မုန်းမြို့က စစ်တပ်စခန်းတွေ KNU အတွက်ဘယ်လောက်အရေးကြီးလဲ

KNLA တပ်ရဲ့တောတွင်းတစ်နေရာစစ်ဆင်ရေးမြင်ကွင်း( ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, KNLA တပ်ရဲ့တောတွင်းတစ်နေရာစစ်ဆင်ရေးမြင်ကွင်း( ပုံဟောင်း)

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်နဲ့ မိုင် ၁၀၀ ကျော်သာ ဝေးတဲ့ ပဲခူးတိုင်း၊ညောင်လေးပင်ခရိုင်၊ မုန်းမြို့ မှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA)နဲ့ PDF ပူးပေါင်းတပ်တွေကြား ပြင်းထန်တိုက်ပွဲဖြစ်နေတာ ၃ ရက်ထက် မနည်းရှိနေပြီဖြစ်ပါတယ်။

ဒီဇင်ဘာ ၄ ရက် ညနေပိုင်းမှာ ကေအဲန်ယူဗဟိုက ဘီဘီစီကို အတည်ပြုချက်အရဆိုရင် မုန်းမြို့က စစ်ကောင်စီတပ်ရဲ့ အဓိကတပ်စခန်းနေရာတွေကို KNLA/PDF ပူး​ပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ရရှိတယ်လို့ ဆိုပြီး တရားဝင်လည်းထုတ်ပြန်ပါတယ်။

''ဒီဇင်ဘာလ ၄ ရက်၊ ညနေ ၅ နာရီခွဲအချိန်မှာ စခန်းတွေအားလုံးသိမ်းပိုက်ရရှိပါတယ်။ တပ်ဖွဲ့ဝင်အင်အား ၁,၅၀၀ နဲ့ နယ်မြေ ရှင်းလင်းရေးလုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်'' လို့ ‌ကေအဲန်ယူဗဟိုရဲ့ ပြောခွင့်ရက ပြောပါတယ်။

ဒီဇင်ဘာ ၂ ရက် မနက်အစောပိုင်းကစလို့ မုန်းမြို့ထဲက စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ခမရ-၅၉၉ နဲ့ ၅၉၀ တပ်ရင်းတွေကို KNLA ဦးဆောင်တဲ့ကာကွယ်ရေးတပ်တွေဘက်ကဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ KNLA က ပြောထားတာပါ။

တပ်ရင်းနှစ်ခု အပြင် မုန်းမြို့မရဲစခန်းနဲ့ မုန်း-အုတ်ဖြတ်တံတားရှိ လုံခြုံရေးဂိတ်စခန်းတွေကို တိုက်ခိုက်ခဲ့တယ်လို့ ကေအဲန်ယူဗဟိုက ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်ဆေးက ဘီဘီစီကို အစောပိုင်းကတည်းက အတည်ပြုထားပါတယ်။

စစ်ကောင်စီကလည်း KNLA ဦးဆောင်တပ်တွေ ‌အသားစီးရတိုက်ခိုက်ထားနိုင်တဲ့ အဲဒီနေရာကို ပြန်လည်စိုးမိုးနိုင်ရေးအတွက် တိုက်လေယာဉ်၊ ရဟတ်ယာဉ်နဲ့ အကြီးစား ကင်းထောက် လေယာဉ်တွေအသုံးပြုပြီး အကြိမ် ၃၀ ထက်မနည်း ပစ်ခတ်တိုက်ခိုက်မှုတွေလုပ်နေတယ်လို့ KNUနဲ့ KNLA တို့က ပြောပါတယ်။

''တိုက်ပွဲစဖြစ်တဲ့နေ့ကနေ အခုအချိန်အထိ လေယာဥ်တွေကနေ ဗုံးအဆက်မပြတ်ကြဲချနေပါတယ်'' လို့ ဒီဇင်ဘာ ၄ ရက် ညနေပိုင်းမှာ ပဒိုစောကလယ်ဆေးက ပြောပါတယ်။

မုန်းမြို့ကစစ်တပ်စခန်းတွေကို ဘာကြောင့်တိုက်ခိုက်ရတာလဲနဲ့ မုန်းမြို့က KNU အတွက်ဘယ်လောက်အရေးကြီးလဲဆိုတာကို ဘီဘီစီက KNU ကိုမေးခွန်းထုတ်ခဲ့ပါတယ်။

