မြန်မာ-ရုရှား အထီးကျန်နိုင်ငံ အချင်းချင်းပေါင်းဖက်မှု

ရုရှားသမ္မတနဲ့ စစ်ကောင်စီ ဥက္ကဋ္ဌ တို့ တွေ့ဆုံမှု

ဓာတ်ပုံ ရင်းမြစ်, cincds

 မြန်မာနဲ့ ရုရှားဟာ သမိုင်းတလျောက် လက်နက် ဆက်ဆံရေးသာရှိခဲ့ရာကနေ အာဏာသိမ်းပြီးချိန်ကစလို့ ကဏ္ဍစုံမှာ ပေါင်းဖက်လာကြပါပြီ။

အာဏာသိမ်းပြီးချိန်ကစလို့ နေပြည်တော် နဲ့ မော်စကိုကြားမှာ အပြန်အလှန် ခရီးစဥ်တွေရှိခဲ့ကြပေမဲ့ ရုရှားသမ္မတနဲ့ စစ်ကောင်စီ ဥက္ကဋ္ဌ တို့ ၂၀၂၂ စက်တင်ဘာလက ရုရှားမှာ သီးသန့်တွေ့ဆုံမှုအပြီးမှာတော့ ဒီခရီးစဥ်တွေ နှစ်နိုင်ငံကြားမှာ ခပ်စိပ်စိပ်ပိုရှိလာပါတယ်။

ရှေ့လျှောက်လည်း အခုထက်နက်ရှိုင်းတဲ့ ဆက်ဆံရေးတွေ ဆက်ရှိလာမယ့် လမ်းစတွေ မြင်နေရပါတယ်။

အချိန်တိုလေးအတွင်းမှာ လျင်လျင်မြန်မြန်ပဲ တိုးတက်လာတဲ့ ရုရှား နဲ့ စစ်ကောင်စီ ဆက်ဆံရေးကို ပြန်ပြီးခြေရာကောက်ကြည့်ရအောင်ပါ။

နိုင်ငံရေး

အရင်ဆုံး နိုင်ငံရေးအရ ပတ်သက်မှုကို ကြည့်ရရင် ရုရှားကာကွယ်ရေးဝန်ကြီး Sergey Shoigu ဟာ စစ်တပ်ကအာဏာမသိမ်းခင် ၂၀၂၁ ဇန်နဝါရီ လအတွင်းမှာ နေပြည်တော်ကိုရောက်လာပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ပါတယ်။

နေပြည်တော် ရောက်လာတဲ့ ရုရှားကာကွယ်ရေးဝန်ကြီး

ဓာတ်ပုံ ရင်းမြစ်, cincds

ဓာတ်ပုံ ပုံစာ, ရုရှားကာကွယ်ရေးဝန်ကြီး စစ်တပ်ကအာဏာမသိမ်းခင် ၂၀၂၁ ဇန်နဝါရီ လအတွင်းမှာ နေပြည်တော်ကိုရောက်လာ

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်မှာတော့ စစ်ကောင်စီနဲ့ရုရှားကြားမှာ လက်နက်ကစပြီး သံတမန်ရေးအလယ် ကုန်သွယ်ရေးအဆုံး ရွှေလမ်းငွေလမ်းပေါက်ခဲ့ကြပါတယ်။

အာဏာသိမ်းပြီးခါစအချိန်က ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ္စတင်းဘာဂနာက မြန်မာဟာ ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် အထီးကျန်နိုင်ငံဖြစ်လိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။

အဲဒီသတိပေးမှုကို စစ်တပ်ရဲ့ ဒုတိယခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက "မိတ်ဆွေနိုင်ငံအနည်းငယ်နဲ့ ရှေ့ဆက်လျှောက်မယ်" လို့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

စစ်ကောင်စီကရည်ညွှန်းတဲ့ မိတ်ဆွေနိုင်ငံအနည်းငယ်မှာ ရုရှားဟာ စစ်ကောင်စီနဲ့ အလွမ်းအသင့်ဆုံးဖြစ်လာပါတယ်။

