ခလရ ၂၇၅ - မြဝတီမြို့ပြင်တိုက်ပွဲ ဘာဆက်ဖြစ်နေလဲ

မြေပြင် စစ်ကူပို့တဲ့ စစ်ယာဥ်တန်းတွေ

ဓာတ်ပုံ ရင်းမြစ်, Salween Press

ဓာတ်ပုံ ပုံစာ, မြေပြင် စစ်ကူပို့တဲ့ စစ်ယာဥ်တန်းတွေ

မြဝတီမြို့နဲ့ ၃ မိုင်ခွဲအကွာ မြဝတီ - အာရှလမ်းမကြီးပေါ်မှာရှိနေတဲ့ အမှတ် ၂၇၅ ခြေလျင်တပ်ရင်း(ခလရ)ကို လက်မလွှတ်ရရေး စစ်ကောင်စီက လေကြောင်းကနေ နှစ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်ပြီး ကာကွယ်နေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒီတပ်ရင်းကိုလက်နက်ချဖို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ရက်ပိုင်းက ညှိနှိုင်းတာတွေလုပ်ခဲ့ပေမဲ့ မအောင်မြင်ခဲ့တဲ့နောက်မှာ ဧပြီ ၉ ရက်ညနေပိုင်းမှာ တိုက်ပွဲပြန်ဖြစ်လာတာပါ။

လက်ရှိမှာ ၂၇၅ တပ်ရင်းကို တော်လှန်ရေးအင်အားစုတွေက ‌အရှေ့နဲ့အနောက်ပိတ်ပြီး တိုက်နေတာကြောင့် စစ်တပ်ကလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာလို့ အဲဒီနေရာမှာရှိနေတဲ့ စစ်ရေးသတင်းရင်းမြစ်က ရှင်းပြပါတယ်။

တော်လှန်ရေးတပ်တွေဘက်က သတင်းရင်းမြစ်တချို့ ကတော့ ခလရ ၂၇၅ ထဲမှာ စစ်ကောင်စီတပ်ဖွဲ့အင်အား ၄၀၀ ထက်မနည်းရှိနေတယ်လို့ သိထားရကြောင်း ပြောပါတယ်။

နှစ်ရက်တိုက်ပွဲမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေဘက် နှစ်ဖက်လုံးမှာ ဒဏ်ရာရတဲ့သူတွေရှိနေပြီး တော်လှန်ရေးပူးပေါင်းတပ်တွေဘက်က ၃ ဦးထက်မနည်းဒဏ်ရာရထားတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်က ဧပြီ ၁၀ ရက်မှာ ဘီဘီစီကို ပြောပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုတွေကတော့ ဆက်ပြီးပြင်းထန်နေပြီး လက်နက်ကြီးသံတွေ အဆက်မပြတ်ကြားနေရတယ်လို့ ဆိုပါတယ်။

ခလရ ၂၇၅ အရှေ့ဘက်ခြမ်းက အေးသုခရွာမှာရှိတဲ့ စိမ်းလဲ့မြိုင်ကားဝင်းအပါအဝင် ရပ်ကွက်တချို့မှာ ဗုံးဒဏ်ကြောင့် မီးလောင်တာတွေရှိတယ်လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက ပြောပါတယ်။

''၂၇၅ ကို ဝိုင်းတိုက်နေတော့ စစ်တပ်ကလည်း တနေကုန် လေယာဥ်နဲ့ မီးလောင်ဗုံးကြဲနေတာ၊ ဗုံးကြဲတော့ အိမ်တွေ၊ တောင်ယာခြံတွေနဲ့ နယ်စပ်ကုန်သွယ်ရေးကို သွားမယ့်ပစ္စည်းဂိုထောင်တွေလည်းမီးလောင်တယ်'' လို့ စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

မြို့ပြင်က တပ်ရင်းကို သိမ်းနိုင်ရေး KNLA နဲ့ PDF ပူးပေါင်းတပ်တွေက နှစ်ရက်ဆက် ထိုးစစ်ဆင်နေပေမဲ့ မြဝတီမြို့ထဲမှာတော့ မြို့ခံတွေက ပုံမှန်အတိုင်းသွားလာမှုတွေရှိနေတယ်လို့ မြဝတီမြို့ခံ ၃ ဦးထက်မနည်းက ဘီဘီစီကိုပြောပါတယ်။

