၅ လကြာစွန့်ခွာပြီး ခဏတာအပြန် - ကော့ကရိတ်မြို့ထဲ ဘာတွေဖြစ်နေလဲ

ကော့ကရိတ်မြို့ထဲ ပြန်ဝင်လာတဲ့ ဒေသခံတွေ

ဓာတ်ပုံ ရင်းမြစ်, သဘာဝရင်သွေးငယ်

ဓာတ်ပုံ ပုံစာ, ကော့ကရိတ်မြို့ထဲ ပြန်ဝင်လာတဲ့ ဒေသခံတွေ

တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေပြင်းထန်ခဲ့ပြီးတဲ့နောက် ဒေသခံတွေ လနဲ့ချီစွန့်ခွာထွက်ပြေးခဲ့ကြရတဲ့ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ကို ဧပြီ ၂၇ ရက်ကစပြီး စစ်ကောင်စီက ပြန်လည်ဝင်ရောက်နေထိုင်ခွင့်ပေးနေပါတယ်။

မြို့ထဲဝင်ရောက်မယ့်သူတွေဟာ စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့တွေက အိမ်ထောင်စုစာရင်းနဲ့ ကိုက်ညီမှုရှိမရှိ စာရင်းကောက်ယူနေတဲ့ စစ်ကောင်စီဂိတ်စခန်းကို ဖြတ်ကျော်ရပြီးတဲ့နောက်မှာမှ ဆိုင်ကယ်တွေ၊ ကားတွေကိုယ်စီနဲ့ ကိုယ့်အိမ်ကို ပြန်ကြရတာဖြစ်ပါတယ်။

ကော့ကရိတ်မြို့ထဲကို ဝင်လာတဲ့အခါ ပြိုလဲကျနေတဲ့ သစ်ပင်တွေ၊ ဓာတ်တိုင်တွေနဲ့မီးကြိုးအပိုင်းအပြတ်တွေ၊ သံတိုသံစ အပျက်အစီးတွေကို ဖြတ်သန်းသွားကြရပြီး တချို့နေရာတွေမှာမပေါက်ကွဲသေးတဲ့ လက်နက်ကြီးတွေလည်း ရှိနေသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နေအိမ်၊ အဆောက်အဦတွေသာမက ကျောင်းတွေနဲ့ ဗလီတွေပါ မီးလောင်တာ၊ လက်နက်ကြီးကျတာတွေကြောင့် ပျက်စီးကုန်ပြီး မြို့ရဲ့ ၈၀ ရာခိုင်နှုန်းနီးပါးဟာ အပျက်အစီးတွေနဲ့ ပြည့်နေတယ်လို့ ဒေသခံတွေက ပြောသလို ကိုယ့်ရပ်ရွာအဝင် ဒေသခံတွေကိုယ်တိုင် ရိုက်ကူးထားတဲ့ ရုပ်သံတွေနဲ့ ဓာတ်ပုံတွေကနေလည်း အပျက်အစီးတွေကို တွေ့ရပါတယ်။

“ခဏလာကြည့်တဲ့သူတွေများပါတယ်။ ယူစရာရှိတဲ့ပစ္စည်းတွေယူပေါ့၊ လူအသွားအလာက သိပ်မရှိသေးပါဘူး” လို့ ကော့ကရိတ်မြို့ခံတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

ပြန်မနေရဲကြသေးတဲ့ ဒေသခံတွေလည်းရှိ

အပျက်အစီးတွေနဲ့ ကော့ကရိတ်

ဓာတ်ပုံ ရင်းမြစ်, ဒေါနခရီးသွား

ဓာတ်ပုံ ပုံစာ, အပျက်အစီးတွေနဲ့ ကော့ကရိတ်

ကော့ကရိတ်မြို့မှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလကုန်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA)၊ တော်လှန်ရေးအင်အားစု ပူးပေါင်းအဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အဲဒီတိုက်ပွဲတွေအတွင်း စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ လေကြောင်းပစ်ခတ်တာတွေကြောင့် အရပ်သားထိခိုက်သေဆုံးတာတွေ ဆက်တိုက်ရှိလာချိန်မှာပဲ နီးစပ်ရာ ဘားအံ၊ မော်လမြိုင် ၊ မြဝတီ စတဲ့ ဒေသတွေဘက်ကို ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ကြတာဖြစ်ပါတယ်။

