နယ်စပ်တိုက်ပွဲကြောင့် ထိုင်းနိုင်ငံဘက်ထွက်ပြေးရတဲ့ တောင်ပိုင်းသားများ

ဓာတ်ပုံ ရင်းမြစ်, AFP
မြန်မာနိုင်ငံ တောင်ပိုင်း တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့ပေါ်ကနေ မိုင် ၂၀ကျော်ဝေးသလို တောင်တွေ ပတ်လည်ဝိုင်းထားတဲ့ ရတနာပုံမိုင်းရွာဟာ အိမ်ခြေ ၁၀၀ ကျော်ခန့်ရှိပြီး လူဦးရေ ရာဂဏန်းသာရှိပါတယ်။
ထိုင်း - မြန်မာနယ်စပ်မှာရှိတဲ့ ဒီဒေသခံတွေဟာ ဆီအုန်း၊ ရာဘာစတဲ့ ဥယျာဉ်ခြံလုပ်ငန်းကို အဓိကထား လုပ်ကိုင်တဲ့သူတွေလည်း ဖြစ်ပါတယ်။
တောင်ပေါ်ဒေသဖြစ်လည်း ရတနာပုံဒေသထဲမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃ရက် နေ့လယ်ပိုင်းက စပြီး စစ်မီးတောက်လောင် လာခဲ့ပါတယ်။
အဓိကကတော့ စစ်ကောင်စီရဲ့ နယ်စပ်စခန်းကုန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLAနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF ပူးပေါင်းအဖွဲ့တွေကနေ ဝင်ရောက်စီးနင်းခဲ့ပြီး စစ်ကောင်စီဘက်က ၃ဦးသေဆုံး၊ ၈ဦး ဒဏ်ရာရခဲ့တဲ့ဖြစ်စဉ်ပြီးတဲ့နောက် စစ်ကောင်စီဘက်က စခန်းပြန်ရနိုင်ဖို့ အင်အား အလုံးအရင်းနဲ့ ပြန်ထိုးစစ်ဆင်လာတာကြောင့် ဖြစ်ပါတယ်။
လက်နက်ကြီး RPG ရော MA 1 သေနတ်ပါ သိမ်းဆည်းရမိတဲ့ ဒီတိုက်ပွဲပြီးတဲ့နောက် နောက်တစ်နေ့ ဒီဇင်ဘာ ၄ရက်မှာ တပ်ကူစစ်ကောင်စီတပ်တွေ ရတနာပုံဒေသထဲကို ဝင်ရောက်လာခဲ့တာပါ။
“လေညာတပ်ရင်းကနေ တက်လာခဲ့တာ လမ်းတစ်လျှောက် ကျွန်တော်တို့အဖွဲ့တွေဘက်က တိုက်ခိုက်တယ်။ ဒီတိုက်ပွဲတွေမှာလည်း လက်နက်တွေသိမ်းဆည်းမိတာရှိတယ်။ အခုလည်း ဘုတ်ပြင်းတကြောက တိုက်ပွဲ ဆက်ဖြစ်မယ့်အနေအထားပါပဲ” လို့ ဘုတ်ပြင်း ပြည့်သူကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ဒီဇင်ဘာ ၁၁ရက်တုန်းက ဘီဘီစီကို အခုလိုပြောခဲ့ပါတယ်။
စစ်ကောင်စီတပ်တွေရဲ့ နယ်စပ်စခန်းကုန်း ပြန်နေရာယူဖို့ ဝင်ရောက်လာတဲ့နောက် ကျေးရွာအတွင်း လက်နက်ကြီးပစ်ခတ်ခံရပြီး လူသုံးဦးထပ်မနည်း ထိခိုက်သေဆုံးခဲ့တယ်လို့ ရတနာပုံမိုင်းရွာခံတွေကို ကူညီနေသူတွေက ဆိုပါတယ်။
ဒေသခံတွေနဲ့ ဆက်သွယ်မရသေးတဲ့အတွက် ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ သီးခြားတော့ အတည်မပြုနိုင် သေးပါဘူး။