''ပုံမှန်ပဲ မြို့ပေါ်မှာက မြဝတီမြို့ပေါ် အမှတ် ၅ ရပ်ကွက်ဘက်မှာဆို သင်္ကြန်မဏ္ဍပ်ဆောက်နေတာတောင်မပျက်ဘူး။ မြို့ထဲမှာလည်း အေးဆေးသွားနေကြတာပဲ'' လို့ မြို့ခံ တစ်ဦးကပြောပါတယ်။

ဒါအပြင် စစ်ကောင်စီရုံးတချို့ ဖွင့်ထားဆဲဖြစ်ပြီး ရောင်းချ/ဝယ်ယူရေးလုပ်ငန်းတွေကလည်း ပုံမှန်ဆက်ရှိနေတယ်လို့ မြို့ခံတွေက ဧပြီ ၁၀ ရက်ညနေပိုင်းအထိပြောပါတယ်။

ဒါပေမဲ့ မြဝတီမြို့ ထဲမှာတော့ စစ်ဝတ်စုံမှာ လက်မောင်းတံဆိပ်တွေဖြုတ်ပြီး ဝတ်ထားတဲ့ နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင်တွေကတော့ ကားဆယ်စီးလောက်နဲ့ ကင်းလှည့်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။

ကရင်နယ်ခြားစောင့်တပ် (BGF) တပ်ဟာ စစ်ကောင်စီလက်အောက်ကနေ ခွဲထွက်မယ်လို့ ကြေညာထားပြီး ကရင်အမျိုးသားကာကွယ်ရေးတပ်မတော်(Karen National Army)ဆိုပြီး နာမည်ပြောင်းထားတယ်လို့ ကြေညာထားတာပါ။

''BGF ‌တွေက မြို့ထဲမှာ ကားတွေနဲ့ လျှောက်သွားနေတယ်။ လက်မောင်းဘက်တံဆိပ်တွေဖြုတ်ပြီး လျှောက်သွားနေတာ။ မြဝတီမှာ ခိုအောင်းနေတဲ့ သူခိုး၊ ဂျပိုးတွေထွက်ခွာကြပါဆိုပြီး အသံချဲ့စက်တွေနဲ့ လိုက်အော်တာ‌မျိုးတွေ ရှိတယ်''လို့ မြို့ခံတွေ ပြောပါတယ်။

ဘာကြောင့် BGF ‌တွေက ဒီလိုသုံးနှုန်းပြီး အော်နေတာလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမသိဘူးလို့ မြို့ခံတွေကပြောပါတယ်။

နယ်မြေအခြေအနေကို သိရှိတဲ့ ကရင်ဒေသအကဲခတ်တစ်ဦးကတော့ မြဝတီ နဲ့ ရွှေက္ကိုကို BGF ကသာ ထိန်းချုပ်ထားတဲ့အကြောင်း KNU နဲ့ တော်လှန်ရေးအင်အားစုတွေကို အင်အားပြတာလို့ မှတ်ချက်ပြုပါတယ်။

ထိုင်းဘက်ကူးဖို့ ချစ်ကြည်ရေးတံတားမှာတန်းစီနေတဲ့ မြဝတီမြို့ဒေသခံအချို့

ဓာတ်ပုံ ရင်းမြစ်, The Reporter

ဓာတ်ပုံ ပုံစာ, ဧပြီလ ၁၀ ရက်မနက်ပိုင်းမှာ ထိုင်းဘက်ကူးဖို့ မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတားမှာ တန်းစီနေတဲ့ မြဝတီမြို့ဒေသခံအချို့

မြို့စောင့်တပ်ကို လက်မလွှတ်ရရေး စစ်ကောင်စီ ဘယ်လိုပြင်

မြဝတီမြို့အပြင်ဘက် ထိုင်း-မြန်မာကုန်သွယ်ရေးဇုန်အနီးမှာရှိတဲ့ ခလရ ၂၇၅ ဟာ စစ်ကောင်စီတပ်အတွက် မြဝတီမြို့ကို ထိန်းချုပ်နိုင်ရေး အရေးပါတာကြောင့် မြို့စောင့်တပ်အဖြစ်လည်း အများက ခေါ်ကြပါတယ်။