မြို့ကိုစွန့်ခွာပြီး ၅ လဝန်းကျင်ရှိလာပြီဖြစ်တာကြောင့် ရောက်တဲ့နေရာမှာ အခြေကျနေတာတွေတောင် ရှိနေပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

"ပြန်နေတာလား၊ ပစ္စည်းတွေအိမ်တွေအခြေအနေပြန်ကြည့်တာလားသေချာမသိရသေးဘူး။ မြို့ခံအချို့ပြန်တာကဟုတ်ပါတယ်။ ဒါပေမဲ့ ကျွန်မတို့တော့မပြန်သေးဘူး။ ရှောင်နေတဲ့နေရာမှာတောင် အခြေကျနေပြီလေ" လို့ ကော့ကရိတ်မြို့ခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ကော့ကရိတ်မြို့ရဲ့ လက်ရှိအခြေအနေဟာ မြို့လုံးကျွတ်နီးပါး ပြိုလဲ ၊ ပျက်စီး၊ မီးလောင်ခဲ့တာတွေကြောင့် ပြန်ပြီးအခြေတကျနေနိုင်ဖို့လည်း မလွယ်ကူသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

“ကျနော်ကတော့ မပြန်ဖြစ်တော့ဘူးဗျာ၊ ဘာလို့ဆို အိမ်က မီးလောင်တဲ့အထဲပါသွားပြီ။ သွားတောင်မကြည့်ဖြစ်ပါဘူးဗျာ၊ သွားကြည့်တဲ့ သူငယ်ချင်းက ကျနော်တို့အိမ်ကို ဓာတ်ပုံရိုက်ပို့ပေးတာ ပြာပဲကျန်တော့တယ်။ အိမ်မရှိမှတော့ ပြန်မနေတော့ပါဘူး၊ နောက် အခြေအနေ အေးမှပဲ ပြန်ဖို့စဉ်းစားတော့မယ်”လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

ပျက်စီးနေတဲ့ ကော့ကရိတ်မြို့မှာ ပြန်နေဖို့အတွက်လည်း လျှပ်စစ်မီး၊ ရေ၊ စတဲ့ အခြေခံလိုအပ်ချက်တွေလည်း မရကြသေးပါဘူး။

စစ်ကောင်စီကတော့ ပြန်လာလို့ရပြီဆိုပေမဲ့ မတည်ငြိမ်သေးတဲ့ စစ်ရေးအခြေအနေကို တွက်ဆပြီး မပြန်ကြသေးတဲ့သူတွေလည်းရှိပါတယ်။

“ဘယ်အချိန်မှာ ဘယ်လိုထဖြစ်မလဲဆိုတာ မသိဘူးလေ။ လုံခြုံတယ်လို့ ဘယ်သူအာမခံနိုင်လဲ” ဆိုပြီး မေးခွန်းပြန်ထုတ်ပါတယ်။

ဒါ့အပြင် အစ္စလာမ်ဘာသာဝင်တို့ အထွတ်အမြတ်ထားရာ ဘာသာ‌ရေးအဆောက်အဦဖြစ်တဲ့ နှစ်ပေါင်း ၁၅၀ ကျော်ရှိတဲ့ ဗလီဟာ အဆောက်အဦအချို့နေရာတွေ ပြိုပျက်နေပြီး မီးလောင်လို့ မီးခိုးရိုက်ထားသလို အခြေအနေတွေကိုလည်း တွေ့ရပါတယ်။

“ဒီဗလီက လွယ်လွယ်နဲ့မီးလောင်နိုင်တဲ့ အနေထားမဟုတ်ဘူး။ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးနှစ်လုံး ကြဲသွားတာ”လို့ စစ်ရေးအရင်းအမြစ်တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

ပျက်စီးနေတဲ့ဗလီ

ဓာတ်ပုံ ရင်းမြစ်, Than Htike

ဓာတ်ပုံ ပုံစာ, ပျက်စီးနေတဲ့ဗလီ

မီးမလောင်၊ မပျက်စီးပေမဲ့ အိမ်ဖောက်ခံရ

မီးလောင်ပျက်စီးတာအပြင် ဖောက်ထွင်းခံရတဲ့အိမ်

ဓာတ်ပုံ ရင်းမြစ်, Than Htike

ဓာတ်ပုံ ပုံစာ, မီးလောင်ပျက်စီးတာအပြင် ဖောက်ထွင်းခံရတဲ့အိမ်

အပျက်စီးတွေကြားထဲမှာ ကံကောင်းထောက်မစွာနဲ့ မီးလည်းမလောင်၊ လက်နက်ကြီးလည်းမထိဘဲ အကောင်းပကတိကျန်နေခဲ့တဲ့ အိမ်တွေလည်း ရှိပါသေးတယ်။ ဒါပေမဲ့ အိမ်အများစုက ဖောက်ထွင်းခံထားရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