ရုရှားက ယူကရိန်းအပေါ် ကျူးကျော်မှုမှာ စစ်ကောင်စီက ရုရှားဘက်က ရပ်တည်ပြလိုက်ပြီးတဲ့နောက် နှစ်နိုင်ငံ သံတမန်ရေးဟာ ပိုခိုင်မြဲလာပါတယ်။

ရုရှားနိုင်ငံရဲ့ တတိယအမြင့်ဆုံးခေါင်းဆောင်လို့ဆိုနိုင်တဲ့ နိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗရော့ ကိုယ်တိုင် ၂၀၂၂ သြဂုတ်လထဲမှာ နေပြည်တော်ကို ရောက်လာခဲ့ပြီး စစ်ကောင်စီကို ထောက်ခံကြောင်းပြသခဲ့ပါတယ်။

အဲဒီနောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ကိုးကြိမ်မြောက် ရုရှားခရီးစဥ်ဖြစ်လာပြီး စက်တင်ဘာ ၇ ရက်မှာ ရုရှားသမ္မတ ပူတင်နဲ့ ပထမဆုံးအကြိမ် လူချင်းတွေ့ဆုံခွင့်ရခဲ့ပါတယ်။

မြန်မာဟာ ရုရှားရဲ့ အရှေ့တောင်အာရှဒေသမှာ ယုံကြည် အားထားရတဲ့ ကာလရှည်မိတ်ဖက်နိုင်ငံလို့ ပူတင်က ထုတ်ပြောပါတယ်။

''သမ္မတကြီး တာဝန်ယူသည့် ဆယ်စုနှစ်ကာလအတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံသည် အလွန် တိုးတက်သည့် ကမ္ဘာ့ထိပ်တန်းနိုင်ငံတစ်ခုအဖြစ်သို့ ရောက်ရှိလာသည်ကို မျက်ဝါး ထင်ထင် တွေ့မြင်ရပါကြောင်း၊ အဆွေတော်အနေဖြင့် ကမ္ဘာ့အရေးကိစ္စ မှန် သမျှကို သမာသမတ်ကျစွာဖြင့် ဆောင်ရွက်လျက်ရှိကြောင်း'' ဗိုလ်ချုပ်မှူးကြီးက သမ္မတပူတင်ကို အမွှန်းတင်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ရုရှားနဲ့ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုတွေကို ဆက်လက်တိုးမြှင့်မယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။

အဲဒီနောက် ရုရှားနဲ့စစ်ကောင်စီကြား လက်နက်ဆက်ဆံရေးအပြင် မဟာဗျူဟာမြောက်ဆက်ဆံရေး ဆက်တိုက်ဆိုသလို ပေါ်ပေါက်လာခဲ့ပါတယ်။

စစ်ကောင်စီအနေနဲ့ နျူကလီးယားနည်းပညာကို ရုရှားဆီကပထမဆုံးရဖို့ကိုပါ သဘောတူညီမှုရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ရရှားဆီက နျူနည်းပညာကို စစ်ကောင်စီက လျှပ်စစ်အတွက် အသုံးပြုမယ်လို့ ကြေညာထားပေမဲ့ နိုင်ငံတကာက သတိကြီးကြီးထားပြီးစောင့်ကြည့်နေပါတယ်။

ရုရှားသမ္မတနဲ့ စစ်ကောင်စီ ဥက္ကဋ္ဌ တို့ နှစ်နိုင်ငံကြားပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ကြတဲ့ ကဏ္ဍတွေကတော့

၁။သံတမန်ဆက်ဆံမှု

၂။နိုင်ငံရေး

၃။ စီးပွားရေးနဲ့ရင်းနှီးမြှုပ်နှံရေး

၄။ လူမှုရေး

၅။ ပညာရေး

၆။ ကျန်းမာရေး

၇။ ငွေကြေးနှင့် ဘဏ်လုပ်ငန်းကဏ္ဍ

၈။ သိပ္ပံနဲ့ နည်းပညာ ကဏ္ဍ

၉။ အာကာသနဲ့ ဂြိုလ်တုနည်းပညာဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး၊