စစ်တပ်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်ကတော့ ခလရ ၂၇၅ ကို လက်မလွှတ်ရဖို့ မြေပြင် စစ်ကူတွေ လေကြောင်းပစ်ကူတွေနဲ့ ကာကွယ်ဖို့ ညွှန်ကြားချက်ရှိထားတယ်လို့ ဘီဘီစီကို ပြောပါတယ်။

''စစ်တပ်က လူကုန်၊ ကျည်ကုန်၊ ရိက္ခာကုန်တဲ့အထိကိုတိုက်မှာ'' လို့ သတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ခလရ ၂၇၅ က တပ်ဖွဲ့ဝင်တွေက ဆက်ပြီးတိုက်ပွဲဝင်နေတယ်လို့ ဘီဘီစီကို ဧပြီ ၁၀ ရက်ညနေပိုင်းမှာ ဖြေကြားပါတယ်

ဗိုလ်ချုပ်ဇော်မင်းထွန်း

ဧပြီ ၁၀ ရက်မှာတော့ မြေပြင် စစ်ကူပို့တဲ့ စစ်ယာဥ်တန်းတွေ ဘားအံဘက်ကနေ မြဝတီဘက်ကို သွားခဲ့တယ်လို့ သိရပါတယ်။

စစ်ကူ သံချပ်ကာကား ၂ စီး၊ စစ်ကားနဲ့ Faw ကား အစီး ၂၀ ကျော် အပါအဝင် စုစုပေါင်း ကားစီးရေ ၃၀ ခန့်ပါတဲ့ ယာဥ်တန်းက မြဝတီမြို့ကို ထွက်ခွာသွားတယ်လို့ ဘားအံမြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

''ဘားအံ-အိန္ဒုလမ်းပိုင်းအတိုင်း မြဝတီမြို့ဘက်ကို ဆင်းသွားတာလည်းတွေ့တယ်။''

ဘားအံဒေသတွင်းသတင်းတွေကို တောက်လျှောက်ဖော်ပြနေတဲ့ Hpa-an News ကတော့ ဧပြီ ၁၀ ရက် တစ်ရက်တည်းမှာပဲ စစ်ယာဥ်တန်းက နှစ်သုတ်သွားတာလို့ ဘီဘီစီကို ပြောပါတယ်။

''ဒုတိယအသုတ်ကတော့ ဘားအံ ၂၀၁ တပ်ရင်းမှာပဲ ပစ္စည်းနဲ့ လက်နက်ခဲယမ်းတွေနဲ့ ရိက္ခာတွေချသွားပါတယ်။ စစ်ကူယာဉ်တန်းတွေက မြ၀တီအထိရောက်အောင်သွားမယ့်သဘောရှိပါတယ်'' လို့ Hpa-an News က မြေပြင်အခြေအနေသိရှိသူက ပြောပါတယ်။

လက်ရှိမှာ တော်လှန်ရေးအင်အားစုတွေက အာရှလမ်းမကြီးကို ပိတ်ထားတာကြောင့် ကုန်သွယ်ရေးအတွက်သုံးနေတဲ့ ဖားအံ- နဘူး-ထော့ကိုကိုး လမ်းပိုင်းကနေ စစ်ကောင်စီယာဥ်တွေက မြဝတီဘက်ကိုသွား‌တယ်လို့ အဲဒီလမ်းပိုင်းမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

မြဝတီဘက်ကအခြေအနေတွေကြောင့် ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား ထိုင်းဘက်ခြမ်းနဲ့ နယ်စပ်တစ်လျှောက်မှာတော့ ထိုင်းစစ်တပ်နဲ့ နယ်ခြားစောင့်တပ်တွေက တင့်ကားတွေ၊ တပ်ဖွဲ့တွေနဲ့ အင်ပြည့်အားပြည့်လုံခြုံရေးယူထားပါတယ်။

ဗီဒီယို ပုံစာ, မြဝတီမြို့ ဘယ်လို လည်ပတ်နေသလဲ

ထိုင်းဘက်ခြမ်းက ပြင်ဆင်မှု

ထိုင်းဘက်မှာတော့ လက်နက်တွေ အသင့်ပြင်ပြီး နယ်စပ်လုံခြုံရေး အသင့်ရှိနေ

ဓာတ်ပုံ ရင်းမြစ်, STR/BBC THAI

ဓာတ်ပုံ ပုံစာ, ထိုင်းဘက်မှာတော့ လက်နက်တွေ အသင့်ပြင်ပြီး နယ်စပ်လုံခြုံရေး အသင့်ရှိနေ