စစ်ရှောင်ချိန်မှာ အိမ်တံခါးတွေနဲ့ ခြံစည်းရိုးတံခါးတွေကို သော့ခတ်ခဲ့ကြပေမဲ့ အခု ဒေသခံတွေ ပြန်ဝင်ကြည့်တဲ့အချိန်မှာ ခြံစည်းရိုးဖျက်ပြီး အိမ်တံခါးသော့ဖျက်ထားတာတွေကိုလည်း တွေ့ကြရပါတယ်။

စစ်ဘေးမရှောင်ရခင်က နေအိမ်နဲ့အတူ ဖွင့်ထားခဲ့တဲ့ အဝတ်အထည်ဆိုင်လည်း ဖောက်ထွင်းခံလိုက်ရတယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

“အိမ်ကိုသွားကြည့်တယ်။ မီးထဲမပါလို့ ကျေးဇူးတင်ရမလိုဖြစ်ပေမဲ့ပေါ့နော် အိမ်ထဲက မွေ့ယာ၊ လေအေးပေးစက်၊ ရေခဲသေတ္တာ၊ ဘာတစ်ခုမှ မကျန်ဘူး အကုန်ခိုးသွားကြတာ။ စောင့်နေမယ့်သူကလည်းမရှိ၊ တိုက်ပွဲကြောင့်လည်း ပြေးဆိုတော့ တောမီးလောင် တောကြောင်လက်ခမောင်းခတ်ပေါ့လေ၊ အေးအေးဆေးဆေးကို ကားနဲ့မသွားတဲ့ပုံစံပဲ”လို့ နေအိမ်ပစ္စည်းတွေ ဖောက်ထွင်းခံရတဲ့ ‌ဒေသခံတစ်ယောက်က ပြောပါတယ်။

တချို့ ဒေသခံတွေမှာတော့ မီးလောင်ပျက်စီးခံရတာသာမက ကွန်ပြူတာ၊ ကင်မရာ၊ ဆေးပစ္စည်း၊ ရွှေ၊ ငွေ၊ မီးစက်၊ ရေစုပ်စက်၊ အင်ဗာတာ အပါအဝင် လျှပ်စစ်ပစ္စည်းတွေ ခိုးယူခံရပြီး သိန်းရာချီ ဆုံးရှုံးကြရပါတယ်။

ကော့ကရိတ်မြို့ကနေ ဆိုင်ကယ်နဲ့သွားရင် ၁၅ မိနစ်လောက်သာ အချိန်ပေးရတဲ့ ပိတောက်မြိုင်ရွာ၊ စံပြရွာတွေဘက်မှာဆိုရင် Light Track ကားတွေနဲ့ ရေခဲသေတ္တာ၊ ဘတ်ထရီအိုး အပါအဝင်အိမ်သုံး လျှပ်စစ်ပစ္စည်းနဲ့ အဝတ်အထည်တွေကို ဈေးသက်သက်သာသာနဲ့ လာရောင်းတာ ကိုယ်တိုင်တွေ့ခဲ့ရတယ်လို့ ဘီဘီစီရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

“သူတို့ကတော့ သူတို့ပစ္စည်းတွေပါဆိုပြီး ရောင်းတာပဲ။ ကိုယ်တွေကတော့ မထင်ပါဘူး။ ခိုးရာပါပစ္စည်းတွေလို့ပဲထင်တာလေ။ ကော့ကရိတ်မှာ အိမ်ဖောက်ခံရတာတွေ ကြားနေရတာကိုး။ ရွာသားတွေကလည်း ကိုယ့်ဟာနဲ့ကိုယ်တောင် ပြေးနေကြရတာဆိုတော့ မဝယ်ကြပါဘူး”လို့ ပြောပါတယ်။