၁၀။ နှစ်နိုင်ငံခရီးသွားလုပ်ငန်းများ အပြန်အလှန်တိုးတက်လာစေရေး၊

၁၁။ နျူကလီးယားစွမ်းအင်

အရေးတို့ဖြစ်ပါတယ်။

အနောက်နိုင်ငံတွေက မြန်မာအပေါ်မှာထားတဲ့ သဘောထားကြောင့်လည်း ရုရှားနဲ့မြန်မာပိုနီးသွားရတယ်လို့ သေနင်္ဂအင်စတီကျုက အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦး ကပြောပါတယ်။

ရုရှားနဲ့ မြန်မာ ဆက်ဆံရေးကိုကြည့်ရင် လက်ရှိအချိန်မှာ မြန်မာက အကူအညီတွေရနေပေမယ့် ရုရှားက ရေရှည်အတွက် ကြိုတွက်ထားပြီး မြန်မာနဲ့မဟာမိတ်တည်ဆောက်ထားတာလို့ ဦးသိန်းထွန်းဦး ကရှုမြင်ပါတယ်။

‘ရုရှားက သူ့သြဇာကိုဆက်ထိမ်းထားဖို့ အာရှတိုက်ကိုမျက်နှာပြန်မူတဲ့အခါ အရေးကြီးတဲ့အချက်အချာနေရာမှာရှိတဲ့ မြန်မာကိုရွေးတာပေါ့။’ လို့ သူကပြောပါတယ်။

စစ်ဘက်ဆက်ဆံရေး

မြန်မာ-ရုရှား အကြမ်းဖက်မှု တိုက်ဖျက်ရေးကော်မတီ အစည်းအဝေး

ဓာတ်ပုံ ရင်းမြစ်, cincds

ဓာတ်ပုံ ပုံစာ, မြန်မာ-ရုရှား အကြမ်းဖက်မှု တိုက်ဖျက်ရေးကော်မတီ အစည်းအဝေး

ရုရှားသမ္မတနဲ့ စစ်ကောင်စီ ဥက္ကဋ္ဌ တို့ သီးသန့်တွေ့ဆုံမှုအပြီးမှာတော့ အပြန်အလှန် ခရီးစဥ်တွေ နှစ်နိုင်ငံကြားမှာ ခပ်စိပ်စိပ်ပိုရှိလာပါတယ်။

၂၀၂၂ ခုနှစ် နိုဝင်ဘာလကုန်ပိုင်းက နေပြည်တော်ကို ရောက်လာတဲ့ ရုရှားစစ်တပ် ကိုယ်စားလှယ်အဖွဲ့ကို ရုရှားစစ်ရုံးချုပ်အကြီးအကဲ ကင်မ် အလက်ဇီ ရော့စတီဆလက်ဗိုဗစ်က ဦးဆောင်ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်။

မြန်မာ-ရုရှား အကြမ်းဖက်မှု တိုက်ဖျက်ရေးကော်မတီ အစည်းအဝေးကိုလည်း ပထမဆုံးအကြိမ် ပြုလုပ်ခဲ့ကြပါတယ်။

စစ်လက်နက်ဝယ်ယူမှုအပိုင်းမှာလည်း ရုရှားထုတ်တွေထဲက စတုတ္ထမျိုးဆက်လွန် အကြီးစားတိုက်လေယာဥ်ဖြစ်တဲ့ SU-30 လေယာဥ်တွေကို ရောင်းပေးခဲ့ပြီး ဒီဇင်ဘာ ၁၅ ရက်မှာ စစ်ကောင်စီက တရားဝင်ထုတ်ပြခဲ့ပါတယ်။

စစ်ကောင်စီ ရရှိထားတဲ့ SU-30 လေယာဥ်တွေ

ဓာတ်ပုံ ရင်းမြစ်, cincds

ဓာတ်ပုံ ပုံစာ, SU-30 လေယာဥ်တွေကို ၂၀၂၂ ဒီဇင်ဘာ ၁၅ ရက်မှာ စစ်ကောင်စီက တရားဝင်ထုတ်ပြ

