင်ငံတကာရဲတပ်ဖွဲ့ရဲ့ အနီရောင်အဆင့် သတိပေးချက်ကို အဖွဲ့ဝင်နိုင်ငံ ၁၆၉ နိုင်ငံကို ဖြန့်ဝေပြီး စစ်ခေါင်းဆောင်ရောက်ရှိနေချိန်မှာ ဖမ်းဆီးခိုင်းနိုင်တယ်ဆိုပေမဲ့ နိုင်ငံတွေရဲ့ ပူးပေါင်းမှုအပေါ် မူတည်ပါတယ်။
ရုရှားက အင်တာပိုအဖွဲ့ဝင်နိုင်ငံဆိုပေမဲ့ စစ်ခေါင်းဆောင်ရဲ့ မဟာမိတ်ဖြစ်နေပါတယ်။
၂၀၁၇ ခုနှစ်က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုစွဲချက်တွေနဲ့ စစ်ခေါင်းဆောင်အပါအဝင် စစ်တပ်အရာရှိ ၂၂ ဦး ဖမ်းဝရမ်းထုတ်ခံထားရတာ ဖြစ်ပါတယ်။
ရုရှားက စစ်ခေါင်းဆောင်ကြုံရတဲ့ အခက်အခဲအများစုကို ဖြေရှင်းပေးခဲ့တာဖြစ်ပြီး သူ့ရဲ့နောက်ဆုံးအချိန် လုံခြုံစွာအနားယူမယ့် နိုင်ငံဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က သူ့အမြင်ကို ပြောပါတယ်။
"သူ့လုံခြုံရေးအတွက် အာမခံချက် ပေးလိုက်တာလို့ ကျွန်တော်ကတော့ ယူဆပါတယ်။ တရုတ် ထက်ပိုပြီးတော့ မျှော်လင့်စရာ ယုံကြည်စိတ်ချရတဲ့ သူ့ရဲ့ အရိပ်ခိုရာ နိုင်ငံဟာ ရုရှားဖြစ်ပါတယ်။"
အထီးကျန်ချင်း ပေါင်းဖက်မှု
မြန်မာနဲ့ ရုရှားဟာ သမိုင်းတလျောက် စစ်လက်နက်နဲ့ စစ်သုံးပစ္စည်း ဆက်ဆံရေးသာရှိခဲ့ရာကနေ အာဏာသိမ်းပြီးချိန်ကစလို့ ကဏ္ဍစုံမှာ ပေါင်းဖက်လာကြပါတယ်။
ရုရှားဆီကနေ မြန်မာစစ်တပ်က လေကြောင်းသုံးစစ်လက်နက်တွေနဲ့ လေတပ်သုံးယာဉ်တွေကို အဓိက ဝယ်ယူပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေမှာ ရုရှားဆီကနေ မြန်မာစစ်တပ်ဟာ တိုက်လေယာဉ်တွေ၊ သယ်ယူပို့ဆောင်ရေး လေယာဉ်တွေ၊ ဒုံးပစ်ယာဉ်တွေ၊ လေကြောင်းပစ်ဒုံးကျည်တွေနဲ့ တာဝေးပစ်ဒုံးကျည်တွေကို တောက်လျှောက်ဝယ်ယူခဲ့ပါတယ်။
အာဏာသိမ်းပြီးချိန်ကစလို့ နေပြည်တော်နဲ့ မော်စကိုကြားမှာ အပြန်အလှန် ခရီးစဥ်တွေရှိခဲ့ကြပေမဲ့ ရုရှားသမ္မတနဲ့ စစ်ကောင်စီဥက္ကဋ္ဌရဲ့ ၂၀၂၂ စက်တင်ဘာ ရုရှားမှာ သီးသန့်တွေ့ဆုံမှုအပြီးမှာတော့ ဒီနှစ်နိုင်ငံကြားဆက်ဆံရေးက ပိုနီးကပ်လာပါတယ်။
ကုလသမဂ္ဂစင်မြင့်နဲ့ ကမ္ဘာ့မျက်နှာစာမှာ ရုရှားက မြန်မာအာဏာသိမ်းစစ်ကောင်စီကို ကျောထောက်နောက်ခံပြု ကာကွယ်ပေးပါတယ်။