“လက်နက်ကြီးထိမှာ စိုးရိမ်တာ။ အသက်အန္တရာယ်ဖြစ်မှာ စိတ်ပူပြီး ပြေးကြတာပေါ့ဗျာ” လို့ ကူညီနေသူတွေက ရှင်းပြပါတယ်။
“ပိုက်ဆံတတ်နိုင်သူကတော့ ပွဲစားတွေက တစ်ဆင့် ငွေကြေးပေးပြီး တရားမဝင် နယ်စပ်ဖြတ်ကျော်ပြီးမှ နီးစပ်ရာမှာနေ၊ စစ်ရှောင်ကြတယ်။ ပိုက်ဆံ မတတ်နိုင်သူကတော့ နယ်စပ်တစ်လျှောက်မှာဖြစ်ဖြစ် သူတို့ရဲ့ ဥယျာဉ်ခြံတွေထဲဖြစ်ဖြစ်နေကြတာပေါ့” လို့ စစ်ရှောင်ကူညီပေးနေတဲ့ ထိုင်းရောက် မြန်မာတစ်ဦးက ပြောပါတယ်။
ရတနာပုံမိုင်းရွာလို နယ်စပ်နားကဒေသတွေမှာ လက်နက်ကိုင်အဖွဲ့အစည်းတွေလည်း များတာကြောင့် စစ်ရေးနဲ့ ပတ်သက်ပြီး ဒေသခံတွေအနေနဲ့ ပိုပြီးစိုးရိမ်စိတ်များကြသလို ဝေးလံခေါင်ဖျားဒေသဖြစ်တာကြောင့်လည်း အကူအညီ တောင်းခံမှုတွေမလုပ်နိုင်တဲ့အခြေအနေကို ရင်ဆိုင်နေကြရတာလို့ ဆိုပါတယ်။
ဘုတ်ပြင်းမြို့နယ် ရတနာပုံမိုင်းရွာ ဒေသခံတွေ ထိုင်းနိုင်ငံဘက် စစ်ရှောင်ရတယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, AFP
ပြည်တွင်းမြို့ပေါ်ထက် အိမ်နီးချင်းနိုင်ငံထဲကိုသာ ထွက်ပြေးဖို့ရွေးချယ်ကြရတဲ့ ဒေသခံတွေ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ထိုင်း - မြန်မာနယ်စပ်နဲ့ မိုင်ဆယ်ဂဏန်းသာဝေးတဲ့ ရတနာပုံလို ဒေသက ရွာခံတွေဟာ ဘာကြောင့် မြန်မာပြည်တွင်း က မြို့ပေါ်တွေမှာ ခိုလှုံတာမတွေ့ရတာလဲလို့ လူမှုကူညီရေးအသင်းတွေကို ဘီဘီစီကမေးမြန်းခဲ့ပါတယ်။
“ဘုတ်ပြင်းမြို့ပေါ်ကိုက စစ်ရှောင်လာတာလည်းမရှိဘူး၊ အကူအညီလည်းမတောင်းကြဘူး။ ကျွန်တော်တို့ ဘက်က ကူညီပေးဖို့ဝင်မယ်ဆိုလည်း ရတနာပုံလမ်းကသွားလို့မရဘူး။ပေးမဝင်ဘူးဗျ”
“စစ်ကောင်စီရော ကာကွယ်ရေးအဖွဲ့တွေဘက်ကပါ ဒီလမ်းကိုမသွားဖို့ တားထားကြတယ်၊ စစ်ရေးတင်းမာ နေပါတယ်” လို့ ဘုတ်ပြင်းလူမှုကူညီရေးအသင်းတစ်သင်းရဲ့ အဖွဲ့ဝင်ဖြစ်သူက ဆိုပါတယ်။
တခါ မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မောတောင်မြို့ပေါ်ကိုလည်း ဒီရတနာပုံမိုင်းရွာက ဒေသခံတွေစစ်တိမ်းရှောင် လာတာမရှိဘူးလို့ မောတောင် လူမှုကူညီရေးအသင်းဘက်က အခိုင်အမာပြောထားပါတယ်။