''မုန်းမြို့က ဒီစစ်စခန်းတွေက ကျွန်တော်တို့ ကို အနှောင့်အယှက်အဟန့်အတားကြီးကြီးမားမားဖြစ်တယ်။ ဒီလမ်းကြောင်းက နေပြည်တော်နဲ့သိပ်ပြီးဝေးတဲ့နေရာမဟုတ်ဘူးလို့ပြောရင် မမှားပါဘူးခင်ဗျ''

မုန်းဒေသနဲ့ စစ်စခန်းတွေဟာ KNU အတွက် စစ်ရေးဗျူဟာအရ အရေးပါတယ်လို့ သုံးနှုန်းပြီး မုန်းမြို့ကိုသိမ်းဖို့တော့မရှိသေးဘူးလို့လည်း ကေအဲန်ယူပြောခွင့်ရ ပဒိုစောကလယ်ဆေးက ဆိုပါတယ်။

KNLA တပ်ဖွဲ့ဝင်များ( ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, AFP

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

မြေပြင်အခြေအနေကိုသိရှိတဲ့ ကာကွယ်ရေးတပ်တွေဘက်ကတော့ မုန်းမြို့ဟာ နေပြည်တော်ကိုရောက်တဲ့လမ်းကြောင်းဖြစ်သလို ကရင်ပြည်နယ် ဖာပွန်ခရိုင်၊ KNU တပ်မဟာ (၅) နယ်မြေ ရဲ့ နယ်စပ်ဘက်ကို ပီပီပြင်ပြင်ထိန်းချုပ်နိုင်ဖို့ အဓိကလမ်းကြောင်းလည်းဖြစ်တယ်လို့ ပြောပြပါတယ်။

ဒါပေမဲ့ စစ်ကောင်စီထောက်ခံသူတွေနဲ့ စစ်ကောင်စီသတင်းတွေကိုဖော်ပြနေတဲ့တယ်လီဂရမ်ချန်နယ်တွေ၊ နောက်ပြီးမြေပြင်စစ်ရေးအခြေအနေတွေကိုသိရှိထားသူတွေအပြောအရ နှစ်ဖက်လုံးမှာ ထိခိုက်သေဆုံးမှုများနေတယ်လို့ဆိုပါတယ်။

စစ်ကောင်စီဘက်ကလည်း ဒီစခန်းတွေကို ပြန်ရဖို့‌ လေကြောင်းအကြိမ်ရေများစွာသုံးနေသလို အနီးနားတပ်စခန်းတွေကနေ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေတယ်လို့ ဒေသတွင်းသတင်းတွေကဖော်ပြပါတယ်။

ကေအဲန်ယူကတော့ မုန်းဒေသမှာ တိုက်ပွဲတွေမစခင်ကတည်းက လူထုကို ကြိုတင်ရှောင်ရှားဖို့ ‌အသိပေးထားတာကြောင့် ဒေသခံသေဆုံးထိခိုက်မှု မရှိသေးဘူးလို့ ပြောပါတယ်။

လက်ရှိမှာ မုန်းမြို့ထဲက အခြေအနေကို တိတိကျကျသိနိုင်ဖို့ ဒေသခံတွေကိုဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေဖြတ်တောက်ထားလို့ ဆက်သွယ်မရတဲ့ အခြေအနေပါ။

စစ်ကောင်စီသတင်းတွေကိုဖော်ပြတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ဒီဇင်ဘာ ၄ ရက်မှာ မုန်းနဲ့ ကျောက်ကြီးကို ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ ဖော်ပြနေကြပါတယ်။

ဒီဇင်ဘာ ၃ ရက်စစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာတော့ ပဲခူးတိုင်း ဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ မုန်းဒေသမှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တပ်ရင်းနှစ်ရင်း၊ တံတားဂိတ်နဲ့ ရဲစခန်းတွေမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ ဖော်ပြပါတယ်။

ရဲစခန်းမှာ လူအင်အားနည်းတဲ့အတွက် ရဲတပ်ဖွဲ့က လုံခြုံတဲ့နေရာကိုပြောင်းရွှေ့ခဲ့သလို သံတံတားဂိတ်နဲ့ ကျောက်ကြီးဘက်အထွက်မှာရှိတဲ့ တပ်ရင်းနေရာတွေကို အပြည့်အဝကာကွယ်မှုပေးခဲ့တယ်လို့ ဆိုပါတယ်။

ခြေလျှင်၊ လေယာဉ်၊ အမြောက်ပေါင်းစပ်ပြီးတော့ ရွပ်ရွပ်ချွံချွံခုခံ ချေမှုန်းခဲ့တယ်လို့သုံးနှုန်းထားပြီး တဖက်တော်လှန်ရေးအင်အားစုတွေဘက်က ထိခိုက်သေဆုံးမှုများတယ်လို့ ပြောထားပါတယ်။

