"မာနယ်ပလောမှာ စစ်ကောင်စီတပ်တွေ အဆုံးသတ်သွားပြီ"

ဓာတ်ပုံ ရင်းမြစ်, Force for Federal Democracy - FFD
ကရင်အမျိုးသားအစည်းအရုံး(KNU)ရဲ့ တချိန်က ဗဟိုဌာနချုပ်ဟောင်း၊ တပ်ပေါင်းစုတွေရဲ့ ဌာနချုပ်ဟောင်း ဖြစ်ခဲ့တဲ့ မာနယ်ပလောကို နှစ်ပေါင်း ၃၀ အတွင်းမှာပဲ KNU က ပြန်သိမ်းလိုက်ပါတယ်။
မာနယ်ပလောကို စစ်တပ်က ၁၉၉၅ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်မှာ သိမ်းသွားခဲ့တာကြောင့် KNU ဟာ အဲဒီဒေသကို လက်လွှတ်ခဲ့ရတာပါ။
မာနယ်ပလောဒေသဟာ ကရင်လက်နက်ကိုင်တော်လှန်ရေးအတွက်သာမက မြန်မာပြည် ဒီမိုကရေစီရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် တပ်ပေါင်းစုတွေ၊ စင်ပြိုင်အစိုးရတွေကို တည်ထောင်ခဲ့တဲ့ဌာနချုပ်နေရာလည်းဖြစ်ပါတယ်။
အဲဒီဒေသမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)ဌာနချုပ်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရုံး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) (NLD LA) ရုံးလည်း ရှိခဲ့ပြီး ၁၉၈၈ လူထုအရေးတော်ပုံနောက်ပိုင်း စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ လူငယ်အများအပြား ရောက်ရှိခဲ့ရာနေရာတခုပါ။
အခုတော့ ဒီနေရာကို ကရင့်လက်နက်ကိုင်တော်လှန်ရေးတပ်တွေအပြင် စစ်အာဏာသိမ်းဆန့်ကျင်ရေး တော်လှန် လူငယ်တွေပါဝင်တဲ့ပူးပေါင်းအဖွဲ့တွေက နှစ်ပေါင်းသုံးဆယ်အကြာမှာ ပြန်သိမ်းလိုက်ပြီဖြစ်ပါတယ်။
မိခင်ဌာနချုပ်နေရာဟောင်းကို အသံတိတ်ပြန်ဝင်ခဲ့ကြ

ဓာတ်ပုံ ရင်းမြစ်, Force for Federal Democracy - FFD
KNU ဌာနချုပ်ဟောင်းရှိတဲ့ မာနယ်ပလောဟာ ကရင်ပြည်နယ် တပ်မဟာ ၇ နယ်မြေ၊ လှိုင်းဘွဲ့မြို့နယ်ထဲမှာ ပါဝင်ပြီး တပ်မဟာ ၅ ထဲက ဖာပွန်မြို့နယ်နဲ့လည်း ဆက်စပ်နေပါတယ်။
"မာနယ်ပလောကိုရတယ်ဆိုတာ အဓိကက တပ်မဟာ ၇ ပဲ၊ သူက ခြေသံလုံလုံနဲ့ တပ်စခန်းကြီး ၈ ခုကို လုပ်သွားတာ တအံ့တဩဖြစ်သွားရတဲ့အထိပဲ၊ ဌာနချုပ်ဟောင်းဟာ လက်ထဲ ရောက်လာပါပြီ" လို့ တိုက်ပွဲဖော်နိုင်စွမ်းကို KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ချီးကျူးစကားပါတယ်။
"မာနယ်ပလောမှာ စစ်ကောင်စီတပ်တွေ အဆုံးသတ်သွားပြီ"လို့ KNLA နဲ့ ပူးပေါင်း တိုက်ခိုက်ခဲ့တဲ့ (Force for Federal Democracy-FFD)အဖွဲ့ကလည်း ထုတ်ပြန်ထားပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
