မြဝတီ - လူမြင်ကွင်းမှာစစ်ကောင်စီတပ်ဖွဲ့တွေ မမြင်ရတော့တဲ့နယ်စပ်မြို့

ဓာတ်ပုံ ရင်းမြစ်, ပေးပို့
ကရင်ပြည်နယ်၊ မြဝတီမြို့နဲ့ကပ်ရပ်က သင်္ဃန်းညီနောင်မှာ စစ်ဗျူဟာကုန်းအပါအဝင် ခြေမြန်တပ်ရင်း ခလရ ၃၅၇ တို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA)နဲ့ ပြည်သူ့ကာကွယ်ရေး(PDF)ပူးပေါင်းအဖွဲ့တွေ ဧပြီ ၆ ရက်က သိမ်းပိုက်လိုက်ပြီးနောက်မှာ မြဝတီမြို့ပေါ်မှာ စစ်ကောင်စီဖွဲ့ဝင်တွေ သွားလာတာ လုံးဝမတွေ့ရတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
“အရင်က မြို့ထဲကနေ အလုပ်သွား အလုပ်ပြန်ဆို စစ်သားတွေ ကားတွေနဲ့သွားတာတွေ့တယ်။ အခုမတွေ့ရဘူး။ ဈေးတွေလည်း ပုံမှန်ပဲဖွင့်တယ်။ ကျွန်မမြို့ထဲမှာနေတာ၊ ပုံမှန်သွားလာနေတာပဲ။ ပစ်တာ ခတ်တာ အသံကျယ်ကျယ်တွေ သိပ်မကြားရဘူး။ ပစ်သံခတ်သံတွေတော့ မကြားရတော့ဘူး”လို့ မြဝတီမြို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
တိုက်ပွဲပြင်းထန်တဲ့ ဧပြီလ ၆ ရက်မှာ တစ်နေကုန်နီးပါး ကြားခဲ့ရတဲ့ လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံတွေ၊ လေကြောင်းပစ်ခတ်သံတွေကို ဧပြီလ ၇ ရက်မှာ မကြားရသလောက်ဖြစ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဒါကြောင့် ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးအချက်အခြာမြို့ဖြစ်တဲ့ မြဝတီမှာ စစ်ရေးကြောင့်ဖြစ်လာမယ့် ထိခိုက်မှုတွေကို ဒေသခံတွေကြား စိုးရိမ်စိတ်မြင့်တက်နေပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့မိသားစုဝင်အယောက် ၆၀၀ ကျော် လက်နက်လက်နက်ချ

ဓာတ်ပုံ ရင်းမြစ်, KNU
မြဝတီမြို့နယ်က သင်္ဃန်းညီနောင်မှာရှိနေတဲ့ စစ်ကောင်စီရဲ့ အရှေ့တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ စစ်ဗျူဟာအခြေချစခန်းကို KNLA၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်(KNDO)နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ဧပြီ ၅ ရက် မနက်ပိုင်းကစပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ကြပါတယ်။
အဲဒီနောက် နေ့လယ် ၁ နာရီလောက်မှာ ပူးပေါင်းအဖွဲ့တွေက စခန်းကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ပူးပေါင်းတပ်ဖွဲ့တွေဟာ တိုက်ခိုက်တဲ့ အချိန် ၅ နာရီနီးပါးအတွင်းမှာပဲ ၁၉၆၈ ခုနှစ်စပြီး နှစ်ပေါင်း ၅၀ ကျော်အောင် အခြေချခဲ့တဲ့တဲ့ စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။