အရေအတွက်ကို စစ်ကောင်စီဘက်က ထုတ်မပြောပေမဲ့ SU-30 တိုက်လေယာဥ် ၆ စီး မြန်မာနိုင်ငံကို ရောက်နေပြီလို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။

တရားဝင်ထုတ်ပြခဲ့တဲ့ လေယာဥ်တွေထဲမှာ ရေငုပ်သင်္ဘောတိုက်ဖျက်ရေး ရဟတ်ယာဉ် အမျိုးအစားဖြစ်တဲ့ ရုရှားထုတ် KA 28 လည်း ပါဝင်ခဲ့ပါတယ်။

ရုရှားဟာ လေယာဥ်တွေကိုရောင်းချပေးရုံသာမက မြန်မာလေတပ်က အရာရှိတွေကို လေယာဥ်တွေ ကျွမ်းကျွမ်းကျင်ကျင် မောင်းတတ်ဖို့ပါ သင်ကြားပေးခဲ့တာပါ။

ရုရှားကို ပညာတော်သင်တွေ ဆက်လက်စေလွှတ်မယ်လို့ ရုရှားစစ်ရုံးချုပ်အကြီးအကဲနဲ့ တွေ့ဆုံစဥ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောခဲ့ပါတယ်။

ဒါ့အပြင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလထဲမှာလုပ်ခဲ့တဲ့ ရေတပ် တပ်တော်ဝင် အခမ်းအနားကို ရုရုားရေတပ်က ဒုတိယစစ်ဦးစီးချုပ်လည်း တက်ရောက်ခဲ့ပါတယ်။

အဲဒီ အခမ်းအနားမှာ ပြည်ပက နည်းပညာလွှဲပြောင်းပြီး ရေတပ်သင်္ဘောကျင်းဌာနချုပ်က တည်ဆောက်တဲ့ Super Dvora အမြန်သွားကင်းလှည့်ရေယာဉ် ၂ စီး နဲ့ တပ်ဖွဲ့တင်ကမ်းထိုးရေယာဉ် ၂ စီးလည်း ထုတ်ပြခဲ့တာ တွေ့ရပါတယ်။

ရေတပ်က အရာရှိနဲ့ စစ်သည်တွေကို ရုရှား၊ တရုတ်နဲ့ အိန္ဒိယ က လေ့ကျင့်ပေးနေတယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောပါတယ်။

ရုရှား စစ်ဘက် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး ဌာန (FSVTS) ရဲ့ ထုတ်ပြန်ချက်အရ မြန်မာစစ်တပ်က ရုရှားဆီကနေ Pantsir ပန်ဆီယာ တာတိုပစ် လေကြောင်းရန်ကာကွယ်ရေးစနစ် ၂ စုံ ရယူဖို့ စာချုပ်ထားပါတယ်။

ဒီ Pantsir C1 အပြင် ရေဒါစက်တွေ၊ Orlan-10E လို့ခေါ်တဲ့ ထောက်လှမ်းရေးဒရုန်း တွေကိုပါ ရောင်းချဖို့ သဘောတူညီခဲ့ကြတယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံကို နှစ်ရှည်လများ လက်နက်အများဆုံး တင်သွင်းခဲ့တဲ့ နိုင်ငံဖြစ်ခဲ့ပေမဲ့ ဒီနှုန်းအတိုင်း ဆက်သွားရင် မကြာခင်မှာပဲ အဲဒီနေရာကို ရုရှားက ကျော်တက်သွားတေ့ာမယ်လို့ စစ်ရေးအကဲခတ်တွေက သုံးသပ်ပါတယ်။

ရုရှား ကာကွယ်ရေးဝန်ကြီး Sergey Shoigu နဲ့ ဒုဝန်ကြီး Alexander Fomin ကို နိုင်ငံတော် ဘွဲ့တံဆိပ်တွေ ချီးမြှင့်ခဲ့တာကလည်း ရုရှား-မြန်မာ တပ်မတော်ချင်း ရင်းနှီးမှုကို ပိုမိုမြင်သာစေပါတယ်။