KNU ဌာနချုပ် နေရာဟောင်း မာနယ်ပလောနယ်မြေထဲက စစ်ကောင်စီတပ်စခန်း ၈ ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA)နဲ့ ပူးပေါင်းအဖွဲ့တွေက ၂၀၂၃ ခုနှစ်ကတည်းက ချဉ်းကပ်ကြတာပါ။
၂၀၂၄ ခုနှစ်ထဲမှာတော့ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို တစ်ခုပြီး တစ်ခု သိမ်းပိုက်ခဲ့ကြပါတယ်။
မာနယ်ပလောမှာ စစ်ကောင်စီတပ်ရဲ့ အမှတ် ၉၁၃ ခြေမြန်တပ်ရင်း(ခမရ ၉၁၃) နို့ဒေး၊ ဖူးလောကုန်း၊ ကဆောဝါးလေး (ဆင်ဖြူတောင်စခန်း)၊ ဂယ်ဂေါ်ကျိုး၊ မြောက်ကုန်း စတဲ့စခန်းတွေ တပ်စွဲထားခဲ့တာပါ။
အဲဒီစခန်းတွေကို KNLA နဲ့ ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်တာတွေကြောင့် ပြီးခဲ့တဲ့ နိုဝင်ဘာလကစပြီး စစ်ကောင်စီတပ်တွေဟာ ခမရ ၉၁၃ ကို ပူးပေါင်းသွားကြပါတယ်။
ခမရ ၉၁၃ (နို့ဒေး) စခန်းကိုလည်း သိမ်းပိုက်ရရှိဖို့အတွက် စစ်ကောင်စီရဲ့ လမ်းကြောင်းတွေကို ဖြတ်တောက်ပစ်နိုင်ခဲ့သလို နေ့၊ ည မနားဘဲ ဒရုန်းတွေ၊ စနိုက်ပါတွေနဲ့ ပစ်ခတ်ခဲ့ကြပါတယ်။
"စစ်ရေးလုပ်ဆောင်ပုံက ခြွေစစ်လို့ခေါ်တဲ့ တဖြုတ်ဖြုတ်နည်းနဲ့ အသံမထွက်ဘဲ ခြွေသွားတဲ့ သဘောပဲ။ အဲလိုနည်းနဲ့ပဲ စစ်ကောင်စီရဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေကို ပိတ်ဆို့တယ်၊ အနီးကပ် ပိတ်ဆို့ပြီး ပြီးခဲ့တဲ့ မိုးတွင်းကာလမှာ ပိုပြီးတော့ ကပ်၊ ဖြတ်၊ ညှပ် ပြီး လုပ်လာခဲ့တာ"လို့ ပဒိုစောတောနီးက ပြောပါတယ်။
ဌာနချုပ်ဟောင်းနေရာကို ပြန်ရဖို့အတွက် တပ်မဟာ ၇၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်(KNDO)၊ တပ်ရင်း ၂၂၊ တပ်မဟာ ၅ ကွန်မန်ဒိုတပ်ခွဲ၊ FFD ဒရုန်းတပ်ဖွဲ့၊ မြေပြင်ချေမှုန်းရေးတပ်ဖွဲ့၊ တပ်မဟာ ၇ ဒရုန်းတပ်ဖွဲ့၊ Federal Wings Drone တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာပါ။
FFD အဖွဲ့ဟာ တပ်မဟာ ၅၊ ဖာပွန်မြို့နယ်နဲ့ တပ်မဟာ ၇ နယ်မြေတွေမှာ KNLA နဲ့ ပူးပေါင်းပြီး စစ်ရေးလှုပ်ရှားတာတွေကို အခုနှစ်ဆန်းပိုင်းကစလို့ ခပ်စိပ်စိပ်တွေ့လာရပါတယ်။
စစ်ကောင်စီတပ်စခန်းတွေကို နေ့ဘက်တွေမှာသာမက ညဘက်တွေမှာပါ ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ထားတဲ့ ရုပ်သံတွေနဲ့ ဓာတ်ပုံတွေကို ထုတ်ပြန်ပါတယ်။
မာနယ်ပလောကိုရဖို့ တစ်လခွဲကြာ အချိန်ယူခဲ့ပြီး ခမရ ၉၁၃ ကို ထိုးစစ်ဆင်တာကတော့ ၃ ရက်ကြာခဲ့တယ်လို့ FFD ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုအောင်အောင်က ပြောပါတယ်။