အာဏာသိမ်းပြီးတဲ့နောက် မြန်မာဟာ ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် အထီးကျန်နိုင်ငံဖြစ်လိမ့်မယ်လို့ သတိပေးချက်တွေကို "မိတ်ဆွေနိုင်ငံအနည်းငယ်နဲ့ ရှေ့ဆက်လျှောက်မယ်" လို့မြန်မာစစ်ခေါင်းဆောင်တွေက တုံ့ပြန်ခဲ့ပြီး ရှရှားနဲ့ တရုတ်က မြန်မာစစ်တပ်ရဲ့ မဟာမိတ်ဖြစ်ခဲ့ပါတယ်။
အာဏာသိမ်းမြန်မာစစ်တပ်ကို အဓိကထောက်ခံတဲ့ အင်အားကြီးနှစ်နိုင်ငံမှာ တရုတ်နဲ့ရုရှားဟာ ပြောင်ကျကျ ထောက်ခံအားပေးသူတွေအဖြစ် နိုင်ငံတကာက ရှုမြင်ကြပါတယ်။
၂၀၂၅ ခုနှစ် ဇန်နဝါရီလမှာပဲ ရုရှား - မြန်မာ သံတမန်ဆက်ဆံရေး ၇၅ နှစ်ပြည့်ဆိုပြီး စစ်ကောင်စီက ရုရှားကို ဆင်လိမ္မာ ၆ ကောင် လက်ဆောင်ပေးခဲ့ပါတယ်။
စီးပွားရေးပူးပေါင်းဆောင်ရွက်ချက်တွေ အဆင်ပြေဖို့အတွက် နှစ်နိုင်ငံဗီဇာကင်းလွတ်ခွင့်၊တိုက်ရိုက် လေကြောင်းပြေးဆွဲရေးတွေကိုလည်း ပြီးခဲ့တဲ့ ၂ နှစ်အတွင်း အကောင်အထည်ဖော်ခဲ့ပါတယ်။
လက်ရှိမှာ မြန်မာက ရုရှားနိုင်ငံသားတွေကို ဗီဇာကင်းလွတ်ခွင့်ပေးထားသလို ၂၀၂၃ ကတည်းက တိုက်ရိုက်လေကြောင်းပျံသန်းတာရှိတယ်လို့ ရုရှားသတင်းဌာနဖြစ်တဲ့ TASS က ၂၀၂၄ ဒီဇင်ဘာမှာ ဖော်ပြပါတယ်။ ၂၀၂၅ နှစ်စပိုင်းမှာတော့ ရုရှားက မြန်မာကို ဗီဇာကင်းလွတ်ခွင့်ပေးနိုင်ခြေရှိတယ်လို့ ရုရှားသတင်းတွေက ပြောထားပါတယ်။
''မြန်မာက အကြီးဆုံးကမ္ဘာ့စျေးကွက်ကြီးရဲ့ အလယ်မှာရှိနေလို့ ရုရှားနိုင်ငံရဲ့ နည်းပညာ၊ ရင်းနှီးမြှုပ်နှံမှုတွေကို ဆောင်ရွက်မယ်ဆိုရင် နှစ်နိုင်ငံလုံး အကျိုးရှိမယ်''လို့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့ဖူးပါတယ်။
နှစ်နိုင်ငံကြားကုန်သွယ်မှုက ၂၀၂၁ နောက်ပိုင်းမှာ အမြင့်ဆုံးဖြစ်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃၅ သန်းကျော်အထိ အမြင့်ဆုံးရှိခဲ့ပါတယ်။ ဒါက အာဏာမသိမ်းခင်ကာလတွေထက် ထက်ဝက်ခန့် တိုးလာတာဖြစ်တယ်လို့ နိုင်ငံအလိုက်ကုန်သွယ်မှုပမာဏကိုလေ့လာတဲ့ CEIC အဖွဲ့ရဲ့ မှတ်တမ်းတွေက ဖော်ပြပါတယ်။
နှစ်နိုင်ငံလုံးက နိုင်ငံတကာအရေးယူပိတ်ဆို့မှုတွေကြား ရုန်းကန်နေကြရချိန်မှာ အနောက်နိုင်ငံတွေရဲ့ မြန်မာအပေါ်မှာထားတဲ့ သဘောထားကပဲ ရုရှားနဲ့ မြန်မာ ပိုနီးသွားစေတယ်လို့ လေ့လာစောင့်ကြည်သူတွေက သုံးသပ်ကြပါတယ်။