ပူးပေါင်းတပ်တွေ ကော့ကရိတ်ကနေ ဘာကြောင့် နောက်ဆုတ်ခဲ့ကြတာလဲ

တိုက်ပွဲမှာ ဒဏ်ရာရထားတဲ့တပ်ဖွဲ့ဝင်ကို ကုသပေးနေကြတဲ့ ကျားဖြူစစ်ကြောင်း

ဓာတ်ပုံ ရင်းမြစ်, Ye Min

ဓာတ်ပုံ ပုံစာ, တိုက်ပွဲမှာ ဒဏ်ရာရထားတဲ့တပ်ဖွဲ့ဝင်ကို ကုသပေးနေကြတဲ့ ကျားဖြူစစ်ကြောင်း

ကော့ကရိတ်မြို့ကို သင်္ကြန်မတိုင်ခင် စစ်ကောင်စီက တပ်မ ၄၄ နဲ့ ၅၅ ပူးပေါင်းတပ်အပြင် လေကြောင်းရော၊ ဒုံးတွေနဲ့ပါ ဆက်တိုက်ထိုးစစ်ဆင်ခဲ့ပြီးနောက် သီတင်းသုံးပတ်ထဲ ဝင်လာချိန်မှာ တော်လှန်ရေးအင်အား‌စုတွေစိုးမိုးခဲ့တဲ့နေရာတွေကို စစ်ကောင်စီတပ်ဘက်ကပြန်လည်ရယူခဲ့ပြီလို့ သိရပါတယ်။

တိုက်ပွဲကာလအတွင်းမှာ စစ်ကောင်စီက အင်နဲ့အားနဲ့ ထိုးစစ်ဆင်ချိန်မှာ ကျားဖြူစစ်ကြောင်းက တပ်ရင်းအဆင့်နဲ့သာ တိုက်ခိုက်ခဲ့ရတယ်လို့ ကျားဖြူစစ်ကြောင်းမှူး ကိုဇွဲက တိုက်ပွဲမှာရင်ဆိုင်ခဲ့ရတဲ့ အခြေအနေကို လူမှုကွန်ရက်ကနေ တိုက်ရိုက် Live လွှင့်ပြောခဲ့ပါတယ်။

“ကျွန်တော်တို့မှာ လက်ကိုင်ကျည် အပြင် ကျည် ၂၁၀ လောက်ပဲ ကျန်တော့တဲ့အချိန်ကျမှ နောက်ဆုတ်ခဲ့ရတယ်။ ဂျန်မာ(အချက်ပြဖြတ်တောက်စက်)က ဟောင်ဝှစ်ဇာလက်နက်ကြီးထိပြီး ပျက်စီးသွားပြီးနောက်ပိုင်း စကစက ဒရုန်းတွေနဲ့ပါ ဆက်တိုက်သုံးလာတာ၊ စစ်ကောင်စီရဲ့ အင်အားအလုံးအရင်းနဲ့လာတာကို ကျွန်တော်တို့ ကြိုးစား ခုခံခဲ့ရတယ်”လို့ စစ်ကြောင်းမှူးက ပြောပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီက ဗုံးတွေချချိန်မှာ အဲဒီဗုံးတွေကျတဲ့နေရာက တပ်ဖွဲ့ဝင်တွေဟာ အသက်ရှုကြပ်တာ၊ မူးဝေ၊ အော့အန်တာ၊ သွေးပေါင်ချိန်ကျတာ၊ အမြင်အာရုံဝေဝေါးတာတွေဖြစ်လာပြီး အားအင်ကုန်ခမ်းသလို ခံစားခဲ့ကြရတယ်လို့ ကျားဖြူစစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။

အဲ့ဒီလို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ မူးဝေအော့အန်တာ ဖြစ်နေချိန်မှာ နောက်ထပ် ဗုံးတွေ ဆက်တိုက်ချခဲ့သလို ဟောင်ဝှစ်ဇာ လက်နက်ကြီးတွေနဲ့ပါ ဆက်တိုက်သုံးနေခဲ့တယ်လို့ သူက ပြောပါတယ်။

တိုက်ပွဲမှာ ကျားဖြူတပ်ခွဲ ၅ က တပ်ဖွဲ့ဝင် တစ်ယောက်၊ တပ်ခွဲ ၄ က လေးယောက်၊ EAO ဘက်က နှစ်ယောက် စုစုပေါင်း ခုနှစ်ယောက် သေဆုံးပြီး တပ်ဖွဲ့ဝင် ၄၁ ယောက် အသေးစား ထိခိုက်ဒဏ်ရာရသလို ၄ ယောက်လည်း ပြင်းထန်ဒဏ်ရာရတယ်လို့လည်း ပြောပါတယ်။