"FFD က ဒရုန်းတွေ အများကြီးသုံးခဲ့တယ်။ ဖာပွန်မှာကလည်း စစ်မျက်နှာရှိနေတော့ နှစ်ဘက်ကို မျှတိုက်နေရတာပေါ့။ ရန်သူ(စစ်တပ်) ကတော့ ဒရုန်းကို နှောင့်ယှက်တိုက်ခိုက်တာတွေ ရှိပါတယ်။ မာနယ်ပလောလို အထင်ကရနေရာကို ရဖို့ကလည်း ဒရုန်းတင်မကဘူး၊ မြေပြင်ချေမှုန်းရေးတွေမှာ ထိုးစစ်ဆင် ကောင်းတာ၊ ဖြတ်လတ်တာတွေကြောင့်လည်း ပါပါတယ်" လို့ ကိုအောင်အောင်က ပြောပါတယ်။
မာနယ်ပလောကိုတော့ ဒီဇင်ဘာ ၁၆ ရက်၊ ညနေ ၄ နာရီခွဲမှာ မာနယ်ပလော အခြေစိုက်ထားတဲ့ စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ၉၁၃ နဲ့ အမြောက်တပ်ခွဲ ၃၁၁ တို့ကို အပြီးသတ် အပြီးသတ် တိုက်ခိုက်ခဲ့ကြတယ်။
ဒါ့အပြင် စခန်းသိမ်းတိုက်ပွဲတွေမှာ တပ်ရင်းမှူး၊ တပ်ကြပ်ကြီးအဆင့်အပါအဝင် တပ်ဖွဲ့ဝင် ၆ ယောက်လည်း ပူးပေါင်းတပ်တွေ ဖမ်းမိပါတယ်။
"လက်နက်ဆိုရင် ၁၂၀ မမ နှစ်လက်မှာ တစ်လက်ကို ဖျက်ဆီးခဲ့ကြတယ်၊ သုံ့ပန်း မိတာလည်း မများပါဘူး။ ဘာလို့ဆိုတော့ သူတို့မှာ လူလည်း သိပ်မထားနိုင်ဘူးလေ၊ စခန်းမှာတောင် ဆယ်ဂဏန်းလောက်ပဲရှိတာ၊ သေကုန်တာ များပါတယ်" လို့ ပဒိုစောတောနီးက ပြောပါတယ်။
တပ်ပေါင်းစုတွေ အခြေချခဲ့တဲ့ မာနယ်ပလော

ဓာတ်ပုံ ရင်းမြစ်, Salween Press
ကရင်ပြည်နယ်ကို စစ်တပ်က ဖြတ်လေးဖြတ် လုပ်ဆောင်ချိန်မှာ မြစ်ဝကျွန်းပေါ်ကို ရောက်ရှိသွားတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ ပဲခူးရိုးမတောင်ကြောပေါ် ရောက်နေကြတဲ့ KNU တပ်ဖွဲ့ဝင်တွေဟာ မာနယ်ပလောဆိုတဲ့ကျေးရွာကို ၁၉၇၅ ခုနှစ်မှာ တည်ထောင်ခဲ့ပြီး ပြန်စုဖွဲ့ခဲ့ကြပါတယ်။
အဲဒီနောက် ၁၉၈၈ ခုနှစ်မှာတော့ KNU နဲ့ KIO (ကချင်လွတ်မြောက်ရေးအစည်းအရုံး)တို့က မြန်မာနိုင်ငံမှာ အာဏာရှင်စစ်တပ်ကို တော်လှန်တဲ့အထင်ကရ အဖွဲ့ကြီးတစ်ခုဖြစ်လာခဲ့ပါတယ်။
၁၉၈၈ အရေးအခင်းနောက်ပိုင်း ထောင်နဲ့ ချီတဲ့ လူငယ်တွေအပါအဝင် ဒီမိုကရေစီအင်အားစုတွေ မာနယ်ပလောအပါအဝင် ကေအန်ယူ နယ်မြေတွေထဲကို ရောက်ခဲ့ကြပါတယ်။
အဲဒီထဲမှာ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီးမှာ ဖြိုခွင်းခံရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီဝင်တွေ၊ လူ့ဘောင်သစ်ပါတီဝင်တွေအပါအဝင် ဒီမိုကရေစီလှုပ်ရှားမှုမှာ ပါဝင်တဲ့ ပါတီတွေလည်း ရောက်လာကြပါတယ်။
ကျောင်းသားလူငယ်တွေကတော့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)ကို ထူထောင်ကြပါတယ်။