ဒီလိုမြို့ပေါ်ကို တိမ်းရှောင်ဖို့အခွင့်မသာတဲ့ စစ်ပြေးရှောင်ရွာခံတွေဟာ ရတနာပုံဒေသကနေ မြန်မာနယ်စပ်က မောတောင်၊ မောတောင်ကတဆင့် ထိုင်းဘက်ခြမ်းက ပကျွတ်လမ်းကိုဖြတ်ပြီး နယ်စပ်ဖြတ်ကျော် သွားရောက်ဖို့ကို ရွေးချယ်ကြပါတယ်။
အထူးသဖြင့် တောလမ်းကနေ သွားရောက်တာဖြစ်ပြီး ထိုင်းနိုင်ငံမှာ စစ်ဘေးရှောင်ခိုလှုံခွင့်ရဖို့ကြိုးစားသူ အယောက် ၄၀၀ နီးပါးအထိရှိနေတယ်လို့ ကူညီသူတွေကနေသိရပါတယ်။
“ငွေကြေးပေးပြီး ဒီဘက်ကို စစ်ရှောင်ဖို့ ကူးလာလည်း သူတို့က အထောက်အထားမဲ့တဲ့အတွက် တရားမဝင် နေထိုင်သူတွေဖြစ်သွားတာပါပဲ။ စစ်ရှောင်ဆိုတဲ့ခေါင်းစဉ်မဟုတ်တော့ဘူး၊ တရားမဝင်ဝင်လာသူတွေပေါ့” လို့ စစ်ရှောင်ကူညီပေးနေတဲ့ ထိုင်းရောက် မြန်မာပြည်သားတစ်ဦးက ဘီဘီစီကို ဆက်ရှင်းပြပါတယ်။
အထောက်အထားမဲ့ဖြစ်နေတာကြောင့် ထိုင်းအာဏာပိုင်တွေဘက်က အချိန်မရွေးဖမ်းဆီးမှာကို စိုးရိမ် နေရသလို ဒေသခံအချင်းချင်း နားလည်မှုနဲ့သာ စစ်ရှောင်တွေကို ကူညီပေးနေကြတယ်လို့ ဆိုပါတယ်။
ထိုင်းအာဏာပိုင်တွေဘက်ကလည်း တရားဝင်စစ်ရှောင်စခန်းဖွင့်လှစ်ပေးတာမရှိသလို တရားဝင်ကူညီပေး တာတွေလည်း မရှိဘူးလို့ သိရပါတယ်။ ဒါကြောင့် စစ်ဖြစ်လို့ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ စစ်ပြေးခဲ့ရသူတွေဟာ စစ်ဘေးရှောင်ဆိုတာထက် မှောင်ခိုတရားမဝင် နေထိုင်သူတွေအဖြစ် ကြောက်ရွံ့စိတ်အပြည့်နဲ့သာ ရှေ့ဆက်နေကြရပါတယ်။
အခုလို ကြုံနေရတဲ့စစ်ရှောင်တွေအခြေအနေကို ဖြေရှင်းပေးနိုင်ဖို့ ဒေသအခြေစိုက် လက်နက်ကိုင် အဖွဲ့အစည်းတွေအပြင် အာဏာသိမ်းစစ်ကောင်စီရော ထိုင်းအာဏာပိုင်တွေဘက်ကပါ ဒီဇင်ဘာ ၁၂ရက် ညနေပိုင်းအထိ တစုံတရာ သတင်းထုတ်ပြန်ချက် မတွေ့ရသေးပါဘူး။
စစ်အာဏာသိမ်းမှုအလွန် အခုနှစ် အောက်တိုဘာ ၁၉ ရက်အထိ ပြည်တွင်း စစ်ပြေးဒုက္ခသည် ၁ ဒသမ ၆ သန်းကျော် တိုးလာခဲ့တယ်လို့ ISP Myanmar ရဲ့ထုတ်ပြန်ချက်အရသိရပါတယ် ။
ဒါကြောင့် မြန်မာနိုင်ငံမှာ ပြည်တွင်းပြည်ပ စစ်ပြေးဒုက္ခသည်ပေါင်း ၃.၁ သန်းကျော်ရှိလာပြီဖြစ်တယ်လို့ဆိုပါတယ်။