စစ်ဗျူဟာ စခန်းကနေ အရာရှိအဆင့် ၆၇ ယောက်၊ အခြားနဲ့ တပ်သားအဆင့် ၄၁၀ စုစုပေါင်း ၄၇၇ ယောက်အပြင် ရဲမေ ၅၉ ယောက်၊ တပ်မိသားစုဝင် ၈၁ ယောက်၊ စုစုပေါင်း ၁၄၀ တို့ကလည်း အလင်းဝင်လာတယ်လို့ KNU က ထုတ်ပြန်ပါတယ်။
လက်နက်ချသူ စုစုပေါင်း ၆၁၇ ယောက်အပြင် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ စစ်သုံးလက်နက်ပစ္စည်းတော်တော်များများကို KNLA နဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ရရှိခဲ့ပါတယ်။
အခုသိမ်းပိုက်လိုက်တဲ့ စစ်ဗျူဟာစခန်းရှိနေတာကြောင့် ကရင်လူမျိုးနဲ့ အခြားလူတွေရဲ့ စီးပွားရေး၊ ပညာရေး၊ လူမှုရေးတွေကို ထိခိုက်ကျဆင်းစေတဲ့အပြင် ရိုးရာယဉ်ကျေးမှုတွေကိုလည်း ပျက်စီးပျောက်ကွယ်စေတယ်လို့ KNU က ထုတ်ပြန်ပါတယ်။
အဓိကကတော့ အကြောက်တရားနဲ့ နေထိုင်ရတဲ့ ပြည်သူတွေရဲ့ဘဝ လုံခြုံမှုကင်းမဲ့တာကို ဖြစ်စေတာကြောင့်လို့လည်း ဆိုပါတယ်။
အဲဒီဖမ်းမိထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင် အယောက် ၆၀၀ ကျော်ကို KNU အနေနဲ့ ဘယ်လိုဆက်ပြီးဆောင်ရွက်မလဲဆိုတာကို ဘီဘီစီက ဆက်သွယ်မေးမြန်းပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။
''လက်နက်ချမလား တောင့်ခံမလား'' ဖြစ်နေတဲ့ မြို့စောင့်တပ် ၂၇၅ နဲ့ လေးကေ့ကော် အမြောက်တပ်

ဓာတ်ပုံ ရင်းမြစ်, Getty Image
မြဝတီမြို့နဲ့ သုံးမိုင်ဝန်းကျင် အကွာမှာရှိတဲ့ မြို့စောင့်တပ်စခန်းတွေဖြစ်တဲ့ စစ်ကောင်စီ ခြေလျင်တပ်ရင်း ၂၇၅ နဲ့ လေးကေ့ကော်အမြောက်ကုန်းတို့ကိုလည်း KNLA နဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းအဖွဲ့တွေက ဧပြီ ၆ ရက်ကတည်းက ဝိုင်းပိတ်ဆို့ထားပါတယ်။
အဲ့ဒီတပ်စခန်းတွေကိုလည်း လက်နက်ချဖို့ ညှိနိုင်းနေတယ်လို့လည်း ဘီဘီစီရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
“လောလောဆယ် KNU တို့ PDF တို့က စစ်တပ်ကို လက်နက်ချမလား၊ တိုက်ရမလား ညှိနေတယ်။ မြဝတီ ဘယ်နေရာကိုမှ မသိမ်းထားဘူး။ လေးကေ့ကော် အမြောက်ကုန်းကို ဝိုင်းထားတယ်။ မြဝတီ အထွက် ၂၇၅ ဝိုင်းထား၊ မြို့စောင့်တပ်ပေါ့။ စစ်ကူမလာဘူး။ လက်နက်ကြီးပစ်ကူမရှိတော့ဘူး။ ဗုံးကြဲတာပဲရှိတယ်။ မနေ့က သင်္ဃန်းညီနောင် ဗျူဟာ ကျသွားတာ။ မြဝတီမှာ ၂၇၅ ကျရင်တော့ ရဲစခန်းရယ်၊ ထိုင်း-မြန်မာ ရှေ့တန်းရုံးရယ်၊ ပြည်သူ့စစ် လေးငါးခုကျန်တယ်”လို့ ပြောပါတယ်။