အရင်တုန်းက တိုင်းရင်းသားအဖွဲ့တွေပေါင်းပြီး ထောင်ထားတဲ့ အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု(NDF)ဟာ ၁၉၈၈ ခုနှစ်မှာ ABSDF အပါအဝင် ဒီမိုကရေစီ အင်အားစု တွေနဲ့ စုပေါင်းပြီး မြန်မာနိုင်ငံ ဒီမိုကရက်တစ်မဟာမိတ် တပ်ပေါင်းစု(DAB - Democratic Alliance of Burma)ကို ထူထောင်လိုက်တာကလည်း မာနယ်ပလောမှာ ဖြစ်ပါတယ်။
မာနယ်ပလောမှာ ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌရုံး၊ စစ်ရုံးတွေအပြင် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (DPNS)၊ အမျိုးသားဒီမိုကရေစီအင်အားစု(NDF) ၊ ပြည်ထောင်စုမြန်မာနိုင်ငံ ညွန့်ပေါင်းအစိုးရ (NCGUB)၊ ရဟန်းပျိုသမဂ္ဂ (ABYMU) တွေ ရဲ့ ဌာနချုပ်နေရာပါ ဖြစ်ခဲ့တာပါ။
ဒီအခင်းအကျင်းတွေကြောင့်လည်း မာနယ် ပလောဟာ ထင်ရှားတဲ့ဒေသတစ်ခုဖြစ်ခဲ့ပါတယ်။
"မာနယ်ပလောမှာ သင်တန်းတွေ တက်ခဲ့ကြတယ်။ ၈၈၈၈ ပွဲတွေ၊ တော်လှန်ရေးနေ့ ပွဲတွေ၊ 7 July ပွဲတွေ စတဲ့ စတဲ့ပွဲတွေ လုပ်ခဲ့ကြတယ်။ အဲဒီအချိန်က ပြည်တွင်းမှာ မလုပ်နိုင်တာတွေကို မာနယ်ပလောမှာ လုပ်ခဲ့ကြတာပေါ့" လို့ ABSDF က ဦးမောင်တူးက ပြောပါတယ်။
ဒါ့အပြင် နိုင်ငံရေးသမားတွေအတွက်လည်း လေ့လာသင်ကြားရာနေရာ ဖြစ်ခဲ့ပါတယ်။
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS) ဥက္ကဋ္ဌ ဦးအောင်မိုးဇော်ကလည်း "ဘဝတလျှောက်လုံးမှာ မာနယ်ပလောလို့ နာမည်ကြားတာနဲ့တင် စိတ်လှုပ်ရှားမိတယ်၊ မာနယ်ပလောမှာ အခြေချခဲ့ချိန်မှာ နိုင်ငံရေးခေါင်းဆောင်တွေဆီကနေ သင်ကြားခဲ့ရတာတွေ၊ သွန်သင်ပေးခဲ့ကြတာတွေကြောင့် ကျွန်တော်က နိုင်ငံရေးတည်ရှိမှုတွေဖြစ်လာတယ်၊ တိုးတက်လာတယ်၊ နိုင်ငံရေး အခြေခိုင်ခဲ့တယ်လို့ ယူဆနိုင်ခဲ့တယ်" လို့လည်း မာနယ်ပလောက သူ့အတွေ့အကြုံတွေကို ပြောပြပါတယ်။
ဒီလိုတော်လှန်ရေးအဖွဲ့ပေါင်းစုံ၊ အတိုက်အခံပေါင်းစုံရှိနေတဲ့အခြေအနေကပဲ မာနယ်ပလောကို စစ်အုပ်စုက ပစ်မှတ်ထားပြီး ဖြိုခွဲခဲ့တာလို့ ပဒိုစောတောနီးက ပြောပါတယ်။
စစ်တပ်ဟာ မာနယ်ပလောကို ထိုးဖောက်ဖို့အတွက် မာနယ်ပလောအရှေ့မှာရှိတဲ့ KNU ရဲ့ ကာကင်းစခန်းကို တိုက်ဖို့ တပ်ရင်း ၈ ရင်းလောက် သုံးခဲ့ရပါတယ်။
အဲဒီတပ်ရင်းတွေက ထောင်ဂဏန်းရှိတဲ့ စစ်တပ်ဖွဲ့ဝင်တွေလည်း အကျအဆုံးများခဲ့တဲ့အတွက် ၁၉၉၀ ပြည့်နှစ်အစောပိုင်းနှစ်တွေမှာ စစ်တပ်က တဖက်သတ် အပစ်ရပ်ခဲ့တယ်လို့ ပဒိုစောတောနီးက KNU ရဲ့ ဌာနချုပ်ဟောင်း ဘယ်လောက်ထိ ခိုင်မာခဲ့တယ်ဆိုတာကို ပြန်ပြောပြပါတယ်။