အဏုမြူ ခြေလှမ်း

Rosatom နဲ့ စစ်ကောင်စီတို့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၆ ရက်မှာ လက်မှတ်ထိုး

ဓာတ်ပုံ ရင်းမြစ်, cincds

ဓာတ်ပုံ ပုံစာ, ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်အတွင်း နျူနည်းပညာရယူရေး လက်မှတ်ရေးထိုး

မြန်မာနိုင်ငံမှာလျှပ်စစ်ဓာတ်အားထုတ်နိုင်မယ့် အဏုမြူ ဓာတ်အားပေးစက်ရုံတွေ တည်ဆောက်နိုင်ရေး သဘောတူညီချက်ကို ရုရှားနိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း Rosatom နဲ့ စစ်ကောင်စီတို့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၆ ရက်မှာ လက်မှတ်ထိုးခဲ့ပါတယ်။

မြန်မာနိုင်ငံမှာတည်ဆောက်မယ့် နျူကလီးယားစွမ်းအင်သုံးလျှပ်စစ်ဓာတ်အားပေး စက်ရုံကို Rosatom ကုမ္ပဏီက တည်ဆောက်ပေးမှာဖြစ်ပြီး အဲဒီကုမ္ပဏီဟာ ရုရှားနိုင်ငံပြင်ပမှာ အဏုမြူ ဓာတ်အားပေးစက်ရုံတွေ အများဆုံး တည်ဆောက်ထားတဲ့ ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။

လာမယ့်နှစ်တွေမှာ မြန်မာနိုင်ငံမှာ နျူကလီးယားစွမ်းအင်သုံးလျှပ်စစ်ဓာတ်အားပေး စက်ရုံကို တည်ဆောက်နိုင်မယ်လို့ စစ်ကောင်စီက ထုတ်ပြောခဲ့ပါတယ်။

အဲဒီနောက် စစ်ကောင်စီရဲ့ သိပ္ပံနဲ့ နည်းပညာဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်နဲ့ လျှပ်စစ်စွမ်းအားဝန်ကြီး ဦးသောင်းဟန်တို့ဟာ နျူကလီးယားဓာတ်ပေါင်းဖိုတွေကိုလေ့လာဖို့ ရုရှားကို သုံးလဆက်တိုက်သွား ရောက်ခဲ့ပါတယ်။

သိပ္ပံနဲ့ နည်းပညာ ဝန်ကြီးရဲ့ နိုဝင်ဘာလ ရုရှားခရီးစဉ်အတွင်းမှာ ရန်ကုန်မြို့မှာ နျူကလီးယားနည်းပညာအချက်အလက်စင်တာ တည်ဆောက်ဖို့ ရုရှားနဲ့မြန်မာကြား သဘောတူလက်မှတ်ရေးထိုးခဲ့ကြပါတယ်။

နျူကလီးယားဓာတ်ပေါင်းဖိုတွေကို ဘယ်နေရာမှာတည်ဆောက်လို့ရနိုင်မလဲဆိုတာကို ဖြစ်နိုင်ခြေလေ့လာဖို့ ဆိုတာကိုပါ စာချုပ်ချုပ်ခဲ့ကြပါတယ်။

ဒီဇင်ဘာလထဲမှာတော့ ရုရှားနိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း ဒုတိယညွန်ကြားရေးမှူးချုပ် Nikolay SPASSKIY ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်ကို ရောက်လာပြီး ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ တွေ့ဆုံခဲ့ကြပါတယ်။

ရုရှားကိုယ်စားလှယ်အဖွဲ့ဟာ အဏုမြူစွမ်းအင် အကောင်အထည်ဖော်ဖို့ ကိစ္စအတွက် မြန်မာနိုင်ငံမှာ ရက်အတန်ကြာနေထိုင်သွားခဲ့ပေမဲ့ နျူကလီးယားဓာတ်အားပေး စက်ရုံ တည်ဆောက်မယ့်နေရာကိုတော့ လျှို့ဝှက်ထားဆဲဖြစ်ပါတယ်။

နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုပြီး လျှပ်စစ် ဓာတ်အားပေးရေးဆောင်ရွက်မယ်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ဒါပေမဲ့ မြန်မာစစ်တပ်လက်ထဲ နျူကလီးယားစွမ်းအင်ရောက်မယ့်အရေးကို နိုင်ငံတကာက သတိကြီးကြီးထားပြီးစောင့်ကြည့်မှုတွေရှိနေတယ်လို့ အကဲခတ်တချို့ကပြောပါတယ်။

"လျှပ်စစ်အတွက်ဆိုရင်တော့ ပြဿနာမရှိဘူး။ ဒါပေမဲ့ မြန်မာစစ်တပ်လို သံတမန်ရေးအရလည်း ချောင်ပိတ်မိနေတဲ့ ခန့်မှန်းရလည်းခက်တဲ့ အစိုးရမျိုးက လျှပ်စစ်ကို ကျော်လွန်ပြီး လက်နက်အထိပြောင်းလဲဖို့ကြိုးစားလာတာမျိုးမလုပ်နိုင်ဘူးလို့ ဘယ်သူမှအာမမခံနိုင်ဘူးလေ" လို့ စင်ကာပူအမျိုးသားတက္ကသိုလ်က ကိုကြည်စင်က ပြောပါတယ်။

သေနင်္ဂအင်စတီကျုက အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦး က တော့ မြန်မာအနေနဲ့ နျူကလီးယားစွမ်းအင်ကို လက်နက်အဖြစ်ပြောင်းလဲနိုင်ဖို့ဆိုတာ အဆင့်တွေအများကြီးလိုနေသေးပြီး လက်ရှိအချိန်မှာ မဖြစ်နိုင်သေးဘူးလို့ ပြောပါတယ်။

ရင်းနှီးမြှုပ်နှံမှုနဲ့ ငွေကြေးကဏ္ဍ

(၇)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်

ဓာတ်ပုံ ရင်းမြစ်, cincds

ဓာတ်ပုံ ပုံစာ, (၇)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်

အရင်ကဆို နေပြည်တော်ကို ရုရှား စစ်ဘက်ကိုယ်စားလှယ်တွေပဲ လာရောက်လေ့ရှိတာကနေ အာဏာသိမ်းမှုနောက်ပိုင်း စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ဘဏ်လုပ်ငန်းနဲ့ နည်းပညာဆိုင်ရာ ကိစ္စတွေမှာပါ ရုရှားကိုယ်စားလှယ်တွေ တဖွဲဖွဲ ရောက်လာနေတာ တွေ့ရပါတယ်။

ဗလာဒီဗော့စတော့ခ်မြို့မှာ ကျင်းပခဲ့တဲ့ (၇) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်မှာ ရုရှားသမ္မတပူတင်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တွေ့ အပြီးမှာ ရုရှားက ရင်းနှီးမြှုပ်နှံသူတွေ နေပြည်တော်ကို ခပ်စိပ်စိပ် ရောက်လာခဲ့ကြပါတယ်။

ပူတင်ရဲ့ တိုက်ရိုက်ကွပ်ကဲမှုအောက်မှာရှိတဲ့ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့ဟာ ၂၀၂၂ နိုဝင်ဘာလထဲမှာ နေပြည်တော်ကို ရောက်လာကြပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်အပါအဝင် စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဝန်ကြီးတွေနဲ့ တွေ့ဆုံခဲ့ကြပါတယ်။

နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး၊ ခရီးသွား၊ စိုက်ပျိုးရေး၊ သတ္တု၊ စက်မှု၊ လျှပ်စစ်၊ စွမ်းအင်၊ ယဉ်ကျေးမှုနဲ့ ပညာရေးကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။