"စခန်းကုန်းတွေနောက်ဆုတ်ပြီး ပြောက်ကျားနည်းနဲ့ပြန်သွားရမယ့်အခြေအနေမျိုးဖြစ်သွားပါတယ်" လို့ ကော့ကရိတ်စစ်ရေးသိရှိသူတစ်ဦးက ဆိုပါတယ်။

မငြိမ်သက်သေးတဲ့ စစ်ရေးအခြေအနေ

စစ်ကောင်စီတပ် အင်အားရာချီဟာ ကော့ကရိတ်မြို့ မြောက်ပိုင်းက ဒေါနတောင်တန်းအနီးနားရောက်နေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်

ဓာတ်ပုံ ရင်းမြစ်, Google

ဓာတ်ပုံ ပုံစာ, စစ်ကောင်စီတပ် အင်အားရာချီဟာ ကော့ကရိတ်မြို့ မြောက်ပိုင်းက ဒေါနတောင်တန်းအနီးနားရောက်နေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်

ကော့ကရိတ်မြို့မြောက်ပိုင်းမှာတော့ စစ်ကောင်စီတပ်က အင်အား ၅၀၀ နီးပါးနဲ့ ဒေါတောင်တန်းကို ဖြတ်ပြီး မြဝတီမြို့အနီးက သင်္ကန်းညီနောင်ကို ဝင်ရောက်နိုင်ခြေရှိတယ်လို့ မြေပြင် စစ်ရေးသတင်းရင်းမြစ်တွေက ဘီဘီစီကို ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်ဟာ ကော့ကရိတ် မြောက်ပိုင်းက ကျေးရွာတွေဘက်ကိုရောက်ရှိနေတာကြောင့် အာရှလမ်းမကြီးအတိုင်းသွားရောက်တာထက် ထိုင်း-မြန်မာချစ်ကြည်ရေးလမ်းလို့ခေါ်တဲ့ ကော့ကရိတ်-မြဝတီလမ်းကနေ ခမရ ၃၅၅ ရှိရာ သင်္ကန်းညီနောင်ဘက်ကို ဝင်ရောက်နိုင်ခြေရှိတယ်လို့ ခန့်မှန်းတာတွေလည်းရှိနေပါတယ်။

စစ်ကောင်စီလက်အောက်ခံ နိုင်ငံပိုင်သတင်းစာမှာတော့ ကော့ကရိတ်မှာနယ်မြေ တည်ငြိမ်အေးချမ်းမှု အားကောင်းလာပြီဖြစ်လို့ အပျက်အစီးတွေဖယ်ရှားပေးပြီး နေအိမ်မီးလောင်ပျက်စီးတာတွေကို ပြန်လည်နေရာချထားပေးမယ်လို့ ဖော်ပြထားပါတယ်။

ရာနဲ့ချီတဲ့ ကော့ကရိတ်ဒေသခံတွေ နေရပ်ပြန်လာနေကြပြီလို့လည်း ဆိုပါတယ်။

ကော့ကရိတ်မြို့ ဒေသခံတချို့ကတော့ တခြားနေရာတွေမှာ စစ်ရှောင်ရတဲ့ အခက်ခဲတွေလည်းရှိတာကြောင့် ကိုယ့်မြို့မှာပြန်ပြီး နေလို့ရနိုင်မလား လာကြည့်ကြတာလည်းရှိပါတယ်။

“စစ်ရှောင်ရတယ်ဆိုတာက တခြားဒေသမှာ အမျိုးတွေရှိရင်တော်သေးတယ်လေ။ အခုက တခြားနေရာမှာ တွေ့ရာအလုပ်တွေလုပ်ကြရတာ။ အခုက သူကလည်း ကိုယ့်မကူညီနိုင်၊ ကိုယ်ကလည်း သူ့မကူညီနိုင်တွေဖြစ်ကြရတာ၊ အခုတော့ မီးစင်ကြည့်က ရမှာပေါ့” လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

ဒါပေမဲ့ ကော့ကရိတ်မှာလည်း လတ်တလောက် အလုပ်အကိုင်တွေ ပြန်လုပ်ကိုင်နိုင်ပါဦးမလားဆိုတာကလည်း မေးခွန်းတစ်ခု ဖြစ်နေပါသေးတယ်။