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ထဲက မူး(မုန်း) မြို့ ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA ပူးပေါင်းတပ်ကဦးဆောင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်(PDF)နဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ် (BPLA)တို့က ဝင်ရောက်တိုက်ခိုက်နေတာပါ။

ကေအဲန်ယူ တပ်မဟာ ၃ နယ်မြေထဲပါတဲ့ မုန်းဒေသဟာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုအများဆုံးခံရတဲ့ ကေအဲန်ယူထိန်းချုပ်နယ်မြေထဲက ဒေသတစ်ခုဖြစ်တယ်လို့ ကရင်စစ်ရှောင်အရေးဆောင်ရွက်သူတွေက အစောပိုင်းကတည်းကပြောထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း အရပ်သားနေထိုင်ရာကျေးရွာတွေမှာ တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ တကျော့ပြန်လုပ်ဆောင်လာ‌တာကြောင့် တော်လှန်ရေးပူးပေါင်းတပ်တွေဘက်က ပြန်လည်တိုက်ခိုက်တာလို့ မြေပြင်စစ်ရေးအခြေအနေသိရှိသူတစ်ဦးက ပြောပါတယ်။

KNU ဘက်က ဒီဇင်ဘာ ၄ ရက် ညနေ ၆ နာရီထုတ်ပြန်ချက်မှာတော့ မုန်းကစစ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်ချိန်မှာ နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေရှိခဲ့ပြီး စစ်ကောင်စီတပ်က တပ်ရင်းမှူး အဆင့်အပါအဝင် အများအပြား လက်နက်ချ အညံ့ခံခဲ့တယ်လို့ ဖော်ပြပါတယ်။ ဒါပေမဲ့ အသေးစိတ်အခြေအနေကို ဖော်ပြတာမရှိဘဲ ဆက်လက်ထုတ်ပြန်ပေးမယ်လို့ ပြောထားပါတယ်။

ကော့ကရိတ်မြို့ကနေအိမ်တစ်လုံးကို လက်နက်ကြီးကျရောက်လို့နေအိမ်ပျက်စီးသွားခဲ့

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ကော့ကရိတ်မြို့ကနေအိမ်တစ်လုံးကို လက်နက်ကြီးကျရောက်လို့နေအိမ်ပျက်စီးသွားခဲ့
Skip YouTube post
Google YouTube ၏အကြောင်းအရာများကို ပြခွင့်ပြုမှာလား။

ယခုဆောင်းပါးတွင် Google YouTube မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် Google YouTube ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။

သတိပေးချက်- ပြင်ပဝက်ဆိုက်များတွင်ပါဝင်သောအကြောင်းအရာများအတွက် ဘီဘီစီကတာဝန်မယူပါ။ YouTube တွင်ကြော်ငြာများပါဝင်နိုင်ပါသည်။

End of YouTube post

တချိန်တည်းမှာပဲ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာလည်း ဒီဇင်ဘာ ၄ ရက်အထိ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပါတယ်။ သောင်းနဲ့ချီတဲ့ကော့ကရိတ်ဒေသခံတွေဟာ မြဝတီ၊ ဘားအံ၊ မော်လမြိုင်စတဲ့ နီးစပ်ရာမြို့တွေကိုစစ်ဘေးရှောင်နေကြရတယ်လို့ ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေးလုပ်ပေးနေသူတွေက ပြောပါတယ်။

ဒီဇင်ဘာ ၁ရက်ကနေ ဒီဇင်ဘာ၄ရက် အထိ ကျေးရွာ အုပ်စုကြီး ၄ စုက ကျေးရွာပေါင်း ၂၄ရွာမှာနေတဲ့ ဒေသခံ ၁၂,၀၀၀ နီးပါးဟာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကနဦးစာရင်းတွေအရသိရပါတယ်။

ဒီဇင်ဘာ ၄ ရက်နေ့လယ်ပိုင်းအထိ မြို့ထဲကနေ ထွက်ဖို့ ကြိုးစားနေကြရင်း စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ထွက်လို့မရတဲ့အခြေအနေတွေလည်း ကြုံနေကြရတယ်လို့ မြို့ကိုစွန့်ခွာဖို့ ကြိုးစားနေသူတစ်ဦးကပြောပါတယ်။