အာဏာသိမ်းမှုအလွန် တိုးလာတဲ့ ဒုက္ခသည်အရေအတွက်ဟာ ဒုက္ခသည် စုစုပေါင်းရဲ့ ၅၂ ရာခိုင်နှုန်းရှိတယ်လို့ လည်း ပြီးခဲ့တဲ့ လပိုင်းက ISP Myanmar ကထုတ်ပြန်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, social media
ဘာကြောင့် သူတို့ငွေကြေးအကုန်ကျခံပြီး စစ်ရှောင်နေကြတာပါလဲ။
အခု ဒီဇင်ဘာလဆန်းပိုင်းမှာ တိုက်ပွဲပြင်းထန်ခဲ့တဲ့ တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့အပိုင် ရတနာပုံမိုင်းရွာခံ အချို့ရဲ့ လက်ကိုင်ဖုန်းနံပါတ်တွေကို ဘီဘီစီက ဆက်သွယ်ဖို့ကြိုးစားတိုင်း အော်ပရေတာရဲ့ စက်ပိတ်ထားတယ်ဆိုတဲ့ တုံ့ပြန်သံ ကိုသာ ဆက်တိုက်ကြားနေရပါတယ်။
ဘာကြောင့်လဲဆိုတော့ ဒီဒေသဟာ တောင်တွေပတ်လည်ဝိုင်းထားတာကြောင့် ကမ်းရိုးတန်းဖုန်းလို့ အများခေါ်ကြတဲ့ ဖုန်းနံပါတ်တွေကိုသာ အရင်ကာလတွေကတည်းက ဆက်သွယ်လို့ရခဲ့တာပါ။
အခု ဘုတ်ပြင်း၊ ရတနာပုံဒေသမှာ စစ်ရေးတင်းမာတဲ့နောက်တော့ ဒေသခံတွေရဲ့ ဖုန်းလိုင်းတွေလည်း ပြတ်၊ ဆက်သွယ်လို့ လည်း မရဖြစ်နေကြပြီလို့ ဆိုပါတယ်။
ဒါပေမဲ့ သူတို့ရဲ့ စစ်ဘေးရှောင်နေရတဲ့ အခက်အခဲ၊ ကြုံတွေ့နေရ တဲ့ ဒုက္ခတွေအကြောင်းကိုတော့ ဘီဘီစီကို နီးစပ်သူတွေက ပြောပြကြပါတယ်။
“တနင်္သာရီတိုင်းကနေ ထိုင်းဘက်ကူးမယ်ဆိုရင်က တစ်ယောက်ကို ဘတ်တစ်သောင်းခွဲ ပေါက်စျေးရှိပါ တယ်” လို့ပြောပြပါတယ်။
ရွာထဲ တပ်စွဲလာတာကြောင့် ထွက်ပြေးကြရတဲ့ ရတနာပုံမိုင်းရွာက ဒေသခံတွေအနေနဲ့ တစ်ဖက်ထိုင်း နိုင်ငံဘက်ကို စစ်ရှောင်ရင် တစ်ဦးချင်းအလိုက် ကျသင့်တဲ့ ငွေကြေးအကြောင်း စစ်ရှောင်ကူညီနေသူ တစ်ဦးက ရှင်းပြတာဖြစ်ပါတယ်။
အခုကာလပေါက်စျေးနဲ့ တွက်ချက်ကြည့်မယ်ဆိုရင် ထိုင်းနိုင်ငံဘက်ကို ကူးဖို့ တစ်ဦးကို မြန်မာငွေ ဆယ့်နှစ်သိန်းကုန်ကျမှာဖြစ်ပါတယ်။
ဒါဟာ အာဏာသိမ်းပြီးနောက် တိုင်းပြည်စီးပွားကျပ်တည်းလာလို့ အိမ်နီးချင်းထိုင်းနိုင်ငံကို တရားမဝင်သွားရောက် အလုပ်လုပ်ကြရာကနေ အခုတော့ စစ်ဘေးရှောင်သူတွေပါ တရားမဝင် တနည်းအားဖြင့် မှောင်ခို စစ်ရှောင်နေကြရတဲ့အခြေအနေထိ ဆိုက်ရောက်လာနေပြီလို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။