အဲဒီခရီးစဥ်အတွင်းမှာပဲ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာကိုလည်း လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ လဆန်းမှာတော့ ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး Maxim Reshetnikov ကိုယ်တိုင် နေပြည်တော်ကိုရောက်လာပြီး သူနဲ့အတူ ရုရှားလုပ်ငန်းရှင်တွေ ရာချီပြီး ပါလာခဲ့ကြပါတယ်။

စွမ်းအင်၊ သတ္တု၊ ဆေးဝါး၊ ခရီးသွား၊ စိုက်ပျိုးရေး၊ ငွေကြေးနဲ့ နည်းပညာကဏ္ဍတွေနဲ့ သက်ဆိုင်တဲ့ နားလည်မှုစာချွန်လွှာ ၇ ခုကို အဲဒီခရီးစဥ်အတွင်း လက်မှတ်ထိုးခဲ့ကြပါတယ်။

ရုရှားစီးပွားရေးဝန်ကြီးရဲ့ ခရီးစဥ်အတွင်း တတိယအကြိမ် ရုရှား-မြန်မာ အစိုးရအချင်းချင်း ကုန်သွယ်ရေးနဲ့ စီးပွားရေးပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကော်မရှင်အစည်းအဝေးကိုပါ ကျင်းပခဲ့ပါတယ်။

ဒီအစည်းအဝေးကို အစိုးရဝန်ကြီးဌာနတွေသာမကဘဲ ရုရှားကုမ္ပဏီ ၁၀၀ ကျော်နဲ့ မြန်မာကုမ္ပဏီ ၂၀၀ နီးပါး တက်ရောက်ခဲ့ကြပါတယ်။

ငွေကြေးကဏ္ဍမှာဆိုရင်လည်း ဒေါ်လာအကျပ်အတည်းနဲ့ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ ရုရှားငွေ ရူဘယ်နဲ့ ကျပ်ကို တိုက်ရိုက်လဲလှယ်နိုင်ဖို့ ကြိုးစားနေပါတယ်။

နိုင်ငံကြီးတွေဟာ ဒေါ်လာကို လက်နက်သဖွယ် အသုံးချလို့ နိုင်ငံငယ်တွေအနေနဲ့ ဒေါ်လာအနိုင်ကျင့်မှု ကို ခံနေရတယ်လို့ အရှေ့ဖျားစီးပွားရေးဖိုရမ်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထုတ်ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့ကုန်သွယ်ရေးလမ်းကြောင်းမှာ ရူဘယ်၊ ယွမ်၊ ရူပီး စတဲ့ ငွေကြေးတွေကို ဒေါ်လာအစားထိုးအဖြစ် အသုံးပြုသွားနိုင်တဲ့အပြင် တိုက်ရိုက် ကုန်စည်ဖလှယ်မှုစနစ် (Barter System) ကိုလည်း ဒေါ်လာ အစားထိုး ဆောင်ရွက်နိုင်မယ်လို့ သူကပြောပြီး အင်အားကြီး မိတ်ဆွေနိုင်ငံတွေက ဝိုင်းဝန်းကူညီပေးကြဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။

ရုရှားက မြန်မာ မတိုင်ခင်ကထဲက အနောက်အုပ်စုက စီးပွားရေး ပိတ်ဆို့ခံထားရတဲ့ နိုင်ငံတွေနဲ့ ပေါင်းဖက်နေတယ်လို့ နိုင်ငံတကာအရေးလေ့လာသူတွေက သုံးသပ်ပါတယ်။

မြန်မာနဲ့ရုရှားကြားမှာ ကုန်သွယ်မှု ကန်ဒေါ်လာ ၁ ဘီလီယံ အထိ တိုးမြှင့်မယ်လို့ သဘောတူထားကြတယ်လို့ နိုင်ငံတကာအရေးလေ့လာသုံးသပ်သူ ဦးသီဟက ပြောပါတယ်။

"ဒါပေမဲ့ နှစ်နိုင်ငံလုံးက စီးပွားရေးကျနေတာရယ်၊ နိုင်ငံရေးမတည်ငြိမ်တာရယ်ကြောင့် သူတို့မျှော်မှန်းထားသလောက် တိုးလာဖို့ မလွယ်ပါဘူး" လို့ သူကပြောပါတယ်။