စစ်ရေးအရင်းအမြစ်တချို့ကလည်း မြဝတီမြို့ထဲက ရဲစခန်းနဲ့ ရှေ့တန်းရုံးအပါအဝင် စခန်းတွေကျန်နေသေးပြီး မြဝတီမြို့က စစ်ကောင်စီရဲ့ အုပ်ချုပ်မှုအောက်မှာရှိနေသေးတယ်လို့ ပြောကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Google
မြဝတီမြို့ရဲ့ လက်ရှိအခြေအနေ

ဓာတ်ပုံ ရင်းမြစ်, KNLA
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
KNLA နဲ့ PDF ပူးပေါင်းအဖွဲ့တွေက ခလရ ၂၇၅ စခန်းနဲ့ လေးကေ့ကော်အမြောက်ကုန်းကို ဝိုင်းထားပြီး လက်နက်ချဖို့ ညှိနှိုင်းနေတဲ့ ဧပြီလ ၇ ရက်မှာပဲ လေကြောင်းအန္တရာယ်ရှိတာကြောင့် ဖားချောင်း၊ မြေနီကုန်း၊ မဲကနယ် စတဲ့ရွာတွေက ပြည်သူတွေကို နှစ်နာရီအတွင်း တိမ်းရှောင်ခိုင်းထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“စစ်ကောင်စီက အင်အားမရှိတော့ဘူး။ အုပ်ချုပ်မှုပိုင်း၊ လုံခြုံရေးပိုင်း မပေးနိုင်တော့ဘူး။ မြဝတီက လက်နက်ကိုင်တွေ ဝင်လာလို့ရတဲ့အခြေအနေပဲ။ လက်နက်ကိုင်တွေ KNU၊ KNLA၊ PDF တွေ ဝင်ထွက်သွားလာလို့ရတယ်။ စစ်တပ်လုံခြုံရေး အင်အားမရှိတော့ဘူးလေ။ လေကြောင်းကိုပဲ ကြောက်နေရတာ။ သူတို့တွေကလည်း ပြည်သူတွေအထိနာမှာစိုးလို့ သူတို့လည်း စွတ်ဆက်ပြီးမလုပ်ဘူးပေါ့” လို့ မြဝတီမြို့နယ်ခံတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။
ဒါ့အပြင် သင်္ဃန်းညီနောင်၊ ကော့ကရိတ်ဘက်တွေက တိုက်ပွဲတွေကြောင့် မြဝတီမြို့ပေါ်ကို စစ်ဘေးရှောင်လာသူတွေလည်း ငါးထောင်ကနေ တစ်သောင်းဝန်းကျင်ကြားရှိပြီး ငွေကြေးတတ်နိုင်သူတွေက မဲဆောက်မြို့ဘက်ကို ပြောင်းသွားကြတယ်လို့လည်း သိရပါတယ်။
မြဝတီမြို့ပေါ်မှာရှိနေတဲ့ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းတချို့ကလည်း ဟိုတယ်တွေမှာ ပြောင်းပြီးတည်းနေကြသလို တချို့ကလည်း ထိုင်းနိုင်ငံဘက်ခြမ်း၊ မဲဆောက်မြို့ဘက်မှာ ပြောင်းရွှေ့နေကြတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
“ထိုင်း-မြန်မာနယ်စပ်က ချစ်ကြည်ရေးတံတားတွေကနေ သွားလာနေကြတဲ့ သူတွေကို အကြောင်းအမျိုးမျိုးနဲ့ ညစ်တဲ့ ရဲတို့၊ လဝက၊ စအဖတို့ကိုရော ဘယ်လိုလုပ်မလဲလို့ သိချင်တယ်။ အမှတ် ၁ ချစ်ကြည်ရေး တံတားတို့၊ အမှတ် ၂ ချစ်ကြည်ရေး တံတားတို့ဆိုတာက နယ်ခြားစောင့်တပ်(BGF) နယ်မြေထဲမှာရှိတယ်။ အခု စောချစ်သူတို့နဲ့ မပါသွားတဲ့ ကျန်ခဲ့တဲ့ စကစ လက်အောက်က BGF တွေလည်းရှိနေတယ်”လို့ မဲဆောက်မြို့က မြန်မာနိုင်ငံသားတစ်ယောက်က ပြောပါတယ်။