ကား၊ ဆိုင်ကယ်ရှိတဲ့ ဒေသခံတချို့က သူတို့ကားတွေ၊ ဆိုင်ကယ်တွေနဲ့စစ်ဘေးရှောင်လို့ ရကြပေမဲ့ မရှိသူတွေမှာ အခက်အခဲဖြစ်နေကြတာပါ။ ကယ်ဆယ်ရေးအဖွဲ့တွေကတော့ ပစ်ခတ်မှုတွေကြားမှာပဲ နေအိမ်တွေအထိ ကားတွေနဲ့လိုက်ကြို၊ ကူညီခေါ်ဆောင်ပေးပြီး ကော့ကရိတ်မြို့အပြင်ဘက်တံတားကျိုးဂိတ်မှာ ချပေးခဲ့ရတယ်လို့ ပြောပါတယ်။

'' တံတားကျိုးဂိတ်မှာ နောက်တစ်ဖွဲ့က စောင့်ပေးနေတယ်။ အဲဒီကတဆင့် စစ်ဘေးရှောင်တွေ သွားချင်တဲ့နေရာကို စီစဉ်လိုက်ပို့ပေးကြရတယ်''လို့ ကူညီကယ်ဆယ်ရေးလုပ်ပေးနေတစ်ဦးကပြောပြပါတယ်။

စစ်တပ်နဲ့ ‌KNU နှစ်ဖက်လုံးက တိုက်ပွဲမဖြစ်ခင်ကတည်းက ကော့ကရိတ်မြို့ခံတွေကြိုတင်တိမ်းရှောင်ကြဖို့ မြို့နေလူထုကို သတိပေးခဲ့ပေမဲ့ ကြိုတင်ရှောင်တိမ်းတာမရှိလို့ တိုက်ပွဲတွေကြား ပိတ်မိနေတဲ့အခြေအနေဖြစ်နေကြတယ်လို့လည်း ကူညီကယ်ဆယ်ရေးအဖွဲ့တချို့ကဆိုပါတယ်။

''အခြေအနေအရမ်းဆိုးတယ်။ ထွက်လို့မရတော့ ဘာလုပ်ရမလဲမသိဘူး။ လေယာဥ်တွေနဲ့ပစ်တာလည်း အရမ်းဆိုးတယ်'' လို့ စစ်ရှောင်ဖို့ကြိုးစားနေတဲ့ ကော့ကရိတ်မြို့ခံအမျိုးသမီးတစ်ဦးကပြောပါတယ်။

ဒီဇင်ဘာ ၄ ရက်ညနေပိုင်းအထိ ကော့ကရိတ်မြို့တွင်း မြို့ပြင် အနည်းဆုံး ၃ နေရာမှာ တိုက်ပွဲ ဆက်ဖြစ်နေပြီး စစ်တပ်ဘက်က Mi35 ရဟတ်ယာဉ်နဲ့ ပစ်ခတ်ဗုံးကြဲတာ၊ လက်နက်ကြီးပစ်ခတ်တာတွေလုပ်နေတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

တိုက်ပွဲတွေအကြား ထိခိုက်ဒဏ်ရာရတဲ့ မြို့ခံတွေဟာ စစ်ဘေးရှောင်သွားပြီး ရောက်တဲ့မြို့နယ်မှာဆေးကုသနေကြရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ကော့ကရိတ်မြို့နယ်ဟာ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းမှာရှိတာဖြစ်ပြီး ပြင်းထန်တိုက်ပွဲတွေကြောင့်ကုန်တင်ယာဉ်မောင်းတွေက ကားတွေထားခဲ့ပြီး ထွက်ပြေးနေကြရပါတယ်။ တချို့ကုန်တင်ကားတွေလည်း မီးလောင်ပျက်စီးတာတွေ ရှိနေပါတယ်။ လက်ရှိမှာ

မြဝတီကုန်သွယ်ရေးဇုန်ကိုလည်း ရပ်နားထားတယ်လို့လည်း သတင်းတွေထွက်ပေါ်နေတာပါ။

''လက်နက်ကြီးထိပြီးပွဲချင်းပြီးသေတာရော၊ ထွက်ပြေးတဲ့လမ်းကြောင်းမှာထိသွားတာရောရှိနေကြတယ်။ ဒါပေမဲ့ သွားကယ်လို့မရဘူးဖြစ်နေတယ်။တချို့နေရာတွေကလည်းပိုဆိုးမှာစိုးလို့ ထွက်ခွင့်မပြေးတော့ ပိတ်မိနေပြီး တော်တော်ဒုက္ခရောက်နေကြတယ်'' လို့ ကော့ကရိတ်ကစစ်ဘေးရှောင်ကူညီသူတစ်ဦးကပြောပါတယ်။