အထီးကျန်ချင်း ပေါင်းဖက်မှု

ရုရှားကလည်း မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းမှုကို အပြစ်မမြင်သလို စစ်ကောင်စီကလည်း ယူကရိန်းကျူးကျော်မှုမှာ ရုရှားဘက်ကရပ်တည်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, cincds

ဓာတ်ပုံ ပုံစာ, သီးသန့်တွေ့ဆုံခဲ့ကြ

ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ စစ်အစိုးရလက်ထက်က တရုတ်ကို အဓိကမှီခိုခဲ့ရာကနေ ၂၀၂၁ အာဏာသိမ်းစစ်ကောင်စီလက်ထက်မှာတော့ ရုရှားကို သိသိသာသာ မှီခိုလာတာတွေ့ရပါတယ်။

နိုင်ငံတကာအရေးလေ့လာသုံးသပ်သူတွေကတော့ ဒါကို အထီးကျန်နိုင်ငံအချင်းချင်း ပေါင်းဖက်မှု လို့ တင်စားကြပါတယ်။

ရုရှားကလည်း မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းမှုကို အပြစ်မမြင်သလို စစ်ကောင်စီကလည်း ယူကရိန်းကိုကျူးကျော်မှုမှာ ရုရှားဘက်ကရပ်တည်ပါတယ်။

အာဏာသိမ်းပြီးလို့ နှစ်နှစ်နီးပါးအတွင်း မှာ ရုရှားနဲ့ စစ်ကောင်စီအကြား ကဏ္ဍစုံမှာ ပေါင်းဖက်မိသွားကြပြီး အရင် ဘယ်တုန်းကမှ မရှိခဲ့ဖူးတဲ့ ဆက်ဆံရေးမျိုးကို ထူထောင်ထားကြတာဖြစ်ပါတယ်။

ဒါပေမဲ့ နှစ်နိုင်ငံဆက်ဆံရေးကောင်းမှုက စာရွက်ပေါ်မှာပဲရှိနေသေးပြီး ရလဒ်အနေနဲ့ များများစားစား ပေါ်မလာသေးတဲ့အကြောင်း လေ့လာသူတွေက သုံးသပ်ပါတယ်။

နှစ်နိုင်ငံကြားမှာ တိုက်ရိုက်လေကြောင်းလိုင်းပြေးဆွဲဖို့သဘောတူထားကြပေမဲ့ ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းအထိ အကောင်အထည်မပေါ်သေးပါဘူး။

လက်ရှိမှာ နေပြည်တော်ကို ရုရှားကိုယ်စားလှယ်တွေက စင်းလုံးငှားလေယာဥ်တွေနဲ့ ရောက်လာနေကြတာဖြစ်ပါတယ်။

စက်သုံးဆီတင်သွင်းမှုအပါအဝင် ရှည်လျားလှတဲ့ ကုန်သွယ်ရေးလမ်းကြောင်းကို ဗလာဒီဗော့စတော့ခ်ဆိပ်ကမ်းကနေ စတင်နေပြီဖြစ်ပေမဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနိုင်ငံစာရင်းမှာ ရုရှားက ထိပ်ဆုံး နိုင်ငံတွေစာရင်းမှာ ပါမလာသေးပါဘူး။

နျူဓာတ်ပေါင်းဖိုတွေပေါ်ပေါက်လာဖို့ကလည်း နေ့ချင်းညချင်းဖြစ်နိုင်ဦးမှာ မဟုတ်ဘဲ နှစ်ပေါက်အောင်စောင့်ရဦးမှာပါ။

နှစ်နိုင်ငံဆက်ဆံရေးပြေလည်မှုက သံတမန်ရေးနဲ့ စားပွဲဝိုင်းတွေ့ဆုံမှုတွေပေါ်မှာပဲ ရှိသေးပြီး လက်တွေ့မှာ ဘယ်လောက်အထိ အကောင်အထည်ပေါ်လာမလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်တယ်လို့ လေ့လာသူတွေကပြောပါတယ်။