သူပြောတဲ့ စောချစ်သူတို့နဲ့ မပါသွားတဲ့ BGF တွေဆိုတာဟာ စစ်တပ်နဲ့လက်တွဲတာ နှစ်ပေါင်း ၃၀ နီးနီးရှိလာချိန်မှာပဲ ဗိုလ်မှူးကြီး စောချစ်သူရဲ့ ကရင်နယ်ခြားစောင့်တပ်(BGF)က ကရင်အမျိုးသားကာကွယ်ရေးတပ်မတော်(Karen National Army) ဆိုပြီး ပြင်ဆင်ပြောင်းလဲရာမှာ မပါသွားသူကို ဆိုလိုတာဖြစ်ပါတယ်။
“မြဝတီမှာ လက်နက်ကိုင်က KNU, PC(KNU ခွဲထွက်), BGF, စစ်တပ်၊ DKBA ငါးဖွဲ့တောင်ရှိတယ်။ BGF က ကြားထဲနေတယ်။ ဝင်မပါသေးဘူး။ တစ်ရက် သုံးပွင့်ဆိုင်ဖြစ်လာမလား မသိသေးဘူး။ ဘယ်တော့ဖြစ်လာမလဲဆိုတာကိုလည်း စိုးရိမ်နေရတယ်”လို့ မြဝတီမြို့ခံတစ်ယောက်က ပြောပါတယ်။
ဒါ့အပြင် ထိုင်းနိုင်ငံဘက်ကလည်း ထိုင်း-မြန်မာနယ်စပ်မြို့တွေမှာ ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေကြောင့် လုံခြုံရေးတင်းကျပ်တာတွေ ပိုပြီးရှိလာတယ်လို့လည်း မြန်မာအလုပ်သမားအရေး ကူညီပေးနေသူတွေဆီက သိရပါတယ်။
“လုံခြုံရေးကို နဂိုကထက်ပိုချထားတယ်။ ဝေဟင်ကရော မြေပြင်ကရောပဲ။ ကိုဗစ်ကာလတုန်းက သံဆူးကြိုးတွေကာပြီး ပြန်ဖြုတ်ထားတာတွေက အခုပြန်ကာတယ်။ ပြီးတော့ မြင်းတပ်ဖွဲ့နဲ့လှည့်တယ်။ အဓိကက ၅ မြို့နယ်ကို ဦးစားပေးလုပ်တာ။ တာ့ခရိုင်ထဲက ၅ မြို့နယ်ကို လုံခြုံရေး စိုးရိမ်ရတဲ့ နယ်မြေအဖြစ်နဲ့ ကြည်း၊ ရေ၊လေ၊ ပင်မအင်အားသာမက အရန်အင်အားတွေပါ တပ်လှန့် သတိပေးထားတယ်”လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။
မြဝတီမြို့ဟာ အရင်လို လူစည်ကားတာမရှိတော့ပေမဲ့ အကြောင်းကိစ္စတွေကြောင့် သွားလာနေသူတွေတော့ ရှိနေကြပါတယ်။
မြို့အဝင်မှာရှိတဲ့ ခလရ ၂၇၅ နဲ့ လေးကေ့ကော် အမြှောက်တပ်တို့ကို ဝန်းရံပိတ်ဆို့ထားတဲ့ တော်လှန်ရေးအင်အားစုတွေအကြား စစ်ကောင်စီတပ်တွေ လက်နက်ချရေး ညှိနှိုင်းနေချိန် စစ်ကောင်စီရဲ့ လေကြောင်းပစ်ခတ်တာတွေကြောင့် ထိခိုက်ခံစားရမှာကိုလည်း စိုးရိမ်စိတ်ကြီးမားနေကြပါတယ်။
တဖက်မှာလည်း မြို့စောင့်တပ်နဲ့ လေးကေ့ကော်အမြောက်ကုန်းကို ပူးပေါင်းတပ်တွေက ဝိုင်းထားလို့ ဧပြီလ ၇ ရက်နေ့ ညနေပိုင်းအထိ စစ်ရေးတင်းမာနေဆဲဖြစ်ပါတယ်။
‘‘တချို့တ၀က်က လက်နက် ချတယ်။ ကျန်တဲ့လူတွေက မချဘူး။ တိုက်ရမယ်ဆိုတာတွေလည်းဆက်ရှိနေတယ်၊ ဒါကြောင့် အနီးနားက ကျေးရွာတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းခိုင်းထားလိုက်ပြီ’’ လို့ မြေပြင်ပူးပေါင်းအဖွဲ့တွေထဲက တပ်ဖွဲ့ဝင်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။