''သံလွင်မြစ် ဟိုဘက်က ခွေးအိပ်တောင်ဆိုတဲ့ စခန်းကို ရသွားတော့ စစ်တပ်ဘက်က ၁၂၀ မမ နဲ့ ပစ်လို့ မီသွားတယ်။ မာနယ်ပလော ဌာနချုပ်ကို စစ်တပ်က သိမ်းဖို့ ကြိုးစားတဲ့ ၁၉၉၂ - ၉၃ ကာလ စစ်ဆင်ရေးကြီးတွေကို ကေအန်ယူ နဲ့ အေဘီအက်စ်ဒီအက်ဖ်အပြင် တခြားမဟာမိတ်တပ်တွေ လာကူတိုက်ပြီး ခုခံခဲ့ကြတယ်'' လို့ မာနယ်ပလောမှာ ရှိခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တစ်ဦးက ပြောပါတယ်။
မာနယ်ပလောကို ဖြိုခွင်းချင်တဲ့ စစ်တပ်က ၁၉၉၄ ခုနှစ်မှာ KNU ကို ဘာသာရေး ပဋိပက္ခတွေဖြစ်အောင် ဖန်တီးပေးပြီးနောက်ပိုင်း KNU တပ်ဖွဲ့ဝင်တချို့ဟာ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်(DKBA) ဆိုပြီး ခွဲထွက်သွားပါတယ်။
အဲဒီနောက် စစ်တပ်နဲ့ DKBA တို့ ပူးပေါင်းပြီး မာနယ်ပလောကို ဝင်ရောက်တိုက်ခိုက်တဲ့အတွက် KNU တို့ ဆုတ်ခွာပေးလိုက်ကြတာပါ။
"ရန်သူစစ်တပ်နဲ့ DKBA ပူးပေါင်းပြီး မာနယ်ပလောကို ချီတက်လာတယ်၊ KNU/KNLA ဘက်က ခံမပစ်ဘဲ နောက်ဆုတ်ပေးလိုက်တယ်၊ သူတို့က မာနယ်ပလောကိုရဖို့ ကျည်တစ်တောင့်တောင် မသုံးလိုက်ရ၊ မပစ်ဖောက်လိုက်ရဘဲ ရသွားတဲ့သဘောပါ" လို့ ပဒိုစောတောနီးက ပြောပါတယ်။
ခွဲထွက်သွားတဲ့ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) ကနေ ၂၀၁၂ ခုနှစ် ဧပြီမှာ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)အဖြစ် ထပ်ပြီး ပြောင်းလဲခဲ့ပါတယ်။
ဒီနှစ် ဒီဇင်ဘာ ၃ ရက်မှာ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) က ထိပ်ပိုင်းခေါင်းဆောင်တွေ အပြောင်းအလဲ လုပ်ခဲ့ကြပါတယ်။
အခု မာနယ်ပလောကို KNU/KNLA အဖွဲ့နဲ့အတူ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA) ကပါ ပူးပေါင်းတိုက်ခိုက်တဲ့အထဲ ပါဝင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ ဘီဘီစီက သီးခြား အတည်ပြုနိုင်ဖို့ ကြိုးစားနေပါတယ်။
"မာနယ်ပလော တိုက်ပွဲတွေကနေ သင်ခန်းစာရခဲ့တာတွေက ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ရန်သူက ထိုးဖောက်မရပေမဲ့ အချင်းချင်း မညီညွတ်အောင် ကုလားဖန်ထိုး၊ ကုန်းချောပြီး ညစ်ပတ်တဲ့နည်းနဲ့ လုပ်ကြံခံရရင် ကွဲပြားသွားနိုင်တယ်။ ဒီနေ့က ကရင်အဖွဲ့တွေ ဘယ်လိုပဲ မတူကွဲပြားနေပါစေ ရန်သူက ရန်ဖြစ်ခိုင်းသလို ရန်မဖြစ်တော့ဘူးဆိုတာ အခိုင်အမာ သဘောရထားပါတယ်"လို့ ပဒိုစောတောနီးက ပြောပါတယ်။
အချင်းချင်း ဘုံရန်သူကို ဘယ်လိုတိုက်ခိုက်မလဲ၊ တဆင့်ချင်းဆီ ပြန်တိုက်ယူလို့ ရနိုင်တယ်ဆိုတဲ့ သင်ခန်းစာတွေကိုလည်း မာနယ်ပလော တိုက်ပွဲတွေကနေ ရရှိခဲ့ကြတယ်လို့လည်း သူက ပြောပါတယ်။