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးက ပုံမှန်အတိုင်းဆက်ရှိနေပြီး ထိုင်းဘက်ကလည်း ချစ်ကြည်ရေးတံတားကို ဆက်ပြီးဖွင့်ထားတာကြောင့်လူအသွားအလာနဲ့ ကုန်သွယ်ရေးအသွားအလာတွေ ပုံမှန်အတိုင်းဆက်ရှိနေတယ်လို့ နယ်စပ်ကုန်သွယ်ရေးလုပ်ကိုင်သူတစ်ဦးကပြောပါတယ်။

လက်ရှိမှာ ကုန်သွယ်ရေး ပမာဏ ၃၀ ရာခိုင်နှုန်းလျော့ကျသွားတယ်လို့လည်း နှစ်နိုင်ငံပြောဆိုချက်တွေအရ သိရပါတယ်။

မြဝတီဟာ ထိုင်း-မြန်မာ ကုန်သွယ်ရေးမှာ အများဆုံးအသုံးပြုတဲ့ နယ်စပ်ဂိတ်ဖြစ်ပြီး နယ်မြေမတည်ငြိမ်မှုတွေနဲ့ စစ်ရေးတင်းမာမှုတွေကို အရင်ဆိုင်ရဆုံး နယ်စပ်ကုန်သွယ်ရေးဂိတ်လည်း ဖြစ်ပါတယ်။

ထိုင်းအစိုးရဘက်ကတော့ မြဝတီမြို့နားကပ်ပြီး တိုက်ပွဲတွေဖြစ်နေပေမဲ့ မြဝတီ-မဲဆောက် နယ်စပ်ချစ်ကြည်ရေးတံတားတွေကို ဆက်ပြီးဖွင့်ထားမယ်လို့ ပြောထားပါတယ်။

ဧပြီ ၁၀ ရက် မနက်ပိုင်းက စပြီး စစ်တပ်လေကြောင်းရန်ကနေ မလွတ်နိုင်တဲ့ မြဝတီမြို့ပြင် ရပ်ကွက်တွေနဲ့ ကျေးရွာတွေက ဒေသခံအများစုကတော့ မဲဆောက်ဘက်ကို တိမ်းရှောင်ကြတာရှိနေပါတယ်။

ထိုင်းအစိုးရကတော့ မြန်မာဘက်ခြမ်း မြဝတီမြို့က အခြေအနေတွေကြောင့် ထွက်ပြေးလာနိုင်ခြေရှိသူတွေအပါအဝင် မြန်မာစစ်ရှောင် တစ်သိန်းအထိလက်ခံနိုင်အောင် ပြင်ဆင်ထားတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောထားပါတယ်။

‘‘ယာယီတိမ်းရှောင်ဖို့ ထွက်ပြေးလာသူ တစ်သိန်းကျော်ရင်တောင် သက်ဆိုင်ရာအစိုးရအဖွဲ့တွေဟာ အဲဒီပမာဏကို ကိုင်တွယ်ဖြေရှင်းနိုင်အောင် ပြင်ဆင်ထားပါတယ်’’ လို့ သူက ပြောပါတယ်။

စစ်ကောင်စီကတော့ ထိုင်းအစိုးရနဲ့ မြန်မာအာဏာပိုင်တွေကြားမှာ အဆင့်လိုက်ဆွေးနွေးမှုတွေဆက်ရှိနေတယ်လို့ ဆိုပါတယ်။

မဲဆောက်မှာ ရှိနေတဲ့ မြန်မာစစ်ရှောင်အရေးကူညီသူတွေကလည်း မြဝတီကအခြေအနေတွေကြောင့် အချိန်မရွေးရောက်လာနိုင်တဲ့ မြန်မာဘက်ခြမ်းကစစ်ဘေးရှောင်တွေအတွက် အရေးပေါ်နေထိုင်နိုင်တဲ့ နေရာတွေကိုပြင်ဆင်ထားကြတယ်လို့ပြောပါတယ်။